စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........
Showing posts with label ခံစားမိသမျှ. Show all posts
Showing posts with label ခံစားမိသမျှ. Show all posts

Saturday, May 29, 2010

အမွေစစ်

အမွေဆိုတာ မိဘဘိုးဘွားတွေ ချန်ခဲ့တဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်း၍ရယူခြင်းကို ခံယူရခြင်းလို့ဆိုလိုသလို နောက်အခြားတစ်မျိုးအနေနဲ့ဆို မိဘဘိုးဘွားတွေရဲ့ အကျင့်သိက္ခာ ကိုဆက်လက်စောင့်စည်းခြင်းကိုလဲပဲ အမွေလက်ဆင့်ကမ်းခြင်းလို့ ခေါ်မယ်လို့ထင်တယ်။ မိဘဘိုးဘွားတွေက သားသမီးမြေးမြစ်တွေကို ချစ်တယ် ခင်တယ်။ ဒါကြောင့်လဲ သူတို့က ပစ္စည်းဥစ္စာတွေကို ရှာဖွေစုဆောင်းပြီး ဘ၀မှာ အဆင်ပြေအောင် နေထိုင်နိုင်ဖို့ သူတို့ သေသွားတဲ့ အခါမှာချန်ထားခဲ့တတ်ကြပါတယ်။ ဒါပေမဲ့ တော်တော်များများ လူတွေကတော့ ဒီပစ္စည်းဥစ္စာတွေကို သူတို့ပိုင်တယ်ရယ်လို့ ထင်ပြီး ကြိုးစားပမ်းစား ရှာဖွေခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးတစ်နေ့ သူတို့ သေဆုံးတဲ့ အခါကြတော့ ဒီပစ္စည်းဥစ္စာတွေကို မယူသွားနိုင်ခဲ့ပါဘူး။

ဒီနေရာမှာ လူတော်တော်များများ သိထားတဲ့ အမွေနဲ့ တကယ့်အမွေစစ်ဆိုတာကို ကျွန်တော်သိသလောက် နည်းနည်း ခွဲပြချင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ ပစ္စည်းဥစ္စာတွေကို လက်ဆင့်ကမ်းရယူနိုင်ခြင်း၊ မိဘတွေက သားသမီးတွေကို ပေးခဲ့ခြင်းသည်ကသာ အမွေလို့ထင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီအရာက တကယ့်အမွေစစ်မဟုတ်ပါဘူး။ မိဘဘိုးဘွားတွေကလည်းပဲ ဒီပစ္စည်းဥစ္စာတွေကို ရှာဖွေပြီး သေဆုံးသွားခဲ့ကြသလို သားသမီးမြေးမြစ်တွေကလဲ ဒီပစ္စည်းဥစ္စာတွေကို လက်ဆင့်ကမ်း ရယူခဲ့ရပေမဲ့ တစ်ချိန်ကြရင်သူတို့လည်းပဲ သေဆုံးပြီး ဒီပစ္စည်းဥစ္စာတွေကို ထားရစ်ခဲ့ရမှာပဲ။

ဒီတော့ ဒီနေရာမှာ မိဘဘိုးဘွားတွေက သားသမီး မြေးမြစ်တွေကို အမွေစစ်ပေးဖို့လိုပါတယ်။ အမွေစစ်ဆိုတာကတော့ လောကမှာ သားသမီးမြေးမြစ်တွေကို လူပီသစွာ ဘယ်လိုနေထိုင်မလဲ၊ အဓိပ္ပါယ်မရှိတဲ့ လောကကြီးမှာ ဘယ်လိုအဓိပ္ပါယ်ရှိအောင်နေလဲ ဆိုတာကို သင်ပြပေးခဲ့ခြင်းကသာ အမွေစစ်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သားသမီးမြေးမြစ်တွေကို စီးပွားရှာရာမှာလည်း ရိုးသားတဲ့ သမ္မာအာဇီဝနဲ့ ရှာဖွေဖို့ ထမင်းသာငတ်ပါစေ သူများပစ္စည်းမသမာတဲ့နည်းနဲ့ မရှာဘူးလို့ သင်ပြပေးပြီး အဓိပ္ပါယ်မရှိတဲ့ လောကကြီးမှာ အဓိပ္ပါယ်ရှိအောင် လူသားအချင်းချင်း စာနာကူညီဖို့ သင်ပြပေးခဲ့ရပါမယ်။ နောက်ပြီးတော့ လူရယ်လို့ ဖြစ်လာရင် လူတစ်ယောက်အနေနဲ့ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ အဲ့ဒီ လူတစ်ယောက်ရဲ့ တာဝန်ယူမှုကိုလဲ တာဝန်ယူနိုင်ဖို့ လိုပါတယ်။ အဲ့ဒီလိုမျိုးမိဘတွေက သားသမီးတွေကို အမွေစစ်ပေးနိုင်ဖို့ ဆိုတာ မိဘတွေကလည်း ဒီလိုပေးနိုင်ဖို့ အမွေစစ်ရှိဖို့လိုပါတယ်။ မဟုတ်ရင်တော့ အကျင့်မမှန်တဲ့ မိဘကဆင်းသက်လာတဲ့ သားသမီးဟာ အမွေစစ်ရဖို့မလွယ်ပါဘူး။ မိဘက မသမာတဲ့ နည်းနဲ့ ချမ်းသာနေပြီး သားသမီးတွေကို ငွေကြေးတွေ သုံးချင်သလောက် သုံးစမ်းဆိုပြီးပေးနေခြင်းက အမွေစစ်ပေးတာ မဟုတ်ပါဘူး။ ငွေကြေးတွေ ပေါချင်သလောက် ပေါပါ ဒါပေမဲ့ အကျင့်စာရိတ္တမကောင်းရင် ဘယ်လိုမှ လောကမှာ အသက်ဆက်ရှင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အမွေစစ်ပေးနိုင်ဖို့ဆို မိဘကော သားသမီးပါ နှစ်ဖက်လုံးကောင်းဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တဲ့ အမွေစစ်လေးကို တင်ပြတာပါ။ မှန်တာပဲ ရှိရှိ မှားတာပဲ ရှိရှိ ဝေဖန်ကြပါ။

ကျေးဇူးတင်စွာဖြင့်
လင်းငယ်.....

Saturday, November 28, 2009

ကျွန်တော်နှင့် တစ်ဘ၀သာသနာများ

ခေါင်းစဉ်ကို ကြည့်ပြီး မေ၀၀ါးသွားပါနဲ့ဗျာ။ ခေါင်းစဉ်က ကျွန်တော်နှင့် တစ်ဘ၀သာသနာများလို့ပေးထားတယ်။ အဓိပ္ပါယ်ကို ဖွင့်ဆိုရရင်တော့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေဖြစ်တဲ့ ဆရာတော်ကြီးများရဲ့ တစ်ဘ၀သာသနာ စာအုပ်တွေ ဖတ်နေချိန်များမှာ ခံစားမိခဲ့ရတဲ့ ခံစားချက်လေးတွေ နဲ့ပတ်သတ်တာကို ပြောချင်တာလို့ပဲ ဆိုရပါမယ်။ အခုလည်း တစ်ဘ၀သာသနာ စာအုပ်များ ဖတ်နေချိန်တုံးက ခံစားခဲ့ရတဲ့ ခံစားမှုကို ရေးပါမယ်။

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ တစ်ဘ၀သာသနာ စာအုပ်တွေက အများကြီးမဟုတ်ပါဘူး။ နှစ်အုပ်ပါပဲ။ အရေအတွက်အရ နည်းပါးပါတယ်။ သို့ပေသော်လည်း အရည်အချင်းအနေနဲ့ကတော့ ပြောလို့မကုန် ရှင်းလို့မကုန်အောင်ကိုပဲ များပြားစွာ ကျွန်တော်ရရှိခဲ့ပါတယ်။ အပေါ်ကပြောခဲ့တဲ့ တစ်ဘ၀သာသနာ စာအုပ်ကြီး နှစ်အုပ်ကတော့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဏိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ တစ်ဘ၀သာသနာ နှင့် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဏိတ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာ စာအုပ်တို့ပါပဲ။ ထိုစာအုပ် နှစ်အုပ်စလုံးကို ရေးသားပြုစုခဲ့သည့် ဆရာတော်မှာ မိုးကုတ်ဝိပဿနာ ကမ္မဌာနစရိယ ဆရာတော် ဆရာတော် ဦးဃောသိတ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ထိုရေးသားပြုစုသည့် ဆရာတော် ဦးဃောသိတလည်းပဲ ခန္ဓာဝန်ချသွားပြီ ဖြစ်ပါတယ်။ ဤနေရာမှာ ခန္ဓာဝန်ချသည်ဆိုသည်ကိုလည်း ရှင်းပြပါဦးမယ်။ မသိသည့်သူများ အနေနှင့်သိအောင်ပါ။ ခန္ဓာဝန်ချသည်ဆိုသည့် စကားလုံးမှာ မိုကုတ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်အခါ ကျန်ရစ်သည့် ဒကာ၊ ဒကာမများနှင့် ရဟန်းတော်များမှ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရားများကို ဟောပြောပြသသွားသည် ထို့ကြောင့် သာမန်ပုဂ္ဂိုလ်မဖြစ်နိုင်ဟု ယူဆကြပါသည်။ ထို့ကြောင့်လည်း ပျံလွန်တော်မူသည့် စကားလုံးဖြင့် မသုံးလိုပါ ထို့အတူ ပရိနိဗ္ဗာန်ပြုသည်ဟု သုံးလျှင်လည်း မကျေနပ်သည့် သူများရှိပါမည်ဆိုပြီး ထို ခန္ဓာဝန်ချသည်ဆိုသည့် စကားလုံးအသစ်ကို သုံးကြခြင်းဖြစ်သည်။ အဓိပ္ပါယ်ကတော့ ယခုဘ၀ခန္ဓာကိုယ်ကြီးကို ထားခဲ့ပြီး နောက်ခန္ဓာမရတော့ဟုသာ ဆိုရပါမည်။ ယခုအခါမှာတော့ တော်တော်များများ မဂ္ဂဇင်းများမှာ ထိုခန္ဓာဝန်ချသည်ဆိုသည့် အသုံးကို မသိ၍ပဲလား သိ၍ပဲလားမသိ သုံးနေတာကို ကျွန်တော်တွေ့ရပါတယ်။ သို့သော် စကားလုံးသည် စကားလုံးသာဖြစ်၍ အကျင့်နှင့်မသက်ဆိုင်၍ မည်သို့သုံးသုံး အဓိကကတော့ အကျင့်သီလသာ ပဓာနဖြစ်ပါတယ်။ ကျွန်တော် ဆရာတော် ဦးဃောသိတကို ခန္ဓာဝန်ချသည်ဟု သုံးသည်ကလည်းပဲ ဆရာတော်၏ ရုပ်ကလာပ်တော်အား မီးသဂြိင်္ုလ်ပြီးနောက် ဓာတ်တော်များ ကျန်ရစ်သောကြောင့် သုံးခြင်းဖြစ်ပါသည်။ ထိုသို့သုံးသည်ကို မကျေနပ်သည်ရှိသော် ကိုယ်သိသည့် စကားလုံး ကိုယ်ကြိုက်သည့် စကားလုံးနှင့်သာ နားလည်ပေးကြပါလို့ပြောလိုပါတယ်။

ကျွန်တော် ဆရာတော်ဘုရားကြီး နှစ်ပါး၏ တစ်ဘ၀သာသနာများကို ဖတ်သည့်အခါ တစ်ချို့နေရာများတွင် ကြည်နူးခြင်း၊ တစ်ချို့နေရာများတွင် ပျော်ရွှင်ခြင်း၊ တစ်ချို့နေရာများတွင် ၀မ်းနည်းခြင်းစသည့် ခံစားချက်များကို ခံစားခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဆရာတော် အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာကို ဖတ်သည့်အခါ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်များ စည်းလုံးညီညွတ်ကြခြင်း၊ ၀ိနည်းကို အတိအကျလိုက်နာကျခြင်း၊ အကျင့်သီလ လုံခြုံကြခြင်း စသည်ကို ဖတ်ရူပြီး ၀မ်းသာခြင်း ကိုခံစားရပါတယ်။ မဟာဂန္ဓာရုံကျောင်းတိုက်၏ သာယာပုံ သန့်ရှင်းပုံ နိုင်ငံတကာမှ လာရောက်လေ့လာရသည် အထိ သန့်ရှင်း သပ်ရပ်ပုံကို ဖတ်ပြီး သာသနာတော်နှင့် သံဃာတော်များရဲ့ စွမ်းဆောင်ပုံတွေကို ကြည်နူးပြီး ဖတ်နေရင်းနဲ့ပဲ ပြုံးမိသည်တောင် ရှိခဲ့ပါတယ်။ စာထဲမှာပါသည့် ဆရာတော်၏ သြ၀ါဒပေးသည်များကို ဖတ်ရင်းနဲ့လည်းပဲ ကျွန်တော်ပါ သြ၀ါဒပေးနေသည့် အချိန်တွင် ထိုနေရာတွင် ရှိနေသည့် သယောင် ခံစားလာရပါတယ်။ ထို့နောက် နောက်ဆုံး ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့် အချိန်တွင် ဆရာဝန်များနှင့် သံဃာတော်များ ၀မ်းနည်းပူဆွေးစွာ ငိုသည်ကို ရေးသားရာတွင်လည်း ဖတ်နေရင်းပင် မျက်ရည်များဝဲ သည်အထိဖြစ်လာပါတယ်။ ထိုနောက်ဖတ်နေရင်းပင် စိတ်ထဲမှလည်း သေမင်းရယ် လုပ်ရက်လေခြင်းလို့ တွေးမိပါတယ်။ ထို့နောက် ဆရာတော် ကျောင်းမှသံဃာများအား ဆွမ်းကပ်သည့် ဒကာဒကာမ ကဆွမ်းစားပြီးလျှင်အနုမောဒနာအတွက် လာရောက်လျှောက်ထားပုံကိုရေးထားတာက
အလှူရှင်များ။ ။ ဒီကနေ့မနက် ဆွမ်းအနုမောဒနာတရားနဲ့ ရေစက်ချ အမျှဝေမှုကိစ္စကို ခါတိုင်းလို ဆွမ်းစားကျောင်းကြီး အပေါ်ထပ်မှာ မဟုတ်ဘဲ ဆရာတော်ဘုရားကြီး ရုပ်အလောင်းထားရာ စံကျောင်းသိမ်ကြီးပေါ်မှာ ချီးမြှင့်စေလိုပါတယ်ဘုရား။
ထိုအခါ ကျောင်းရဲ့ နာယက ဆရာတော်က
နာယကဆရာတော်။ ။ တခြားရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ခွင့်လွှတ်လိုက်လျော နိုင်ပါတယ်။ ရည်ရွယ်ချက်တစ်မျိုးမျိုးပါတယ်ဆိုရင်တော့ ဘုန်းကြီးတို့ ဆရာတော်အတွက် မလိုအပ်လို့ အပိုပါပဲ။
အလှူရှင်များ။ ။ တင်ပါ့ဘုရား ကျေနပ်ပါတယ်၊ ဒီလိုဆိုရင်လဲ အစဉ်အလာမဖျက်ဘဲ ခါတိုင်းလိုပဲ ဆွမ်းစားကျောင်းကြီး အပေါ်မှာ ဆောင်ရွက်ချီးမြှင့်ပေးပါဘုရား ဆိုပြီးပြောခဲ့တယ်။
အဓိပ္ပါယ်ကတော့ ဆရာတော်ဘုရားကြီး အတွက်ဆွမ်းသွပ်အမျှဝေဖို့အတွက် ရုပ်အလောင်းထားရာ နေရာမှာ ဆွမ်းအနုမောဒနာ လုပ်ပါလို့ပြောတာပါ။ နာယကဆရာတော်ကလဲ ဆရာတော်ဘုရားကြီး ဆရာတော်ဘုရားကြီး အတွက် ထိုသို့ပြုလုပ်ရန်မလိုပါလို့ ပြန်ပြောလိုက်ခြင်းပါ။ ဘာကြောင့်လည်း ဆိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသက သက်ရှင်ထင်ရှားရှိစဉ်ကလည်း ပြောခဲ့ဖူးသည့် စကားရှိခဲ့ပါတယ်။ ကြိုတင်မှုဆိုတာ အရာရာမှာ ရှိရတယ်၊ စားဝတ်နေရေးအတွက် အသိဉာဏ်မြင့်မားရေးအတွက် ဘ၀အဆင့်အတန်း မနိမ့်ရေးအတွက် နောက်ဆုံးသေဖို့ အတွက်ပါ ကြိုတင်ပြင်ဆင်မှုရှိရတယ်။ သေပြီးတဲ့ နောက် သံသရာအတွက်လဲ ခုနှယ်က ပြင်ထားရတယ်၊ ဘုန်းကြီးကတော့ ပြင်ထားတာပဲ၊ သေခါမှ ဆွမ်းသွတ်ပြီး သူများက ပေးတဲ့အမျှကို အားကိုးမနေဘူး၊ အဲဒါက မသေချာဘူး၊ ကိုယ့်ဘာသာကိုယ် လုံလောက်အောင် ကြိုတင်ဆည်းပူးထားတာက သေချာတယ် လို့ပြောခဲ့တယ်။ အဲဒီအတွက်လဲ သံဃာဆိုတာ ဒါမျိုးမှလို့ ပြောနေသလိုပဲ စိတ်ထဲမှာ ကြည်ညိုမိတယ်။ အဓိကကတော့ ပျံလွန်တော်မူတဲ့ အခန်းမှာ စိတ်ထဲမှာ ဆုံးရှုံးမှုကြီး တစ်ခုကိုရင်ထဲမှာ ဆို့နေအောင်ခံစားလိုက်ရတယ်။ ဒါတောင်ကျွန်တော်နဲ့ဆို နှစ်ပေါင်းမြောက်မြားစွာ ဝေးကွာပါတယ်။ အပြင်မှာလဲ မသိမမြင်ဘူးပေမဲ့ စာထဲက တကယ့်ဘ၀ကို တွေ့တာနဲ့တင် ကြည်ညိုမိပြီး ခံစားမိတာပါ။

