စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Thursday, September 17, 2009

ကြောက်တတ်သော လူတစ်ယောက်

ဒီတစ်ခါလည်း ဘယ်သူ့ပေါင်များ လှန်ထောင်းဦးမလည်းလို့ မတွေးလိုက်ပါနဲ့။ ဒီတစ်ခါကိုတော့ ကိုယ့်ပေါင်ကို လှန်ထောင်းပြီး ကိုယ့်အကြောင်းကို ပြောတော့မယ်။ ခေါင်းစဉ်အတိုင်းပါပဲ ကျွန်တော် ကြောက်တတ်ပါတယ်။ ဘာကြောင့်ကြောက်တတ်ရတယ် ဘယ်လိုကြောက်တတ်တယ်ဆိုတာတွေ ပြောပြမယ်နော်။

လင်းငယ်ကငယ်ငယ်လေးထဲက မွေးရာပါနှလုံးရောဂါဆိုလားပဲ ရှိတယ်တဲ့။ အမေက ပြောတာပါ။ လင်းငယ် ကလေးဘ၀ကဆိုလည်း ဘယ်လောက်ထိတောင်များ ကြောက်တတ်လည်းဆိုရင် မိုးချိန်းလည်းကြောက် ညမှောင်လို့ ခွေးဟောင် ရင်လည်း ကြောက်နဲ့ အကြောက်စံချိန်တင်ပေါ့ဗျာ။ လင်းငယ် ၇ တန်း ၈ တန်း အထိ ညဘက် ခွေးတွေဟောင်လို့ ကတော့ အမေ့ ရင်ခွင်ထဲကကို မထွက်တော့ဘူး။ အဲ့ဒါကတော့ ငယ်ငယ်တည်းက တဲ့။ အမေကပြောတယ်။ လင်းငယ် ကြောက်တယ်ဆိုတာကလည်း အဓိကကတော့ သရဲပေါ့ဗျာ။ မှတ်မိသေးတယ်။ လင်းငယ် ပထမဆုံး ကိုရင်ဝတ်တဲ့အချိန်တုန်းကပေါ့။ ၃ တန်းလောက်ပဲ ရှိဦးမယ်ထင်တယ်။ လင်းငယ်တို့ညီအစ်နှစ်ယောက်နဲ့ အစ်ကို ၀မ်းကွဲတစ်ယောက် ၀တ်တာပေါ့။ လင်းငယ်တို့ အဖေရဲ့ ဇာတိရွာမှာပါ။ လင်းငယ်တို့ ကိုရင်ဝတ်ဖြစ်တာလည်း ရွာရဲ့ ကျောင်းမှာပါပဲ။ ဒီလိုနဲ့ လင်းငယ်တို့ ကိုရင်လေးတွေဖြစ်သွားပြီးတော့ ခန္ဓာဝန် ချသွားပြီးဖြစ်တဲ့ အဘိုးဘုန်းကြီးလို့ ပြောလို့ရတဲ့ ရန်ကုန် မိုကုတ်ဝိပဿနာ ဌာနချုပ်ရဲ့ ကမ္မဌာနစရိယဆရာတော်ဖြစ်ပြီး ဆင်ဖြူကျွန်း မိုးကုတ်ဝိပဿနာဌာနခွဲရဲ့ တည်ထောင်သူနဲ့ ကျောင်းထိုင်ဖြစ်ခဲ့တဲ့ ဆရာတော်ဦးဓမ္မသာရရဲ့ မိုးကုတ်ဝိပဿနာ ဌာနခွဲကို သွားရပါတယ်။ လေ့လာဖို့ပါ။ ကျွန်တော်တို့ အားလုံးကတော့ အလွယ်နဲ့ ရိပ်သာလို့ပဲ ခေါ်တယ်။ ရိပ်သာကို ရောက်သွားတော့ ကျောင်းထိုင် အသစ်ကလည်း ပျူပျူငှာငှာပါပဲ။ အကျိုးတော်ဆောင်တွေကလည်း နေရာတွေလိုက်ပြတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဆရာတော် ခန္ဓာဝန်ချသွားတဲ့ အခန်းကို လိုက်ပြတာပါ။ အခန်းထဲကို ခေါ်သွားတော့ လင်းငယ်ကြောက်ချက်က ရင်တုန်ပန်းတုန်ပဲ ဟိုနားမသွားရဲ ဒီနားမသွားရဲ အစ်ကို နှစ်ယောက် နားမှာ ကပ်ပြီးတော့ လိုက်နေရတာပဲ။ အမှန်က ဆရာတော်က ၀ိပဿနာ အားထုတ်သွားလို့ ကိစ္စပြီးတန်သလောက်ပြီးသွားပြီးသား ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် ကလေးမဟုတ်လား ကြောက်တာပေါ့။ အဲ့ဒီအချိန်တုန်းက တော့ဘာမှမသိတတ်သေးတာလည်း ပါတာပေါ့။ နောက်တစ်ခါ လင်းငယ်ရဲ့ မွေးရာပါ နှလုံး ရောဂါ ပြန်ဖြစ်ပြီးတော့ အသည်းအသန် ဖြစ်လိုက်ရတဲ့ ကိစ္စကတော့ လင်းငယ်ရဲ့ အဖိုးလေး အဘွားရဲ့ မောင် ဆုံးသွားတော့ပါ။ အဖိုးလေးဆုံးသွားရတာကတော့ ခွေးရူးပြန် ရောဂါနဲ့ပါ။ အဖိုးလေးက ခွေးတွေကို အရမ်းချစ်တတ်ပါတယ်။ ခွေးရူးပြန်ရောဂါ ဖြစ်သွားတာလည်း သူချစ်တဲ့ ခွေးတွေထဲက ခွေးသားလေး တစ်ကောင်ရဲ့ သွားစွယ်နဲ့ ချစ်မိသွားရာကနေစတာပဲ။ အဖိုးက အဲ့ဒီခွေးသားလေးကို ဘယ်လောက်ထိချစ် လည်းဆိုရင် ညဘက် သန်းခေါင်ကျော်ကြီး ခွေးလေး အပြင်ထွက်သွားရင် လိုက်ရှာပြီး အိမ်ကို ပြန်ခေါ်ပါတယ်။ အဲ့ဒီလောက်ထိချစ်ပါတယ်။ အဖိုးဆုံးမယ်ဆိုတော့လည်း ကျွန်တော်တို့က အဖေ နိုင်ငံခြားက ပြန်လာတော့ ပြန်ပြီးလည်နေတဲ့ အချိန်ပါ။ ရွာကိုပေါ့။ အဖိုးနေမကောင်းဘူးဆိုလို့ ဆေးရုံသွားရာကနေ ချက်ချင်းပြန်လာတော့ ခွေးရူးပြန်နေပြီတဲ့။ အဲ့ဒါနဲ့ ညတွင်းချင်းပဲ ရန်ကုန်ကို ပြန်လာရတယ်။ ဘာကြောင့်လည်းဆိုတော့ ရွာရဲ့ ထုံးစံအရ အမျိုးအဆွေ တစ်ယောက် ဆုံးပြီရင် ၁လခွဲလား ၂လလား မသိဘူး ရွာကနေခွာလို့မရဘူးတဲ့။ အဖေက ခွင့်တစ်လပဲ ရတော့ အမြန်ပြန်လာရတာပေါ့။ ရန်ကုန်ကို ပြန်ရောက်ပြီး ၂ နာရီလောက်နေတော့ ရွာက ဖုန်းလှမ်းဆက်ပါရော အဖိုးဆုံးပြီတဲ့။ အဲ့ဒီမှာ စတွေ့တာပဲလို့ ပြောရမှာပဲ။ လင်းငယ် ကြောက်ပြီးတော့ ညဘက်တွေ အိပ်လို့မရတော့ပါဘူး။ ကြောက်တယ်ဆိုတာလည်း တကယ်တော့ အဖိုးရဲ့ ရုပ်ကို မျက်စိထဲမြင်နေပြီးတော့ ၀မ်းနည်းနေတာရယ်။ အဖိုးခွေးရူးပြန်ရောဂါနဲ့ ဆုံးတာရယ်ကို ၀မ်းနည်းတာရယ်ကြောင့် အိပ်မရတာပါ။ ကိုယ့်အဖိုးပဲ အဲ့လောက်တော့ ဘယ်ကြောက်မလည်းနော်။ ဒီလိုနဲ့ လင်းငယ်အိပ်မရတာ ၁ ပတ်ကျော်သွားပါတယ်။ နောက်ဆုံးအိမ်က စိုးရိမ်တာနဲ့ မိသားစု ဆရာဝန်ကို ပင့်ပြီး အိပ်ဆေးတွေ ထိုးခိုင်းရပါတယ်။ အိပ်ဆေးတွေထိုး ပေးတော့မှ လင်းငယ် ကောင်းကောင်း အိပ်ပျော် တော့တယ်။ လင်းလည်း အိပ်မပျော်တာတွေ များတာရော ထိတ်လန့်တာတွေ များတာရောနဲ့ နေနည်းနည်း ပြန်ကောင်းတော့ မိသားစုဆရာဝန်က ဆေးစစ်ခိုင်းလို့ စစ်တော့မှ နှလုံးရောဂါတော်တော် ဆိုးနေတယ်တဲ့။ နှလုံးအဆို့ရှင် ရောင်နေပြီ ဆိုပြီး ဆေးတွေ ဆက်တိုက်သောက်ရတော့တာပဲ။ အခုထိပဲဆိုပါတော့။ လူတိုင်း လူတိုင်းပေါ့နော် လင်းငယ်လို မကြောက်တတ်ကြပါနဲ့။ လင်းငယ်ကြောက်တတ်တယ်ဆိုတာလည်း လင်းငယ်ရဲ့ အစ်မ၀မ်းကွဲ တစ်ယောက်က ငယ်ငယ်တည်းက သရဲပုံပြင်တွေ ပြောပြော ပြနေတာတွေ ခေါင်းထဲ စွဲ နေပြီး ကြောက်တတ်သွားတာပါ။ ဒါကြောင့် လင်းငယ် အခု အသက်ကြီးလာတော့ တူတွေ တူမတွေ ရှိပါတယ်။ သူတို့လေးတွေ ကို လင်းငယ်လို ကြောက်တတ်မှာစိုးလို့ အစ်မတွေ အစ်ကိုတွေကို ပြောထားရတယ်။ ကလေးတွေကို ဘယ်တော့မှ မဟုတ်တဲ့ သရဲ ပုံပြင်တွေ မပြောပြနဲ့လို့။ အနာဂတ်ရဲ့ ကလေးလေးတွေ အကြောက်တရား ခေါင်းထဲမှာ စွဲသွားမှစိုးလို့ပါ။ လင်းကတော့ အခုမကြောက်တော့ပါဘူး။ ၀ိပဿနာ အားထုတ် မှုကြောင့်လို့တော့ ထင်တယ်။ ကြောက်တယ်ဆိုတာလည်း စိတ်ပါပဲ။ စိတ်လေးကို တည်ငြိမ်အောင်ထားလိုက်ရင် အေးချမ်းပြီး အကြောက်တရားဆိုတာ လာပါဆိုရင်တောင် မလာနိုင်တော့ပါဘူး။
အားလုံးကို ကျေးဇူးတင်စွာဖြင့်

