စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Saturday, May 29, 2010

အမွေစစ်

အမွေဆိုတာ မိဘဘိုးဘွားတွေ ချန်ခဲ့တဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်း၍ရယူခြင်းကို ခံယူရခြင်းလို့ဆိုလိုသလို နောက်အခြားတစ်မျိုးအနေနဲ့ဆို မိဘဘိုးဘွားတွေရဲ့ အကျင့်သိက္ခာ ကိုဆက်လက်စောင့်စည်းခြင်းကိုလဲပဲ အမွေလက်ဆင့်ကမ်းခြင်းလို့ ခေါ်မယ်လို့ထင်တယ်။ မိဘဘိုးဘွားတွေက သားသမီးမြေးမြစ်တွေကို ချစ်တယ် ခင်တယ်။ ဒါကြောင့်လဲ သူတို့က ပစ္စည်းဥစ္စာတွေကို ရှာဖွေစုဆောင်းပြီး ဘ၀မှာ အဆင်ပြေအောင် နေထိုင်နိုင်ဖို့ သူတို့ သေသွားတဲ့ အခါမှာချန်ထားခဲ့တတ်ကြပါတယ်။ ဒါပေမဲ့ တော်တော်များများ လူတွေကတော့ ဒီပစ္စည်းဥစ္စာတွေကို သူတို့ပိုင်တယ်ရယ်လို့ ထင်ပြီး ကြိုးစားပမ်းစား ရှာဖွေခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးတစ်နေ့ သူတို့ သေဆုံးတဲ့ အခါကြတော့ ဒီပစ္စည်းဥစ္စာတွေကို မယူသွားနိုင်ခဲ့ပါဘူး။

ဒီနေရာမှာ လူတော်တော်များများ သိထားတဲ့ အမွေနဲ့ တကယ့်အမွေစစ်ဆိုတာကို ကျွန်တော်သိသလောက် နည်းနည်း ခွဲပြချင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ ပစ္စည်းဥစ္စာတွေကို လက်ဆင့်ကမ်းရယူနိုင်ခြင်း၊ မိဘတွေက သားသမီးတွေကို ပေးခဲ့ခြင်းသည်ကသာ အမွေလို့ထင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီအရာက တကယ့်အမွေစစ်မဟုတ်ပါဘူး။ မိဘဘိုးဘွားတွေကလည်းပဲ ဒီပစ္စည်းဥစ္စာတွေကို ရှာဖွေပြီး သေဆုံးသွားခဲ့ကြသလို သားသမီးမြေးမြစ်တွေကလဲ ဒီပစ္စည်းဥစ္စာတွေကို လက်ဆင့်ကမ်း ရယူခဲ့ရပေမဲ့ တစ်ချိန်ကြရင်သူတို့လည်းပဲ သေဆုံးပြီး ဒီပစ္စည်းဥစ္စာတွေကို ထားရစ်ခဲ့ရမှာပဲ။

ဒီတော့ ဒီနေရာမှာ မိဘဘိုးဘွားတွေက သားသမီး မြေးမြစ်တွေကို အမွေစစ်ပေးဖို့လိုပါတယ်။ အမွေစစ်ဆိုတာကတော့ လောကမှာ သားသမီးမြေးမြစ်တွေကို လူပီသစွာ ဘယ်လိုနေထိုင်မလဲ၊ အဓိပ္ပါယ်မရှိတဲ့ လောကကြီးမှာ ဘယ်လိုအဓိပ္ပါယ်ရှိအောင်နေလဲ ဆိုတာကို သင်ပြပေးခဲ့ခြင်းကသာ အမွေစစ်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သားသမီးမြေးမြစ်တွေကို စီးပွားရှာရာမှာလည်း ရိုးသားတဲ့ သမ္မာအာဇီဝနဲ့ ရှာဖွေဖို့ ထမင်းသာငတ်ပါစေ သူများပစ္စည်းမသမာတဲ့နည်းနဲ့ မရှာဘူးလို့ သင်ပြပေးပြီး အဓိပ္ပါယ်မရှိတဲ့ လောကကြီးမှာ အဓိပ္ပါယ်ရှိအောင် လူသားအချင်းချင်း စာနာကူညီဖို့ သင်ပြပေးခဲ့ရပါမယ်။ နောက်ပြီးတော့ လူရယ်လို့ ဖြစ်လာရင် လူတစ်ယောက်အနေနဲ့ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ အဲ့ဒီ လူတစ်ယောက်ရဲ့ တာဝန်ယူမှုကိုလဲ တာဝန်ယူနိုင်ဖို့ လိုပါတယ်။ အဲ့ဒီလိုမျိုးမိဘတွေက သားသမီးတွေကို အမွေစစ်ပေးနိုင်ဖို့ ဆိုတာ မိဘတွေကလည်း ဒီလိုပေးနိုင်ဖို့ အမွေစစ်ရှိဖို့လိုပါတယ်။ မဟုတ်ရင်တော့ အကျင့်မမှန်တဲ့ မိဘကဆင်းသက်လာတဲ့ သားသမီးဟာ အမွေစစ်ရဖို့မလွယ်ပါဘူး။ မိဘက မသမာတဲ့ နည်းနဲ့ ချမ်းသာနေပြီး သားသမီးတွေကို ငွေကြေးတွေ သုံးချင်သလောက် သုံးစမ်းဆိုပြီးပေးနေခြင်းက အမွေစစ်ပေးတာ မဟုတ်ပါဘူး။ ငွေကြေးတွေ ပေါချင်သလောက် ပေါပါ ဒါပေမဲ့ အကျင့်စာရိတ္တမကောင်းရင် ဘယ်လိုမှ လောကမှာ အသက်ဆက်ရှင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အမွေစစ်ပေးနိုင်ဖို့ဆို မိဘကော သားသမီးပါ နှစ်ဖက်လုံးကောင်းဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တဲ့ အမွေစစ်လေးကို တင်ပြတာပါ။ မှန်တာပဲ ရှိရှိ မှားတာပဲ ရှိရှိ ဝေဖန်ကြပါ။

ကျေးဇူးတင်စွာဖြင့်
လင်းငယ်.....

Saturday, May 22, 2010

ခွဲခွာသွားသော လူတစ်ယောက်

ဒီပို့စ်က ကျွန်တော် ဘလော့ပြန်ရေးဖြစ်တဲ့ ပထမဆုံးပို့စ်တစ်ခုဖြစ်ပြီပေါ့။ ရေးရမှာကတော့ ၀မ်းနည်းပါတယ်။ ဒါပေမဲ့ သူ့ကို သတိရနေတာနဲ့ရော သူ့ရဲ့ အကြောင်းတွေကိုပြောပြချင်နေတာနဲ့ပဲ ရေးရတော့မှာပဲ...

သူ့နာမည်က ခိုင်ဇော်ထွန်း.. ကျွန်တော်အရှေ့ကရေးခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ ဇာတိမြို့မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေထဲမှာတော့ သူအမြဲတမ်းပါပါတယ်။ သူက တစ်ခြားသူတော့ မဟုတ်ဘူး ကျွန်တော့်အမေရဲ့အမ ကျွန်တော့် အဒေါ်ရဲ့ သားတစ်ယောက် ကျွန်တော့်ရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ပါပဲ။ သူ့က တစ်ခါတစ်လေမှာ မိန်းမကြီး တစ်ယောက်လို ပွစိပွစိတွေ ပြောတတ်ပေမဲ့ အမြဲတမ်းတော့ ကျွန်တော်တို့ကို အလုပ်တွေ ၀ိုင်းကူလုပ်ပေးတတ်သူပေါ့။ ကျွန်တော် ကိုးတန်းကျောင်းသားနှစ်ကစပြီး ကျွန်တော်တို့ရဲ့ ရန်ကုန်အိမ်မှာလာနေပြီး တူတူကဲခဲ့ကြပါတယ်။ အိမ်မှာ ကျွန်တော်တို့ မိသားစုရယ်၊ နောက်တော့ သူရယ် သူ့ရဲ့ အစ်မရင်းရယ် နောက်ထပ် အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် တူတူနေကြပါတယ်။ အိမ်မှာ အမေက တစ်ခုခု ခိုင်းရင် သူပုံမှန်အားဖြင့် သူနဲ့ ကျွန်တော်တို့ကို ခိုင်းတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာဆိုရင် သူက မိန်းမကြီး တစ်ယောက်လိုပဲ ဘာလို့ သူ့တူအကြီးကိုကျတော့ မခိုင်းဘဲ အားနေရင် ခိုင်ဇော် ဆိုပြီးပဲ ခိုင်းနေတာလဲ ဆိုပြီး မိန်းမလိုပဲ ပွစိပွစိနဲ့ ပြောတတ်ပါတယ်။ ပြီးရင်လဲ မိန်းမကြီးတစ်ယောက်လို နှုတ်သီးကောင်းစွာနဲ့လဲ စွာတတ်ပါသေးတယ်။ ဒါပေမဲ့ အမေကတော့ သူ့ကိုချစ်ပါတယ်။ အိမ်မှာ ကျွန်တော်တို့ အတွက် အ၀တ်အစားတစ်စုံ ၀ယ်ပေးရင် သူတစ်စုံရတယ်။ အားလုံးကို တန်းတူပဲဝယ်ပေးပါတယ်။ တစ်ခါတစ်လေ သူကတောင် ကျွန်တော်တို့ထက်ပိုရတာ ရှိပါသေးတယ်။ တစ်ခါတစ်လေ အမေက ကျွန်တော်တို့ကို ပြောတတ်တဲ့ စကားရှိတယ်။ သူမှားသွားလို့ ပြောရင် ငါ့ပါးကိုလာရိုက်လိုက်ပါလားလို့ ပြောတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာဆို အဲ့ဒီအစ်ကိုက မဌေးက ရိုက်လို့ မရမှန်းသိလို့ အဲ့ဒါပဲ တမင်ပြောနေတာဆိုပြီးလဲ ပြောတတ်ပါသေးတယ်။ ဒါနဲ့ စကားမစပ် တစ်မျိုးလုံးက တူတွေ ရော တူမတွေရောက အမေ့ကို မဌေးလို့ပဲ ခေါ်ကြပါတယ်။ သူတို့ မိဘတွေ ခေါ်သလိုခေါ်ကြရင်းက အကျင့်ပါခဲ့ကြတာပါ။ အမေ့ကိုကတော့ တစ်မျိုးလုံးကြောက်ကျပါတယ်။ အမေက ကလေးရနေတဲ့ သူ့တူကိုတောင် အမြင်မတော်ရင် လမ်းပေါ်မှာ ကြုံရာနဲ့ ဆော်လို့ပါပဲ။ ထားပါ... အစ်ကိုဝမ်းကွဲအကြောင်းပဲ ဆက်ပြောရအောင်။ သူက သူ့မိသားစုမှာဆို ယောက်ကျားလေးအနေနဲ့ နှစ်ယောက်မြောက်ပေါ့။ အကြီးဆုံးအစ်ကိုက မိန်းမနဲ့ ကလေးနဲ့ဆိုတော့ အိမ်ခွဲနေပြီလေ။ ယောက်ကျားလေးဆိုလို့ သူတစ်ယောက်ပဲ ရှိတော့ အားလုံးကချစ်ကြသလိုပဲ သူ့ကိုပဲ ၀ိုင်းအနိုင်ကျင့်ကျတာပေါ့။ တစ်ခါကလဲ ကျွန်တော်တို့ ငယ်ငယ်ပဲရှိပါဦးမယ်။ သူ့ရဲ့အောက်က ညီမက အပူတွေများလို့ ခေါင်းတုံးတုံးပေးဖို့ လုပ်တာကို အိမ်တံခါးတွေပိတ်ပြီး ပုန်းနေတာတယ်။ ပြီးတော့ ခေါင်းတုံးတုံးပေးဖို့လုပ်တဲ့ အမေ့ကို အော်ပြီး ပြောနေလို့ သူတင်းပြီးတော့ မဌေး နေဆိုပြီး သူက ပြတင်းပေါက်ကနေကျော်ခွပြီး သူ့ညီမကို ခေါ်ထုတ်လာခဲ့မယ်ပေါ့လေ။ ဒီလိုနဲ့ ၀င်သွားပြီး ခဏနေတော့ ၀ုန်းဒိုင်းနဲ့ အသံတွေကြားနေရရော ပြီးလဲ ပြီးရော အသံတွေလဲ အစုံပေါ့။ ထွက်လာတော့ ကြည့်လိုက်မှ သူ့ညီမက သူ့ဆံပင်ကို ဆွဲပြီး ထွက်လာတာ။ ပြီးတော့ သူက သူ့ညီမကို တောင်းပန်ပြီး ပြန်လွှတ်ခိုင်းနေရတယ်။ ပြီးတော့ လေကတော့ မလျှော့ပါဘူး။ သူက ညီမကိုသနားလို့ လျှော့ပေးလိုက်တယ် လုပ်သေးတာ။ ကျွန်တော်လဲ ခေါင်းတုံးတုံးလိုက်ရပါတယ် အဲ့ဒီတုန်းက ... သူတို့ ခေါင်းတုံးတုံးချင်လာအောင် ကျွန်တော်က အရင်အရှေ့က တုံးပြလိုက်ရတယ်လေ။ အမှတ်တရပေါ့။