နောက်တစ်ခုက မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တစ်ဘ၀သာသနာစာအုပ်ပါပဲ။ အဲဒီစာအုပ်ကတော့ ကျွန်တော့်ဘ၀အတွက် တရားကို ပထမဆုံးလေ့လာဖို့ သိခြင်လာဖို့ အများကြီး တွန်းအားပေးခဲ့တဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်ကို ဘယ်နှစ်ကြိမ်ဖတ်ဖတ် ရိုးသည်လဲ မရှိပါဘူး။ ထပ်ထပ်ပြီး ဖတ်ချင်တဲ့ စိတ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တစ်ဘ၀သာသနာစာအုပ်ထဲမှာ တရားသားတွေများလို့ပါပဲ။ စာအုပ်ရေးသာသူ ဆရာတော် ဦးဃောသိတ ကိုယ်တိုင်က ထိုစာအုပ်ကိုရေးသားဖို့ ပြင်ဆင်သည့် အခါ ဆရာတော်ဘုရားကြီး၏ အကြောင်းကို ရေးလျှင် ကိုယ်တိုင်တရားအားထုတ်ပြီးမှ ရေးဖို့ဖြစ်နိုင်မယ်ဆိုပြီး ကိုယ်တိုင်တရားအားထုတ်ပြီးမှ ရေးခဲ့တာကိုး။ တကယ်လဲ ဆရာတော်ဘုရားကြီးရဲ့ တရားတွေက ခန္ဓာဉာဏ်ရောက်တရားတွေ ဖြစ်နေတာကိုး။ ဒါကြောင့် ထိုစာအုပ်ကို ဖတ်တိုင်းလည်း တရားအသိတွေ ပိုပိုပြီး တိုးပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ တစ်ဘ၀သာသနာကိုဖတ်ပြီး ဒါန၊ သီလ၊ ဘာဝနာလောက်နဲ့ ကျေနပ်မနေဖို့၊ သံသရာကြီးလည်နေပုံ တစ်သံသရာလုံး အ၀ိဇ္ဇာရဲ့ အုပ်ချုပ်မှုနဲ့ နေလာရပုံတွေကို သိရပါတယ်။ အဲဒီကနေမှ တဖြည်းဖြည်း သိချင်စိတ်တွေပိုတိုးတိုးလာရင်းနဲ့ ဆရာတော်ဘုရားကြီး တရားတွေကိုနာဖြစ်လာရတော့တယ်။ အဓိက ကျေးဇူးရှိသူကတော့ ကျွန်တော့်ရဲ့ အဖေပါပဲ။ အဖေရဲ့ ကျေးဇူးနဲ့ ဆရာတော် ဘုရားကြီးရဲ့ တစ်ဘ၀သာသနာကို ဖတ်မိပြီး အဖေ့ဆီမှာ ရှိတဲ့ တရားခွေတွေအပြင် မိုးကုတ်ဝိပဿနာ ဌာနချုပ်ကနေ ဓမ္မဒါနပြုတာတွေကိုပါ နာရ၊ စာအုပ်တွေ အဖြစ်အသွင်ပြောင်းထားတာတွေကို ဖတ်ရနဲ့ အသိတိုးပါတယ်။ ဒါထက်ပိုပြီးကတော့ ကိုယ်သိသလောက်လေးကို မသိတဲ့ လူတွေကို ပြန်ရှင်းပြရ ပြန်ပြောပြရတာတွေ ပြီးတော့ ရှိတဲ့ အခွေတွေကို ကူးပြီး တဆင့်ပြန်လည် ဖြန့်ဝေခြင်း ဓမ္မဒါနကိုပါ ပြုနိုင်တဲ့ အတွက် အဖေ့ကျေးဇူးတွေက မွေးကျေးဇူး ကျွေးကျေးဇူး ထက်ကိုပိုများပါတော့တယ်။ ဒီတစ်ဘ၀သာသနာစာအုပ်ကတော့ ကျွန်တော့ကို အများကြီး ပြောင်းလဲတဲ့ စာအုပ်လည်းဖြစ်တယ်။ အစက မှားယွင်းစွာယူထားတဲ့ အယူမှားတွေကိုလဲ မှားမှန်းသိအောင် ပြုခဲ့တယ်။ ကျေးဇူးရှင်ပါပဲ။ မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားပြီး ဓာတ်တော်တွေ ကျန်ရစ်ခဲ့တာကို သိရတော့လဲ ကျွန်တော်အရင်က ထင်ထားတဲ့ သြော်ဒီခေတ်ကြီးမှာ ရဟန္တာတွေ ရှိသေးရဲ့လား ဆိုတဲ့ အတွေးကိုလဲ ဖျောက်ပစ်လိုက်နိုင်ပါတယ်။ နောက်ထပ် ယခုမျက်မှောက်မှာကို မိုးကုတ်ဝိပဿနာ ရိပ်သာများမှာ ယောဂီများ သေသည့်အခါ လက်ယာနံတောင်နဲ့ ပြုံးပြုံးလေးတွေ သေနေတာကို တွေ့ရတော့လဲ တရားတွေဟာ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါလားဆိုပြီး ပိုပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ရတယ်။ ဒါကြောင့် ကျွန်တော်ထိုစာအုပ်ကို ခဏခဏပြန်ပြန်ဖတ်ဖြစ်ပါတယ်။ ဖတ်တိုင်းလဲ ပိုပိုပြီး တရားအသိတွေတိုးရ တယ်။ ဟိုတစ်လောက ထိုတစ်ဘ၀သာသနာစာအုပ်များကို ပြုစုခဲ့သည့် ဆရာတော် ဦးဃောသိတ ခန္ဓာဝန်ချသွားပြီဆိုတော့လဲ တွေးမိပါတယ် သြော် သာသနာမှာ နေလိုလလို ထွန်းလင်းခဲ့တဲ့ ဆရာတော်နှစ်ယောက်ရဲ့ တစ်ဘ၀သာသနာကို ရေးတဲ့ ဆရာတော်တော့ ခန္ဓာဝန်ချသွားပြီ ထိုဆရာတော်ရဲ့ တစ်ဘ၀သာသနာကိုကော ဘယ်သူရေးဦးမလဲလို့လေ။

လင်းငယ်

Thursday, November 26, 2009

တောင်ပေါ်သို့

ရန်ကုန်ကနေ အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲကို ညနေ ဘက်ကြီးရောက်သွားတယ်။ ကားလက်မှတ်ကတော့ ကြိုပြီးမှာထားလို့ ရနေပါတယ်။ ဒါနဲ့ ကားလာမဲ့ အချိန်ကိုစောင့်ရင်းနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး တော်ကီတွေပွားကြတယ်။ နောက်တော့ ကားလာခါနီးပြီမို့ ကားဂိတ်ထဲကိုဝင်စောင့်နေတယ်။ ဒီမှာပဲ မုန့်ရောင်းတဲ့ ကလေးမလေးတွေ အများကြီး ကျွန်တော်တို့ အဖွဲ့ဆီကို ကပ်လာကြတယ်။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့က သိပ်မများပါဘူး။ ကားဂိတ်မှာ တူတူသွားမဲ့ သူက အားလုံးပေါင်း ၁၅ ယောက်။ နောက်ပြီး ဖုန်းနဲ့ လှမ်းချိတ်ထားတဲ့ အစ်ကို ၀မ်းကွဲနဲ့ ယောက်ဖတွေက အားလုံးပေါင်း၆ယောက်။ ပြီးတော့ အလုပ်မပြီးသေးလို့ နောက်မှ လိုက်လာမယ်ဆိုတဲ့ လူက တစ်ယောက်နဲ့။ ပေါင်းနှစ်ဆယ့်နှစ်ယောက်ပေါ့ဗျာ။ ကျွန်တော်တို့ဆီကို ကလေးမလေးတွေက ရှုဆေးတွေ၊ မုန့်တွေ၊ ရေဘူးတွေ လာရောင်းတယ်။ ကျွန်တော်တို့လည်း လိုအပ်တာလေးတွေ ၀ယ်ပေါ့လေ။ အဲ့ဒီမှာ အဖွဲ့ထဲက ကိုမဲကြီးက ကောင်မလေးကို ဈေးစစ်နေပါရော။ ဘာဝယ်ဝယ် နည်းနည်းကို လျှော့ခိုင်းပြီး နေတာပဲ။ နောက်တော့လဲ အဆင်ပြေသွားပါတယ်။ ဒီလိုနဲ့ ကားရောက်လာတော့ ကားပေါ်ကို အလုအယက်တတ်ပေါ့လေ။ ကားရဲ့ နောက်ပိုင်း တစ်ခြမ်းလုံးက ကျွန်တော်တို့ အဖွဲ့ကြီးပဲ။ ကျွန်တော်တို့ရဲ့ အဖွဲ့အသံကြီးပါပဲ ကားထဲမှာလဲ။ ဒီလိုနဲ့ ကားလဲ ထွက်ရော တေကြီးဆိုတဲ့ တေဇာလင်းက ကောင်မလေးကို သတိရတယ်ဆိုပြီး ကျွန်တော့် ဖုန်းကို အတင်းလုလို့ ဖုန်းနဲ့ ကြွေနေပါရော။ နောက်လှည်းကူးလည်း ကျော်ရော ဖုန်းလိုင်းပြတ်သွားတယ်။ ၀မ်းသာလိုက်တာလေ။ ဟီဟီ။

ဒီလိုနဲ့ ကားကြီးက လမ်းမပေါ်မှာသွားနေတာ ညဘက်ကိုတောင် ရောက်လာတယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာအရက်သောက်တဲ့လူ ဆေးလိပ်သောက်တဲ့လူ ကွမ်းစားတဲ့လူ အများကြီးပါတယ်။ ကျွန်တော်ကတော့ ကွမ်းတစ်ခုပဲ ကြိုက်တာဗျ။ အဖွဲ့ထဲမှာလည်း ကွမ်းကတော့ ၂ ယောက်ပဲ မစားတာ ကျန်တာ ဂျိုးကြီးပဲ။ စားချက်ပြောပါတယ်။ ကျွန်တော်ရန်ကုန်က နေ၀ယ်လာတဲ့ စင်ကနယ်၊ အာမွှေး၊ ဖာလာနဲ့ ကွမ်းယာ ၅ ထောင်ဖိုးက ပဲခူးမရောက်ဖူး ကုန်ရော။ စားလားမစားလားက အဲ့ဒါသာကြည့်။ ကားပေါ်မှာလဲ ကားသမားတွေက မျိုးကြီး သီချင်းဖွင့်ထားတာကို လိုက်ဆိုပြီး မြူးနေကြတာပေါ့။ တစ်ခုတော့ ရှိတယ် ကျွန်တော်တို့ အရက်သေစာ လုံးဝမသောက်ထားပါဘူး။ အားလုံးစုံလို့ သာပျော်နေကြတာရယ်။ ဘုရားသွားမှာ မကောင်းတာမလုပ်တာတော့ ယုံပါဗျာ။ တစ်ကားလုံးမှာ ရှိတဲ့ ယောက်ကျားလေးတွေလဲ ကျွန်တော်တို့ အဖွဲ့နဲ့ အဆင်ပြေပြီး တော်ကီတွေပွားရင်းလိုက်သွားလိုက်တာ ကျိုက်ထီးရိုး ကင်မွန်းစခန်းကို ည ဆယ်နာရီခွဲလောက်မှာ ရောက်သွားတယ်။ ဟိုရောက်တော့ ကျွန်တော်တို့ အစ်ကိုဝမ်းကွဲတွေက ရောက်နေပြီ။ သူတို့က ဆိုင်ကယ်တွေနဲ့ လာကြတာဆိုတော့ မြန်တာပေါ့။ ဒီလိုနဲ့ နောက်ကလိုက်လာမဲ့ တစ်ယောက်ကို စောင့်နေကြတယ်။

ကျွန်တော့်အစ်ကို အရင်းနဲ့ တစ်ဝမ်းကွဲက ဆိုင်ကယ်ယူသွားပြီး ကျိုက်ထိုမြို့ကနေ ကျိုက်ထီးရိုးကို လာတဲ့လမ်းထိပ်ကနေ သွားပြီးစောင့်နေတယ်။ သူတို့ သွားပြီး ၁ နာရီလောက်ကြာတော့ ဟိုအစ်ကိုကြီးက ဆိုင်ကယ် ကယ်ရီနဲ့ ရောက်လာပါရော။ ဒီတော့မှ မတွေ့ဘူးလားဆိုတော့ မတွေ့ခဲ့ဘူး အ၀င်အထွက်လွဲနေတယ်ထင်တယ်ဆိုပြီး ကျွန်တော်တို့လိုက်ရှာဖို့ဖြစ်တော့တယ်။ ဒီတော့ ကျွန်တော်ရယ် ကျွန်တော့် ယောက်ဖရယ် နှစ်ယောက်သား ဆိုင်ကယ်ကိုဆွဲပြီး လိုက်ခေါ်ရရော။ ကျွန်တော်မှာဗျာ ဆောင်းတွင်းကြီး ဆိုင်ကယ်နဲ့ မောင်းနေရတာလဲ ကျွန်တော်ဆိုတော့ စဉ်းစားသာကြည့်။ မောင်းနေရင်းနဲ့ကို လူကတုံနေရော။ ကင်မွန်းစခန်းဝင်တဲ့လမ်းကလည်း သိတဲ့အတိုင်းပဲလေ တောတွေကဘေးတစ်ဖက်တစ်ချက် မှာဆိုတော့ လူက လန့်ကလဲ လန့်သေးတယ်။ အရေးနဲ့ အကြောင်းအနောက်က ယောက်ဖက သေးပေါက်ချင်လို့ ဆိုလို့ ရပ်ပေးရသေးတယ်။ ယောက်ဖကလည်း တာဝန်ကျေတယ် လမ်းမှာတွေ့သမျှဆိုင်ကယ်တွေကို ရဲလင်းဦးလား ဟေ့ ဆိုပြီး လိုက်အော်မေးတော့တာပဲ။ တော်သေးတယ် မိနစ်၂၀ လောက်မောင်းပြီးတော့ သူတို့နဲ့ လမ်းတစ်ဝက်မှာဆုံပြီး ပြန်လာခဲ့ကြတယ်။ တောင်ခြေဆီကိုပေါ့။ တောင်ခြေရောက်တော့ အားလုံးကို ဆန္ဒတောင်းခံတော့ အခုချက်ချင်းတတ်မယ်ဆိုတာနဲ့ အားလုံး အထုတ်အပိုးတွေလွယ်ပြီး တောင်ခြေကနေ တောင်ပေါ်ကို စတတ်ခဲ့ကြတယ်။ တောင်ပေါ်တတ်တာမှာ ဓာတ်မီးနှစ်လက်နဲ့ ကျန်တာက မီးတုတ်တွေ ၀ယ်သွားပြီး တတ်ကြတာပဲ။ ပျော်စရာကြီးပါ။ နောက်မှ ထပ်ပြောပြမယ်။

