စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Tuesday, September 29, 2009

ကျွန်တော် တွေ့ဖူးသမျှ ပရလောကသား(၁)

ကျွန်တော်အရင် ပို့စ်တွေမှာ ပြောခဲ့ဘူးတဲ့ အတိုင်းကျွန်တော်တို့ က နယ်ကနေ ရန်ကုန်ကို ကလေးဘ၀က ပြောင်းလာခဲ့တယ်ဆိုတာ မှတ်မိကြမယ်ထင်တယ်။ (မှတ်မိလိုက်ပါ)။ ဒီလိုပဲ ကျွန်တော်တို့ ရန်ကုန်ရောက်တော့ အရင်ဆုံး သူများအိမ်ကို ငှားနေရပါတယ်။ ၃ နှစ်လောက် ငှားနေရပါတယ်။ တစ်နှစ်တစ်ခါလောက် နီးပါးက အိမ်ပြောင်းနေရတာ။ ကြာတော့ စိတ်ညစ်လာတာနဲ့ အမေက အိမ်ဝယ်လိုက်ပါတယ်။ ကျွန်တော်တို့ အိမ်က တော်တော်လေး ကျယ်ပါတယ်။ အရင်က ရန်ကုန်က နာမည်ကြီး ဆိုင်းဆရာကြီးတစ်ယောက် အိမ်လို့ထင်တယ်။ မှတ်မိသလောက်ပေါ့လေ။ အဲ့ဒီအိမ်ထဲမှာ သစ်ပင်တွေ အများကြီးရှိပါတယ်။ အုန်းပင်တွေလည်းပါရဲ့။အမေက အိမ်ထဲမှာ အပင်တွေ အများကြီးဆို တစ်ခုခုဖြစ်ရင်လည်း မလွယ်ဘူးဆိုပြီး ခုတ်ဖို့အစီအစဉ် ဆွဲပါတော့တယ်။ ဒီလိုနဲ့ ခုတ်မယ့်လူတွေ ငှားပြီး ခုတ်တော့ တာပေါ့။ ခုတ်ပုံခုတ်နည်းက စိတ်ဝင်စားဖို့ ကောင်းသားဗျ။ အုန်းပင် ခုတ်တယ်ဆိုရင် သူတို့က အားလုံးသိနေကျအတိုင်း အပင်အရင်းကနေခုတ်တာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဘေးနားမှာကလည်း အိမ်တွေရှိတယ်လေ။ ဒီတော့ အရင်းကနေခုတ်လိုက်ရင် ကျန်တဲ့ အိမ်တွေ ပေါ်ကိုပိသွားမှာ စိုးရတာကိုး။ ဒီတော သူတို့က အုန်းပင် အပေါ်ကို တတ်သွားတယ်။ ပြီးတော့ အုန်းပင် အပေါ်ကနေစပြီး အပိုင်းလိုက် အပိုင်းလိုက်လေးတွေ ခုတ်ချသွားတာ။ နောက်ဆုံးကျတော့ ၁၀ ပိုင်းလောက်ဆို အုန်းပင် တစ်ပင်အောက်က အမြစ်ပဲ ကျန်တော့တယ်။ တကယ်တော့ အဲ့ဒီအုန်းပင်က နောက်ဆုံးခုတ်တာပါ။ အရင်ကျန်တာတွေ အရင်ခုတ်တာ အုန်းပင်ကို ဥပမာပေးရင် ပို မြင်လွယ်မလားလို့ ပေးလိုက်တာ။