ကျွန်တော်တို့ လွန်ခဲ့တဲ့သုံးနှစ်လောက်က ဒီဇင်ဘာမြန်မာပြည်ပြန်တုန်းက ကျိုက်ထီးရိုးသွားတုံးကလဲ သူပါတယ်လေ... ပိုက်ဆံကို ဓားပြတိုက်သလို အလှူခံတဲ့ လူတွေကို ရန်ပြန်တွေ့ခဲ့တာလဲ သူပဲပေါ့။ အဲ့ဒီနောက်ပိုင်း ကျွန်တော်တို့ မြန်မာပြည်ကပြန်လာပြီးတော့ တစ်နှစ်ကျော်ကတဲ့ အချိန်မှာ ကျွန်တော်ရဲ့ ဂျီတော့ အကောင့်ကို ရန်ကုန်က အစ်မ၀မ်းကွဲတစ်ယောက်က ပြောလာပါတယ်။ ခိုင်ဇော်ထွန်းဆုံးပြီတဲ့။ ကျွန်တော် ကြောင်သွားတယ်။ ပြီးမှ လူမှားတာလား မသိဘူးလို့။ ဘာလို့ဆို သူက အော်ဖ်လိုင်း မစ်ဆေ့ခ်ျ ချန်ခဲ့တာကိုး။ ဒါနဲ့ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး ငိုင်နေမိတယ်။ တကယ်တော့ ကျွန်တော်ရဲ့ စိတ်ကမဖြစ်စေချင်တာပါ။ ပြီးတော့ မပြောချင်ပြောချင်နဲ့ပဲ မိသားစုကို ကိုခိုင်ဆုံးပြီတဲ့ ဆိုပြီးပြောတော့ အကုန်ကြောင်သွားတယ်။ ပြီးတော့ အမေက ဘယ်လိုဖြစ်တာလဲဟယ်ဆိုပြီး ငိုတော့မဲ့အသံနဲ့ မေးတယ်။ ကျွန်တော်လဲ မသိဘူးဆိုပြီးပြေတော့ ချက်ချင်းအမေ မြန်မာပြည်ကို ဖုန်းခေါ်ပြီးမေးတော့တာပဲ။ ပထမမငိုသေးပါဘူး။ နောက်ကျတော့ တားမရတော့ဘူး ငိုတော့တာပဲ။ ဆုံးတာက မြ၀တီမှာဆုံးခဲ့တာတဲ့။ အလုပ်သွားလုပ်ရင်း နေ့လည်ဘက်ထမင်းစားပြီး ပြန်လာတော့ မူးတယ်မူးတယ် ဆိုပြီး လဲသွားတာတဲ့။ ဆေးရုံတင်တော့ လမ်းတစ်ဝက်တင် အသက်မပါတော့ဘူးတဲ့။ သူဆုံးတဲ့ အသက်က ၂၃ နှစ်ပဲ ရှိပါဦးမယ်။ သူငယ်ချင်းတွေကြားထဲမှာရော ရန်ကုန်မှာရော အကုန်လုံး ချက်ချင်း အွန်လိုင်းဝင်လာပြီး မေးတဲ့ ဘော်ဒါတွေ အပြည့်ဖြစ်သွားတာပဲ။ အကုန်လုံးနဲ့ သိတာကို သူက။ အကုန်လုံးက မယုံမရဲတွေဖြစ်လို့။ တချို့က အသုဘသွားချင်ပေမဲ့ အလုပ်တွေ ရှိလို့ မသွားနိုင်တာနဲ့ မသွားဖြစ်ကြပါဘူး။ နယ်ထိဆင်းရမှာကိုး။ သူရဲ့ အသုဘကိုတော့ မြ၀တီမှာပဲ လုပ်လိုက်ကြပါတယ်။ သူ့ရဲ့ အဒေါ်ကျွန်တော်တို့ရဲ့ အဒေါ်လဲ ဟုတ်ပါတယ်ကလဲ အမေနဲ့ ဖုန်းပြောရင်းနဲ့ အသားကုန်ငိုတာပဲ။ မသေခင်တစ်ပတ်ကတင် ကျွန်တော်တို့ ပြန်လာပြီလားလို့ ဖုန်းဆက်မေးသေးတယ်တဲ့။ ကျွန်တော်တို့က ဒီဇင်ဘာဆို ပြန်နေကြကိုး။ ပြီးတော့ ညီအစ်ကိုတွေကို ဦးပဇင်း ၀တ်ပေးမယ်ဆိုတဲ့ ကိစ္စလဲ ပါတယ်။ သူက ဦးပဇင်းအရမ်းဖြစ်ချင်တာလေ။ အဒေါ်ကတောင် ၀တ်ချင်ရင် ပြန်လာခဲ့ ချိုချို ရဟန်းဒါယာကာမ လုပ်ပြီး ၀တ်ပေးမယ်လို့ ပြောလိုက်သေးတယ်တဲ့။ သူကလဲ တစ်လလောက်နေရင် ပြန်လာခဲ့မယ်ဆိုပြီးပြောပြီးတော့ ဖုန်းချသွားတာပဲတဲ့။ ပြီးတော့ သူ့အစ်မအရင်း လေဖြတ်လို့ ပိုက်ဆံ ငါးသိန်းလဲ ပို့ပေးလိုက်သေးတယ်ဆိုပဲ။ ပြီးတော့ နောက်တစ်ပတ်ကျတော့ သူ့အလုပ်ကနေ ဆုံးပြီဆိုပြီး ဖုန်းဆက်တာပဲတဲ့။ ကျန်တာကတော့ ဦးလေးက မြ၀တီ ရဲစခန်းကို အလောင်းစစ်မယ်ဆိုပြီး ဖုန်းဆက်ပြီး စောင့်ခိုင်းပြီး ဆင်းသွားပြီး စစ်တော့။ အသည်းကလဲ ကြီးနေတယ်တဲ့... နှလုံးလဲ ရောင်နေတယ်တဲ့။ ဒါပေမဲ့ အဲ့ဒါတွေက ကုလို့ပျောက်တဲ့ ရောဂါ သေနိုင်တဲ့ ရောဂါမဟုတ်ဘူးဆိုပြီး ခေါင်းကို ဖွင့်စစ်တော့မှ သွေးကြောပြတ်ပြီး ဆုံးတယ်ဆိုတာသိရတယ်။ ဦးလေးလဲ သေမှုပဲဆိုပြီး ရဲစခန်းကိုပြောပြီး အသုဘလုပ်ခဲ့တယ်တဲ့။ ပထမတော့ ရဲတွေက သတ်မှုဖြစ်မှာစိုးလို့ အထက်က ဦးလေးကို စစ်ခိုင်းတာနေပါလိမ့်မယ်။ ဦးလေးကလဲ မဟုတ်ရင် သူ့သူဌေးတွေ ပြဿနာဖြစ်မှာစိုးလို့ သွားစစ်ပေးလိုက်တာပါ။ ဒီလိုနဲ့ပဲပေါ့ဗျာ... နှစ်ရှည်လများ တူတူနေခဲ့ ကဲခဲ့တဲ့ အစ်ကိုတစ်ယောက် ကျွန်တော်တို့ကို လမ်းခွဲသွားခဲ့တာ ၆ လလောက်ရှိပြီပေါ့။ သူဆုံးသွားတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလရဲ့ နှစ်သစ်ကူးမဲ့ နေ့လည်ဘက်မှာပေါ့........

ကိုခိုင် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေ.........................................

ဝမ်းနည်းစွာဖြင့်
လင်းငယ်



Saturday, November 28, 2009

ကျွန်တော်နှင့် တစ်ဘ၀သာသနာများ

ခေါင်းစဉ်ကို ကြည့်ပြီး မေ၀၀ါးသွားပါနဲ့ဗျာ။ ခေါင်းစဉ်က ကျွန်တော်နှင့် တစ်ဘ၀သာသနာများလို့ပေးထားတယ်။ အဓိပ္ပါယ်ကို ဖွင့်ဆိုရရင်တော့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေဖြစ်တဲ့ ဆရာတော်ကြီးများရဲ့ တစ်ဘ၀သာသနာ စာအုပ်တွေ ဖတ်နေချိန်များမှာ ခံစားမိခဲ့ရတဲ့ ခံစားချက်လေးတွေ နဲ့ပတ်သတ်တာကို ပြောချင်တာလို့ပဲ ဆိုရပါမယ်။ အခုလည်း တစ်ဘ၀သာသနာ စာအုပ်များ ဖတ်နေချိန်တုံးက ခံစားခဲ့ရတဲ့ ခံစားမှုကို ရေးပါမယ်။