လင်းငယ်

Tuesday, November 24, 2009

လွမ်းရတဲ့ မြန်မာပြည် သို့ မြန်မာပြည်သို့

ပြီးခဲ့တဲ့ နှစ် ၂၀၀၈ ဒီဇင်ဘာလက မြန်မာပြည်ကို မိသားစုအားလုံး ပြန်သွားခဲ့ကြတယ်။ အပျော်ဆုံးပေါ့ဗျာ။ ဖြစ်နိုင်ရင် မြန်မာပြည်မှာတောင် အပြီးပြန်နေချင်သေးတာပဲ။ ဒီလိုလူဆိုတော့ မြန်မာပြည်ပြန်ရမယ်ဆိုရင် အချိန်မရွေး ၀ဲကမ်းပါပဲပေါ့။ စလုံးကနေ မြန်မာပြည်ကို မနက်အစောကြီး လေယာဉ်နဲ့ ဒိုးသွားတာ မိသားစုလေးယောက် ဟိုလည်းရောက်ရော Immigration ဖြတ်ပြီးတာနဲ့ လာကြိုလားလို့ အဒေါ်တွေ ဦးလေးတွေကို လှမ်းကြည့်တော့ တစ်ယောက်မှမတွေ့။ မိသားစုလေးယောက်လုံး စိတ်ပူသွားတယ်။ ဖုန်းဆက်ပြီး သေချာပြောထားပါရဲ့နဲ့ တစ်ယောက်မှမတွေ့။ မကြာပါဘူး ၁၅ မိနစ်လောက်နေတော့ ရောက်လာကြရော။ ဒီတော့မှ ကားပေါ်တက် စကားတွေပြောပြီး ကိုယ်နဲ့ ဝေးကွာခဲ့တဲ့ အိမ်လေးကိုသွားခဲ့တယ်။ အိမ်လေးက နှစ်ပေါင်းကြာကြာခွဲခွာ ခဲ့ရပေမဲ့ မပြောင်းလဲပါဘူး။ ဦးလေးတွေ အဒေါ်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ အရင်အတိုင်း နေချင်ဖို့ ကောင်းနေဆဲပဲ။ ၀မ်းနည်းစရာ တစ်ခုတော့ လမ်းမှာ ကားပေါ်ကလိုက်လာရင်းနဲ့ တွေ့ရတာကတော့ အရင်လို မဟုတ်ပဲ သစ်ပင်တချို့ မရှိတော့တာပဲ။ အရင်က သွားခဲ့ဖူးတဲ့ လမ်းတချို့က သစ်ပင်ကြီးတွေ အုံ့မှိုင်းခဲ့ပေမဲ့ အခုတော့ ဟာလာဟင်းလင်းကြီး ဖြစ်လို့။ စိတ်ထဲမှာ တစ်ခုခုလိုသွားသလိုလို။ ရန်ကုန်မြို့ကြီးလည်းပဲ အရာရာ ပြောင်းလဲသွားပြီကိုး။ ဇရာရဲ့ ထုထောင်းမှုပေါ့လေ။ မပြောင်းလဲတာလေးတစ်ခုကတော့ ပျက်စီးနေတဲ့လမ်းတွေ မတရားမောင်းနေတဲ့ Bus တွေပါပဲ။ လမ်းတွေကတော့ အရင်ကပျက်စီးသလို ယခုတိုင်အောင် ပျက်စီးလျှက်။ သြော် ဘာပဲပြောပြော ကိုယ်ထင်ကုတင်ရွှေနန်းဆိုတော့ ရန်ကုန်မြို့ကြီးက လှပနေဆဲပဲ။ ဒီလိုနဲ့ အိမ်ကိုရောက်လို့ အထုတ်အပိုး တွေချပြီး မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကို ဖုန်းဆက် နီးနီးနားနားရှိတဲ့လူတွေဆီသွားဖို့ အဒေါ့်ဆီက ပိုက်ဆံချေးပြီး သူငယ်ချင်းတွေကို လျှောက်တွေ့လိုက်တယ်။(ပိုက်ဆံချေးခဲ့တာ ပြန်တောင် မဆက်ခဲ့ရဘူး။ဟီး)။ လမ်းထဲက လူတွေကိုလျှောက်နှုတ်ဆက်။ ပျော်စရာကြီး။ ဒီလိုနဲ့ ညပိုင်းရောက်တော့ သူငယ်ချင်းတွေကို လိုက်ခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြပြီး ကျောင်းတုန်းက အကြောင်းတွေပြော။ သူတို့က ဒီနိုင်ငံရဲ့ အကြောင်းတွေမေးလို့ပြော။ ပြီးတော့ သူငယ်ချင်းတွေ နောက်လိုက်ပြောင်လိုက် စလိုက်နဲ့ အချိန်တွေကကုန်မှန်းမသိတဲ့ ဘ၀။ နောက်နေ့တွေမှာလဲ သူငယ်ချင်းတွေက မနက်အစောကြီးလာနှိုး လက်ဖက်ရည်ဆိုင်ထိုင် ညဘက်ကျတော့ ဂစ်တာတွေတီးကြ။ အသံကုန် မျိုးကြီး၊ လေးဖြူ၊ အငဲ သီချင်းကြီးပဲ ဆိုပေးလိုက်တယ်။ စိတ်ထဲကတော့ တစ်လပြီးရင်ပြန်ရမယ်ဆိုတာကို မေ့ထားလိုက်တယ်။ အဲ့ဒါကြီးရှိနေ စိတ်ညစ်လွန်းလို့။ ဒီလိုနဲ့ အဖေ့ရဲ့ ရွာကိုသွားမယ်ဆိုပြီးပြင်ဆင် အဖွားဆုံးသွားတုံးက မလာနိုင်တာနဲ့ အခုအဖွားအတွက် ဆွမ်းကျွေးလုပ်ပေးမယ်ဆိုပြီး သွားကြရတာပေါ့။ အမှန်အတိုင်းပြောရင် အဖေ့ဇာတိကို သွားရတာ ပျင်းပါတယ်။ ပျော်စရာမကောင်း ညီအစ်ကိုဝမ်းကွဲ ဆိုလို့လည်း တစ်ယောက်ပဲရှိပြီး အသက်တွေ အရမ်းကွာတော့ ပေါင်းလို့မကောင်း။ ဒါပေမဲ့ သမိုင်းပေးတာဝန်အရသွားရတာပဲ။ တစ်ခုတော့ ကောင်းတာပေါ့။ ခရီးသွားရတာ ကြိုက်တဲ့လူဆိုတော့ လမ်းဘေးဝဲယာငေးပြီး လှပတဲ့ ရှုခင်းဆို ဓာတ်ပုံနဲ့ မှတ်တမ်းတင်လို့ ရတာပေါ့။ ဒီလိုနဲ့သွားကြတော့ ဒီဇင်ဘာလဆိုတဲ့ အတိုင်း မြူတွေကဝေ နှင်းတွေကကျနဲ့ အေးအေးစက်စက်နဲ့ မိုက်မှမိုက်။ အကြိုက်ဆုံး ဖီလင်တွေကို မြန်မာပြည်မှာပဲရှိတော့ မြန်မာပြည်မှာပဲ ခံစားမိနေတာပေါ့ဗျာ။ ဒီလိုနဲ့ အဖေ့ဇာတိရောက်တော့ ဘာလုပ်ရတယ်ထင်သတုံး တူနှစ်ကောင်ကို လိုက်ထိန်းရတယ်ဗျာ။ ကျွန်တော့် အစ်ကိုကတော့ လက်ရှောင်ပြီး အိပ်ချည်းနေတာ။ မဆိုးပါဘူး။ နေလိုထိုင်လို့ကောင်း ရွာထဲက ငယ်ငယ်ကသိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာလဲ ပါတာပေါ့လေ။ ဒီလိုနဲ့ ရန်ကုန်ပြန်လာပြီးတော့ ညီအစ်ကိုနှစ်ယောက် ကျိုက်ထီးရိုးသွားဖို့ တိုင်ပင်ပြီး သူငယ်ချင်းတွေကို ချက်ချင်း အကြောင်းကြား။ ရန်ကုန်ကို မနက်ပြန်ရောက်တာ ညနေ ၄ နာရီလောက် ကျိုက်ထီးရိုးကို ရန်ကုန်ကနေထွက်ခဲ့တော့တယ်။

(ကျိုက်ထီးရိုး သွားတဲ့အကြောင်းရေးပါဦးမယ်။)
မအားတာတွေများနေလို့ အသစ်တွေ မတင်နိုင်တာ တောင်းပန်ပါတယ်ဗျာ။
ခွင့်လွှတ်ကြပါ။
လင်းငယ်

Thursday, November 5, 2009

သူငယ်ချင်းတို့ အတွက်

သူငယ်ချင်းတို့ရေ ငါတို့အားလုံး လူလောထဲကို တစ်နေ့တည်း တစ်ရက်တည်း တူတူရောက်လာကြတာ မဟုတ်ခဲ့ကြပေမယ့်လည်း ငါတို့အားလုံး အတူတကွ ခင်မင်ခဲ့ကြတယ်နော်။ ဒါပေမဲ့ သက္ကရာဇ်တွေ ပြောင်းလဲလို့ ငါတို့တွေ ဝေးကွာသွားခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် အဝေးကနေ စကားပြောကြဖို့ မြင်ကြရဖို့က ဟိုးအရင် နှစ်ပေါင်းမြောက်မြားစွာလောက်ကလို မခဲယဉ်းတော့တာ အမှန်ပဲ။ မင်းတို့နဲ့ငါ ယနေ့ လူအများအခေါ် အွန်လိုင်းဆိုတဲ့ နေရာတစ်ခုမှာပြန်ဆုံဆည်းကြတယ်။ မင်းတို့ရော ငါရော ပြောင်းလဲသွားခဲ့တာ အမှန်ပဲပေါ့ကွာ။ ပြောစရာမလိုတဲ့ အမှန်တရားတစ်ခုလို့ပဲ ပြောရမယ်လို့ ငါထင်တယ်။ မင်းတို့နဲ့ ငါစကားပြောတယ်။ မင်းတို့ကတော့ အရင်ကအတိုင်း အဆဲလေးတွေနဲ့ စကားစကြတယ်။ ပြီးတော့ အနှစ်သာရမရှိဘူးလို့ ငါထင်ထားတဲ့ အကြောင်းအရာတွေကို မင်းတို့ အများကြီးပြောကြတယ်။ ဒါပေမဲ့ ငါနှုတ်ဆိတ်လို့ မင်းတို့ကို အင်း၊ အင်း ဆိုတဲ့ စကားလုံးပေါင်းမြောက်များစွာနဲ့ မင်းတို့ရဲ့ ပျော်ရွှင်မှုမဟုတ်တဲ့ ပျော်ရွှင်မှုကို ငါပေးခဲ့တယ်။ ဒါပေမဲ့ သူငယ်ချင်းတို့ ငါဟာ တဖြည်းဖြည်းနဲ့ မင်းတို့နဲ့စကားပြောရမှာကို လန့်လာမိတယ်။ ဒါဟာ ဘယ်သူ့ကြောင့်လိုတော့ ပြောလို့မရပါဘူးကွာ။ တကယ့်တရားခံ အစစ်ကတော့ ငါကိုယ်တိုင်လို့ပဲ ပြောလိုက်ချင်တယ်။ မင်းတို့သိမှာပါ မင်းတို့နဲ့ ငါစကားပြောတိုင်း မင်းတို့ကို ငါသိထားတဲ့ အနှစ်သာရအရှိဆုံး စကားတွေကိုပဲ မင်းတို့အတွက် အသိတရားရအောင် ပြောပြချင်နေခဲ့မိတယ်။ ဓမ္မတရားကွ။ ဒါဟာမင်းတို့တွေ အထင်နဲ့တော့ ငါတို့လို လူငယ်တွေနဲ့ အလှမ်းဝေးနေတဲ့ အရာလို့ မြင်နေကြလိမ့်မယ်။ ငါနဲ့မင်းတို့ စကားပြောတိုင်း ငါကမင်းတို့ကို တရားဓမ္မအကြောင်းလေးတွေ ထည့်ထည့်ပြီး ပြောတတ်တယ်။ မင်းတို့ရဲ့ စိတ်ထဲမှာဘယ်လိုနေမလည်းတော့ မသိဘူး။ အေးပါကွာလို့ အရင်တုံးက ပြန်ပြောခဲ့ကြတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ငါ့ကို မင်းတို့တွေ ပေါင်းပြီး ငါမြတ်နိုးတဲ့ဓမ္မတရားကို ဟာသတစ်ခုလို လုပ်သွားခဲ့တယ်။ မင်းတို့မှတ်မိဦးမှာပါ။ ငါမင်းတို့ကို အပြစ်မပြောချင်ပါဘူး။ မင်းတို့အမြင်မှာ ငါက အရွယ်နဲ့မလိုက်တဲ့ စကားတွေပြောနေတယ်လို့မြင်နေမှာဆိုတာကို ငါကြိုမြင်ထားပါတယ်။ ဒါကြောင့် ငါကမင်းတို့ကို ပြောခဲ့တယ်။ ငါ့ကိုပြောင်ချင်ပြောင် နောက်ချင်နောက် ငါမြတ်နိုးတဲ့ တရားဓမ္မကို လှောင်သလိုလို ပြောင်သလိုလို မလုပ်နဲ့လို့ ပြောခဲ့တာ မှတ်မိကြမယ်လို့ထင်ပါတယ်ကွာ။ မင်းတို့နဲ့ အဲ့ဒီစကားတွေ ပြောပြီးတဲ့ နောက်မှာ ငါမင်းတို့နဲ့ တွေ့နေကြ အွန်းလိုင်းဆိုတဲ့ နေရာကနေ အကြာကြီးပျောက်သွားတာ မင်းတို့လည်း သတိထားမိမှာပေါ့။ ငါမင်းတို့ကို စကားပြောချင်စိတ်ကုန်သွားတယ် လို့တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းဒေါသထွက်ခဲ့မိတာအမှန်ပဲ။ အကြောင်းကလည်း တိုက်ဆိုင်ချင်တော့ မအားမလပ်ကလည်း ဖြစ် ဒီတော့ မလာဖြစ်တော့ဘူးပေါ့ကွာ။ ငါအဓိကပြောချင်တာကတော့ မင်းတို့အတွက်ပါပဲ။ လူ့လောကကြီးရဲ့ သဘောက မတည်မြဲပါဘူးကွာ။ နောက်ပြီးတော့ အနှစ်သာရလည်း မရှိပါဘူး။ တွေးကြည့် မင်းတို့စိတ်ကူးယဉ်နေတဲ့ အရွယ်ရောက်ရင် ပညာသင် ပြီးတော့ အချိန်တန်ရင် မိန်းမယူ နောက်ပြီးတော့ သားသမီးတွေမွေးလို့ အရွယ်ရောက်အောင်ပြုစု နောက်တော့လည်း သေဆုံးခြင်းဆိုတဲ့ အမှန်တရားကြီးကို ရင်ဆိုင်ကြရဦးမယ်။ ဒါဟာ ဘယ်သူမှ မရှောင်လွှဲနိုင်ဘူးနော်။ ဒါကိုမင်းတို့မေ့လို့ ငါတို့ကငယ်သေးတာပဲ မသေနိုင်ဘူးမထင်နဲ့။ မျက်စိတစ်မှိတ် လျှပ်တပျက် အတွင်းမှာကို ပြောင်းလဲသွားနိုင်ပါတယ်ကွာ။ မင်းတို့ မမေ့နဲ့ ဟုတ်လား။ အနှစ်သာရမရှိတဲ့ အမြဲခြင်းတရား သင်္ခါရလောကကြီးကို ရင်ဆိုင်နိုင်ဖို့ မင်းတို့ငါတို့ တရားဓမ္မကို နှလုံးသွင်းထားဖို့လိုတယ်ကွ။ သူငယ်ချင်းတို့ အမြဲတမ်း မမေ့မလျှော့ပါနဲ့ကွာ။ ပျော်စရာမဟုတ်တဲ့ အပျော်တုတွေနဲ့ ဖုန်းလွှမ်းနေတဲ့ လူ့လောကကြီးကို မသာယာမိပါစေနဲ့။ အချိန်တန်ရင် ဘယ်ကလာခဲ့မှန်းမသိသလို ဘယ်ကိုသွားရမှန်းမသိတဲ့ လောကကို မသိခြင်းတရားနဲ့ မနေမိစေပဲ သိခြင်းတရားနဲ့ အဆုံးသတ်နိုင်ကြပါစေကွာ။ အနှစ်သာရရှိတဲ့ လူ့လောက အဖြစ်နဲ့ လူတစ်ယောက်အဖြစ်နဲ့ ရှင်သန်နိုင်အောင်ကြိုးစားကြကွာ။

သူငယ်ချင်းများအတွက်
လင်းငယ်

Monday, October 12, 2009

ငါ့ကိုနားလည်ပေးပါ နှင့် ငါနားလည်ပါတယ်...

ကျွန်တော့်မှာသူငယ်ချင်း တစ်ယောက်ရှိပါတယ်။ မိဘချင်းလည်း ခင်မင်တဲ့သူငယ်ချင်းပါ။ သူက သဘောလည်း ကောင်းတယ်။ လူတစ်ကာကိုလည်း အားနာတတ်တယ်။ သူနဲ့ကျွန်တော်က စင်ကာပူ စရောက်မှခင်ကြပေမဲ့ ငယ်သူငယ်ချင်းတွေလိုပဲ အရမ်းရင်းနှီးပါတယ်။ သူရဲ့ လူတကာကို အရမ်းအားနာ တတ်တဲ့ စိတ်က တစ်ခါတစ်လေကျရင် မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူပဲနစ်နာရလို့ပါ။ တစ်ခါတစ်လေကျရင် သူရဲ့ အားနားမှုကြောင့် ကျွန်တော်နဲ့ ကိုသီဟဆိုတဲ့ အစ်ကိုကြီးမှာ သူဘက်ကနေ ဒေါသထွက်ရတာတွေရှိပါတယ်။ သူရဲ့ အားနာတတ်မှုကတော့ စံနမူနာ တင်လောက်ပါတယ်။ နောက်ပြီး သူအမြဲပြောနေကြစကား ရှိပါတယ်။ သူကို ကျွန်တော်တို့က တစ်ခုခုကြောင့် ပြောပြီးဆိုရင် သူက ပြောတတ်တယ်။ ငါ့ကို နားလည်ပေးကျပါကွာတဲ့။ တစ်ခါလည်း ကျောင်းကနေပြန်တော့ သူ့ကို ကျွန်တော်ရယ် ကိုသီဟရယ်က သူ့ကို အပြင်သွားဖို့ခေါ်ပါတယ်။ သူက ဒီပြင်လူတစ်ယောက်နဲ့ ချိန်းထားလို့ မလိုက်တော့ဘူးတဲ့။ ချိန်းထားတဲ့ အချိန်ကလည်း ညကျမှဆိုတော့ ကျွန်တော်တို့ သူ့ကို ပြောတော့ သူက ကျွန်တော်တို့ကို သူဖုန်းပြောနေရင်းတန်းလန်းနဲ့ အဝေးကြီးကနေ ငါ့ကိုနားလည် ပေးကြပါကွာ ဆိုပြီးပြောတော့။ ကျွန်တော်တို့မှာ ရယ်လိုက်ရတာ။ နောက်ပြီး သူဖုန်းပြောနေတဲ့ စိုင်းဆိုတဲ့ လူကလည်း နောက်နေ့ကြတော့ ပြောပါလေရော မြန်မာရုပ်ရှင်ကား ထဲက အထာတွေဆိုပြီး။ သူကျွန်တော့်ကို အဲ့ဒီလို နားလည်ပေးဖို့ အမြဲပြောတော့ ကျွန်တော်လည်း ပြီးပြီးရောဆိုပြီး ငါမင်းကို နားလည်ပါတယ်ကွာ ဆိုပြီး ပြန်ပြောတတ်ပါတယ်။ နောက်ပိုင်း ကျွန်တော် စဉ်းစားမိတာက တစ်မျိုးဖြစ်လာတယ်။

လူဆိုတာ တကယ်တော့ ကိုယ့်ကိုကိုယ်တောင် နားလည် ဖို့မလွယ်ပါဘူး။ စဉ်းစားကြည့်လေ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်ရင်းနဲ့ အအေးသောက်ချင်လာလိုက်။ ကောင်းတဲ့ အလုပ်တွေ လုပ်မယ် စဉ်းစားရင်းနဲ့ပဲ မကောင်း တဲ့ အလုပ်တွေ လုပ်မိပြန်ရော။ ဒီလောက်ကိုကြည့်ရုံနဲ့ ကိုယ့်ကိုကိုယ်တောင် နားလည်ဖို့ ခက်တယ်ဆိုတာ သိသာပါတယ်။ ဒါကို သူများကို နားလည်ဖို့ဆိုတာ ဘယ်လောက်ခက်မလည်းနော်။ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာ ကတောင် ပြောခဲ့သေးတာပဲ သူတစ်ပါးရဲ့ စိတ်အကြံကို သိဖို့က ခဲယဉ်းပါတယ်တဲ့။ ဒီတော့ လူတစ်ယောက်ကို အခြားတစ်ယောက် ကနားလည်ပါတယ်ဆိုတာ အပေါ်ယံ နားလည်တာပဲ ဖြစ်ပါလိမ့်မယ်။ တကယ့် အတွင်းကျကျနားလည်တာ စိတ်ကိုနားလည်တာ ဖြစ်ဖို့တော့ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် စဉ်းစားမိတယ် ငါကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးပဲ သူများကို မင်းကိုငါနားလည်ပါတယ်ဆိုတာ နောက်ဆို မပြောသင့်ဘူးလို့။ ဒါကြောင့် သူများကို နားလည်ဖို့ထက် ကိုယ့်ကိုကိုယ် နားလည်ဖို့ အရင်ကြိုးစားပါဦးမယ်။ ကိုယ့်ကိုကိုယ်နားလည်ရင် သူများကို နားလည်ဖို့ဆိုတာ လွယ်ကူသွားပါပြီ။ တရားသဘောအရဆိုရင်တော့ ခန္ဓာရဲ့ သဘောကို နားလည်ရင် အရာအားလုံးကို နားလည်လာလိမ့်မယ်။ နောက်ကျွန်တော် ပြောနေကျစကားလိုပဲ လောကဓမ္မရဲ့ အရှိသဘောကို သိလာရင် အသိသဘောနဲ့ အားလုံးရှိလာပါလိမ့်မယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ လောကရဲ့ သဘောကိုက တည်မြဲခြင်းမှ မရှိပဲ ဖြစ်ပျက် ဆိုတာပဲ ရှိတော့ကာ အဲ့ဒီ အသိသဘောရှိရင် ချမ်းသာလို့လည်း မသာယာသလို ဆင်းရဲလို့လည်း ထူးပြီး စိတ်ညစ်မနေတော့ပါဘူး။ အသိသဘောနဲ့ အားလုံးရှိလာမှာမို့ပေါ့နော်.....

