စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Wednesday, September 9, 2009

ငယ်ငယ်တုန်းက

ရပ်ကွက်ထဲက အုန်းပင်တွေရှိတဲ့နေရာကြီးကို ကန်ထရိုက်တိုက်တွေဆောက်မလို့တဲ့... ဒါကတော့ ရပ်ကွက်ထဲမှာ ကြားနေရတဲ့သီတင်းပေါ့။ ကန်ထရိုက်တိုက်ဆောက်မယ်ဆိုတဲ့ နေရာကလည်း ကျွန်တော်တို့ အိမ်ဘေးနားတင် ဘယ်နေ့များလာ ပြီးအပင်တွေခုတ်လို့ တိုက်တွေလာဆောက်မလည်း ရယ်လို့ နေ့တိုင်းစောင့်ကြည့်လိုက်ရတာ အမော။ တစ်နေ့တော့ လာပါပြီ ဘူဒိုဇာကားတွေ နောက်ပြီး လူတွေအများကြီးရယ်နဲ့ အပင်တွေခုတ်ကြပါလေ ရော။ လင်းတို့အပျော်ပေါ့။ သူတို့တွေခုတ်တာတွေကြည့်လိုက် အပင်ကြီးတွေလဲသွားတာကြည့်လိုက်နဲ့ တစ်မျိုး တော့ပျော်စရာကောင်းသား။ လင်းတို့ညီအစ်ကို နှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက် ကြတယ်။ အားလုံးကတော့ ပြောတယ် ဒီညီအစ်ကို ပြုံးရင်သတိထားတဲ့။ ဟဲဟဲ....

လင်းတို့ ညီအစ်ကို ဘာကြောင့်များပြုံးလိုက်ကြတုန်းဆိုတော့။ အပင်တွေခုတ်ပြီးသွားတော့ အလုပ်သမားတွေ ပြန်သွားတဲ့ အချိန်မှာ အပင်တွေ ကျန်ခဲ့တဲ့ ပုံစံကို ကြည့်ပြီး ကစားဖို့ အကြံရသွားလို့လေ။ အလုပ်သမားတွေအားလုံး ရှင်းသွားတဲ့ အထိစောင့်တယ်။ ပြီးလည်းပြီးရော ရပ်ကွက်ထဲက သူငယ်ချင်းကိုယ့် လို ငပေ တွေကို လိုက်ခေါ်။ အလုံးစုံပြီဆိုတာနဲ့ ဘာလုပ်တယ်မှတ်တုန်း။ အုန်းပင်တွေလဲနေတဲ့ နားကို ပြေးသွားပြီး ဆော့တော့တာပေါ့။ အလုပ်သမားတွေက အပင်တွေကို ခုတ်ပြီးတော့ တစ်ပင်နဲ့တစ်ပင် မှီနေသ လိုဖြစ်အောင် ထားခဲ့တာလေ.. အဲ့ဒီတော့ အပင်တွေက မြင့်ရာကနေနှိမ့်ရာကိုသွားတဲ့ ပုံစံမျိုးတွေဖြစ်နေတယ် အစ်ကိုက အကြံရပြီး ပြောပါလေရော။ ငါတို့ လျှောစီးချရအောင်တဲ့ အပင်တွေပေါ်ကတဲ့။ အားလုံးကလည်း မဆိုးဘူးဆိုပြီး စီးကြတာပေါ့။ လျှောဘယ်လိုစီးလည်း ဟုတ်လား။ လင်းက အဲ့ဒီနေ့က ပုဆိုးဝတ်ထားတာလေ။ အဲ့တော့ လင်းရဲ့ ပုဆိုးလေးကို ချွတ်ပြီးတော့ အပင်မှာဟိုဘက်ဒီဘက် လက်နဲ့ဆွဲထားလိုက်တော့ လျှောစီးချ လို့ရသွားတာပေါ့။ အားလုံးတစ်ယောက်တစ်လှည့်နဲ့ အပင်ပေါ်ကနေ ဆင်းလိုက်တတ်လိုက် စီးနေတာ အချိန်ကို မသိပဲနဲ့ ပျော်နေကြပါလေရော။ ခဏလောက်နေတော့ အမေလာလိုက်ခေါ်တော့ အဲ့ဒီလို ကစားနေ တာလည်းတွေ့ရော အော်ဆူပါလေရော။ တုတ်ကောက်ခဲ့ နင်တို့ ညီအစ်ကို နှစ်ကောင်ဆိုတော့ ကြောက်လို့ ငိုချင်စိတ်တောင်ပေါက်တယ်။ ပုဆိုးလည်း အဲ့ဒီမှာပဲ စိတ်ညစ်ပြီး မေ့ကျန်ခဲ့ရော။ ညီအစ်ကိုနှစ်ယောက် စိတ်ညစ်ညစ်နဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ကို ပြန်လာတော့ အစ်ကို လည်း ကျွန်တော် ပုဆိုးမပါတာလည်း သူဂရုမ စိုက်မိဘူး။ အုန်းပင်တော ထဲကလည်း ထွက်ရော အားလုံးက ဟယ် ဘယ်လိုဖြစ်တာလည်း ဘာညာနဲ့ အော်မေးကြပါလေရော။ မိန်းကလေးတွေလည်း ရှက်ပြီး အိမ်ထဲဝင်ပြေးတဲ့လူပြေး။ ကြောင်တောင် ကြောင် သွားတယ်။ ပြီးတော့မှ အမေက လှမ်းကြည့်ပြီး အငယ်ကောင် နင်ဘယ်လိုဖြစ်လာတာလည်း ဆိုပြီးလှမ်းအော် ပါရော။အဲ့ဒီကျတော့မှ ကိုယ့်ကိုကိုယ် ပြန်ငုံကြည့်မိတယ်။ ဒီကျမှပဲသိတော့တယ်။ သြော်ဒါကြောင့် အားလုံး ၀ိုင်းအော်တာပဲလို့။ တစ်ခါတည်း ရှက်ပြီး အိမ်ထဲကို တန်းဝင်ပြေးပြီး အိပ်ရာထဲမှာ ၀င်ပြီး ခွေနေလိုက်ရတယ်။ ဘာလို့လည်း ဆိုတော့ ကစားတုန်းက ပုဆိုးကို ချွတ်ပြီး ကစားတာလေ အမေလာခေါ်တော့ လန့်ပြီး ပြန်ဝတ်ဖို့ မေ့ခဲ့တော့ အောက်ပိုင်းက အတွင်းခံလေးနဲ့ပေါ့။ တော်သေးတာပေါ့ အောက်ခံဘောင်းဘီများမပါရင်တော့လား.. ဟင်း..........

ကလေးဘ၀အမှတ်တရပေါ့နော်

ကိုလင်း

1 comment:

  1. ဘယ်တော့မှပြန်မရနိုင်တော့တဲ့ကလေးဘ၀အပျော်ဆုံး
    အချိန်တွေပဲနော်။အပူအပင်ကင်းတဲ့နေ့ရက်တွေကိုလွမ်း
    ဆွတ်တမ်းတမိပါတယ်။

    ReplyDelete