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ တစ်ဘ၀သာသနာ စာအုပ်တွေက အများကြီးမဟုတ်ပါဘူး။ နှစ်အုပ်ပါပဲ။ အရေအတွက်အရ နည်းပါးပါတယ်။ သို့ပေသော်လည်း အရည်အချင်းအနေနဲ့ကတော့ ပြောလို့မကုန် ရှင်းလို့မကုန်အောင်ကိုပဲ များပြားစွာ ကျွန်တော်ရရှိခဲ့ပါတယ်။ အပေါ်ကပြောခဲ့တဲ့ တစ်ဘ၀သာသနာ စာအုပ်ကြီး နှစ်အုပ်ကတော့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဏိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ တစ်ဘ၀သာသနာ နှင့် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဏိတ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာ စာအုပ်တို့ပါပဲ။ ထိုစာအုပ် နှစ်အုပ်စလုံးကို ရေးသားပြုစုခဲ့သည့် ဆရာတော်မှာ မိုးကုတ်ဝိပဿနာ ကမ္မဌာနစရိယ ဆရာတော် ဆရာတော် ဦးဃောသိတ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ထိုရေးသားပြုစုသည့် ဆရာတော် ဦးဃောသိတလည်းပဲ ခန္ဓာဝန်ချသွားပြီ ဖြစ်ပါတယ်။ ဤနေရာမှာ ခန္ဓာဝန်ချသည်ဆိုသည်ကိုလည်း ရှင်းပြပါဦးမယ်။ မသိသည့်သူများ အနေနှင့်သိအောင်ပါ။ ခန္ဓာဝန်ချသည်ဆိုသည့် စကားလုံးမှာ မိုကုတ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်အခါ ကျန်ရစ်သည့် ဒကာ၊ ဒကာမများနှင့် ရဟန်းတော်များမှ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရားများကို ဟောပြောပြသသွားသည် ထို့ကြောင့် သာမန်ပုဂ္ဂိုလ်မဖြစ်နိုင်ဟု ယူဆကြပါသည်။ ထို့ကြောင့်လည်း ပျံလွန်တော်မူသည့် စကားလုံးဖြင့် မသုံးလိုပါ ထို့အတူ ပရိနိဗ္ဗာန်ပြုသည်ဟု သုံးလျှင်လည်း မကျေနပ်သည့် သူများရှိပါမည်ဆိုပြီး ထို ခန္ဓာဝန်ချသည်ဆိုသည့် စကားလုံးအသစ်ကို သုံးကြခြင်းဖြစ်သည်။ အဓိပ္ပါယ်ကတော့ ယခုဘ၀ခန္ဓာကိုယ်ကြီးကို ထားခဲ့ပြီး နောက်ခန္ဓာမရတော့ဟုသာ ဆိုရပါမည်။ ယခုအခါမှာတော့ တော်တော်များများ မဂ္ဂဇင်းများမှာ ထိုခန္ဓာဝန်ချသည်ဆိုသည့် အသုံးကို မသိ၍ပဲလား သိ၍ပဲလားမသိ သုံးနေတာကို ကျွန်တော်တွေ့ရပါတယ်။ သို့သော် စကားလုံးသည် စကားလုံးသာဖြစ်၍ အကျင့်နှင့်မသက်ဆိုင်၍ မည်သို့သုံးသုံး အဓိကကတော့ အကျင့်သီလသာ ပဓာနဖြစ်ပါတယ်။ ကျွန်တော် ဆရာတော် ဦးဃောသိတကို ခန္ဓာဝန်ချသည်ဟု သုံးသည်ကလည်းပဲ ဆရာတော်၏ ရုပ်ကလာပ်တော်အား မီးသဂြိင်္ုလ်ပြီးနောက် ဓာတ်တော်များ ကျန်ရစ်သောကြောင့် သုံးခြင်းဖြစ်ပါသည်။ ထိုသို့သုံးသည်ကို မကျေနပ်သည်ရှိသော် ကိုယ်သိသည့် စကားလုံး ကိုယ်ကြိုက်သည့် စကားလုံးနှင့်သာ နားလည်ပေးကြပါလို့ပြောလိုပါတယ်။

ကျွန်တော် ဆရာတော်ဘုရားကြီး နှစ်ပါး၏ တစ်ဘ၀သာသနာများကို ဖတ်သည့်အခါ တစ်ချို့နေရာများတွင် ကြည်နူးခြင်း၊ တစ်ချို့နေရာများတွင် ပျော်ရွှင်ခြင်း၊ တစ်ချို့နေရာများတွင် ၀မ်းနည်းခြင်းစသည့် ခံစားချက်များကို ခံစားခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဆရာတော် အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာကို ဖတ်သည့်အခါ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်များ စည်းလုံးညီညွတ်ကြခြင်း၊ ၀ိနည်းကို အတိအကျလိုက်နာကျခြင်း၊ အကျင့်သီလ လုံခြုံကြခြင်း စသည်ကို ဖတ်ရူပြီး ၀မ်းသာခြင်း ကိုခံစားရပါတယ်။ မဟာဂန္ဓာရုံကျောင်းတိုက်၏ သာယာပုံ သန့်ရှင်းပုံ နိုင်ငံတကာမှ လာရောက်လေ့လာရသည် အထိ သန့်ရှင်း သပ်ရပ်ပုံကို ဖတ်ပြီး သာသနာတော်နှင့် သံဃာတော်များရဲ့ စွမ်းဆောင်ပုံတွေကို ကြည်နူးပြီး ဖတ်နေရင်းနဲ့ပဲ ပြုံးမိသည်တောင် ရှိခဲ့ပါတယ်။ စာထဲမှာပါသည့် ဆရာတော်၏ သြ၀ါဒပေးသည်များကို ဖတ်ရင်းနဲ့လည်းပဲ ကျွန်တော်ပါ သြ၀ါဒပေးနေသည့် အချိန်တွင် ထိုနေရာတွင် ရှိနေသည့် သယောင် ခံစားလာရပါတယ်။ ထို့နောက် နောက်ဆုံး ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့် အချိန်တွင် ဆရာဝန်များနှင့် သံဃာတော်များ ၀မ်းနည်းပူဆွေးစွာ ငိုသည်ကို ရေးသားရာတွင်လည်း ဖတ်နေရင်းပင် မျက်ရည်များဝဲ သည်အထိဖြစ်လာပါတယ်။ ထိုနောက်ဖတ်နေရင်းပင် စိတ်ထဲမှလည်း သေမင်းရယ် လုပ်ရက်လေခြင်းလို့ တွေးမိပါတယ်။ ထို့နောက် ဆရာတော် ကျောင်းမှသံဃာများအား ဆွမ်းကပ်သည့် ဒကာဒကာမ ကဆွမ်းစားပြီးလျှင်အနုမောဒနာအတွက် လာရောက်လျှောက်ထားပုံကိုရေးထားတာက
အလှူရှင်များ။ ။ ဒီကနေ့မနက် ဆွမ်းအနုမောဒနာတရားနဲ့ ရေစက်ချ အမျှဝေမှုကိစ္စကို ခါတိုင်းလို ဆွမ်းစားကျောင်းကြီး အပေါ်ထပ်မှာ မဟုတ်ဘဲ ဆရာတော်ဘုရားကြီး ရုပ်အလောင်းထားရာ စံကျောင်းသိမ်ကြီးပေါ်မှာ ချီးမြှင့်စေလိုပါတယ်ဘုရား။
ထိုအခါ ကျောင်းရဲ့ နာယက ဆရာတော်က
နာယကဆရာတော်။ ။ တခြားရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ခွင့်လွှတ်လိုက်လျော နိုင်ပါတယ်။ ရည်ရွယ်ချက်တစ်မျိုးမျိုးပါတယ်ဆိုရင်တော့ ဘုန်းကြီးတို့ ဆရာတော်အတွက် မလိုအပ်လို့ အပိုပါပဲ။
အလှူရှင်များ။ ။ တင်ပါ့ဘုရား ကျေနပ်ပါတယ်၊ ဒီလိုဆိုရင်လဲ အစဉ်အလာမဖျက်ဘဲ ခါတိုင်းလိုပဲ ဆွမ်းစားကျောင်းကြီး အပေါ်မှာ ဆောင်ရွက်ချီးမြှင့်ပေးပါဘုရား ဆိုပြီးပြောခဲ့တယ်။
အဓိပ္ပါယ်ကတော့ ဆရာတော်ဘုရားကြီး အတွက်ဆွမ်းသွပ်အမျှဝေဖို့အတွက် ရုပ်အလောင်းထားရာ နေရာမှာ ဆွမ်းအနုမောဒနာ လုပ်ပါလို့ပြောတာပါ။ နာယကဆရာတော်ကလဲ ဆရာတော်ဘုရားကြီး ဆရာတော်ဘုရားကြီး အတွက် ထိုသို့ပြုလုပ်ရန်မလိုပါလို့ ပြန်ပြောလိုက်ခြင်းပါ။ ဘာကြောင့်လည်း ဆိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသက သက်ရှင်ထင်ရှားရှိစဉ်ကလည်း ပြောခဲ့ဖူးသည့် စကားရှိခဲ့ပါတယ်။ ကြိုတင်မှုဆိုတာ အရာရာမှာ ရှိရတယ်၊ စားဝတ်နေရေးအတွက် အသိဉာဏ်မြင့်မားရေးအတွက် ဘ၀အဆင့်အတန်း မနိမ့်ရေးအတွက် နောက်ဆုံးသေဖို့ အတွက်ပါ ကြိုတင်ပြင်ဆင်မှုရှိရတယ်။ သေပြီးတဲ့ နောက် သံသရာအတွက်လဲ ခုနှယ်က ပြင်ထားရတယ်၊ ဘုန်းကြီးကတော့ ပြင်ထားတာပဲ၊ သေခါမှ ဆွမ်းသွတ်ပြီး သူများက ပေးတဲ့အမျှကို အားကိုးမနေဘူး၊ အဲဒါက မသေချာဘူး၊ ကိုယ့်ဘာသာကိုယ် လုံလောက်အောင် ကြိုတင်ဆည်းပူးထားတာက သေချာတယ် လို့ပြောခဲ့တယ်။ အဲဒီအတွက်လဲ သံဃာဆိုတာ ဒါမျိုးမှလို့ ပြောနေသလိုပဲ စိတ်ထဲမှာ ကြည်ညိုမိတယ်။ အဓိကကတော့ ပျံလွန်တော်မူတဲ့ အခန်းမှာ စိတ်ထဲမှာ ဆုံးရှုံးမှုကြီး တစ်ခုကိုရင်ထဲမှာ ဆို့နေအောင်ခံစားလိုက်ရတယ်။ ဒါတောင်ကျွန်တော်နဲ့ဆို နှစ်ပေါင်းမြောက်မြားစွာ ဝေးကွာပါတယ်။ အပြင်မှာလဲ မသိမမြင်ဘူးပေမဲ့ စာထဲက တကယ့်ဘ၀ကို တွေ့တာနဲ့တင် ကြည်ညိုမိပြီး ခံစားမိတာပါ။