ကျေနပ်နိုင်ပါစေ
လင်းငယ်

Monday, October 5, 2009

Cupid ၏ အချစ်ဇာတ်လမ်းအဆုံး

`သားရေ.. ဒီနေ့ အမေတို့ ငယ်ငယ်က မင်းအဖေ တာဝန်ကျတဲ့ မော်လမြိုင်မြို့က အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ ဦးမင်းခေါင်တို့ မိသားစု အိမ်ကိုလာလည်လိမ့်မယ်သားရေ။ သူတို့ကို ဒီနေ့ ထမင်းဖိတ်ကျွေးမလို့ သားအပြင်သွားရင်လည်း ထမင်းစားချိန်အမှီပြန်လာနော်။´
`ဟုတ်ကဲ့.. မေ။´
ဒါကကျွန်တော့်အမေ ကျွန်တော့်ကို သတိပေးတဲ့ စကားပေါ့။
`သူတို့က ဘာလို့ အိမ်လာလည်မှာလည်း မေ။ သူတို့က အခုရန်ကုန်ကို ပြောင်းလာပြီလေ သားရဲ့။
ဒီတော့ မေတို့က သူတို့ကို ထမင်းဖိတ်ကျွေးပြီး ပြန်ဆုံကျတာပေါ့။ နောက်သူတို့မှာလည်း သမီးလေး တစ်ယောက်ရှိတယ်လေ။ သားနဲ့လည်း မိတ်ဆက်ပေးရင်းပေါ့။´
မေ ဒီလိုပြောနေတဲ့ အချိန်မှာ မေ့မျက်လုံးတွေထဲမှာ အဓိပ္ပါယ် ဖော်လို့ မရတဲ့ အရာတွေကို ကျွန်တော်တွေ့လိုက်တယ်။ ဒါနဲ့ပဲ မေ့ကို
`မေတို့ဘာအကြံတွေရှိလည်း သားသိနေသလိုပဲနော် မေ။´
`ကဲ သားရယ် ပွင့်ပွင့်လင်းလင်းပဲ ပြောထားလိုက်မယ်။ မေတို့ လူကြီးချင်းက သားတို့ငယ်ငယ်တုန်းက စကားကမ်းလှမ်းထားတာရှိတယ် သူတို့ကလည်း သူတို့ သမီးလေးကို လူဆိုး ဂျပိုး တွေ နဲ့ဆုံ မှာစိုးလို့ အကြောင်းသိချင်း ဖြစ်တဲ့ သားနဲ့ တော့ စိတ်အေးမယ့် ပုံရတယ်။ မေတို့ အနေနဲ့ကလည်း သားလေး ကို မိန်းမလည် မိန်းမရှုပ်တွေနဲ့ တွေ့မှာစိုးတာလည်းပါတာပေါ့။ ဒါကြောင့် သားတို့ ချင်းတွေ့ပေးဖို့ကို တမင်စီစဉ်ပြီါ် ဒီ ထမင်းစားပွဲကို လုပ်တာပဲ သား။´
`မေတို့ကလည်း.. သားက မေတို့ သဘောအတိုင်းပဲ လုပ်ရမှာလား။ သားချစ်တဲ့သူနဲ့ သားစိတ်တိုင်းကျနေခွင့်မရှိဘူးလား´
`သားက ချစ်သူရည်းစားတွေများ ရှိနေလို့လား။ ရှိနေရင်တော့လည်း တစ်မျိုးစဉ်းစားရမှာပေါ့´
`ရှိတော့ မရှိသေးဘူးပေါ့။ ဒါပေမယ့် ရှိလာမှာမို့ပြောနေတာပေါ့ မေရာ´

မေနဲ့ ကျွန်တော်နဲ့က ဒီလိုပါပဲ သားအမိဆိုပေမယ့် သူငယ်ချင်းတွေလိုပဲ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် မေက ငယ်ငယ်ထဲက သင်ထားခဲ့တာလေ။ ဒီတော့ အရာရာမှာ ကျွန်တော်က မေ့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ခဲ့တယ်။ မေနဲ့စကားပြောနေရင်းနဲ့ပဲ အိမ်ရှေ့ကနေ ထော်ကြီးရဲ့ ရှေ့ပြေးအနေနဲ့ အော်ကျယ်အော်ကျယ်နဲ့ ၀င်လာတဲ့ အသံတွေကို ကြားရတော့တာပဲ။

`ဟေ့ကောင်... ဥက္ကာ ဘာလုပ်နေလည်းဟ မြန်မြန်လုပ် လက်ဖက်ရည်ဆိုင် ထိုင်ရအောင်။ ´
`လာပြီဟေ့ အဆင်သင့်ပဲ။ မင်းတို့ လာခေါ်ကို စောင့်နေတာဟ´

ကျွန်တော် မေ့ရှေ့ကနေ ထွက်လာတော့ မေက လှမ်းပြီးပြောသေးရဲ့
`သားရေ.. သမီးလေရဲ့ နာမည်မှတ်ထားဦး မယ်မဒီတဲ့။ အခုတလောကမှ ခြံအမှတ် ၃၀၁ ကို ပြောင်းလာတာနော်´

ဒီစကားက ကျွန်တော့်ရဲ့ ရင်ကို ခုန်သွားစေတယ်။ မြန်မာဆန်သူလေးများ ဖြစ်နေမလား ဆိုတဲ့ အတွေးတွေ ၀င်လာတာကိုး။ ဒီလိုနဲ့ ဟိုကောင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

`ဟေ့ကောင် ဥက္ကာ.. မင်းကို မေးစရာရှိတယ်။ မနေ့က ဟို တစ်ယောက် မဟာဆန်သူဆိုတဲ့ သူကိုမင်းဘယ်လို သဘောရလည်း။ စိတ်ဝင်စားလား။´
`အမှန်အတိုင်းပြောရရင်တော့... Y.E.S... yes ပေါ့ကွာ´
`အေးဒါဆိုရင် မင်း သူရဲ့ နာမည်ကို သိချင်လား... ဟဲဟဲ သိချင်ရင်တော့ ဒီတစ်ဝိုင်းပေါ့ကွာ´
`သားကြီး... ငါက Cupid ပါကွာ။ မိန်းကလေး တစ်ယောက်ရဲ့ နာမည်ကို သိဖို့ဆိုတာ ငါ့အတွက်မခဲယဉ်းပါဘူး´
`ဒါဆိုမင်းပြောလေ သူ့နာမည်ကို´
`မယ်မဒီတဲ့ ဟုတ်တယ်ဟုတ်´

ထော်ကြီးနဲ့ ကျန်တဲ့ နှစ်ကောင်ပါ ပါးစပ်လေးတွေဟလို့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ တကယ်ကတော့ ကျွန်တော် က ဟုတ်လေမလားလို့ အကြောင်နဲ့ ဖောလိုက်တာ။ ဒါပေမယ့် တကယ်မှန်သွားပုံ ရတယ် ဆိုတာ သူတို့ရဲ့ အသွင့်အပြင်ကို ကြည့်ရုံနဲ့ သိသွားပြီလေ။ ဥက္ကာပဲ။ အခြားသူမှမဟုတ်တာ။

`လေးစားသွားပြီကွာ။ မင်းကိုတော့ နာမည်နဲ့လိုက်ပါတယ်။ ချက်ချင်းကို သိသွားတော့တာပဲ။ ´မျိုးလင်းက ၀င်ပြောတာပါ။ ဒီတော့လည်း ကျွန်တော်က
`ဆရာကတော့ ဆရာပါပဲကွာ ဟားဟား။ ဒါနဲ့ နေ့လည်တောင် မယ်မဒီတို့က ငါတို့အိမ်ကို ထမင်းလာစားမှာ။ ဟဲဟဲ´

သကောင့်သား သုံးကောင်ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါလို ၀ိုင်းကြည့်နေကြလေရဲ့။

နေ့လည် အိမ်ပြန်လာပြီး ရေမိုးချိုးလို့ ထမင်းစားချိန်ရောက်ဖို့ကို စိတ်ထဲမှာ တိတ်တခိုး မြန်မြန်ရောက်ပါတော့ လို့ ဆုတောင်းနေမိတယ်။

သူတို့ရောက်လာတော့ ထမင်းစားကျရင်းနဲ့ ကျွန်တော်ကတော့ မယ်မဒီရဲ့ ချစ်စရာကောင်းပြီး အေးချမ်းလွန်းတဲ့ မျက်နှာလေးကိုပဲ ခိုးခိုးကြည့်နေမိတယ်။ တစ်ခါတစ်ခါ မျက်လုံးချင်းဆုံးမိသွားရင် ကျွန်တော့်မှာရှက်လို့ ခေါင်းကြီး ငုံချမိတာလည်း အကြိမ်ကြိမ်။ ထမင်းစား သောက်ပြီးသွားတော့ မေ ပြင်ထားတဲ့ အချိုပွဲမှာ စားကြရင်းနဲ့ ကျွန်တော်တို့ချင်းကို ရင်းနှီးအောင် ဆိုပြီး မိတ်ဆက်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဆိုတဲ့ Cupid ဟာ မယ်မဒီဆိုတဲ့ Venus ရဲ့ ရင်ခွင်ကို လုံးလုံး လျားလျား သက်ဆင်းဖို့ ဆုံးဖြတ်လိုက်တော့မယ်။

Sunday, October 4, 2009

Cupid ၏ အချစ်ဇာတ်လမ်းအစ

ဒီနေ့မိုးလင်းထဲက လက်မလည်အောင် အလုပ်ရှုပ်နေရတယ်။ သူငယ်ချင်းတွေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ဘော်ဒါ တစ်ဝမ်းကွဲတွေက ရည်းစားစာတွေ ရေးခိုင်းထားတာကို လက်စသတ်နေရတာနဲ့။ မနေ့ကညကလည်း တစ်ညလုံး ရေးပေးနေရတာနဲ့ ညကလည်း ၃ နာရီလောက်ကမှအိပ်ပျော်တယ်။ ကျွန်တော်ဆိုတဲ့ ဥက္ကာကလည်း ဘယ်သူမှပိုက်ဆံ မပေးပေမဲ့ ရည်စားစာရေးတာနဲ့ အောင်သွယ် အလုပ်လုပ်တာကို ကိုယ့်ထမင်းကိုယ်စားပြီး ပျော်ပျော်ကြီးလုပ်ချင်နေတာဆိုတော့ ခက်သားလား။ ဒါကြောင့် ကျွန်တော့်ကို သူငယ်ချင်းတွေကတောင် Cupid လို့ နာမည်ပြောင်ပေးထားကြလေရဲ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ နာမည် အရင်းဖြစ်တဲ့ ဥက္ကာ ဆိုတဲ့ နာမည်ထက် Cupid ဆိုတဲ့နာမည်ကို ပိုနှစ်သက်မိနေတာကို အဖေနဲ့ အမေသာသိရင် ရင်ဘယ်လောက် နာလိမ့်မလည်းဆိုတာလည်း စဉ်းစားမိတာ အခါခါပဲ။ ရည်းစားစာတွေ ရေးပြီးတော့ ကျွန်တော် နာရီလှမ်းကြည့်လိုက်တော့ ၈ နာရီ တောင်ထိုးတော့မယ် ဒါနဲ့ ရေချိုးပြီး ဘော်ဒါဝမ်းကွဲတွေကို ပေးဖို့ ရည်းစားစာတွေကို လွယ်အိတ်ထဲထည့်ပြီး ဒီကောင်တွေနဲ့တွေ့ဖို့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

"ဟော ကိုဥက္ကာလာပြီ.. လာလာ.. အစ်ကို ထိုင် ဘာသောက်မလည်း"
"ပလိန်းတစ်ခွက်ပဲ မှာလိုက်ပါကွာ။ ညက မင်းတို့ အတွက် စာတွေရေးနေရတာနဲ့ အိပ်ရေးတွေ ပျက်တယ်.."
"ကျေးဇူးပါအစ်ကိုရာ။ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ အဆင်ပြေသွားရင် လုံးဝ အစ်ကို့ ကျေးဇူးမမေ့ပါဘူး။"
"အေးရော့ ဒီမှာ မင်းတို့ အတွက်စာတွေ စာနဲ့မှ အဆင်မပြေရင်တော့လည်း တစ်ခြားနည်းလမ်း ရှာကြတာပေါ့ကွာ။"
"ဒါတော့ အစ်ကို့ကို ကျွန်တော်တို့ ယုံတယ်အစ်ကို အစ်ကိုရဲ့ နာမည်က ကြီးနေတာပဲ၊ အစ်ကိုရဲ့ စာနဲ့ဆို ကောင်မလေးတွေ ကြွေသွားတာများတယ်ဆိုတာ"
"ဟုတ်ပါပြီကွာ။ အဆင်ပြေပါစေဟုတ်လား။ ဒါနဲ့ မင်းတို့ ဟိုကောင်တွေ ကိုကော တွေ့မိသေးလား။"
"ကိုထော်ကြီးတို့ကို ပြောတာလား"
"အေး ဟုတ်တယ်"
"စောစောကတော့ ဒီကဖြတ်ပြီး ရွှေခေါင်းလောင်းမှာ ရှိမယ်လို့ ပြောသွားတယ် အစ်ကိုရ"
"အေးအေး... သွားလိုက်ဦးမယ်ကွာ အဆင်ပြေပါစေ"

ကျွန်တော်ရွှေခေါင်းလောင်းကို ထွက်လာခဲ့တယ်။ သေချာတယ် ဟိုကောင် တွေကျွန်တော့် အကြောင်းပဲ ပြောနေကြလိမ့်မယ်ဆိုတာ။ ကျွန်တော် ဆိုင်ထဲရောက်တာနဲ့ အရင်ဆုံး ကြားလိုက်ရတာက
"ဟော Cupid ကြီးလာပါပြီဗျာ မင်းရဲ့ လေးနဲ့ မြှားကော မတွေ့ပါလားကွ ဟေ"
"ဟေ့ကောင် ထော်ကြီး မင်းလာပြီး ပြောင်မနေနဲ့ ကျေးဇူးရှင်ကို ကျေးဇူးကန်းတာလားကွဟေ ပါးစပ်ထဲက စားထားတာတွေပါ ပြန်ထွက်လာမယ်နော်"
"ဟားဟား.. Cupid ရယ် မှားသွားလို့ပါ ဘာသောက်ဦးမလည်း ပြောပါ ကိုကျေးဇူးရှင်"
"ဟာ.. မင်းပြောမှ သတိရတယ် ဟိုဘက်မှာ ပလိန်းမှာခဲ့ပြီးတော့ မသောက်ခဲ့ရဘူးဟေ့"

မျိုးလင်း၊ ကိုကျော်၊ ထော်ကြီး သုံးကောင်သား ၀ိုင်းပြီး ရယ်ကြပါလေရော။ မင်းက တော့ ဒီအတိုင်းကြီးပါပဲကွာ လို့ပြောပြီး ဆက်ရယ်နေပြန်ရော။ဒါကတော့ ကျွန်တော့်ရဲ့ မူပိုင် အကျင့်လေးတစ်ခုဗျ။ သူများတွေအတွက်သာ စဉ်းစားပေးနေရရင် ကိုယ့်အတွက် ကိုယ်မေ့မေ့ နေတတ်တာ။ ထော်ကြီးကို ကျေးဇူးရှင်ကို ကျေးဇူးကန်းတာ လားဆိုတာ ဘာလို့ ပြောလည်းဆိုတော့ ထော်ကြီးရဲ့ ကောင်မလေးနဲ့ ထော်ကြီး အဆင်ပြေအောင် ကျွန်တော်ပဲ လုပ်ပေးခဲ့ရလို့လေ။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့က ကျွန်တော် အပါအ၀င် လေးယောက်ရှိတယ်။ မျိုးလင်းခေါ်နေမျိုးလင်း၊ ကိုကျော်ခေါ် ပြည့်ဖြိုးအောင်၊ ထော်ကြီးခေါ် ဝေယံ နောက်ပြီး ဥက္ကာခေါ် ကျွန်တော် Cupid။ မျိုးလင်းရဲ့နာမည် ပြောင်ဖြစ်လာပုံကတော့ ကျွန်တော်တို့ လမ်းထဲက ကိုဖိုးကျော်ဆိုတဲ့ အစ်ကိုကြီးက သူ့ကိုမျိုးလင်းမျိုးလင်းနဲ့ ခေါ်နေလို့ ဘာလို့ အဲ့လို ခေါ်တာလည်းဆိုတော့ မင်းတို့ အဲ့ဒါကို ပြောင်းပြန်ခေါ်ကြည့်လေဆိုတော့ သိသွားပြီး ဒီလိုပဲ ဆက်ခေါ်နေမိတယ်။ ကိုကျော်ကတော့ ကျောင်းမှာထဲက ဟိုလူ့ဆီက ကျော်လိုက် ဒီလူ့ဆီက ခွလိုက် လုပ်လွန်းလို့ ကိုကျော်လို့ ခေါ်ရင်းကနေ တွင်သွားတာပဲ။ ထော်ကြီးကတော့ သူရဲ့ ပုံစံကြောင့်တွင်သွားတာဗျ။ သူက အရပ်ရှည်ရှည် ဘော်ဒီတောင့်တောင့် ဒါပေမယ့် သူရဲ့ နှုတ်ခမ်းက အင်မတန် ထော်တာ။ မျိုးရိုးနဲ့ကို ထော်ကြတာ။ ဒါနဲ့ သူ့ကို ထော်ကြီးဆိုတဲ့ နာမည်ပြောင်ပေးထားကြတာပဲ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ၀ါသနာကြောင့် Cupid လို့တွင်သွားတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။