လင်းငယ်

5 comments:

  1. အစားကို အရင်စားသွားတယ် .. အပူနဲ့ အအေးရောသောက်သွားတယ် ..
    ကောမန့်ရေးတဲ့အချိန်ထိတော့ ဘာမှ ဖြစ်သေးဘူး .. ဖြစ်သွားရင် အိမ်ရှင်
    ကို အရင်ဆုံးလာခြောက်မယ် ..း)

    ReplyDelete
  2. ကြောက်ဖူး ကြောက်ဖူး...

    ReplyDelete
  3. ဘုရင့် နောင်သွေး နှစ်ပုလင်းရှိတယ်ယူမလား
    ကြောက်တတ်ဖူးတဲ့ 
း)

    ReplyDelete
  4. နယ်သူလည်း ငယ်ငယ်က တော်တော် ကြောက်တတ်တာပါ..
    ခုထိလည်းကြောက်တုန်းပဲ.. အရင်ကလောက်တော့မဟုတ်တော့ဘူးပေါ့..
    :D

    ReplyDelete
  5. ကိုရဲကလည်း....
    ကြောက်တတ်ရန်ကော.....
    မကြောက်ပါနဲ့...နတ်သမီးဆိုရင်..ဘာကိုမှမကြောက်ဘူး...
    ဟော...ပြတင်းပေါက်မှာ အရိပ်ကြီး...သ....သ.....ရဲ.........
    ပြေးပြီဗျို့.......................

    ReplyDelete