နောက်တစ်ခုက မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တစ်ဘ၀သာသနာစာအုပ်ပါပဲ။ အဲဒီစာအုပ်ကတော့ ကျွန်တော့်ဘ၀အတွက် တရားကို ပထမဆုံးလေ့လာဖို့ သိခြင်လာဖို့ အများကြီး တွန်းအားပေးခဲ့တဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်ကို ဘယ်နှစ်ကြိမ်ဖတ်ဖတ် ရိုးသည်လဲ မရှိပါဘူး။ ထပ်ထပ်ပြီး ဖတ်ချင်တဲ့ စိတ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တစ်ဘ၀သာသနာစာအုပ်ထဲမှာ တရားသားတွေများလို့ပါပဲ။ စာအုပ်ရေးသာသူ ဆရာတော် ဦးဃောသိတ ကိုယ်တိုင်က ထိုစာအုပ်ကိုရေးသားဖို့ ပြင်ဆင်သည့် အခါ ဆရာတော်ဘုရားကြီး၏ အကြောင်းကို ရေးလျှင် ကိုယ်တိုင်တရားအားထုတ်ပြီးမှ ရေးဖို့ဖြစ်နိုင်မယ်ဆိုပြီး ကိုယ်တိုင်တရားအားထုတ်ပြီးမှ ရေးခဲ့တာကိုး။ တကယ်လဲ ဆရာတော်ဘုရားကြီးရဲ့ တရားတွေက ခန္ဓာဉာဏ်ရောက်တရားတွေ ဖြစ်နေတာကိုး။ ဒါကြောင့် ထိုစာအုပ်ကို ဖတ်တိုင်းလည်း တရားအသိတွေ ပိုပိုပြီး တိုးပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ တစ်ဘ၀သာသနာကိုဖတ်ပြီး ဒါန၊ သီလ၊ ဘာဝနာလောက်နဲ့ ကျေနပ်မနေဖို့၊ သံသရာကြီးလည်နေပုံ တစ်သံသရာလုံး အ၀ိဇ္ဇာရဲ့ အုပ်ချုပ်မှုနဲ့ နေလာရပုံတွေကို သိရပါတယ်။ အဲဒီကနေမှ တဖြည်းဖြည်း သိချင်စိတ်တွေပိုတိုးတိုးလာရင်းနဲ့ ဆရာတော်ဘုရားကြီး တရားတွေကိုနာဖြစ်လာရတော့တယ်။ အဓိက ကျေးဇူးရှိသူကတော့ ကျွန်တော့်ရဲ့ အဖေပါပဲ။ အဖေရဲ့ ကျေးဇူးနဲ့ ဆရာတော် ဘုရားကြီးရဲ့ တစ်ဘ၀သာသနာကို ဖတ်မိပြီး အဖေ့ဆီမှာ ရှိတဲ့ တရားခွေတွေအပြင် မိုးကုတ်ဝိပဿနာ ဌာနချုပ်ကနေ ဓမ္မဒါနပြုတာတွေကိုပါ နာရ၊ စာအုပ်တွေ အဖြစ်အသွင်ပြောင်းထားတာတွေကို ဖတ်ရနဲ့ အသိတိုးပါတယ်။ ဒါထက်ပိုပြီးကတော့ ကိုယ်သိသလောက်လေးကို မသိတဲ့ လူတွေကို ပြန်ရှင်းပြရ ပြန်ပြောပြရတာတွေ ပြီးတော့ ရှိတဲ့ အခွေတွေကို ကူးပြီး တဆင့်ပြန်လည် ဖြန့်ဝေခြင်း ဓမ္မဒါနကိုပါ ပြုနိုင်တဲ့ အတွက် အဖေ့ကျေးဇူးတွေက မွေးကျေးဇူး ကျွေးကျေးဇူး ထက်ကိုပိုများပါတော့တယ်။ ဒီတစ်ဘ၀သာသနာစာအုပ်ကတော့ ကျွန်တော့ကို အများကြီး ပြောင်းလဲတဲ့ စာအုပ်လည်းဖြစ်တယ်။ အစက မှားယွင်းစွာယူထားတဲ့ အယူမှားတွေကိုလဲ မှားမှန်းသိအောင် ပြုခဲ့တယ်။ ကျေးဇူးရှင်ပါပဲ။ မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားပြီး ဓာတ်တော်တွေ ကျန်ရစ်ခဲ့တာကို သိရတော့လဲ ကျွန်တော်အရင်က ထင်ထားတဲ့ သြော်ဒီခေတ်ကြီးမှာ ရဟန္တာတွေ ရှိသေးရဲ့လား ဆိုတဲ့ အတွေးကိုလဲ ဖျောက်ပစ်လိုက်နိုင်ပါတယ်။ နောက်ထပ် ယခုမျက်မှောက်မှာကို မိုးကုတ်ဝိပဿနာ ရိပ်သာများမှာ ယောဂီများ သေသည့်အခါ လက်ယာနံတောင်နဲ့ ပြုံးပြုံးလေးတွေ သေနေတာကို တွေ့ရတော့လဲ တရားတွေဟာ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါလားဆိုပြီး ပိုပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ရတယ်။ ဒါကြောင့် ကျွန်တော်ထိုစာအုပ်ကို ခဏခဏပြန်ပြန်ဖတ်ဖြစ်ပါတယ်။ ဖတ်တိုင်းလဲ ပိုပိုပြီး တရားအသိတွေတိုးရ တယ်။ ဟိုတစ်လောက ထိုတစ်ဘ၀သာသနာစာအုပ်များကို ပြုစုခဲ့သည့် ဆရာတော် ဦးဃောသိတ ခန္ဓာဝန်ချသွားပြီဆိုတော့လဲ တွေးမိပါတယ် သြော် သာသနာမှာ နေလိုလလို ထွန်းလင်းခဲ့တဲ့ ဆရာတော်နှစ်ယောက်ရဲ့ တစ်ဘ၀သာသနာကို ရေးတဲ့ ဆရာတော်တော့ ခန္ဓာဝန်ချသွားပြီ ထိုဆရာတော်ရဲ့ တစ်ဘ၀သာသနာကိုကော ဘယ်သူရေးဦးမလဲလို့လေ။