"ဟေ့ကောင် Cupid မင်းသိပြီးပြီလား" ကိုကျော်မေးတာပါ။
ဒါနဲ့ ကျွန်တော်လည်း "ဘာကိုသိရမှာလည်းဟ"
မင်းမေးလိုက်ရင် အဲ့ဒီလိုပဲ အဆုံးမရှိအစမရှိနဲ့ လို့ဆိုတော့ တဟီဟီးရယ်ရင်း
"ဒီလိုကွ မနေ့ကလမ်းထဲကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ်။ ချောတာတော့ တော်တော်လေး ချောတယ်ကွ။ မင်းကတော့ နောက်ထပ် အကျိုးထပ်ဆောင်ရဖို့များတယ်ကွ။ ဒါပေမယ့် ငါတို့အားလုံးကတော့ ဒီကိစ္စကို သူများထက် မင်းကိုယ်တိုင် မင်းအတွက် မင်းလှုပ်ရှားတာ ဖြစ်ချင်တယ်။ မင်းအသက်လည်း ၂၀ ကျော်တာ ၄ နှစ်လောက်ပိုတော့မယ်။ မင်းအခုထိ ရည်းစားတစ်ယောက်မှမရှိသေးတာ မင်းအတွက် မမိုက်ဘူးကွ။ မင်းနဲ့ အဲ့ဒီကောင်မလေးဆို တော်တော်လေး လိုက်ဖက်မယ်ကွ။ "
"ဟကောင်ရ ညွှန်းလှချည်လား အဲ့ဒီလောက်တောင် ချောနေလို့လား။ ဒါပေမယ့် ငါ့ရဲ့ နှလုံးသားမှာ ကလေးဘ၀ထဲက အခုထိ ဘယ်မိန်းကလေး တစ်ယောက်ကိုမှ မငြိတွယ်သေးဘူးကွ။ ငါကိုယ်တိုင် အချစ်နဲ့ မထိတွေ့ဖူးသေးဘူး။ အချိန်တန်ရင်တော့လည်း သူ့ဟာသူဖြစ်လာမှာပေါ့ကွာ။ အေးဆေးပေါ့"
"အေးပါ ခဏနေရင် ငါအိမ် သွားပြီးဂစ်တာတီးရအောင် မင်းသီချင်းအသစ်ရေးထားတာ ရှိရင်လည်း နားထောင်ရအောင်ကွာ"
"အေး မနေ့ညကတော့ မရေးဖြစ်ဘူးကွ။ ဟိုတစ်နေ့က ရေးထားတာတော့ ရှိတယ်။သွားမယ်ကွာ.. လာ"

ကျွန်တော်တို့ရဲ့ ပုံမှန် ဂစ်တာတီးတဲ့ နေရာက ကိုကျော်ရဲ့အိမ်ပဲလေ။ ဒီကောင်တွေက ကျွန်တော့်ရဲ့ သီချင်းတွေကို အမာခံ ခံစားပေးတဲ့ ကောင်တွေပေါ့။ ဒါကြောင့်လည်း ငယ်ငယ်တည်းက အခုထိ ပေါင်းမိနေကြတာပဲလေ။ ကျွန်တော်တို့ ကိုကျော်ရဲ့ အိမ်မှာဂစ်တာတီးနေတုန်း ထော်ကြီးက ခြံ အပေါက်ဝနားမှာ ကွမ်းငုံပြီး ကုလားထိုင်နဲ့ ထိုင်ပြီး နှပ်နေလေရဲ့။ ခဏနေတော့
"ဟေ့ကောင်တွေ ဟိုမှာ ဟိုကောင်မလေးကွ။ အဒေါ်ကြီး တစ်ယောက်နဲ့ ဈေးသွားဖို့လား မသိဘူး ဒီဘက်လာနေတယ်ကွ။"
"ကျွန်တော်လည်း ဘယ်မှာလည်းကွ ကြည့်ရအောင်"
"ဟိုမှာ မြန်မာဝတ်စုံလေးနဲ့လေကွာ။ မြန်မာဆန်သူလေးပေါ့"

ကျွန်တော့်မျက်စိထဲမှာ ကမ္ဘာကြီးက ရုတ်တရတ် ရပ်တန့်သွားတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း မရှိတော့ဘူး။ သူ့ရဲ့ လမ်းလျှောက်နေတဲ့ ဟန်လေးကိုပဲ မျက်စိထဲမြင်နေတယ်။ နှလုံးသားက တထိတ်ထိတ်နဲ့ ခုံနေတယ်။ သိလိုက်ပြီး Cupid ရဲ့နှလုံးသားကို Cupid ရဲ့မြှား ထိသွားပြီဆိုတာ။

သတိ နှလုံးသားမှ
သတင်းပေးချက်

ကောင်မလေးတစ်ယောက်သည်
နှလုံးသားအား အမှတ်တမဲ့ ပြင်းထန်စွာ
ဝင်ရောက် တိုက်ခိုက်သွားသည်။

ထို့ကြောင့်ဦးနှောက်မှ မည်သို့ပြုလုပ်ရမည်ကို
အလျင်အမြန်အကြောင်းပြန်ပါ။

ဦးနှောက်မှ
ပြန်ကြားချက်

ထိုကောင်မလေးသည်
နှလုံးသားဆိုသော သင့်ထံသို့
အခွင့်မရှိပဲ ရုတ်တရပ် ၀င်ရောက်လာခြင်းဖြစ်သည်
ထို့ကြောင့် သူမအား
နှလုံးသား ခုံရုံးတင်၍ သင်၏ နှလုံးသားအား
နှောက်ယှက်မှုဖြင့်
ရင်တွင်း ထောင်တွင်
တစ်သက်တစ်ကျွန်း အချစ် အမှုထမ်းရန်
ပြစ်ဒဏ်ချမှတ်လိုက်သည်။

Friday, September 18, 2009

ကောင်းကင်နဲ့ မြေကြီး

လူတစ်ယောက်ရဲ့မွေးဖွားခြင်းအစ
ပထမဆုံးစမြင်ရတာက ကောင်းကင်ပြာ
နှုတ်ခွန်းဆက်သပါတယ် ကောင်းကင်ကြီးဆိုတော့
ကောင်းကင်ကြီးက လူလေး မင်းရောက်လာပြီပေါ့တဲ့....

လူလောကထဲ ရောက် ပြုစရာတွေပြု
လုပ်စရာတွေလုပ် တခါတလေမှာ ရှုပ်စရာတွေရှုပ်
အချိန်တန်လာတော့ မြေကြီးနဲ့
စကားပြောရမဲ့ အလှည့်ရောက်လာတယ်

မြေကြီးကပြောတယ် မင်းငါ့ရဲ့ အထဲမှာ နေရတော့မယ်တဲ့
လူသားတိုင်း တစ်ချိန်မှာ ငါနဲ့တွေ့ရတာပဲတဲ့
မင်းစဉ်းစားတဲ့ မင်းဘာတွေလုပ်ခဲ့ပြီးပြီလည်းတဲ့

စဉ်းစားမိတယ်...
မွေးတည်းက အခုသေခါနီးထိ ဘာတွေလုပ်ခဲ့လည်း
သြော်... စားဝတ်နေရေးကလွဲရင်ဘာမှ မလုပ်ခဲ့ပါလား...
အချိန်တန်လို့ မြေကြီးထဲ သွားရမယ်ဆိုတော့......
နောက်ကျနေပြီ ဘာမှပြင်ဖို့ မလွယ်တော့ပါလား...


စိတ်ထဲပေါက်တာရေးချလိုက်တာနော်. ကဗျာလည်း မဟုတ် ဘာလည်းမဟုတ်ပေါ့... ဒဿန ဆန်ဆန် ဖြစ်နေ မလားပဲ။ ဖတ်သွားလိုက်နော်.....

လင်းငယ်

Thursday, September 17, 2009

မင်းဟာ ငါ့ရဲ့ဘဝ

သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့အလင်း စေတမန်က ရတဲ့ မေးလ်ပါ။ ပို့တာကတော့ အင်္ဂလိပ်လိုပါ။ ကျွန်တော် ကြိုက်နှစ်သက်မိလို့ မြန်မာလိုလေးပြန်ပြီး တင်လိုက်ပါတယ်။

ကောင်မလေး... ငါနင်ရဲ့စိတ်ထဲကို ခဏလေးလောက် ၀င်ရောက်ဘူးလား?
ကောင်လေး...... ဟင်အင်း။
ကောင်မလေး.... နင်ငါ့ကိုကြိုက်လား?
ကောင်လေး...... မကြိုက်ဘူး။
ကောင်မလေး..... နင်ငါ့ကို လိုချင်လား?
ကောင်လေး....... ဟင်အင်း။
ကောင်မလေး..... ငါထွက်သွားရင် နင်ငိုမှာလား?
ကောင်လေး...... မငိုဘူး။
ကောင်မလေး.... နင်ငါ့အတွက် ရှင်သန်မလား?
ကောင်လေး...... ဟင်အင်း။
ကောင်မလေး...... နင်ငါ့အတွက် ဘာမဆိုလုပ်ပေးမလား?
ကောင်လေး......... မဖြစ်နိုင်တာ။
ကောင်မလေး...... နင့်ရဲ့ဘ၀နဲ့ ငါ့ကို နင်ဘယ်ဟာရွေးချယ်မလည်း?


ပြီးလည်းပြီးရော ကောင်မလေးထွက်ပြေးဖို့ပြင်လိုက်တယ်.. ဒါပေမယ့် ကောင်လေးက သူကိုတားပြီး စကားတွေပြောတယ်.....



နင်ငါ့ရဲ့စိတ်ထဲကို ခဏလေးတောင် ၀င်မရောက်ခဲ့ဘူး ဆိုတာက နင်ဟာငါ့ရဲ့စိတ်ထဲမှာ အမြဲတမ်းရှိနေလို့ပဲ။ ငါနင့်ကို မကြိုက်တဲ့ အကြောင်းပြချက်က နင်ကိုငါကချစ်လို့ပဲ။ နင်ကိုငါဘာလို့မ လိုအပ်လည်းဆိုတော့ နင်ကိုကငါ့ရဲ့ လိုအပ်ချက်ဖြစ်နေလို့ပဲ။ နင့်ငါ့ကိုခွဲခွာသွားရင် ငါဘာလို့မငိုဘူးလို့ပြောလည်းဆိုတာက နင်ထွက်သွားရင် ငါသေသွားမှာမို့ပဲ။ ဘာဖြစ်ဖြစ် နင့်အတွက် မလုပ်ပေးချင်ရတာကတော့ နင့်အတွက်ငါက အားလုံးကို လုပ်ပေးမှာမို့ပဲ။ ငါ့ဘ၀ကို ငါရွေးချယ်ရတဲ့ အကြောင်းပြ ချက်ကတော့ မင်းဟာငါ့ရဲ့ဘ၀မို့ပါပဲ ကောင်မလေးရယ်။

အလင်းစေတမန်မှ ကူးယူဖော်ပြသည်။

ဘာသာပြန်သူ
လင်းငယ်
ဘာသာပြန် အသုံးမကျရင် စိတ်ဆိုးနဲ့နော်.... ပျော်ပါစေ...

-------------♥♥♥-------------♥♥♥-------------♥♥♥------------

Sunday, August 23, 2009

PR တစ်ကောင်၏ရင်တွင်းဖြစ်

အချိန်က ၂၀၀၆ ခုနှစ်ရဲ့ ဇန်န၀ါရီလ.. အဖေကဖုန်းဆက်ပြီး PR ရပြီတဲ့.. စင်ကာပူကို ဧပရယ် လအမှလာခဲ့ပါတဲ့။ အဲ့ဒီအချိန်က ဆယ်တန်းဖြေမယ့်နှစ်... ဧပရယ်ဆိုရင် စာမေးပွဲကပြီးပြီဆိုတော့ ပြီးတာနဲ့ တမ်းထွက်ရမယ်ဆိုပြီး ပျော်လို့ပေါ့။ ဆယ်တန်းလည်း ဖြေသာဖြေတာ သူများတွေအသားကုန်စာကျက်နေတဲ့ အချိန်မှာ ကိုယ်က လက်ဖက်ရည်ဆိုင်ထိုင်လိုက် အိမ်မှာဆရာမတွေလာသင် ခါနီးဆိုပြန်လာလိုက်နဲ့ ပြီးရင် ကျောင်းသွားလိုက် ဒါနဲ့ ဟန်ကိုကျလို့...... စာမေးပွဲဖြေဖို့ ၂ လလောက်အလိုလောက်မှ စာနည်းနည်းပါးပါးကြည့်တာ... နောက်ဖြေတော့လည်း သူများတွေက စာအုပ်နဲ့မျက်နှာမခွာတမ်း မဖြေခင်အချိန်ထိ ကြည့်နေတဲ့ အချိန် ကိုယ်ကတော့ သူငယ်ချင်းနှစ်ကောင်နဲ့ ကိုယ့်ကားပေါ်မှာ လေပေါနေတာ... အမေကတော့ မျက်စောင်းတထိုးထိုးနဲ့ ဖြေပြီးထွက်လာလို့ အမေက ဖြေနိုင်လားမေးရင်လည်း အင်း အောင်မယ်တော့ ထင်ရတာပဲလို့ ပြောပြီး နေတော့.. အမေကလည်း စိတ်တွေပူ.. အောင်စာရင်းထွက်တော့ ဂုဏ်ထူးတစ်ခုပါတယ်ဆိုတော့ အမေ က မဖြစ်နိုင်တာဆိုပြီး ပြောသေးတာ....။ အဲ စကားတွေက လွဲကုန်ပြီ... ဆယ်တန်းကို ဖြေပြီးတော့ နောက်တနေ့ မနက်ပိုင်း Flight နဲ့ Singapore ကိုရောက်ရော။ IC Collect လုပ်ဖို့ပေါ့လေ။ လေယာဉ် ပေါ်ကနေ ဆင်းလိုက်တာနဲ့ လေယာဉ်ကွင်းကြီးကို ကြည့်ပြီး သဘောတွေကျလို့ ပြီးတော့ Taxi နဲ့ အိမ်ကိုခေါ်လာတော့လည်း လမ်းတွေကို ကြည့်ပြီးသဘောတွေကျလို့။ IC Collect လုပ်ပြီးတော့ လည်း အဖေ့ကိုပြောသေးတာ စလုံး နိုင်ငံသားပြောင်းမယ်ဆိုပြီးတော့ပေါ့။ စလုံးမှာ ၂ လလောက်နေပြီးတော့ အမေနဲ့ကိုယ့်နဲ့ နှစ်ယောက်တည်းပြန်သွားခဲ့တယ်... ရန်ကုန်ရောက်တော့ လည်း ပျော်တာပဲ.. ကိုယ်ကလွတ်လွတ်လပ်လပ် နေတတ်ခဲ့တဲ့လူဆိုတော့ ရန်ကုန်က ကိုယ့်အတွက် အဆင်အပြေဆုံးပဲ.... ရန်ကုန်မှာ အောင်စရင်းထွက်တာစောင့် ပြီးတော့ စလုံးပြန်။ စလုံးပြန်ရောက်စကတော့ ပျော်သလိုလိုခံစားရသေးတယ်... နေလာတာ ၆ လလောက်လည်း ကြာရော လူက တဖြည်းဖြည်းနဲ့ စိတ်ကုန်လာတယ်.. ရန်ကုန်တမြို့စာလောက်မရှိတဲ့ စလုံးနိုင်ငံသေးသေးလေး.. ပြီးတော့ ကိုယ်က သဘာဝကိုမြတ်နိုးတယ် ခရီးထွက်ရတာကို ကြိုက်တယ်.. စလုံးက တစ်မြို့လုံးပတ် အလွန်ဆုံး ၂ နာရီပဲ.. ကဲ ကိုယ်လိုလူ ဘယ်ပျော်လိမ့်မလည်း... စဉ်းစားသာကြည့်။ အရင်က စလုံးပြောင်းမယ်ဆိုတော့ ရည်ရွယ်ချက်တွေ အခုလာမေးရင် မေးတဲ့လူကို ပါဆွဲပြီးရိုက်ပစ်လိုက်ချင်တာ။ အခုချိန်များ မြန်မာပြည်အပြီး ပြန်နေလို့ ရမယ်ဆိုလို့ ကတော့ ချက်ချင်းကိုထပြေးမှာ.. သူဟာသူ မြန်မာပြည်ဘာဖြစ်နေနေ။ မြန်မာပြည်မှာ မွေးလာတဲ့ လူတစ်ယောက် ပြီးတော့ မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက် မြန်မာပြည်ရဲ့ အငွေ့အသက်ကို မြတ်နိုးတဲ့ လူတစ်ယောက် ဘယ်လိုမှ ဒီနိုင်ငံမှာ နေလို့ မပျော်တာမထူးဆန်းပါဘူး။ သူငယ်ချင်းထဲက တချို့တွေစလုံးပြောင်းလိုက်ကြတယ်။ သူတို့ကတော့ ပျော်ပျော်ပဲ။ ကိုယ်ကတော့ သူတို့ကိုကြည့်လို့ ရင်လေးတယ်။ တွေးကြည့်လေ စလုံးလို ဘာအရင်းအမြစ်မှမရှိတဲ့နိုင်ငံ နောက်ပြီး ကိုယ့်ရဲ့ ဆွေးမျိုးတွေမရှိတဲ့ နိုင်ငံမှာ အသက်ကြီးလာရင်ဘယ်လိုနေမလည်း... နောက်ထပ်နောက်ထပ် အကြောင်းတွေတော့ အများကြီးပေါ့လေ။ ကိုယ်ကတော့ လုံးဝကို ဆုံးဖြတ်လိုက်တာပါ။ စလုံးပြောင်းရင် သန်း ၂၀ ပေးမယ်ဆိုရင်တောင် မပြောင်းတော့ဘူးလို့။ အခုချိန်မှာ မြန်မာပြည် ပြန်မယ်ဆိုရင်တောင် မှပဲ ကိုယ်တွေရဲ့ ပီအာကောင် ဘ၀က မလွတ်မလပ်နဲ့ NS ဆိုတဲ့ ဟာကြီးက ၂ နှစ် လုပ်ပေးရမယ်.. ပြီးရင် ကျောင်းတတ်တော့ ထိုးထားရတဲ့ Bond က သုံးနှစ်လုပ်ပေးရဦးမယ်... ပြီးရော ဒီတစ်သက် ပြန်နိုင်ပါ့မလားတောင်မသိ။ စဉ်းစားမိတာကတော့ PR များမရခဲ့ရင် ဘယ်လောက်ကောင်းမလည်းလို့ နောက်ပြီး အဲ့ဒီလို တွေးမိတိုင်း လူတစ်စုကို မုန်းမုန်းမိတယ်။ သူတို့လေ သူတို့ပေါ့........