အုန်းပင် ခုတ်ပြီးတော့ ညနေမိုးချုပ်သွားရော။ မိုးလည်းချုပ်သွားရော အုန်းပင် အမြစ်ကို တူးဖို့ကို အလုပ်သမားတွေက နောက်နေ့မှ တူးတော့မယ်ဆိုပြီး အမေ့ကို ပြောတော့ အမေကလည်း အိုကေပေါ့။ သူတို့လည်း ပင်ပန်းနေကြပြီကိုး။ ဒါနဲ့စကားမစပ်ပြောရရင် အမေက အပင်တွေ မခုတ်ခင် ကန်တော့ပွဲတွေထိုးပြီး အပင်မှာ ရှိသော စောင့်အရှောက်များ သွားလိုရာသွားနိုင်ကြပါပြီ ဆိုပြီး ခုတ်တာရယ်။ ဒီလိုနဲ့ ညဘက်အိပ်တော့ အမေက အိပ်မက်မက်တယ်တဲ့။ အိပ်မက်ထဲမှာ မတူးဘဲ ချန်ထားတဲ့ အုန်းမြစ် ပေါ်မှာ ဖိုးသူတော် သေးသေးလေး တစ်ပါး ထိုင်ပြီး ပုတီးစိပ်နေတယ်တဲ့။ ဖိုးသူတော် သေးသေးလေးဆိုလို့ ဘာလည်း လို့ မတွေးနဲ့ ဖိုးသူတော်က ပုပုလေးကိုပြောတာ ကလေးလေးနဲ့ ပိုတူတယ်။ ကလေးဖိုးသူတော်လို့ ထင်တာပဲ။ ဖိုးသူတော်လေးက ပြီးတော့ အမေ့ကို စကားပြောတယ်တဲ့။ သူက ဒီအုန်းပင်မှာ နေပြီး ဒီအိမ်ကို စောင့်ရှောက်နေတာပေါ့။ သူကို ဒီအုန်းပင် အမြစ်မှာပဲ ဆက်နေခွင့်ပေးပါ။ မတူးပစ်ပါနဲ့ဆိုပြီး ပြောတယ်တဲ့။ အမေကလည်း ဆက်နေခွင့်ပေး ပါတယ် မတူးတော့ပါဘူးဆိုပြီး ပြောလိုက်တယ်တဲ့။ ပြီးတော့ အမေ အိပ်ရာက နိုးလာတော့တာပဲ။ ဒီအကြောင်းတွေကို အမေမနက် နိုးတော့မှ ပြန်ပြောပြတာပါ။ ဒါနဲ့ အုန်းပင် ခုတ်သမားတွေ လာတော့ အပင်ကို မတူးတော့ဘူးဆိုပြီး ပြောပြီး ပိုက်ဆံပဲ ရှင်းပေးလိုက်တော့တယ်။ ကျွန်တော်တို့လည်း အစက အဲ့ဒီ ဖိုးသူတော်လေး ရှိတယ်ဆိုတာ မယုံခဲ့ဘူး။ ကျွန်တော်တို့ ခြံနဲ့ကပ်ရက်မှာက ကုလား မိသားစုနေကြတာဗျ။ သူတို့က တစ်ခါတစ်လေ အမဲသားချက်စားကြတယ်။ သူတို့ အမဲသားချက်စားတဲ့ ညအိပ်ပြီးရင် နောက်နေ့မနက်ကျရင် အိမ်ရှေ့က ဖိနပ်ချွတ်တဲ့ နေရာကို ရောက်ရောက်နေတယ်တဲ့။ သူတို့ရဲ့ အဖေကတော့ မစားဘူး။ သူကျတော့ တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူးတဲ့။ နောက်ထပ်တစ်ခုက တစ်ခါ လပြည့်ညကြီး ည ၂ နာရီ လောက်ရှိမယ်ထင်ပါတယ်။ အဲ့ဒီအချိန် အမေက လှုပ်နှိုးလို့ ကျွန်တော်နဲ့ အစ်ကိုနဲ့ နိုးလာပြီး ဘာလို့ လည်းဆိုတော့ အမေက လာခဲ့လိုက်ကြည့်ဆိုလို့ လိုက်ကြည့်တော့ အိမ်ရှေ့ အုန်းပင် အမြစ်နားမှာ တကယ့်ကို ဖိုးသူတော် ကလေးလေး တွေ့ရပါရော။ သူက ပုတီးစိပ်နေတာဗျ။ လမ်းလျှောက်ရင်းနဲ့ပေါ့ အုန်းပင်ရှိတဲ့ နေရာနဲ့ ခြံထဲကို ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ပုတီးစိပ်နေတာ။ ကျွန်တော်တို့လည်း ကြည့်နေရင်းနဲ့ ၃ နာရီကျော်လောက် ကျတော့ အုန်းပင် အမြစ်ပေါ်မှာ တတ်ထိုင်ပြီး ပုတီးစိပ်ရင်းနဲ့ ပျောက်သွားရော။ နောက်ထပ်တစ်ခု အဲ့ဒီအိမ်မှာ ထူးခြားတာက အရမ်းတွေ့ဖို့ ခဲယဉ်းတဲ့ နန်းတော်ကျားလို့ ခေါ်တဲ့ မြွေတစ်မျိုးကို တွေ့ရတာပဲ။ အရင်ဆုံးစတွေ့တဲ့ လူက ကျွန်တော်ဗျ။ အဖေမြန်မာပြည် ပြန်လာတုန်းခဏ အိမ်ထဲမှာ ထိုင်ပြီး စကားပြောနေကြရင်း အဖေ့ သူငယ်ချင်းဦးလေးကြီးရောက်လာလို့ ခြံတံခါးကို ခေါက်တော့ တံခါးထဖွင့်ပေးဖို့ ပြေးထွက်လိုက်တာ လှေကားက အဆင်းဘေးနားကို မျက်လုံးလေး ဝေ့ကြည့်လိုက်တာ လားလား နည်းတာမှမဟုတ်တာ အဲ့ဒီ နန်းတော်ကြားကြီး ခွေနေတာ။ ကျွန်တော်လည်း ကြောက်ပြီး အပေါ်ပြန်တတ်ပြီး အဖေ့ကို ပြန်ခေါ်ပြတာ ၁ မိနစ်တောင် မကြာပါဘူး ပြန်လည်း ကြည့်ရော မရှိတော့ဘူး။ အဖေကတောင် ငါ့သား အမြင်မှားတာ နေပါလိမ့်မယ်ဆိုပြီး ပြောသေး။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် တစ်ယောက်တည်း ခဏခဏတွေ့တယ်။ ကျွန်တော်ကပဲ မြွေတွေနဲ့ ရေစက်ရှိတာလား မသိဘူး။ သထုံမှာလည်း အိမ်မ၀ယ်ခင်က သွားလည်ရင် အဖွားတို့ အိမ်မှာ တည်းတယ်လေ။ အဲ့ဒီမှာ ကျွန်တော်အိပ်တဲ့ အခန်းက အောက်ထပ်။ အဲ့ဒီအောက်ထပ်ကို ကျွန်တော်တို့ မလာရင်တဲ့။ မြွေတစ်ကောင်က ၀င်ဝင်ပြီး နေတယ်တဲ့။ ဒီတော့ အဲ့ဒီအခန်း ကို ဘယ်သူမှ မ၀င်ရဲဘူး။ ကျွန်တော်တို့ သွားလည်တော့မယ်လို့ ဖုန်းတွေ ဘာတွေ ဆက်ပြီး ပြောလို့ အခန်းဝင်ရှင်းပြီး ကျွန်တော်တို့ ရောက်မယ့် တစ်ရက် အလိုလောက်ဆို အဲ့ဒီမြွေက အိမ်ရှေ့က ဘုရားပန်းတွေ စိုက်ထားတဲ့ ကြားထဲဝင်ဝင်သွားတာပဲတဲ့။ အဲ့ဒါ အမြဲတမ်းလိုလိုတဲ့။ သူတို့ကတော့ ဘာတွေလည်း မသိဘူးနော်။ ဖိုးသူတော်ရယ် မြွေရယ်က လင်းငယ်ဘ၀ရဲ့ ပြယုဂ်တွေလားပဲ။ နောက်ထပ် တွေ့ဖူးတဲ့ အကြောင်းတွေ ထပ်ရေးပြပါမယ်။ ကိုယ်တွေ့တွေပေါ့......

3 comments:

  1. မြွေလား ဟိဟိ ကြိုက်တယ်
း) နောက်တာနော်

    အငယ်လေးမင်းက သရဲနဲ့တော်တော်အကျိုးပေးတာပဲနော်
း)

    ReplyDelete
  2. 'စိတ်ဝင်စားစရာကောင်းပါတယ်။ဆက်ရေးပါအုန်း။

    ReplyDelete
  3. တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။

    ReplyDelete