လင်းငယ်

ခရီးလမ်း

အရင်ပို့စ်တုန်းက တောင်ခြေကို ဆိုင်ကယ်နဲ့ ပြန်ရောက်လာပြီးတော့ တောင်ခြေက ထမင်းစား ကော်ဖီသောက်လုပ်ပြီးတဲ့ ဆိုင်မှာပဲ အစ်ကိုဝမ်းကွဲတွေပါလာတဲ့ ဆိုင်ကယ်ကို အပ်ပြီး တောင်ပေါ်ကို တတ်ဖို့ လုပ်ကြတော့တာပေါ့။ တချို့သူငယ်ချင်းတွေကလဲ မတတ်ခြင်းသေးဘူး။ အဲ့ဒီနေ့က စနေနေ့ဆိုတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ လာနေတော့ သူတို့လည်း လက်မလွှတ်နိုင်ကြဘူးထင်ပါရဲ့။ ဒါပေမဲ့ ကျွန်တော်တို့ကလဲ ခွင့်မပြုနိုင်ဘူးလေ။ ဘာလို့လည်းဆိုတော့ အဲ့ဒီလူအားလုံးအတွက် ကျွန်တော်က စပွန်ဆာပေးထားတာကိုး။ တောင်ခြေမှာဒီလူအားလုံး ညအိပ်ရင် မလွယ်ကျောလေ။ နောက်တစ်ခုက အချိန်တစ်ရက်နောက်ကျသွားလို့ တစ်ရက်တောင်ပေါ်ရောက်တာနောက်ကျရင် ကျွန်တော်တို့ တောင်ပေါ်မှာ နေရတဲ့ အချိန်နည်းသွားမှာကိုး။ ဒါနဲ့ အားလုံးကို လုပ်ကြလုပ်ကြဆိုပြီး တတ်ခဲ့ကြတယ်။ အဲ့ဒီမှာ အရေးကြီးတဲ့ တစ်ခုကုန်နေတာတွေ့တယ်။ ဘာလည်းဆိုတော့ ကျွန်တော်တို့ရဲ့ အားဆေးလို့ ပြောလို့ရတဲ့ ကွမ်းယာပဲ။ ကံကကောင်းချင်တော့ ကျွန်တော့် အစ်ကိုဝမ်းကွဲတွေက ကွမ်းယာကို ကျောပိုးအိတ် တစ်လုံးအပြည့် ၀ယ်လာတယ်ဗျာ။ ဒါနဲ့ပဲ ဒီကိစ္စလေးကလည်း အဆင်တသင့်နဲ့ ပြေလည်သွားတယ်။ ဒါနဲ့ တောင်ပေါ်စတတ်ကြရော။ သိကြတဲ့ အတိုင်း တောင်ပေါ်စစတတ်ခြင်းက တောင်ခြေနားက ရွာလေးတွေကိုဖြတ်သွားရတယ်လေ။ မီးမရှိဘာမရှိနဲ့ နေရာလေးတွေပါ။ အဲ့ဒီနေရာလေးတွေကို ဖြတ်တဲ့ အခါသူတို့ကလည်း သူတို့ဖွင့်ထားတဲ့ မီးတုတ်ရောင်းတဲ့ ဆိုင်လေးတွေ၊ တောင်ဝှေးရောင်းတဲ့ ဆိုင်တွေကနေ ၀ယ်သွားပါ ဘာညာနဲ့ ရောင်းပါသေးတယ်။ သူတို့ကိုကြည့်လိုက်တော့ အိပ်ချင်မူးတူးတွေနဲ့။ သြော်တွေးမိပါတယ်။ ၀မ်းရေးဆိုတော့ လူတွေဖြတ်သွားတာနဲ့ သူတို့လဲ ရောင်းရမလားဆိုပြီး ထထပြီး အော်နေရတာကိုးလို့။ ဒါနဲ့ ကျွန်တော်က မီးတုတ်လေးနဲ့ တောင်ဝှေးဝယ်မလို့ သွားတော့ သူငယ်ချင်းတစ်ယောက်က မ၀ယ်နဲ့တဲ့ မီးတုတ်တွေက အလွန်ဆုံးခံ ၁၅ မိနစ်လောက်ပဲ ခံတာတဲ့။ ကျွန်တော်ကလဲ ဘယ်လောက်ပဲ ခံခံ ဓာတ်မီးက နှစ်ချောင်းပဲ ပါတော့ မီးတုတ်ဝယ်ရမှာပဲ ဆိုပြီးဝယ်လိုက်ပါတယ်။ ၀ယ်ပြီးတော့ အစပိုင်းမှာ လူတွေက အားလုံး ၂၂ ယောက်လုံး တူတူတတ်ကြတာပါပဲ။ တတ်တဲ့ အချိန်က ကျွန်တော့်အထင် ည ၁၂ နာရီခွဲထက် မစောဘူးလို့ထင်တယ်။ အစပိုင်းတော့ တူတူတတ်ကြတာပဲ။ ဒီထဲမှာ သရဲကြောက်တဲ့ လူကလဲ ပါသေးတယ်။ ပြီးတော့ တစ်ယောက်ကလုပ်သေးတယ် သူကြားဘူးတယ်တဲ့ ညဘက်တွေမှာ တောင်တတ်လမ်းတချို့နေရာတွေမှာ ဓားပြ တွေရှိတယ်ဆိုပဲ။ ကျွန်တော်ကလည်း ဟာဒီလောက်လူအုပ်ကြီး တိုက်ရဲတဲ့ ကောက်တိုက်ပေါ့။ ဟုတ်တယ်ဟုတ်။ ဒါနဲ့ အားလုံးတူတူ တတ်လာကြတယ်။ ပြီးတော့ ကွမ်းယာတွေကိုလဲ ခွဲဝေယူကြပေါ့လေ။ ပြီးတော့ ကိုယ့်ဝေစုနဲ့ ကိုယ်ပဲ ၀ါးရင်းတတ်နေကြတာပေါ့။ ဒီလိုနဲ့ သွားနေကြရင်း တဖြည်းဖြည်း လူတွေက ကွဲလာတယ်။ လူတွေက မျိုးစုံမဟုတ်လား အမောခံနိုင်တဲ့ လူက ပိုပြီး အရှေ့ရောက်တာပေါ့။ အဲ့ဒီမှာ လူက သုံးဖွဲ့ကွဲသွားတယ်။ အရှေ့ဆုံးမှာက ၄ယောက် ပြီးတော့ အလယ်အဖွဲ့ကျွန်တော်တို့က ၆ ယောက် ကျန်တဲ့လူတွေက နောက်ဆုံးအဖွဲ့ လူကုန်။ နောက်ဆုံးအဖွဲ့မှာက ကျွန်တော့် အစ်ကိုဝမ်းကွဲ တစ်ယောက် ပါတယ် သူက နည်းနည်းဝတော့ အမောမခံနိုင်ဘူးလေ။ သူ့ကို စောင့်ခေါ်ရင်းနဲ့ နောက်က အဖွဲ့က ဝေးပြီးကျန်ခဲ့တာပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့လလည်း နားရင်းတတ်တတ်လာကြတယ်။ တဖြည်းဖြည်းလဲ လူတွေက ပိုဝေးလာကြတယ်။ တောင်ပေါ်ကိုတတ်ရင်းနဲ့ လူတွေအားလုံးလည်း မောလာကြတယ်။ ဆောင်းတွင်းအေးစက်နေတဲ့ အချိန်ကြီးမှာ ကျွန်တော်တို့ လေးယောက်သား အင်္ကျီမကပ်နိုင်ဘူးဖြစ်နေတာပေါ့။ အပေါ်ပိုင်း ကိုယ်တုံးလုံးတွေနဲ့။ လူတွေက ချွေးတွေစို လေက ဖိတိုက် ပူနေရာကနေ အေးလာပြီ အ၀တ်ပြန်ဝတ်။ ဒါနဲ့ကို လုံးလည်ချာလည်လိုက်နေရော။ နောက်ပိုင်းတော့ အအေးက အရမ်းကြမ်းလာတော့ အနွေးထည်ပါ ထပ်ဝတ်ရတဲ့ ဘ၀ရောက်ရော။ ဒီလိုနဲ့ တတ်လာရင်းနဲ့ ည ၃ နာရီလောက်ရောက်တော့ ပင်ပန်းလို့ ဆိုပြီး အရှေ့က အဖွဲက ကျွန်တော်တို့ကို စောင့်ရင်းနဲ့ တစ်နေရာမှာ ထိုင်ခုံတွေတွေ့တော့ ၀င်အိပ်နေကြတယ်။ ကျွန်တော်တို့လဲ သူတို့ဆီရောက်တော့ ခဏနားတဲ့ အနေနဲ့ ၀င်အိပ်ကြတယ်။ လူက ပင်ပန်းတာကလည်း ပင်ပန်း အိပ်ရေးပျက်ထားတာလည်း ပါတော့။ အိပ်ကိုပျော်သွားရော။ နာရီဝက်လောက်ကြာတော့ တေဇာလင်းဆိုတဲ့ သူငယ်ချင်းက နှိုးလို့ ထပြီး မုန့်တွေဘာတွေ အဲ့ဒီနားက လမ်းဆိုင်လေးမှာပဲ ၀ယ်စားလိုက်တယ်။ ပြီးတော့ တေဇာလင်းနဲ့ နောင်နောင်နဲ့က ရန်ဖြစ်နေတယ်ဗျာ။ ဘာလို့တုံးလို့မေးတော့ တေဇာလင်းက အိပ်နေရင်းအေးနေတော့ အနွေးထည်ထ၀တ်တယ်တဲ့။ နောင်နောင်ကလည်း အေးနေလို့ ကွေးနေတာ တေဇာလင်းက နောင်နောင်ကို အနွေးထည်လေးတောင် ယူဝတ်ဖို့ မပြောလို့ အကြင်နာမဲ့ တယ်ဘာညာနဲ့ ပြဿနာဖြစ်တာပဲ။ ပြီးတော့လည်း နောက်နောက်ပြောင်ပြောင်နဲ့ ပြီးသွားတာပါပဲ။ ဒါနဲ့ ဆက်တတ်ကြရင်းနဲ့ လမ်းမှာ ကျွန်တော်တို့လိုပဲ တတ်နေတဲ့ အဖွဲ့နဲ့ တွေ့တယ်။ သူတို့က အန်တီတစ်ယောက်ရယ် ကောင်မလေးသုံးယောက်ရယ်။ တူဝရီးတွေတဲ့။ အဲ့ဒီမှာ အရှေ့အဖွဲနဲ့ စကားလက်ဆုံတွေကျလို့ အိုကေနေပြီ။ ပြီးတော့ တဖြည်းဖြည်း လူတွေကွဲသွားပြန်ရော ကောင်မလေးနှစ်ယောက်နဲ့ အရှေ့အဖွဲနဲ့က ဝေးသွားပြီး ကျွန်တော်တို့ အလယ်အဖွဲ့က အဒေါ်နဲ့ တူမတစ်ယောက်နဲ့ တူတူကျန်ခဲ့တယ်။ နောက်ပိုင်းတော့ ကျွန်တော်တို့ အဖွဲ့က ၂ ယောက်ကပါ နှာခေါင်းရောဂါဖြစ်ပြီး အရှေ့အဖွဲ့နဲ့ ပေါင်းလိုက်တယ်ဗျာ။ ကျွန်တော်တို့ကတော့ အေးဆေးပဲ ဖြေးဖြေးမှန်မှန်တတ်ကြတာပေါ့။ ဒီလိုနဲ့ လမ်းမှာတနေရာရောက်တော့ အဲ့ဒီနေရာက တောတော်တော်လေးထူတယ်ဗျ။ ဘေးနာကနေ ရှီးရှီးရှဲရှဲ အသံတွေကြာရပါရော။ ကျွန်တော်စကြာရတာလေ။ ကျွန်တော်လည်း နောင်နောင်တို့ အောင်ပိုင်တို့ အားလုံးကို ဟေ့ကောင်တွေ အသံကြားတယ်ကွ။ မြွေတွေဘာတွေ တောတိုးတာလား မသိဘူးဆိုပြီးပြောတော့ အားလုံး အဒေါ်ကြီးတွေပါအပါအ၀င် တခါတည်း အနားကိုပြေးကပ်ပြီး လူကို စုသွားကြတယ်။ ကြောက်ပြီး လက်ထဲက ဓာတ်မီးလေးနဲ့ အဒေါ်ကြီးက ထိုးကြည့်တယ်။ အားလုံးမလှုပ်ရဲပဲ စောင့်ကြည်နေကြတယ်။ နောက်ကြာလာတော့မှ သေချာကြည့်တော့ တောင်ပေါ်ကို သွယ်ထားတဲ့ ရေပိုက်လိုင်းက ရေတွေ တင်နေတော့ အသံထွက်နေတာဖြစ်ပါရောလား။ ဒီလိုနဲ့ တတ်လာကြတာ အချိန်က မနက်နေထွက်စ ၆ နာရီလောက်ရောက်လာတော့ ကျွန်တော်တို့ အလယ်အဖွဲ့က တော်တော်လေး နီးကပ်နေပြီ တောင်ပေါ်ရောက်တော့။ နောက်ဆုံးအဖွဲ့ကတော့ အရိပ်အရောင်တောင် မမြင်ရဘူး။ ၆ နာရီခွဲလောက်ရောက်တော့ ကျွန်တော်တို့ အရှေ့အဖွဲ့က အစ်ကိုဝမ်းကွဲ ကိုခိုင်နဲ့ ဆုံတယ်။ သူကကျွန်တော်တို့ကို စောင့်နေတာဆိုပြီး အဖွဲ့နဲ့ တူတူပြန်လိုက်လာတယ်။ သူက တစ်လမ်းလုံးလည်း ကျွန်တော်တို့နဲ့ တွေ့လိုက် ပြီးရင် အရှေ့အဖွဲ့ဆီ ပြန်ရောက်သွားလိုက်နဲ့ မမောတတ်ဘူးဗျာ။ အေးဆေးပဲ တတ်နေတာ။ ပါးစပ်မှာလည်း ကွမ်းတွေစားထားတာ ပေနေရော။ သူက ပါးစပ်ပြဲတော့ ကွမ်းစားထားပြီးရင် နီနေတဲ့ သွားတွေက ရဲပြီး ကြောက်ဖို့ ကောင်းတယ်။ သူနဲ့ ပတ်သတ်ပြီး လမ်းမှာ အားလုံးကြောက်ပြီး အော်ခဲ့တာလေးကိုလည်း ပြောဦးမှ။ အဲ့ဒီနေရာလေးက မှောင်မဲနေတာဗျ လထွက်နေပေမဲ့ အပေါ်က အပင်တွေအုပ်ထားလို့ ဘာမှမမြင်ရဘူး ဒီပြင်အဖွဲ့က အန်တီကြီးကလည်း သူဓာတ်မီးအားကုန်သွားတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း အဲ့ဒီနေရာကို ဒီတိုင်းဖြတ်ကြရတာပေါ့။ ဖြတ်နေတုန်းတစ်ဝက်မှာ လမ်းလေးဘေးနားက မီးလင်းနေလို့ လှည့်ကြည့်လိုက်တော့ အားလုံး ကြောက်ပြီး အားဆိုအော်တော့တာပဲ။ ဘာလို့လည်းဆိုတော့ ဘေးနားမှာ မတ်မတ်ကြီးရပ်ပြီး Handphone က မီးလေးနဲ့ စောင့်နေတဲ့ ကိုခိုင်ကို တွေ့လိုက်ရတာကိုး။ သူက ပြီးတော့ ရယ်ပြနေတော့ အားလုံးလန့်သွားတာပေါ့။ စဉ်းစားကြည့်လေ ကွမ်းစားထားလို့ ရဲနေတဲ့ သွားနဲ့ မှောင်နေတဲ့ လမ်းမှာ ဖုန်းရဲ့ မီးမှိန်မှိန်လေးနဲ့ လူကို အမှောင်ထဲမှာတွေလိုက်ရတာကိုး။