Peace
လင်း

Saturday, August 22, 2009

နောင်တနေ့ဝယ်.....

နောင်တနေ့ဝယ်တဲ့ ပေးမိလိုက်ပြီခေါင်းစဉ်ကတော့ ဘာအကြောင်းရေးရမှန်းအတိအကျမသိသေးပေမယ့်... ခေါင်းထဲမှာတော့ ရေးစရာတွေကများသားလား။ မရေးဖြစ်တာကြာတော့ ကိုယ်တွေ့တွေကော စိတ်ကူးတွေရော အစုံပေါ့။ နောင်တနေ့ဝယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရေးမယ်လို့စဉ်းစားလိုက်တော့ အရင်ကရေးခဲ့ဘူးတဲ့ နောင်ဆယ်နှစ်ကြာသောအခါဆိုတဲ့ အကြောင်းလေးကို ရေးရင်ကောင်းမယ်လို့စဉ်းစားမိတာနဲ့ စာအုပ်ထဲမှာ ပြန်ကြည့်ပြီးရေးချလိုက်မိတော့တယ်။ နောင်တနေ့ ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုက်ညီအောင်တော့ နည်းနည်းပါးပါး ပြင်ရတာပေါ့လေ။

သူငယ်ချင်းတွေနဲ့ လွန်ခဲ့သော ၄ နှစ်ခန့် ၁၀ တန်းအောင်ပြီးစက ပြောခဲ့ကြဘူးတယ်။ ငါတို့တွေ ၁၀ တန်းပြီးတာနဲ့ တစ်ယောက်တစ်နေရာစီ ဝေးပြီး ကိုယ့် ဘ၀ကိုယ်လျှောက်ရတော့မယ်။ ဒီတော့ကာငါတို့ ရဲ့ အနာဂတ်အတွက် ကြိုးစားရမယ်လို့။ အပြောကတော့ အပြောပဲလေ။ ဒီစကားတွေ က ရုပ်ရှင်ဆန်ဆန် စကားလုံးတွေဆိုတာ အဲ့ဒီတုန်းက မသိခဲ့ကြဘူး။ အခုချိန်စဉ်းစားတော့လည်း ရယ်စရာလေးပေါ့။ အဲ့ဒီအချိန် တုန်းက ငါနောက် ၁၀ နှစ်များကြာရင် ဘာဖြစ်မလည်းမသိဘူးလို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး။ ကလေးဆိုတဲ့ သဘာဝအတိုင်း ပျော်ပျော်နေရရင် ကြေနပ်ပြီး အပျော်ပြီးရင်း အပျော်နဲ့ပဲ ဖြတ်သန်းခဲ့ကြတယ်။ ဘ၀ကို ဖြတ်သန်းလာတဲ့ အချိန်ကြာလေ လူကရင့်ကျတ်စွာ တွေးတော တတ်လာခဲ့တယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါ ဘာကြောင့်မတူနိုင်ရတာလည်း? ဒီမေးခွန်းက ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတဲ့ စကားပေါ့။ အခုချိန်ထိ စာတွေသင် ကိုယ့်အတွက် တိုးတက်လမ်းရှိတဲ့ နိုင်ငံတွေကို ထွက် ကိုယ့်ရဲ့ မွေးရာနိုင်ငံကို မခွဲချင်ပဲ ခွဲခွာနေကြ ရတယ်။ တနေ့နေ့ ရောက်ခဲ့ရင် ပြန်မယ်ဆိုတာတော့ အတွေးထဲမှာ အချိန်တိုင်းရှိပါတယ်။ နောင်ဆယ်နှစ် နောင်ဆယ်နှစ်များပေါ့နော်..... ငါတို့တွေ ပြန်တွေ့ရင် မင်းတို့ ဘယ်လိုဖြစ်နေမလည်း? ငါဘယ်လိုဖြစ်နေမလည်း? ဒါဟာအဓိက ကျတဲ့မေးခွန်းပဲ။ ငါတို့ ရဲ့ အသက်တွေကြီးလာတာနဲ့ အတူ မင်းတို့ ငါတို့ ရဲ့ ပတ်ဝန်းကျင်းလည်း ပြောင်းလဲသွားမယ်။ သုံးနှုန်းတဲ့ စကားလုံးတွေပြောင်းလဲသွားမယ်။ ကမ္ဘာကြီးပြောင်း လဲသွားမယ်။ ဘာတွေဘယ်လို ပြောင်းလဲမလည်းဆိုတာ တို့အားလုံး စိတ်ကူးထားတဲ့ အတိုင်း ဖြစ်မလား မဖြစ်ဘူးလား ဒါကိုငါတို့ ကြိုတင်မသိနိုင်သေးဘူး။ ဒါဟာ အချိန်ဆိုတဲ့ ယန္တာရားရဲ့ အဆုံးအဖြတ်အောက်မှာ မူတည်နေလိမ့်မယ်။ ငါတို့သူငယ်ချင်းတွေထဲက စောစောစီးစီး ကြွေသူလည်းကြွေ ကုန်ကြပြီ..... နောင်ဆယ်နှစ် ငါတို့ အားလုံးပြန်ဆုံနိုင်မယ်ဆိုရင်.......... ငါတို့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးဘယ်လို ဖြစ်နေမလည်း?..........................

Peace
လင်း

Thursday, August 20, 2009

ဘာကြောင့်လည်း?

ညရဲ့ အမှောင် က နေလုံးကြီးကို ၀ါးမြိုပြီး သူရဲ့ ၀တ်ရုံကို ဖြန့်ကျတ်ထားတယ်။ အရောင်ကတော့ ကပ္ပလီရဲ့ အသားအရောင်ထက် တောင်မဲမှောင် သေးရဲ့။ အမှောင်ကို ပိုမှောင် ဖို့ အားပေးနေတာက ၀ုန်းခနဲ ၀ုန်းခနဲ နဲ့ ရွာနေတဲ့ မိုးပဲ။ ညကမှောင် မိုးတွေကရွာ သိတဲ့ အတိုင်း ရန်ကုန်ရဲ့ မီးကပျက်။ ဒါကမထူးဆန်းတဲ့ ဘ၀ အထာပေါ့။

ကျွန်တော်ကတော့ မိုးရွာတာကို ကြိုက်တဲ့ လူဆိုတော့ အိမ်ရှေ့ကနေပြီး လမ်းပေါ်မှာ ကျနေတဲ့ မိုးရေတွေကို ငေးလို့ အတွေးတွေ ပွားနေတုန်း ရုတ်တရတ် လျှပ်စီးတွေ က လင်းကနဲ ဖြစ်သွားတဲ့ အချိန်မှာ လမ်းမပေါ် တခဏတာလေး မြင်လိုက်ရတယ်။ လူရိပ်လေးနှစ်ခု ဒါနဲ့ ဘာများလည်းလို့ သိချင်တာနဲ့ လျှပ်စီး ထပ်ပျက်မဲ့ အချိန်ကို စောင့်နေလိုက်တယ်။ နောက်ထပ် တစ်ခါတွေတော့ လည်း သေချာမမြင်ရ။ ဒါနဲ့ စောင့်ကြည့်နေတာ ၁၀ မိနစ်လောက်ကြာတော့ လျှပ်စီးထပ် ပျက်တော့မှာ သေချာတွေ့လိုက်ရတယ်။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အသက်က ၁၅ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် လောက်ပဲ ရှိမယ်ထင်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ကလမ်းသွား လမ်းလာတွေ သောက်ဖို့ လုပ်ပေးထားတဲ့ ရေအိုးစင်လေး အောက်မှာ မိုးခိုနေတာပဲ။ ရေအိုးစဉ်က ကြီးပါတယ်.. ရေအိုးတွေဖယ်လိုက် ရင် လူတစ်ယောက်အိပ်စာလောက်ရှိတယ်။ ဒါပေမဲ့ မိုးက သည်းကြီးမည်းကြီးရွာနေတော့ သူတို့ ဘယ်လို မိုးခိုခို တစ်ကိုယ်လုံး စိုရွှဲနေတာ အသိသာကြီး ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဘေးအိမ်က လူကြီး က ထွက်လာပြီး ဟဲ့ ကလေးတွေ သွားသွားနဲ့ အတင်း မောင်းထုတ်တယ်ဗျာ။ သြော်ဒါနဲ့ ကလေးတွေက နွမ်းနွမ်းပါးပါး ပုံလေးတွေပါ။ ကျွန်တော့် ရင်ထဲ မှာ ဆို့ သွားတယ်။ သြော်.. ဒီလူကြီး သားသမီးချင်း ကိုယ်ချင်းမစာတတ်လိုက်တာလို့။ အဲ့ဒါနဲ့ ကျွန်တော်လည်း အပြင်ထွက်ပြီး ကလေးတွေကို အိမ်ထဲလာလို့ ခေါ်လိုက်တယ်။ ကျွန်တော် စိတ်ထဲမှာ တကယ်ကို တွေးမိတာက ငါ့ညီငါ့ညီမလေး တွေအရွယ်လောက်လေးတွေ မိုးထဲမှာ မှောင်မှောင်မည်းမည်းနဲ့ ဘယ်လောက် အားငယ်နေလိုက်မလည်းဆိုပြီး ခေါ်ဖြစ်တာပါ။ ရင်ထဲ မှာလည်း ဟိုလူကြီးကို မကျေမနပ်ဖြစ်မိတယ်။ ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျွန်တော် ညီနဲ့ ညီမလေးရဲ့ အ၀တ်အစားတွေထုတ်ပေးပြီး သူတို့ အ၀တ်တွေနဲ့ လဲခိုင်းလိုက်တယ်။ ပြီးတော့ ရေနွေးအိုးကျိုပြီး ကော်ဖီတစ်ယောက်တစ်ခွက်စီနဲ့ မုန့်တွေချကျွေးလိုက်တော့ သူတို့ စားတာ ကုန်တာပဲ။ ကျွန်တော်လည်း မုန်တွေထပ်ချပေးမိတယ်။ မုန်ကို ပုံးလိုက်ကို ထားပေးလိုက်တာ။ ကလေးတွေဗိုက်ဆာနေမှန်းက အရမ်းကို သိသာလွန်းနေတယ်လေ။ ထမင်းတွေဟင်းတွေ မရှိတော့လို့သာ မုန်တွေ့ကော်ဖီတွေတိုက်နေရတာ။ ဖြစ်နိုင်ရင် ထမင်းဟင်းကျွေးလိုက်ချင်တာ။ ကလေးနှစ်ယောက်တည်းက မိန်းကလေးက စားရင်းနဲ့ မျက်ရည်တွေဝဲပြီး မနက်ထဲက ထမင်းမစားရသေးတာ အခုမှ ပဲ အစားကောင်းအသောက်ကောင်း စားရတော့တဲ့လို့ ပြောလိုက်တော့ စိတ်ထဲမှာလေ သနားလိုက်တာ။ ကလေးနှစ်ယောက်လုံးက ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးတွေနဲ့ ဘ၀ဆိုးနေကြတာ။ သူတို့လည်း စားနေရင်းနဲ့ ကျွန်တော်လည်း မေးချင်တာလေးတွေမေးမိတယ်။ သူတို့ နှစ်ယောက်ရဲ့ အကြောင်းကိုပေါ့။ သူတို့က မိဘတွေမရှိတော့ဘူး။ ဦးလေး လင်မယားနဲ့ တူတူနေတာတဲ့။ သူတို့ ကိုကျောင်းတော့ ထားပေးပေမယ့် ကျောင်းစားရိတ်နဲ့ ထမင်းဖိုး အတွက် သူတို့ဟာသူတို့ ရှာရတယ်တဲ့။ အခုလည်း သူတို့ ကားဂိတ်တွေမှာ ရေသန့်ဘူး အခွံ့တွေ တောင်းလိုက်ရောင်းလိုက်နဲ့ လုပ်တာ မိုးသည်းပြီးမည်းကြီးရွာလို့ ဒီနားရောက်တုန်းမိုးခို နေတာတဲ့လေ။ သြော် ကလေးလေးတွေ ပျော်ရွှင်ပြီး စာသင်ရမယ့် အချိန်မှာ ဒီလို ဖြစ်နေတာကြားရတော့ ၀မ်းနည်းမိတယ်။ ပြီးတော့ နှစ်ယောက်စလုံးက ဒီနေ့ တစ်နေ့လုံး ဘာမှမစားရသေးဘူးတဲ့ ပိုက်ဆံမရကြလို့တဲ့ ကျွန်တော်ကျွေးတဲ့ မုန့်တွေ ကော်ဖီတွေက ပထမဆုံးပဲတဲ့ ဘ၀မှာ။ ရင်ထဲမှာ စို့သွားတာပဲ။ ပြီးတော့ ကလေးနှစ်ယောက်က ကျွန်တော့် ကိုအ၀တ်အစားတွေပြန်ချွတ်ပေးပြီး သူတို့ အ၀တ်တွေလဲ ဖို့လုပ်တော့ ကျွန်တော်က ယူလိုက်တော့လို့ ပြောလိုက်မိတယ်။ ကလေးလေးတွေ မျက်နှာမှာ အပျော်ရိပ်လေးတွေ ထင်းခနဲနေသွားတာတွေ့လိုက်ရတယ်။ ပြီးတော့မှ နှစ်ယောက်လုံးက မျက်နှာလေးတွေ ညိုပြီး သူများ ပစ္စည်းကို အလကားယူတာ မကောင်းဘူးဆိုပြီး အတင်းပေးလို့ မနည်းပြောပြီးပေးလိုက်ရတယ်။ ပြီးတော့ မိုးထဲမှာပဲ ပြန်မယ်လုပ်လို့ မနည်းတာပြီး အိမ်မှာပဲ ညအိပ် မနက်မှသွားကြဆိုပြီး ကျွန်တော်အိမ်မှာပေးအိပ်လိုက်တယ်။ သူတို့ အတွက် အိပ်ရာလေးတွေပြင်ပေးတော့ အားနာတဲ့ အကြည့်လေးတွေနဲ့ ကြည့်ပြီး ဘေးနားမှာ ကုတ်ကုတ်လေးတွေရပ်နေကြလို့ သူတို့ကို စိတ်အားမငယ်အောင် အစ်ကိုက အစ်ကို့ ညီတွေ ညီမအရွယ်တွေဆို သိပ်ချစ်တတ်တာ ဆိုပြီး ကျွန်တော်မှာ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတာတွေပြောပြီး သူတို့ ကိုအိပ်ခိုင်းလိုက်တယ်။ သူတို့ အိပ်ရာထဲဝင်ပြီး ၁၀ မိနစ်လောက်နေတော့ အိပ်ပျော်သွားတာများ နှစ်နှစ်ချိုက်ချိုက်ပဲ။ ဘယ်လောက်တောင် များပင်ပန်းဆင်းရဲ ထားလိုက်ကြတယ်မသိဘူး။ ကျွန်တော်လည်း ကျွန်တော့် အိပ်ရာပေါ်တတ်ပြီး စဉ်းစားနေမိတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေနဲ့ ကလေးငယ်တွေ ဘယ်လောက်များ မြန်မာပြည်မှာ ရှိနေကြမလည်းလို့ နောက်ပြီး သားသမီးချင်း ကိုယ်ချင်းမစာတတ်တဲ့ အိမ်ဘေးကလူကြီး လိုလူတွေ ဘယ်လောက်များ..များနေမလည်းလို့ ...

စဉ်းစားရင်းစဉ်းစားရင်းနဲပဲ..........................................

Peace
လင်း

Tuesday, August 11, 2009

ဘ၀ဘ၀ဘဝ

ဟူး... စာမေးပွဲတွေက ဖြေရတော့မယ် စာတွေလည်းမရသေး။ ပရောဂျက်တွေလည်း မပြီးသေး... နောက်ပြီး လက်တွေ့စာမေးပွဲတွေ ကလည်း လာသလားမမေးနဲ့... ဘာမှကိုမသိတော့တာ.. ဒီရက်ပိုင်းအတွင်း ကိုယ့်ကိုကိုယ် သတ်သေချင်စိတ် တောင်ပေါက်ပါတယ်... တကယ်။ အမြဲတမ်းလည်း တွေးမိတယ်.. ငါလောက် ကံဆိုးတဲ့လူများရှိဦးမလားလို့... မသင်ချင်တဲ့စာတွေ သင် မနေချင်တဲ့နေရာမှာနေနဲ့ ကြာရင် ရူးတောင်ရူးနိုင်တယ်။ ဘလော့ လေး ရေးတာတောင် အချိန်မပေးနိုင်လောက်အောင်ဖြစ်နေတယ်. နောက်ပြီး ဘလော့မှာ ရေးစရာလည်း စဉ်းစားလို့မထွက် စာမေးပွဲလေ စာမေးပွဲ.. ဒုက္ခပေးနေတာ... တမ်းတမိတယ်.. မြန်မာပြည်မှာ ကျောင်းနေခဲ့တဲ့ အချိန်တွေကို... လောလောဆယ် ဘလော့ ရေးတာ ကို ၃ ပတ်လောက်နားမယ်နော်.. အားလုံးခွင့်လွှတ်.. စာမေးပွဲအောင်အောင် လုပ်ရဦးမယ်... ဟူးးးးးးးးးးးး

Friday, July 31, 2009

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း နှင့် ပတ်သတ်၍

ဒီဝတ္ထုတိုလေးကို ကျွန်တော် ဆယ်တန်း နှစ်က ရေးခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဒီ့ထက်အများကြီးတိုပါတယ်။ စာမျက်နှာ တစ်ရွက်စာလောက်ပဲ ရှိမယ်ထင်တယ်။ အဲ့ဒီအချိန်က ဇာတ်ကို ဘယ်လိုချဲ့ထွင် ရေးသားရမှန်းမသိလို့ တစ်ရွက်စာလောက်ပဲ ရခဲ့ပါတယ်။ ဒီကြားထဲမှာ ၀မ်းစာအနေနဲ့ စာတွေဖတ် ကြိုးစားပြီး ရေးကြည့်လုပ်ခဲ့ပါတယ်။ အခု အဲ့ဒါကို ကျွန်တော် ပြန်ပြီး ချဲ့ထွင် ရေးထားတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဆယ်တန်းနှစ် ကလေးဘ၀ရဲ့ စိတ်ကူးဆိုတော့ လိုအပ်ချက်တွေရှိချင်ရှိနေပါလိမ့်မယ်။ အားလုံးနားလည်ပေးကြပါ။ သည်းခံပြီးဖတ်ပေးကြပါ။ တတ်နိုင်သလောက်လည်း ကြိုးစားထားတာပါ.....

