စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Monday, September 28, 2009

ကျီးမနိုးပွဲည

လုပ်ကြဟေ့.. လုပ်ကြဟ... အချိန်မှီပြီးဖို့လိုတယ်။ ညနေမီးစပြီး ထွန်းရမှာ။ မင်းတို့ အားလုံးအတွက် လည်း ညကျရင် ကြက်သားကာလသားဟင်း ချက်ထားမယ်။ မြန်မြန်သာပြီးအောင်လုပ်ကြ။ ဒါက ရပ်ကွပ်လူကြီး ဦးအောင်သာရဲ့ တပ်လှန့်သံ။ ကျွန်တော်တို့ အားလုံး မီးလုံးတွေကိုတိုင်တွေ ထောင်ပြီး တပ်ကြ။ ၀ိုင်ယာကြိုးတွေ ဆွဲ။ ဦးအောင်သာကတော့ လောနေလေရဲ့။ ဘာကြောင့်ဆို ဒီကနေ့ညက တန်ဆောင်တိုင်မီးထွန်းပွဲ စမယ့်ညလေ။ ဒီတော့ ကျွန်တော်တို့ မြို့ကရပ်ကွပ်တိုင်းလုပ်နေကြ မီးထွန်းပွဲ လုပ်ဖို့ အားလုံး စီစဉ်နေကြရတာ။ လူငယ်တွေ အားလုံး လည်း ချွေးတလုံးလုံး သံတလုံးလုံးနဲ့ ပင်ပန်းနေကြပြီ။ ဒါပေမယ့် အားလုံး တစ်ချက်မငြီးပဲ အလုပ်ကို အချိန်မှီ ပြီးအောင်လုပ်နေကြရတယ်။ သူများရပ်ကွပ်တွေထက် သာအောင်လေ။ ဒီမီးထွန်းပွဲကို မြို့ရဲ့ လမ်းတိုင်းနီးပါး လုပ်ကြတာကိုး။ ကျွန်တော်တို့ လမ်းရဲ့ မီးလုံးတွေကို ညဘက် စောင့်ဖို့တာဝန်က ကျွန်တော်ရယ်၊ ကိုခိုင်လို့ခေါ်တဲ့ အစ်ကို ၀မ်းကွဲ( ခိုင်ဇော်ထွန်း)ရယ်၊ နောက် ဘုန်းကြီးဝတ်သွားပြီဖြစ်တဲ့ မျိုးမင်းရယ် စောင့်အိပ်ကြရမှာ။ စောင့်အိပ်တယ်ဆိုပေမယ့် ကျန်တဲ့ လူတွေကလည်း လာပြီး စကားတွေပြော ရေနွေးကြမ်းသောက်နဲ့ အိပ်ဖြစ်ကြတာမဟုတ်ပါဘူး။ အားလုံး စကားတွေလျှောက်ပြောနေကြတာကများတယ်။ ညနေ ၆နာရီခွဲလောက် ကြတော့ အားလုံးပြီးစီးသွားတော့ မီးလုံးတွေ စမ်းဖွင့်ကြည့်ကြတော့ လှလွန်းလို့ မှင်တောင် တတ်သွားမိတယ်။ ပြီးတော့ အာလုံးလည်း ကိုယ့်အိမ်ကိုယ်ပြန်ကြပြီးတော့ ရေမိုးချိုး စောင်တွေ ခေါင်းအုန်းတွေယူ အနွေးထည်ကတော့ မပါမဖြစ်ပေါ့။ ကျွန်တော်တို့ မြို့က တန်ဆောင်တိုင် ရောက်လို့ကတော့ အေးချက်က ကမ်းကုန်ပေါ့။ ဒီလိုနဲ့ မီးထွန်းပွဲကို စောင့်လိုက်ကြတာ နောက်ဆုံး ကျီးမနိုးပွဲညကို ရောက်လာပါရော။ ဥက္ကဌ ဦးသာအောင်ကလည်း သတိပေးတယ် မင်းတို့ အားလုံးသတိထားကြတဲ့။ ဒီနေ့ည မင်းတို့အိပ်ပျော်ရင်တော့ မင်းတို့ပါ အရွေ့ခံရမယ်တဲ့။ ဒါနဲ့ ကျွန်တော်တို့လည်း ရေနွေးအိုးတည် လက်ဖက်သုပ် ကလေးနဲ့ ဇိမ်ကျနေပါရော။ ခဏနေတော့ ဥက္ကဌရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ချိုက အိုးတွေခွက်တွေ သယ်လာပြီးတော့ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ကျွေးမယ်ဆိုပြီး ချက်ပါလေရော။ ဒီကကောင်တွေလည်း ဟင်းနံ့တွေရတော့ ဗိုက်များတောင်ဆာလာတယ်။ ချက်လို့ပြီးတော့ အပြေးဆွဲကြတာ ပန်းကန်တွေကိုပြောပါတယ်။ ထမင်းလည်းစားပြီးရော အိပ်ငိုက်လာတာနဲ့ လက်ဖက်လေးငုံပြီး ဟိုစကားပြော ဒီစကားပြောပေါ့လေ။ ည ၃ နာရီလောက်ကျတော့ ညောင်းလာတာနဲ့ ကိုခိုင်ကို ခေါ်ပြီး လမ်းလေးဘာလေးလျှောက်ရအောင် ထွက်သွားတယ်။ ဒီကြားထဲ လမ်းမှာ လူတွေ လစ်ရင် လစ်သလို ပစ္စည်းလေးတွေကို လိုက်ရွေ့။ နေရာတွေ ပြောင်းလုပ်ပြီးသဘောတွေ ကျလို့။ ဒီလိုနဲ့ တရုတ်ဘုံကျောင်းနားရောက်လာတော့ ဘုံကျောင်း ရှေ့က ပန်းအိုးတွေကို ရွေ့မယ်ဆိုပြီး နှစ်ယောက်သား ပန်းအိုးတွေ မနေတုန်းရှိသေးတယ် ဘုံကျောင်းထိပ်က ဘာလုပ်တာလည်း ဆိုတဲ့ အသံနက်ကြီးကြားလိုက်တော့ လူတောင် တုန်သွားတယ်။ ကိုခိုင်ကလည်း ဘာလုပ်လုပ်ပေါ့ကွာဆိုတော့။ မင်းကများငါ့ကိုဆိုတော့ မင်းကဘာကောင်မို့လည်းဆိုပြီး လှမ်းလည်း ကြည့်ရော ဘာမှမရှိဘူး။ ဒါနဲ့ တစ်ယောက်ယောက်နောက်တာဖြစ်ပါလိမ့်မယ်ဆိုပြီး ဆက်ရွေ့ဖို့လုပ်တော့ တောက်ဆိုတဲ့ တောက်ခေါက်သံကြီး နားနားမှာ ကပ်ခေါက်လိုက်သလိုကြားလိုက်ရတယ်။ ဒါနဲ့ ကိုခိုင်ကို တောက်ခေါက်သံကြီးကြားလားလို့ ပြောတော့ မကြားဘူးတဲ့။ ဒါနဲ့ ဆက်မနေတုန်းရှိသေး ဘုန်းဆိုတဲ့ကျောကုန်းကို ရိုက်သံကြီးထွက်လာရော ကိုခိုင်ကလည်း မင်းငါ့ကို ဘာလို့ ရိုက်တာလည်းတဲ့။ အယ် ကျွန်တော်လည်း မရိုက်မိပါလားပေါ့လေ ဖြေရှင်းတုန်းရှိသေး ဘုံကျောင်းပေါက်ဝမှာ ထွန်းထားတဲ့ မီးတွေက ရုတ်တရတ် ငြိမ်းသွားရော။ လားလား ဒီတော့မှ အမှောင်ထဲကနေ စိုက်ကြည့်နေတဲ့ မျက်လုံးနီနီကြီး နှစ်လုံးကို နှစ်ယောက်လုံးတွေ့လိုက်ရတယ်။ နှစ်ယောက်လုံး ကြောင်ပြီး ဆက်ကြည့်နေမိတယ်။ ပြီးလည်းပြီးရော မျက်လုံးကြီးပျောက်သွားပြီ အသံနက်ကြီးနဲ့ သေတော့မှာပဲဆိုတဲ့ အသံကြားလိုက်တော့မှ နှစ်ယောက်လုံး သတိပြန်ဝင်ပြီး ပြေးရတော့တာပဲ။ လမ်းထဲပြန်ရောက်တဲ့ အထိ အမောမပြေဘူး။ ကျန်တဲ့လူတွေလည်းမေးတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး သူတို့ကိုသွားကြည့်ခိုင်း တော့ ဘာမှမရှိဘူးတဲ့။ ပန်းအိုးတွေကော အရင်တိုင်းပဲလား ရွေ့ထားတာတွေ့လားဆိုတော့ အရင်တိုင်းပဲတဲ့ ပုံမှန်ထားနေကြနေရာတွေမှာပဲတဲ့။ ဘာမှမရွေ့ပါဘူးတဲ့။ ကျွန်တော်ရယ် ကိုခိုင်ရယ် တစ်ယောက်ကို တစ်ယောက်ကြည့်မိတယ်။ ဒါဆိုကျွန်တော်တို့ တွေ့ခဲ့တာဘာလည်း?

လင်းငယ်

2 comments:

  1. ဘာကောင်ကြီးတဲ့လဲ ..တီရဲကြီးလားဟင်..
    တီရဲချိုရင်တော့ ကြောက်တယ်..အဲ့..အဲ့..အဲ..

    ReplyDelete
  2. တန်ဆောင်တိုင်နဲ့ကျီးမနိုးပွဲကိုသတိရပြီးအိမ်ပြန်ချင်စိတ်တောင်
    ပေါက်လာပြီ။သရဲကြီးလားဟင်၊သရဲတော့ကြောက်တယ်ရှင့်။
    အမသတ္တိလဲသိသားနဲ့ ။

    ReplyDelete