ဒါနဲ့ တောင်ပေါ်ကိုဆက်တတ်လာကြတာ ၇ နာရီလောက်ရောက်တော့ ကျွန်တော်တို့ အလယ်အဖွဲ့က ဘိုးဘိုးကြီး နတ်နန်းဆိုလား မသိပါဘူးရောက်တယ်။ လူတော်တော်များများလည်း လင်းနေပြီဆိုတော့ တောင်ပေါ်ကနေပြန်ဆင်းနေကြပါပြီ။ အဲ့ဒီမှာ အဲ့ဒီနတ်နန်းက မိုက်နဲ့ အော်နေတဲ့ အသံကြားရတယ်။ တောင်ပေါ်ပဲ တတ်တတ်တောင်အောက်ပဲ ဆင်းဆင်း ဘိုးဘိုးကြီးကို ဗောင်းတော်လှူမှ ဘေးကင်းတယ်ဘာညာပေါ့လေ။ ပြီးတော့ အတင်းကို လူတွေကို သူတို့ နတ်နန်းထဲ ဆွဲခေါ်ပါရော။ ပါသွားတာပေါ့။ ပြီးတော့ အတင်းကြီးပဲဗျာ ဗောင်းတော်လှူရမယ်တဲ့ ၅၀၀တဲ့။ ပိုက်ဆံတော့ မနှမျောပါဘူး အတင်းကြီး လှူခိုင်းလို့ မလှူဘူးဗျာဆိုပြီး ကျွန်တော်တို့က ထွက်လာကြရော။ အဲ့ဒီမှာ အဲ့ဒီကလူက မင်းတို့ ကောင်တွေမိုက်ရိုင်းတယ်ဘာညာနဲ့ ပြောပါရော။ ပြောလည်း ပြောရော ကိုခိုင်ကနေပြီး ခင်ဗျားတို့က အတင်းကြီး စေတနာမပါပဲ လုပ်ခိုင်းတာကိုး ဘာညာပြောတော့ သူတို့ဘက် က နောက်ထပ် ၅ ယောက်လောက်ပါပြီး ကျွန်တော်တို့ကို ဖိုက်တင် ပလေးတော့မလိုလုပ်လာရော။ ကျွန်တော်တို့ကလည်း လူမနည်းမှမနည်းပဲ အေးဆေးပေါ့။ အဲ့ဒီအချိန်မှာ နောက်ဆုံးအဖွဲ့က ငါးယောက်ထပ်ရောက်လာပါရောဗျာ။ အဲ့ဒီငါးယောက်က အကောင်ကြီးတွေက အကြီးကြီးတွေလေ။ တခါတည်း ဘာဖြစ်တာလည်း ဘာလည်းနဲ့ ၀င်ဖြဲရော။ အဲ့ဒီကျမှ ဟိုဘက်က လူတွေက ဘာမှ မဟုတ်ပါဘူးဆိုပြီး လျော့သွားတာ။ ပြီးတော့ ဆက်ထွက်လာတာ တောင်ခြေ အ၀င်နေရာလေးရှိတယ် အဲ့ဒါလည်း နတ်နန်းပါပဲ တော်တော်လေး ကြီးတယ်။ ဘာဆိုတာတော့ မမှတ်မိဘူး။ အဲ့ဒီဟာက ပိုဆိုးတယ်။ လမ်းကြီးကိုပိတ်ပြီး လူသွားလမ်း သေးသေးလေးပဲ ဖွင့်ထားတယ်။ ပြီးတော့ အဝေးကြီးကတည်းက သူတို့ အလှူခံတဲ့ အသံကို မိုက်နဲ့ ပြောနေလို့ ကြားနေရတာ။ စောစောက အတိုင်းပါပဲ။ ဘေးကင်းအောင် ဘာညာနဲ့ အလှူခံတာ။ လာသမျှလူကို ကန်တော့ ခိုင်းတာလည်း ပါတယ်။ ကျွန်တော်တို့ အဖွဲ့လည်း ကြည့်တာပေါ့ အဲ့ဒီနေရာကို ဖြတ်ရင် ဖိနပ်ချွတ်ဖို့ လိုလားလို့။ သူတို့က ဘာမျှ မရေးထားဘူး။ နောက်ပြီး အရှေ့က ဖြတ်သွားတဲ့ လူတွေ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကို ကြည့်တော့လည်း တစ်ယောက်မှ ဖိနပ်မချွတ်ဘူး။ ဒီတော့ ကျွန်တော်တို့လည်း မချွတ်ဘူးပေါ့။ ဖြတ်သွားကြတယ်။ အဲ့ဒီမှာ နောက်ဆုံးက ဖြတ်တာက ကျွန်တော်။ အဲ့ဒီလိုဖြတ်ပြီးတော့ ဟိုဘက် ထိပ်လည်းရောက်ရော အလှူခံတဲ့ လူက ဟေ့ ဖိနပ်နဲ့ ဖြတ်လို့ မရဘူးဆိုပြီး မိုက်နဲ့ လှမ်းအော်ပါရော။ ကျွန်တော်လည်း တင်းသွားတာပေါ့။ အဲ့ဒါဆို ခင်ဗျားတို့ စာနဲ့ ရေးထားပါလား။ နောက်ပြီး စ၀င်ထဲက ဖိနပ်ချွတ်လို့ ပြောပါလားပေါ့။ သူကမင်းတို့ မသိဘူးလား ဘာညာနဲ့ပြောတယ်။ ကျွန်တော်တို့ကိုလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား ဘာညာနဲ့။ ကျွန်တော်ကလည်း တင်းပြီး ဗုဒ္ဓဘာသာ မှာ အဲ့ဒီလို နတ်မရှိဘူးဆိုပြီး ပြန်ပြောနဲ့။ တော်တော်လေး အခြေအနေက တင်းမာလာရော။ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကလည်း ကျွန်တော့် ဘက်ကနေ ဟုတ်တယ် ခင်ဗျားတို့ စာရေးထားပါလား ဘာလားနဲ့ အကုန်ဝိုင်းပြောတော့မှ ကျွန်တော်တို့ကို မငိးတို့ကို နတ်ကျားကိုက်လိမ့်မယ်ဘာညာနဲ့ ပြောရော။ ကျွန်တော်ကလည်း အဲ့ဒီလို ကိုက်မယ်ဆို ခင်ဗျားနတ်ကျား လာသာကိုက်ခိုင်းဗျာလို့ ပြောလိုက်တယ်။ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကလည်း ဆက်မဆင်းပဲ ကျွန်တော်တို့ကို ကြည့်ပြီး ကျွန်တော်အဲ့ဒီလို ပြောလိုက်တာကို သဘောကျပြီး ၀ိုင်းရယ်တယ်။ ပြီးတော့ အဲ့ဒီ လူတွေ အဖွဲ့ကို ၀ိုင်းပြီး ပြောပါလေရော။ ကျွန်တော်ကတော့ လူစွမ်းကောင်းကြီးကို ဖြစ်သွားတာပဲ။ အမှန်ကတော့ သူတို့ အတင်းဝင် ကန်တော့ ခိုင်းတာကို ကျွန်တော်တို့က မကန်တော့လို့ပါ။ နောက်ပြီး အဲ့ဒီ နတ်နန်းအလှူခံတွေက တကယ်တော့ ကန်ထရိုက်ဆွဲထားတာတွေပါဗျာ။ သူတို့ ကိုယ်တိုင် ယုံကြည်လို့ မဟုတ်ဘူး။ ပိုက်ဆံအတွက် အလှူခံနေတာ။ ဒါကို သိလို့ တမင်ကို ကျွန်တော်ကလည်း ပြန်ကို ပြောပြီး ရန်ဖြစ်ခဲ့တာ။ ဒီလို့နဲ့ ကျွန်တော်တို့ တောင်ပေါ်ကို ရောက်ကြတယ် ၇ နာရီခွဲလောက်ရှိပြီထင်တယ်။ အဲ့ဒီကျမှ အရှေ့အဖွဲက ကျွန်တော့ အစ်ကိုဝမ်းကွဲရဲ့ တပည့်တစ်ယောက်က ရင်ပြင်တော်ပေါ်တတ်တဲ့ လမ်းနားက ကားတွေ ဖြတ်တဲ့ ဂိတ်ကနေ စောင့်ပြီး အရှေ့အဖွဲ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ခေါ်သွားတယ်။ အဲ့ဒီ အစ်ကို့ရဲ့ တပည့်က အရမ်းမြန်တယ်ဗျ။ သူက ကျွန်တော့် အစ်ကိုဝမ်းကွဲရဲ့ အ၀တ်အစားအိတ်တွေကိုပါ ယူပြီးတတ်တာတောင် ဘယ်အချိန်ရောက်လည်းမေးတော့ ၅ နာရီခွဲတည်းက ရောက်နေတာတဲ့။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ မနက်စားစားကျပြီး နောက်ဆုံးအဖွဲ့ကို စောင့်နေကြတယ်။ နောက်ဆုံးအဖွဲ့ကတော့ လူငယ် ခြေကျတွေကြီးပဲဆိုတော့ ၉ နာရီလောက်မှ ရောက်လာတော့တယ်။ ပြီးတော့ ကျွန်တော်တို့လည်း တည်းခိုခန်းငှားဖို့ ရင်ပြင်တော်ပေါ်တတ်ခဲ့ကြတယ်။ အရမ်းလည်း ပင်ပန်းပြီး အိပ်ချင်နေကြပြီကိုး။

လင်းငယ်

Thursday, November 26, 2009

တောင်ပေါ်သို့

ရန်ကုန်ကနေ အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲကို ညနေ ဘက်ကြီးရောက်သွားတယ်။ ကားလက်မှတ်ကတော့ ကြိုပြီးမှာထားလို့ ရနေပါတယ်။ ဒါနဲ့ ကားလာမဲ့ အချိန်ကိုစောင့်ရင်းနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး တော်ကီတွေပွားကြတယ်။ နောက်တော့ ကားလာခါနီးပြီမို့ ကားဂိတ်ထဲကိုဝင်စောင့်နေတယ်။ ဒီမှာပဲ မုန့်ရောင်းတဲ့ ကလေးမလေးတွေ အများကြီး ကျွန်တော်တို့ အဖွဲ့ဆီကို ကပ်လာကြတယ်။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့က သိပ်မများပါဘူး။ ကားဂိတ်မှာ တူတူသွားမဲ့ သူက အားလုံးပေါင်း ၁၅ ယောက်။ နောက်ပြီး ဖုန်းနဲ့ လှမ်းချိတ်ထားတဲ့ အစ်ကို ၀မ်းကွဲနဲ့ ယောက်ဖတွေက အားလုံးပေါင်း၆ယောက်။ ပြီးတော့ အလုပ်မပြီးသေးလို့ နောက်မှ လိုက်လာမယ်ဆိုတဲ့ လူက တစ်ယောက်နဲ့။ ပေါင်းနှစ်ဆယ့်နှစ်ယောက်ပေါ့ဗျာ။ ကျွန်တော်တို့ဆီကို ကလေးမလေးတွေက ရှုဆေးတွေ၊ မုန့်တွေ၊ ရေဘူးတွေ လာရောင်းတယ်။ ကျွန်တော်တို့လည်း လိုအပ်တာလေးတွေ ၀ယ်ပေါ့လေ။ အဲ့ဒီမှာ အဖွဲ့ထဲက ကိုမဲကြီးက ကောင်မလေးကို ဈေးစစ်နေပါရော။ ဘာဝယ်ဝယ် နည်းနည်းကို လျှော့ခိုင်းပြီး နေတာပဲ။ နောက်တော့လဲ အဆင်ပြေသွားပါတယ်။ ဒီလိုနဲ့ ကားရောက်လာတော့ ကားပေါ်ကို အလုအယက်တတ်ပေါ့လေ။ ကားရဲ့ နောက်ပိုင်း တစ်ခြမ်းလုံးက ကျွန်တော်တို့ အဖွဲ့ကြီးပဲ။ ကျွန်တော်တို့ရဲ့ အဖွဲ့အသံကြီးပါပဲ ကားထဲမှာလဲ။ ဒီလိုနဲ့ ကားလဲ ထွက်ရော တေကြီးဆိုတဲ့ တေဇာလင်းက ကောင်မလေးကို သတိရတယ်ဆိုပြီး ကျွန်တော့် ဖုန်းကို အတင်းလုလို့ ဖုန်းနဲ့ ကြွေနေပါရော။ နောက်လှည်းကူးလည်း ကျော်ရော ဖုန်းလိုင်းပြတ်သွားတယ်။ ၀မ်းသာလိုက်တာလေ။ ဟီဟီ။