ကျေးဇူးတင်စွာဖြင့်
Peace
လင်း

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၄) နောက်ဆုံးပိုင်း

မြတ်နိုးတို့အိမ်ရောက်သွားတော့ အိမ်ထဲကနေ အန်တီကြီးတစ်ယောက် ငိုယိုပြီး ထွက်လာတယ်။ အန်ကယ့်ဇနီးထင်ပါတယ်။
"အဖေကြီး၊ မြန်မြန်လာ"
အန်ကယ်က အရေးကြီးသွားဟန်နဲ့
"မောင်မင်းမင်း... အန်ကယ့်နောက်လိုက်ခဲ့"

အန်ကယ်မပြေးရုံတမယ် အိမ်ပေါ်ထပ်ကို တခါတည်း ပြေးတတ်သွားတော့ ကျွန်တော်လည်း အမှီလိုက်ခဲ့ရတယ်။
စိတ်ထဲမှာတော့ တခုခု ထူးခြား နေတယ်လို့ ထင်မိတယ်။ မြတ်နိုးကိုတွေ့ဖို့ဆိုပြီး ခေါ်လာပြီးမြတ်နိုးကို မတွေ့ခင် အန်တီကြီးက ငိုပြီး ထွက်လာတာနဲ့ အန်ကယ်လောနေတာကိုကြည့်ပြီး ထူးခြားနေမှန်းတော့သိတယ်။ အခန်းတခန်းရှေ့ကိုရောက်တော့ အန်ကယ်က တံခါးကိုဖွင့်ပြီးကျွန်တော့်ကို အပြင်မှာစောင့်ခိုင်းထားပြီး ၀င်သွားတယ်။ ခဏနေတော့ ဆရာဝန်တစ်ယောက်နဲ့ Nurse နှစ်ယောက် အပြင်ကိုထွက်လာတယ်။ ဒီတော့မှ အန်ကယ်က..
"မောင်မင်းမင်း အထဲဝင်ခဲ့ပါ။"
ကျွန်တော့်စိတ်ထဲမှာ စိုးရွံ့စွာနဲ့ အခန်းထဲကို လှမ်းဝင်လိုက်တော့ ခုတင်လေးပေါ်မှာ ခွေခွေလေးလှဲနေတဲ့ မြတ်နိုးကို တွေ့လိုက်တယ်။ အရင်နဲ့ မတူပဲ ပိန်နေတဲ့မြတ်နိုးကို ကြည့်ပြီးမျက်ရည်စို့မိတယ်။ အန်ကယ်က တိုးတိုးလေး ကပ်ပြီးမျက်ရည်တွေနဲ့
"သား... သမီးလေးကို နောက်ဆုံးအနေနဲ့ ပြောစရာရှိတာတွေပြောတော့"
ကျွန်တော် ဆွံ့အစွာနဲ့ အန်ကယ့်ကို ကြည့်မိတယ်။ ပြီးတော့ မြတ်နိုး ဆီကိုလှမ်းသွားပြီး လှဲနေတဲ့မြတ်နိုးရဲ့ နှဖူးလေးကို ပွတ်ပြီး သူ့ကို ပွေ့ထားလိုက်တယ်။ မြတ်နိုး မျက်လုံးလေးတွေဖွင့်ကြည့်ပြီး ကျွန်တော့်ကို အံ့အားသင့်စွာကြည့်တယ်။ ပြီးတော့ ချည့်နဲ့တဲ့ အပြုံးလေးပြုံးပြတယ်။ သူကျွန်တော့်ကို တွေ့ရလိမ့်မယ် လို့မထင်ထားဘူးထင်ရဲ့။ ကျွန်တော် ဘယ်လိုမှဟန်မဆောင်နိုင်ဘဲငိုပြီး
"မြတ်နိုးရယ် ဘယ်လိုဖြစ်တာလည်း.. ကိုယ့်ကိုဘာလို့မပြောခဲ့တာလည်း မြတ်နိုးဒီလိုဖြစ်နေတယ်ဆိုတာ"
"မင်းမင်း ၀မ်းမနည်းနဲ့နော်... မြတ်နိုးကို ခွင့်လွှတ်ပါ မင်းမင်းကို မပြောပြခဲ့တာရယ် နောက်ပြီး မင်းမင်းကို ရှောင်နေခဲ့တာတွေအတွက်ပေါ့"
"ဘာကြောင့်ကိုယ့်ကိုရှောင်နေခဲ့တာလည်း မြတ်နိုးဟင်?"
"မင်းမင်းကို မခံစားစေချင်လို့ပေါ့ကွယ်။ နောက်ပြီးမြတ်နိုး ရဲ့ ဒီလိုပုံစံကို မမြင်စေချင်တာရောကြောင့်ပါ"

မြတ်နိုး မောပန်းစွာနဲ့ ကျွန်တော့်ကို စကားတွေပြန်ပြောတယ်။
"မြတ်နိုး ကိုယ့်ကို ရှောင်နေတာနဲ့ပဲ ကိုယ်မခံစားရဘူးတဲ့လား။ အခုလို အခြေအနေမျိုးကို ကိုယ် အခုမှသိရတာ ပိုပြီးခံစားရတယ်။ မြတ်နိုးကို ကိုယ် မပြုစုခဲ့ရတာလည်း ခံစားရတယ်။ နှလုံးသားတွေ ကွဲကြေမတတ်ပဲ။"

မြတ်နိုးငိုခဲ့တယ်... ဟုတ်တယ် မြတ်နိုးငိုခဲ့တယ်။ ဒါပေမယ့် မျက်ရည်တွေအစား သွေးတွေပဲ ကျလာခဲ့တယ်။ ကျွန်တော် ထိတ်လန့်စွာပဲ မြတ်နိုးရဲ့ သွေးမျက်ရည်တွေကို လိုက်သုတ်ပေးမိတယ်။ အဲ့ဒီအချိန်မှာ ပဲ မြတ်နိုး ငြိမ်သက်ပြီး အသက်ကို ဖြည်းဖြည်း လေးရှုနေခဲ့တယ်။ ပြီးတော့....
"မင်းမင်းရယ်..... မြတ်နိုး သွားရတော့မယ်။ နောင်ဘ၀တွေရှိခဲ့ရင် အတူတူ နေကြတာပေါ့။" ဆိုတဲ့ စကားလေးအဆုံးမှာ ကျွန်တော့်လက်ပေါ်မှာ အသက်မဲ့သွားခဲ့တယ်။ ကျွန်တော် နာကျဉ်းစွာပဲ
"မြတ်နိုး......."လို့ အော်ခေါ်လိုက်မိတယ်။
အန်ကယ် မြတ်မင်းလည်းမျက်ရည်တွေနဲ့ ကျွန်တော့် လက်ထဲ အသက်မဲ့နေပြီဖြစ်တဲ့ မြတ်နိုးရဲ့ ခန္ဓာကိုယ်ကို ယူပြီး ခုတင်ပေါ်မှာ ပြန်ချလို့ မြတ်နိုး အကြောင်းတွေပြောပြခဲ့တယ်။ ကျွန်တော် အော်လိုက်တဲ့ အသံကြောင့်ပဲ မြတ်နိုးရဲ့ မေမေ အခန်းထဲကို ပြေးလာပြီး မြတ်နိုးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာဘေးမှာ ငိုနေခဲ့တယ်။အန်ကယ်မြတ်မင်း ကမျက်ရည်တွေနဲ့
"သမီးလေးက မွေးရာပါ နှလုံးအားနည်းတဲ့ ရောဂါရှိတယ်သား... တဖြည်းဖြည်း နှလုံးက ပျက်စီးလာပြီး အဆို့ရှင်တွေ အားလုံး ပါ ပျက်စီးသွားတယ်... အန်ကယ်တို့ ဘယ်လို ကုကုမပျောက်နိုင်တော့ဘူးတဲ့။ အဲ့ဒီအချိန်မှာ သမီး နဲ့သား နဲ့ စတွေ့ပြီး သားက သမီးကို ချစ်မိသွားတာပဲ.. ဒါတွေကို သမီးလေးပြောပြလို့ အန်ကယ်တို့ အကုန်သိခဲ့တယ်။ သမီးလေဟာ သူ့ကိုယ်သူသိလို့ သားခံစားရမှာကို မကြည့်ရက်လို့ သားကို ငြင်းပယ်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် သမီးလေးရဲ့ အချစ်ကို စောင့်နေတဲ့ သားအတွက် မကြည့်ရက်လို့ ချစ်သူအဖြစ်လက်ခံခဲ့တယ်တဲ့။ အခု ဒီကိစ္စမှလည်း သမီးလေးဟာ သားခံစားရမှာကို စိုးရိမ်လို့ အန်ကယ်တို့ ကိုမပြောခိုင်းခဲ့ပါဘူး... ဒါပေမယ့် သမီးလေး သတိလစ်လစ် သွားချိန်တိုင်းသားကို တမ်းတပြီး သားနာမည်ကို ခေါ်နေတာအန်ကယ်မကြည့်ရက်လို့ ဒီနေ့တော့ ဘာဖြစ်ဖြစ်ဆိုပြီး သားဆီကို လာခေါ်ခဲ့တာပဲသား"

အန်ကယ်မြတ်မင်း စကားတွေဆက်ပြောနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မကြားတစ်ချက်ကြားတစ်ချက်နဲ့ နားထောင်ရင်း ရုတ်တရပ် ထပြီး အင်းယားကန်ဘက်ကို ပြေးထွက်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အမှတ်တရခုံတန်းလေးဆီကိုပေါ့......

********************
အင်းယားရဲ့ခုံတန်းလေးပေါ်မှာ ကောင်လေး တစ်ယောက် အဝေးတစ်နေရာကို ကြည့်ပြီး ငိုင်နေတယ်။
သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ မျည်ရည်တွေ တွဲခိုနေတာကို အထင်းသား မြင်ရလိမ့်မယ်။
သူ့ကို ကြည့်ရတာ စိတ်နဲ့ လူနဲ့မကပ်သလိုပါပဲ။ ပါးစပ်ကလည်း `ဘာကြောင့်လည်း၊ ဘာကြောင့်လည်း´ ဆိုပြီး တစ်ယောက်တည်းရေရွတ်နေတယ်။



Peace
လင်း

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၃)

ချစ်သူတွေဖြစ်သွားခဲ့ကြတော့လည်း မခွဲနိုင်မခွာရက်ပေါ့။ သင်တန်းထဲမှာလည်း အတူတူ၊ ပြန်ရင်လည်းအတူတူ
မြတ်နိုးကို ကျွန်တော် အမြဲတမ်းအိမ်ပြန်ရင် အိမ်နားထိလိုက်ပို့ခဲ့တယ်။ ဒါပေမဲ့ မြတ်နိုးက သင်တန်းဖျက်ပြီး အပြင်သွားတာတို့ ဘာတို့ မရှိခဲ့ဘူး။ တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်ပဲ အတူတူ အပြင်ထွက်လည်ဖို့ အခွင့်အရေးပေးတယ်။ တနင်္ဂနွေနေ့ဆိုရင်တော့ ကျွန်တော်တို့ အတူတူ မုန့်စားရင်စား မစားရင် ကန်ဘောင်မှာထိုင်ဖြစ်တာများတယ်။ ကန်ဘောင်မှာထိုင်ရင်လည်း ကျွန်တော်က နှစ်ယောက်စလုံးဘ၀ရှေ့ရေးအတွက် စကားတွေဖေါင်နေသလောက် မြတ်နိုးကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာမကျေနပ်ပေမယ့် ချစ်သူလေး စိတ်ညစ်မှာစိုးလို့ ဘာမှမပြောခဲ့ဘူး။
ကျွန်တော်တို့ နှစ်ယောက်ချစ်သူဖြစ်ပြီး နှစ်လပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ တနေ့ အင်းယားမှာ ဘူးသီးကြော်စားရင်း စကားတွေပြောခဲ့တယ်။ ပြီးတော့ ကန်ဘောင်က ခုံတန်းလေးမှာ ထိုင်ခဲ့ကြတယ်။ အဲ့ဒီမှာအမှတ်တမဲ့ သတိထားမိတာက......
"မြတ်နိုး နေမကောင်းဘူးလားဟင်။ မျက်ကွင်းလေးတွေ ညိုနေတယ်။ မျက်နှာလည်း ဖျော့နေတယ်။ "
"မင်းမင်းက မြတ်နိုးကို အရမ်းဂရုစိုက်တယ်နော်။ မြတ်နိုး မျက်ကွင်းညိုနေတာတောင်သိတယ်။"
"ဒါပေါ့ မြတ်နိုးရယ် အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတဲ့လူပဲ"
"အင်း... မြတ်နိုး နေကောင်းပါတယ်။ မနေ့က အိပ်ရေးပြတ်လို့ လူကနှုံး နေတာပါ။"
" ဘာမှမဖြစ်ရင်လည်းပြီးတာပါပဲ။ နောက် အိပ်ရေးပျက်မခံနဲ့နော်။"
" အင်းပါ... ညကလည်း မင်းမင်းနဲ့မြတ်နိုးအကြောင်းတွေ တွေးပြီး အိပ်မပျော်လို့ပါ။"

အဲ့ဒီတုန်းက ကျွန်တော်စိတ်မပူအောင် မြတ်နိုးညာပြောခဲ့တာကိုမသိခဲ့ဘူး။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ဘာအကြောင်း ကိုတွေးပြီး အိပ်မပျော်တာလည်းဆိုတာကိုလည်း မမေးမိခဲ့ဘူး။
အဲ့ဒီနောက်ပိုင်း မြတ်နိုးကျွန်တော့်ကို ရှောင်ဖယ်ခဲ့တယ်။ မြတ်နိုးသူငယ်ချင်းတွေကိုမေးတော့လည်း အကြောင်းရင်းကို မသိခဲ့ဘူး။ သင်တန်းဖျက်ဖို့ ၀န်လေးတဲ့မြတ်နိုး သင်တန်းကိုလည်း မလာခဲ့တော့ဘူး။
ဒီနေ့ ကျွန်တော် စိတ်တွေညစ်တာနဲ့ ဘုရားသွားပြီး နေမိတယ်။ အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့မှာ လူတစ်ယောက် စောင့်နေတာတွေ့တယ်။ သူက စပြီး
"သားကမောင်မင်းမင်း လားကွဲ့"
"ဟုတ်ပါတယ်။"
"အန်ကယ်နာမည်က မြတ်မင်းပါ။ မြတ်နိုးရဲ့ အဖေပေါ့။"
ကျွန်တော်ချက်ချင်းပဲ တံခါးဖွင့်ပြီး အိမ်ထဲကို ဖိတ်ခေါ်မိတယ်။
"အန်ကယ်ဝင်ပါခင်ဗျာ။ ဘာများအရေးတကြီးပြောစရာရှိလို့ ကျွန်တော့်အိမ်ကို လိုက်လာတာလည်းမသိဘူး ကျွန်တော့်အိမ်ကို မြတ်နိုးတောင် မသိပါဘူး။"
"ဟုတ်တယ် မောင်မင်းမင်း အန်ကယ်သားသူငယ်ချင်းတွေဆီက တဆင့် စုံစမ်းပြီးသိခဲ့တာပါ။ အရေးကြီးကိစ္စကတော့ သားအနေနဲ့ မြတ်နိုးနဲ့လိုက်တွေ့ဖို့ပါပဲ။"
"ဟုတ်ကဲ့ အန်ကယ်.. ကျွန်တော်လည်း မြတ်နိုးကို အရမ်းတွေ့ချင်နေတာပါ။"
"အန်ကယ်ကိုယ်တိုင်လာတဲ့အတွက် သား အံ့သြချင်အံ့သြနေလိမ့်မယ်။ ဒါပေမယ့် အန်ကယ့်အိမ်ရောက်ရင်သိမှာပါ"

ကျွန်တော် မြတ်နိုးဖေဖေ အန်ကယ် မြတ်မင်းရဲ့စကားကို ဇဝေဇ၀ါနဲ့ ဥာဏ်မှီသလောက် စဉ်းစားရင်း အန်ကယ့်ကားနဲ့ လိုက်ခဲ့မိတယ်။

အပိုင်း(၄) ဇာတ်သိမ်းလာမည်။

Peace
လင်း

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၂)

နောက်တစ်နေ့ သင်တန်းကိုသွားတော့ မြတ်နိုးကို လှမ်းကြည့်မိတယ်။ မြတ်နိုးကတော့ ခေါင်းကိုငုံ့လို့ စာတွေပဲ ဖတ်နေခဲ့တယ်။ မြတ်နိုးရဲ့ သူငယ်ချင်းတွေ ကလည်း ငြိမ်သက်လို့ အရင်လို စတာနောက်တာတွေမရှိကြတော့ဘူး။
ရုပ်သေလေးတွေနဲ့ပဲ ရှိနေခဲ့ကြတယ်။ သူတို့တွေလည်း မနေ့က အကြောင်းကို သိသွားခဲ့ပြီထင်ပါတယ်။
သင်တန်းက ထမင်းစားချိန်ခဏနားတော့ ကျွန်တော် မေးစရာလေး တွေရှိလို့ မြတ်နိုးသူငယ်ချင်းထဲက ဇင်မာကို ခေါ်ထုတ်ပြီး...
"ဇင်မာငါ့ကိုမြတ်နိုးစိတ်ဆိုးသွားတာလား။"
"အင်းစိတ်တော့မဆိုးပါဘူး။ သူတစ်မျိုးတော့ဖြစ်နေတယ်။ မနေ့ကနင်တို့ အကြောင်းတွေလည်းငါတို့ကို ပြောပြတယ်။ ငါတို့အားလုံးသိတာက သူ နင့်ကိုစိတ်ဝင်စားတယ်လို့တော့ သိတယ်။ ဒါပေမဲ့ နားမလည်ဘူး။ ဘာကြောင့်သူယတိပြတ်နင့်ကို တစ်ခါတည်း ငြင်းတာလည်းဆိုတာကို။"
"အင်း ငါလည်း အဲ့ဒါကို သိချင်တာ။ ငါမနေ့ညကလည်း တစ်ညလုံးဘာကြောင့်လည်းဆိုတာကို စဉ်းစားနေခဲ့တယ် "
"နင်တကယ်ချစ်ရင် တော့ဇွဲမလျှော့ပါနဲ့။ စိတ်ရှည်စွာနဲ့ ကြိုးစားကြည့်ပေါ့။"
"စိတ်ချပါ ငါသူ့ကို တစ်ခါမှ မချစ်ဘူးတဲ့ အချစ် ဘယ်သူ့အပေါ်မှာမှ မထားခဲ့ဘူးတဲ့ မေတ္တာတွေ နဲ့ ချစ်တာပါဟာ။"
"အေးဇွဲမလျှော့ပါနဲ့ မင်းမင်း"
"စိတ်ချပါ။ ကဲ နင်လည်းထမင်းသွားစားတော့ ငါ့ကို အားပေးတာကျေးဇူးတင်တယ်ဟာ"

ကျွန်တော် အဲ့ဒီနောက်ပိုင်းမှာ မြတ်နိုးကို သူငယ်ချင်း အဖြစ်နဲ့ အနားနားနေခွင့်လေးကို တောင်းခဲ့တယ်။ မြတ်နိုးကလည်း ကြည်ဖြူစွာခွင့်ပြုခဲ့တယ်။ အရင်းနှီးဆုံး သူငယ်ချင်းတွေ အဖြစ်ရှိခဲ့ကြတယ်။ မြတ်နိုးကို အမြဲတမ်းပြောဖြစ်တာကတော့ သူ့အချစ်ကို စိတ်ရှည်စွာနဲ့ စောင့်နေတယ်ဆိုတဲ့အကြောင်းတွေပေါ့။
ဒီလိုနဲ့ ရက်ပေါင်း ၁၈၀ လောက်ကြာပြီးနောက်မှာ မြတ်နိုး ကျွန်တော့်ကို ပိုပြီးရင်းနှီးလာခဲ့တယ်။ စကားပြောရင်း ရယ်စရာလေးတွေ ပါရင် ကျွန်တော့်လက်မောင်းကို ပုတ်ပုတ်ပြီး ရီတယ်။ ဒီလောက်ထိရင်နှီးလာခဲ့တယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုအချိန်တွေမှာ လောကကြီးကိုမေ့လို့ မြတ်နိုးရဲ့ အပြစ်ကင်းတဲ့ ရယ်မောနေတဲ့ပုံလေးကို ကြည့်ပြီး သက်ပြင်းလေး တွေပဲ တိတ်တခိုးရှိုက်မိတယ်။ ဒီလောက်ထိချစ်နေရတဲ့သူလေးနားမှာ ကျွန်တော်ဘယ်လောက်ကြာကြာ ရိုးသားစွာနေနိုင်မလည်း။ တနေ့မှာတော့ မြတ်နိုးကို
"မြတ်နိုးကိုယ့်ကို သူငယ်ချင်းအဖြစ်က အနားယူခွင့်ပေးပါလို့ပြောချင်တယ်"
"ဟမ်... မင်းမင်းက မြတ်နိုး သူငယ်ချင်း အဖြစ်နဲ့ မနေချင်တော့ဘူးလား"
"အင်း ဟုတ်တယ်။ ကိုယ်မြတ်နိုးကို ချစ်သူအဖြစ် ပြောင်းလဲစေချင်တယ်။"
"မင်းမင်းရယ် တို့ဘယ်လိုပြောရမလည်းမသိဘူးကွယ်။ အမှန်အတိုင်းဆိုရင် မင်းမင်းကို တို့ သူများတွေထက်ပိုပြီး သံယောဇဉ်ရှိပါတယ်။ "
"သံယောဇဉ်ရှိရင် ကိုယ့်ကို ပျော်ရွှင်အောင် မြတ်နိုးလုပ်ပေးပါလား။ ကိုယ်မြတ်နိုးကို ပိုင်ဆိုင်ချင်တယ်။ ကိုယ်မြတ်နိုးကို တစ်သက်လုံး၊ တစ်ဘ၀လုံး အတွက်စောင့်ရှောက်ချင်တယ်"

မြတ်နိုးရုတ်တရတ်ကြီး မျက်ရည်တွေ ကျပြီးငိုခဲ့တယ်။ ခဏလောက်နေတော့မှ ကျွန်တော့်ကိုကြည့်ပြီး
"မြတ်နိုးမင်းမင်းကိုချစ်ပါတယ်။ အရမ်းချစ်ပါတယ်မင်းမင်း။ ဟိုး... မိုးသည်းတဲ့နေ့တည်းက မင်းမင်းစကားလိုက်ပြောခဲ့ကတည်းက ချစ်ခဲ့တာပါ။ မင်းမင်းမြတ်နိုးကို အထင်မသေးပါနဲ့။ ဒါပေမဲ့ မြတ်နိုး စိတ်ထဲမှာ မင်းမင်းကို လက်ခံဖို့ကို ခွင့်မပြုခဲ့ဘူး။ မင်းမင်းကိုလည်း သနားမိတယ်။ ဒါကြောင့်ဒီနေ့ ဒီလို စကားမျိုးကို ကိုမင်းမင်းပြောလာတော့ မြတ်နိုးမငြင်းရက်ဘူး။"
"ဟား.. ကိုယ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ကွာ.. အရမ်းကိုပျော်သွားပြီ မြတ်နိုးကိုယ့်အချစ်ကို လက်ခံတဲ့အတွက်" ဆိုပြီး ကျွန်တော်ချစ်သူလေးကို ရင်ခွင်ထဲမှာ ပွေ့ထားလိုက်ပြီးအငိုမျက်ရည်တွေကို သုတ်ပေးလိုက်တယ်။ အဲ့ဒီနေ့ ကလည်း ကျွန်တော့ရင်ခွင်ထဲမှာမြတ်နိုး ငြိမ်သက်စွာ နေခဲ့တယ်။

Peace
လင်း

Thursday, July 30, 2009

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၁)

အင်းယားရဲ့ခုံတန်းလေးပေါ်မှာ ကောင်လေး တစ်ယောက် အဝေးတစ်နေရာကို ကြည့်ပြီး ငိုင်နေတယ်။
သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ မျည်ရည်တွေ တွဲခိုနေတာကို အထင်းသား မြင်ရလိမ့်မယ်။
သူ့ကို ကြည့်ရတာ စိတ်နဲ့ လူနဲ့မကပ်သလိုပါပဲ။ ပါးစပ်ကလည်း `ဘာကြောင့်လည်း၊ ဘာကြောင့်လည်း´ ဆိုပြီး တစ်ယောက်တည်းရေရွတ်နေတယ်။

ဇာတ်လမ်းရဲ့ အစကတော့.......................

ဒီနေ့သင်တန်းရဲ့ ပထမရက်ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်း တစ်ဖွဲ့စောစော စီးစီး လာပြီး ထိုင်နေမိကြတယ်။
သင်တန်းကို ရောက်လာတဲ့ လူတွေကို လိုက်ကြည့် ပြီး အလုပ်မရှိအလုပ်ရှာလို့ ဟိုပြောဒီပြောနဲ့ နေနေကြတယ်။
သင်တန်းကလည်း မစသေး သင်တန်းသား၊ သင်တန်းသူ တွေကတော့ တဖွဲဖွဲ ထပ်ထပ်ပြီး ရောက်လာနေတယ်။
အဲ့ဒီအချိန်မှာ မျက်ဝန်းရဲ့ ထောင့်လေးမှာ အလှလေးတစ်ပါး ခုန်ပေါက်ဝင်ရောက် လာတယ်။ အေးချမ်းပါတယ်၊ သိမ်မွေ့ပါတယ်၊ ညင်သာပါတယ်။ ဒီနေ့ခေတ်မှာတွေ့ရခဲတဲ့ ထမိန်နဲ့ ရင်ဖုန်း အင်္ကျီလေးကိုဝတ်ပြီး တစ်လှမ်းချင်း အိနြေ္ဒရရ လျှောက်ပြီး သင်တန်းထဲကိုဝင်လာတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က July လရဲ့ ရက်တွေထဲက မိုးဖွဲဖွဲလေးရွာနေတဲ့ ရက်တစ်ရက်ပေါ့။

ကျွန်တော်သူငယ်ချင်း တွေကိုပြောပြီး ကောင်မလေးရဲ့နာမည်ကို သိရဖို့ စုံစမ်းမှုတွေ လုပ်ရတော့တာပေါ့။
မကြာပါဘူးအားလုံးရဲ့ကူညီမှုနဲ့သူမနာမည်ကို သိခွင့်ရခဲ့တယ်။ သူမနာမည်က `မြတ်နိုး´ တဲ့။
ဟား... တကယ်ပဲမြတ်နိုးဖို့ ကောင်းပါတယ်။ သူမကို ကျွန်တော်ချစ်မိသွားပြီဆိုတာ ချက်ချင်းပဲသဘောပေါက်လိုက်မိပြီ။ ဒီတော့ ကျွန်တော် သူမရဲ့အချစ်ကို ရဖို့ ကြိုးစားရတော့မယ်။


ကျွန်တော် နေ့တိုင်းနီးပါး မြတ်နိုး ကိုစောင့်ကြည့်တယ်။ မျက်လုံးချင်းတွေဘာတွေ ဆုံတော့ ကျွန်တော် ဆယ်ကျော်သက်မဟုတ်တော့ပေမဲ့ ရင်ခုန်မိတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာလည်း သံယောဇဉ်ရဲ့ အငွေ့အသက်တွေ မြင်နေရတယ်။ အိုကေပြီပေါ့။ ကျွန်တော်သူမကို ကြည့်နေတိုင်း သူမရဲ့ ဘေးကသူငယ်ချင်းတွေကလည်း ပြုံးပြီးသူမကို လှမ်းစနေတာကိုတွေရတော့ မျှော်လင့်ချက်ရှိတယ်ပေါ့ဆိုပြီး ကျွန်တော်သူမကို ဖွင့်ပြောဖို့ အစီအစဉ်ဆွဲတော့တယ်။



ဒီနေ့သင်တန်းပြီးတော့ မိုးတွေကရွာနေတယ် သည်းကြီးမည်းကြီးပါပဲ။ ဒီနေ့ရဲ့ သင်တန်းပြီးနောက် အစီအစဉ်တွေမှာ မြတ်နိုးကို ဖွင့်ပြောဖို့ အစီအစဉ်က ရှိတယ်။ ထီးကလည်း ပါမလာဘူး။ ကျွန်တော် ဘာပဲဖြစ်ဖြစ်ဆိုပြီး မိုးရေထဲမှာ သူမနောက်ကိုလိုက်ဖို့ထွက်သွားခဲ့တယ်။ သူမကတော့ ပုံမှန်အတိုင်း အိနြေ္ဒလေးနဲ့ လမ်းလေးလျှောက်လို့ မိုးရဲ့ဒဏ်ကို ထီးလေးနဲ့ ကာကွယ်ထားတယ်။ ကျွန်တော် မိုးရေထဲကနေပဲ သူမနောက်ကို အသည်းအသန်ပြေးလိုက်သွားပြီး သူမနာမည်ကို အော်ခေါ်လိုက်တယ်။ ကျွန်တော်ရဲ့ ရုတ်တရတ် ပြေးလိုက်ပြီး သူမကိုခေါ်လိုက်တဲ့ အသံကို ကြားတော့သူမ လန့်သွားသလို ကိုယ်လေးတစ်ချက်တုန်ပြီး ကျွန်တော့်ကိုလှည့်ကြည့်တယ်။ တကယ်ပါပဲ မျက်ဝန်းတွေကအပြစ်ကင်းပြီး အရမ်းကို စိတ်လှုပ်ရှားသွားတဲ့ပုံလေး။ ကျွန်တော်ကမြတ်နိုးကို...
"ကိုယ်ခေါ်လိုက်တဲ့အတွက်လန့်သွားရင် ဆောရီးပါဆိုတော့" သူမက
"ရပါတယ် ကိစ္စမရှိပါဘူး"
ဒါပေမဲ့သူရဲ့မျက်ဝန်းမှာ ကြောက်ရွံ့သွားခဲ့တဲ့ စိတ်ကို အထင်းသားမြင်နေရတုန်းပဲ။
"အရမ်းပဲလန့်သွားတယ် ထင်တယ်နော် တောင်းပန်ပါတယ်"
"ရပါတယ်"
"ကျွန်တော်လေ... ကျွန်တော်... အဲ မြတ်နိုးကို ပြောစရာရှိလို့ပါ"
"ရှင်!!! ပြောပါ။ ကျွန်မ ကိုမင်းမင်းကိုသင်တန်းကလူတစ်ယောက်အဖြစ်သိပါတယ်"
"ကျွန်တော်မြတ်နိုးကို ချစ်တယ်"
ကျွန်တော် ကြောက်အားလန့်အားနဲ့ တစ်ခါထဲ ပြောလိုက်တယ်။သူမလည်း ကြောင်သွားတယ်။ ဒီလိုမျိုး ပြောလိုက်လိမ့်မယ်လို့ မထင်လို့နေပါလိမ့်မယ်။သူမခေါင်းလေးကို ခါတယ်။ ပြီးတော့ သက်ပြင်းရှိုက်ပြီး
"ကျွန်မစိတ်မကောင်းပါဘူး၊ ၀မ်းလည်းနည်းပါတယ်၊ တစ်ခါထဲပဲ ပြောပါရစေ၊ ကျွန်မရှင့်ကို ပြန်မချစ်နိုင်ပါဘူး"
"မြတ်နိုးတကယ်ပဲလားဗျာ၊ မြတ်နိုးမှာ ချစ်ရမယ့်သူရှိလို့လား? "
"အဲ့ဒီလိုလည်းမဟုတ်ပါဘူး"
"ဒါဆိုရပါတယ်။ မြတ်နိုး ကိုယ့်ကို ပြန်လည်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ ကိုယ်ကတော့ချစ်တယ်။ မြတ်နိုးဆီက အချစ်ကိုရဖို့ ကြိုးစားသွားမှာပါ။ မြတ်နိုးပြန်ချစ်လာနိုင်သည်ထိစောင့်မယ်"

သူမပါးစပ်လေးဟလို့ ကျွန်တော့်ကို ကြောင်ကြည့်နေခဲ့တယ်။ ကျွန်တော်ပြောပြီးတာနဲ့ သွားတော့မယ် ဆိုပြီး အိမ်ပြန်ရာလမ်းကို လှည့်ထွက်ခဲ့တယ်။ ခေါင်းထဲမှာတော့ သူ့မျက်ဝန်းမှာသံယောဇဉ်ရိပ်တွေ ရှိရက်နဲ့ ငါ့ကို ဘာကြောင့် ချက်ချင်းကြီး ငြင်းရတာလည်းလို့ တွေးနေမိခဲ့တယ်။

အပိုင်း(၂)လာပါမည်။

Peace
လင်း

ဘ၀ဟူသည်မှာ.........

ဘ၀အတွက်တဲ့ ပျော်ရာမှာမနေရ တော်ရမှာနေရသည်တဲ့။ ဘယ်သူပြောခဲ့မှန်းတော့မသိ။
လူတစ်ချို့ကတော့ ဘ၀ကိုအလွယ်လေးတွေးတယ်။ တချို့က ပျော်ရွှင်စွာဖြတ်သန်း၊ တချို့က၀မ်းနည်းစွာ
ဖြတ်သန်း၊ တချို့က အပေါင်းအသင်းမိသားစုနဲ့ဖြတ်သန်း၊ တချို့က အထီးကျန်စွာ ဖြတ်သန်း ဖြတ်သန်းနည်းပေါင်း
များစွာနဲ့ ဖြတ်သန်းနေကြတယ်။ တချို့ဘ၀တွေက ချမ်းသာပြီး ငွေကိုရေလိုသုံးနေတဲ့ အချိန်မှာ တချို့က ဆင်းရဲစွာနဲ့ ထမင်းနပ်မှန်အောင် ကြိုးစားနေရတယ်။မည်သို့ပဲ ဖြတ်သန်းဖြတ်သန်းပါ လူတစ်ယောက်စီတိုင်းရဲ့ စိတ်မှာ ခံစားချက်လေးတွေတော့ရှိကြလိမ့်မယ်ထင်တယ်။

ကျွန်တော်ရဲ့စိတ်ခံစားမှုလေးကတော့......

လူရယ်လို့ဖြစ်လာရင် စာသင်ရမယ်တဲ့။ နောက် အလုပ်လုပ် စီးပွားရှာရမယ်တဲ့။ ဘယ် ပညာရှိကများ အတွေးတော်ချော်ပြီးပြောသွားခဲ့သည်မသိ။ ဒီရဲ့ အကျိုးဆက်ကတော့ ကျွန်တော်တို့တွေ မသင်ချင်ဘဲစာသင်၊ မလုပ်ချင်ပဲ အလုပ်တွေလုပ်နေရတယ်။ လူသားပဲ လူ့ဘ၀ကို လူသားတစ်ယောက်ဆန်ဆန် အေးအေးဆေးဆေး ဖြတ်သန်းချင်တာပေါ့။ ဂုဏ်ပကာသနအတွက် မစဉ်းစားမိပါဘူး။ ရွှေငွေ အရေးမကြီးဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ အေးချမ်းတဲ့ ကိုယ့်ရဲ့ဇာတိမြို့လေးမှာ ပျည်ထောင်သစ်သားအိမ်လေးနဲ့ သီးပင်စားပင်တွေ စိုက် ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းချင်တာပေါ့။ ဒါပေမဲ့ ဘယ်ဘ၀ရဲ့ အကျိုးပေးတွေလည်း မသိပါဘူး မနေချင်ဘဲနဲ့ ဒီ `စလုံး´ ဆိုတဲ့ နိုင်ငံမှာ ပျော်ရွှင်မှုတွေဆိတ်သုန်းပြီးနေ နေရတယ်။ အချိန်တိုင်း မြန်မာပြည်ရဲ့ အငွေ့အသက်တွေကို လွမ်းမိတယ်။ တနေ့နေ့တော့ ပြန်ပြီး နေနိုင်ကောင်းပါရဲ့လို့ စိတ်ကိုဖြေသိမ့်လို့ နေ့တွေကို ဖြတ်သန်းနေရတယ်။

စိတ်ထဲမှာ မွန်းကြပ်လို့ဖောက်ထုတ်လိုက်တာပါ။ ဒီ`စလုံးမှာ´ လည်း ကျွန်တော့်လို ခံစားနေရတဲ့သူတွေ ရှိချင်ရှိမှာပါ။

ကျေးဇူးတင်စွာဖြင့်
လင်း