ဒီလိုနဲ့ ကားကြီးက လမ်းမပေါ်မှာသွားနေတာ ညဘက်ကိုတောင် ရောက်လာတယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာအရက်သောက်တဲ့လူ ဆေးလိပ်သောက်တဲ့လူ ကွမ်းစားတဲ့လူ အများကြီးပါတယ်။ ကျွန်တော်ကတော့ ကွမ်းတစ်ခုပဲ ကြိုက်တာဗျ။ အဖွဲ့ထဲမှာလည်း ကွမ်းကတော့ ၂ ယောက်ပဲ မစားတာ ကျန်တာ ဂျိုးကြီးပဲ။ စားချက်ပြောပါတယ်။ ကျွန်တော်ရန်ကုန်က နေ၀ယ်လာတဲ့ စင်ကနယ်၊ အာမွှေး၊ ဖာလာနဲ့ ကွမ်းယာ ၅ ထောင်ဖိုးက ပဲခူးမရောက်ဖူး ကုန်ရော။ စားလားမစားလားက အဲ့ဒါသာကြည့်။ ကားပေါ်မှာလဲ ကားသမားတွေက မျိုးကြီး သီချင်းဖွင့်ထားတာကို လိုက်ဆိုပြီး မြူးနေကြတာပေါ့။ တစ်ခုတော့ ရှိတယ် ကျွန်တော်တို့ အရက်သေစာ လုံးဝမသောက်ထားပါဘူး။ အားလုံးစုံလို့ သာပျော်နေကြတာရယ်။ ဘုရားသွားမှာ မကောင်းတာမလုပ်တာတော့ ယုံပါဗျာ။ တစ်ကားလုံးမှာ ရှိတဲ့ ယောက်ကျားလေးတွေလဲ ကျွန်တော်တို့ အဖွဲ့နဲ့ အဆင်ပြေပြီး တော်ကီတွေပွားရင်းလိုက်သွားလိုက်တာ ကျိုက်ထီးရိုး ကင်မွန်းစခန်းကို ည ဆယ်နာရီခွဲလောက်မှာ ရောက်သွားတယ်။ ဟိုရောက်တော့ ကျွန်တော်တို့ အစ်ကိုဝမ်းကွဲတွေက ရောက်နေပြီ။ သူတို့က ဆိုင်ကယ်တွေနဲ့ လာကြတာဆိုတော့ မြန်တာပေါ့။ ဒီလိုနဲ့ နောက်ကလိုက်လာမဲ့ တစ်ယောက်ကို စောင့်နေကြတယ်။

ကျွန်တော့်အစ်ကို အရင်းနဲ့ တစ်ဝမ်းကွဲက ဆိုင်ကယ်ယူသွားပြီး ကျိုက်ထိုမြို့ကနေ ကျိုက်ထီးရိုးကို လာတဲ့လမ်းထိပ်ကနေ သွားပြီးစောင့်နေတယ်။ သူတို့ သွားပြီး ၁ နာရီလောက်ကြာတော့ ဟိုအစ်ကိုကြီးက ဆိုင်ကယ် ကယ်ရီနဲ့ ရောက်လာပါရော။ ဒီတော့မှ မတွေ့ဘူးလားဆိုတော့ မတွေ့ခဲ့ဘူး အ၀င်အထွက်လွဲနေတယ်ထင်တယ်ဆိုပြီး ကျွန်တော်တို့လိုက်ရှာဖို့ဖြစ်တော့တယ်။ ဒီတော့ ကျွန်တော်ရယ် ကျွန်တော့် ယောက်ဖရယ် နှစ်ယောက်သား ဆိုင်ကယ်ကိုဆွဲပြီး လိုက်ခေါ်ရရော။ ကျွန်တော်မှာဗျာ ဆောင်းတွင်းကြီး ဆိုင်ကယ်နဲ့ မောင်းနေရတာလဲ ကျွန်တော်ဆိုတော့ စဉ်းစားသာကြည့်။ မောင်းနေရင်းနဲ့ကို လူကတုံနေရော။ ကင်မွန်းစခန်းဝင်တဲ့လမ်းကလည်း သိတဲ့အတိုင်းပဲလေ တောတွေကဘေးတစ်ဖက်တစ်ချက် မှာဆိုတော့ လူက လန့်ကလဲ လန့်သေးတယ်။ အရေးနဲ့ အကြောင်းအနောက်က ယောက်ဖက သေးပေါက်ချင်လို့ ဆိုလို့ ရပ်ပေးရသေးတယ်။ ယောက်ဖကလည်း တာဝန်ကျေတယ် လမ်းမှာတွေ့သမျှဆိုင်ကယ်တွေကို ရဲလင်းဦးလား ဟေ့ ဆိုပြီး လိုက်အော်မေးတော့တာပဲ။ တော်သေးတယ် မိနစ်၂၀ လောက်မောင်းပြီးတော့ သူတို့နဲ့ လမ်းတစ်ဝက်မှာဆုံပြီး ပြန်လာခဲ့ကြတယ်။ တောင်ခြေဆီကိုပေါ့။ တောင်ခြေရောက်တော့ အားလုံးကို ဆန္ဒတောင်းခံတော့ အခုချက်ချင်းတတ်မယ်ဆိုတာနဲ့ အားလုံး အထုတ်အပိုးတွေလွယ်ပြီး တောင်ခြေကနေ တောင်ပေါ်ကို စတတ်ခဲ့ကြတယ်။ တောင်ပေါ်တတ်တာမှာ ဓာတ်မီးနှစ်လက်နဲ့ ကျန်တာက မီးတုတ်တွေ ၀ယ်သွားပြီး တတ်ကြတာပဲ။ ပျော်စရာကြီးပါ။ နောက်မှ ထပ်ပြောပြမယ်။

လင်းငယ်

Tuesday, November 24, 2009

လွမ်းရတဲ့ မြန်မာပြည် သို့ မြန်မာပြည်သို့

ပြီးခဲ့တဲ့ နှစ် ၂၀၀၈ ဒီဇင်ဘာလက မြန်မာပြည်ကို မိသားစုအားလုံး ပြန်သွားခဲ့ကြတယ်။ အပျော်ဆုံးပေါ့ဗျာ။ ဖြစ်နိုင်ရင် မြန်မာပြည်မှာတောင် အပြီးပြန်နေချင်သေးတာပဲ။ ဒီလိုလူဆိုတော့ မြန်မာပြည်ပြန်ရမယ်ဆိုရင် အချိန်မရွေး ၀ဲကမ်းပါပဲပေါ့။ စလုံးကနေ မြန်မာပြည်ကို မနက်အစောကြီး လေယာဉ်နဲ့ ဒိုးသွားတာ မိသားစုလေးယောက် ဟိုလည်းရောက်ရော Immigration ဖြတ်ပြီးတာနဲ့ လာကြိုလားလို့ အဒေါ်တွေ ဦးလေးတွေကို လှမ်းကြည့်တော့ တစ်ယောက်မှမတွေ့။ မိသားစုလေးယောက်လုံး စိတ်ပူသွားတယ်။ ဖုန်းဆက်ပြီး သေချာပြောထားပါရဲ့နဲ့ တစ်ယောက်မှမတွေ့။ မကြာပါဘူး ၁၅ မိနစ်လောက်နေတော့ ရောက်လာကြရော။ ဒီတော့မှ ကားပေါ်တက် စကားတွေပြောပြီး ကိုယ်နဲ့ ဝေးကွာခဲ့တဲ့ အိမ်လေးကိုသွားခဲ့တယ်။ အိမ်လေးက နှစ်ပေါင်းကြာကြာခွဲခွာ ခဲ့ရပေမဲ့ မပြောင်းလဲပါဘူး။ ဦးလေးတွေ အဒေါ်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ အရင်အတိုင်း နေချင်ဖို့ ကောင်းနေဆဲပဲ။ ၀မ်းနည်းစရာ တစ်ခုတော့ လမ်းမှာ ကားပေါ်ကလိုက်လာရင်းနဲ့ တွေ့ရတာကတော့ အရင်လို မဟုတ်ပဲ သစ်ပင်တချို့ မရှိတော့တာပဲ။ အရင်က သွားခဲ့ဖူးတဲ့ လမ်းတချို့က သစ်ပင်ကြီးတွေ အုံ့မှိုင်းခဲ့ပေမဲ့ အခုတော့ ဟာလာဟင်းလင်းကြီး ဖြစ်လို့။ စိတ်ထဲမှာ တစ်ခုခုလိုသွားသလိုလို။ ရန်ကုန်မြို့ကြီးလည်းပဲ အရာရာ ပြောင်းလဲသွားပြီကိုး။ ဇရာရဲ့ ထုထောင်းမှုပေါ့လေ။ မပြောင်းလဲတာလေးတစ်ခုကတော့ ပျက်စီးနေတဲ့လမ်းတွေ မတရားမောင်းနေတဲ့ Bus တွေပါပဲ။ လမ်းတွေကတော့ အရင်ကပျက်စီးသလို ယခုတိုင်အောင် ပျက်စီးလျှက်။ သြော် ဘာပဲပြောပြော ကိုယ်ထင်ကုတင်ရွှေနန်းဆိုတော့ ရန်ကုန်မြို့ကြီးက လှပနေဆဲပဲ။ ဒီလိုနဲ့ အိမ်ကိုရောက်လို့ အထုတ်အပိုး တွေချပြီး မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကို ဖုန်းဆက် နီးနီးနားနားရှိတဲ့လူတွေဆီသွားဖို့ အဒေါ့်ဆီက ပိုက်ဆံချေးပြီး သူငယ်ချင်းတွေကို လျှောက်တွေ့လိုက်တယ်။(ပိုက်ဆံချေးခဲ့တာ ပြန်တောင် မဆက်ခဲ့ရဘူး။ဟီး)။ လမ်းထဲက လူတွေကိုလျှောက်နှုတ်ဆက်။ ပျော်စရာကြီး။ ဒီလိုနဲ့ ညပိုင်းရောက်တော့ သူငယ်ချင်းတွေကို လိုက်ခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြပြီး ကျောင်းတုန်းက အကြောင်းတွေပြော။ သူတို့က ဒီနိုင်ငံရဲ့ အကြောင်းတွေမေးလို့ပြော။ ပြီးတော့ သူငယ်ချင်းတွေ နောက်လိုက်ပြောင်လိုက် စလိုက်နဲ့ အချိန်တွေကကုန်မှန်းမသိတဲ့ ဘ၀။ နောက်နေ့တွေမှာလဲ သူငယ်ချင်းတွေက မနက်အစောကြီးလာနှိုး လက်ဖက်ရည်ဆိုင်ထိုင် ညဘက်ကျတော့ ဂစ်တာတွေတီးကြ။ အသံကုန် မျိုးကြီး၊ လေးဖြူ၊ အငဲ သီချင်းကြီးပဲ ဆိုပေးလိုက်တယ်။ စိတ်ထဲကတော့ တစ်လပြီးရင်ပြန်ရမယ်ဆိုတာကို မေ့ထားလိုက်တယ်။ အဲ့ဒါကြီးရှိနေ စိတ်ညစ်လွန်းလို့။ ဒီလိုနဲ့ အဖေ့ရဲ့ ရွာကိုသွားမယ်ဆိုပြီးပြင်ဆင် အဖွားဆုံးသွားတုံးက မလာနိုင်တာနဲ့ အခုအဖွားအတွက် ဆွမ်းကျွေးလုပ်ပေးမယ်ဆိုပြီး သွားကြရတာပေါ့။ အမှန်အတိုင်းပြောရင် အဖေ့ဇာတိကို သွားရတာ ပျင်းပါတယ်။ ပျော်စရာမကောင်း ညီအစ်ကိုဝမ်းကွဲ ဆိုလို့လည်း တစ်ယောက်ပဲရှိပြီး အသက်တွေ အရမ်းကွာတော့ ပေါင်းလို့မကောင်း။ ဒါပေမဲ့ သမိုင်းပေးတာဝန်အရသွားရတာပဲ။ တစ်ခုတော့ ကောင်းတာပေါ့။ ခရီးသွားရတာ ကြိုက်တဲ့လူဆိုတော့ လမ်းဘေးဝဲယာငေးပြီး လှပတဲ့ ရှုခင်းဆို ဓာတ်ပုံနဲ့ မှတ်တမ်းတင်လို့ ရတာပေါ့။ ဒီလိုနဲ့သွားကြတော့ ဒီဇင်ဘာလဆိုတဲ့ အတိုင်း မြူတွေကဝေ နှင်းတွေကကျနဲ့ အေးအေးစက်စက်နဲ့ မိုက်မှမိုက်။ အကြိုက်ဆုံး ဖီလင်တွေကို မြန်မာပြည်မှာပဲရှိတော့ မြန်မာပြည်မှာပဲ ခံစားမိနေတာပေါ့ဗျာ။ ဒီလိုနဲ့ အဖေ့ဇာတိရောက်တော့ ဘာလုပ်ရတယ်ထင်သတုံး တူနှစ်ကောင်ကို လိုက်ထိန်းရတယ်ဗျာ။ ကျွန်တော့် အစ်ကိုကတော့ လက်ရှောင်ပြီး အိပ်ချည်းနေတာ။ မဆိုးပါဘူး။ နေလိုထိုင်လို့ကောင်း ရွာထဲက ငယ်ငယ်ကသိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာလဲ ပါတာပေါ့လေ။ ဒီလိုနဲ့ ရန်ကုန်ပြန်လာပြီးတော့ ညီအစ်ကိုနှစ်ယောက် ကျိုက်ထီးရိုးသွားဖို့ တိုင်ပင်ပြီး သူငယ်ချင်းတွေကို ချက်ချင်း အကြောင်းကြား။ ရန်ကုန်ကို မနက်ပြန်ရောက်တာ ညနေ ၄ နာရီလောက် ကျိုက်ထီးရိုးကို ရန်ကုန်ကနေထွက်ခဲ့တော့တယ်။

(ကျိုက်ထီးရိုး သွားတဲ့အကြောင်းရေးပါဦးမယ်။)
မအားတာတွေများနေလို့ အသစ်တွေ မတင်နိုင်တာ တောင်းပန်ပါတယ်ဗျာ။
ခွင့်လွှတ်ကြပါ။
လင်းငယ်

Thursday, November 5, 2009

သူငယ်ချင်းတို့ အတွက်

သူငယ်ချင်းတို့ရေ ငါတို့အားလုံး လူလောထဲကို တစ်နေ့တည်း တစ်ရက်တည်း တူတူရောက်လာကြတာ မဟုတ်ခဲ့ကြပေမယ့်လည်း ငါတို့အားလုံး အတူတကွ ခင်မင်ခဲ့ကြတယ်နော်။ ဒါပေမဲ့ သက္ကရာဇ်တွေ ပြောင်းလဲလို့ ငါတို့တွေ ဝေးကွာသွားခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် အဝေးကနေ စကားပြောကြဖို့ မြင်ကြရဖို့က ဟိုးအရင် နှစ်ပေါင်းမြောက်မြားစွာလောက်ကလို မခဲယဉ်းတော့တာ အမှန်ပဲ။ မင်းတို့နဲ့ငါ ယနေ့ လူအများအခေါ် အွန်လိုင်းဆိုတဲ့ နေရာတစ်ခုမှာပြန်ဆုံဆည်းကြတယ်။ မင်းတို့ရော ငါရော ပြောင်းလဲသွားခဲ့တာ အမှန်ပဲပေါ့ကွာ။ ပြောစရာမလိုတဲ့ အမှန်တရားတစ်ခုလို့ပဲ ပြောရမယ်လို့ ငါထင်တယ်။ မင်းတို့နဲ့ ငါစကားပြောတယ်။ မင်းတို့ကတော့ အရင်ကအတိုင်း အဆဲလေးတွေနဲ့ စကားစကြတယ်။ ပြီးတော့ အနှစ်သာရမရှိဘူးလို့ ငါထင်ထားတဲ့ အကြောင်းအရာတွေကို မင်းတို့ အများကြီးပြောကြတယ်။ ဒါပေမဲ့ ငါနှုတ်ဆိတ်လို့ မင်းတို့ကို အင်း၊ အင်း ဆိုတဲ့ စကားလုံးပေါင်းမြောက်များစွာနဲ့ မင်းတို့ရဲ့ ပျော်ရွှင်မှုမဟုတ်တဲ့ ပျော်ရွှင်မှုကို ငါပေးခဲ့တယ်။ ဒါပေမဲ့ သူငယ်ချင်းတို့ ငါဟာ တဖြည်းဖြည်းနဲ့ မင်းတို့နဲ့စကားပြောရမှာကို လန့်လာမိတယ်။ ဒါဟာ ဘယ်သူ့ကြောင့်လိုတော့ ပြောလို့မရပါဘူးကွာ။ တကယ့်တရားခံ အစစ်ကတော့ ငါကိုယ်တိုင်လို့ပဲ ပြောလိုက်ချင်တယ်။ မင်းတို့သိမှာပါ မင်းတို့နဲ့ ငါစကားပြောတိုင်း မင်းတို့ကို ငါသိထားတဲ့ အနှစ်သာရအရှိဆုံး စကားတွေကိုပဲ မင်းတို့အတွက် အသိတရားရအောင် ပြောပြချင်နေခဲ့မိတယ်။ ဓမ္မတရားကွ။ ဒါဟာမင်းတို့တွေ အထင်နဲ့တော့ ငါတို့လို လူငယ်တွေနဲ့ အလှမ်းဝေးနေတဲ့ အရာလို့ မြင်နေကြလိမ့်မယ်။ ငါနဲ့မင်းတို့ စကားပြောတိုင်း ငါကမင်းတို့ကို တရားဓမ္မအကြောင်းလေးတွေ ထည့်ထည့်ပြီး ပြောတတ်တယ်။ မင်းတို့ရဲ့ စိတ်ထဲမှာဘယ်လိုနေမလည်းတော့ မသိဘူး။ အေးပါကွာလို့ အရင်တုံးက ပြန်ပြောခဲ့ကြတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ငါ့ကို မင်းတို့တွေ ပေါင်းပြီး ငါမြတ်နိုးတဲ့ဓမ္မတရားကို ဟာသတစ်ခုလို လုပ်သွားခဲ့တယ်။ မင်းတို့မှတ်မိဦးမှာပါ။ ငါမင်းတို့ကို အပြစ်မပြောချင်ပါဘူး။ မင်းတို့အမြင်မှာ ငါက အရွယ်နဲ့မလိုက်တဲ့ စကားတွေပြောနေတယ်လို့မြင်နေမှာဆိုတာကို ငါကြိုမြင်ထားပါတယ်။ ဒါကြောင့် ငါကမင်းတို့ကို ပြောခဲ့တယ်။ ငါ့ကိုပြောင်ချင်ပြောင် နောက်ချင်နောက် ငါမြတ်နိုးတဲ့ တရားဓမ္မကို လှောင်သလိုလို ပြောင်သလိုလို မလုပ်နဲ့လို့ ပြောခဲ့တာ မှတ်မိကြမယ်လို့ထင်ပါတယ်ကွာ။ မင်းတို့နဲ့ အဲ့ဒီစကားတွေ ပြောပြီးတဲ့ နောက်မှာ ငါမင်းတို့နဲ့ တွေ့နေကြ အွန်းလိုင်းဆိုတဲ့ နေရာကနေ အကြာကြီးပျောက်သွားတာ မင်းတို့လည်း သတိထားမိမှာပေါ့။ ငါမင်းတို့ကို စကားပြောချင်စိတ်ကုန်သွားတယ် လို့တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းဒေါသထွက်ခဲ့မိတာအမှန်ပဲ။ အကြောင်းကလည်း တိုက်ဆိုင်ချင်တော့ မအားမလပ်ကလည်း ဖြစ် ဒီတော့ မလာဖြစ်တော့ဘူးပေါ့ကွာ။ ငါအဓိကပြောချင်တာကတော့ မင်းတို့အတွက်ပါပဲ။ လူ့လောကကြီးရဲ့ သဘောက မတည်မြဲပါဘူးကွာ။ နောက်ပြီးတော့ အနှစ်သာရလည်း မရှိပါဘူး။ တွေးကြည့် မင်းတို့စိတ်ကူးယဉ်နေတဲ့ အရွယ်ရောက်ရင် ပညာသင် ပြီးတော့ အချိန်တန်ရင် မိန်းမယူ နောက်ပြီးတော့ သားသမီးတွေမွေးလို့ အရွယ်ရောက်အောင်ပြုစု နောက်တော့လည်း သေဆုံးခြင်းဆိုတဲ့ အမှန်တရားကြီးကို ရင်ဆိုင်ကြရဦးမယ်။ ဒါဟာ ဘယ်သူမှ မရှောင်လွှဲနိုင်ဘူးနော်။ ဒါကိုမင်းတို့မေ့လို့ ငါတို့ကငယ်သေးတာပဲ မသေနိုင်ဘူးမထင်နဲ့။ မျက်စိတစ်မှိတ် လျှပ်တပျက် အတွင်းမှာကို ပြောင်းလဲသွားနိုင်ပါတယ်ကွာ။ မင်းတို့ မမေ့နဲ့ ဟုတ်လား။ အနှစ်သာရမရှိတဲ့ အမြဲခြင်းတရား သင်္ခါရလောကကြီးကို ရင်ဆိုင်နိုင်ဖို့ မင်းတို့ငါတို့ တရားဓမ္မကို နှလုံးသွင်းထားဖို့လိုတယ်ကွ။ သူငယ်ချင်းတို့ အမြဲတမ်း မမေ့မလျှော့ပါနဲ့ကွာ။ ပျော်စရာမဟုတ်တဲ့ အပျော်တုတွေနဲ့ ဖုန်းလွှမ်းနေတဲ့ လူ့လောကကြီးကို မသာယာမိပါစေနဲ့။ အချိန်တန်ရင် ဘယ်ကလာခဲ့မှန်းမသိသလို ဘယ်ကိုသွားရမှန်းမသိတဲ့ လောကကို မသိခြင်းတရားနဲ့ မနေမိစေပဲ သိခြင်းတရားနဲ့ အဆုံးသတ်နိုင်ကြပါစေကွာ။ အနှစ်သာရရှိတဲ့ လူ့လောက အဖြစ်နဲ့ လူတစ်ယောက်အဖြစ်နဲ့ ရှင်သန်နိုင်အောင်ကြိုးစားကြကွာ။

သူငယ်ချင်းများအတွက်
လင်းငယ်

Wednesday, October 28, 2009

အွန်လိုင်း စာပေလောက

ခင်မင်ရင်းနှီး ငယ်ငယ်တည်းက တစ်လမ်းထဲမှာ တူတူနေ၊ တူတူကစား၊ တူတူ ပွားခဲ့ကြသော(ကောင်မလေးများ အကြောင်းဖြစ်၏) အစ်ကိုဘော်ဒါကြီး ဥက္ကဌခေါ် ကိုဘကြိုင်(ချဉ်ပေါင်ခြံ)က သူရေးထားတဲ့ အွန်လိုင်း စာပေလောကဆိုတဲ့ နာမည်နဲ့ တဂ်ကောဗျာ။ အဲ့ဒီမှာ စကွိုင်တာပဲ ကိုကလည်း တဂ်ဆိုရင် တတ်ချင်သလိုလိုရယ်။ အစ်မ လင်းကြယ်စင် တဂ်ထားတဲ့ အကြောင်းအရာတောင် မရေးတတ်လို ဟိုလိုဒီလိုလိုနဲ့ မရေးဖြစ်ဘူး။ အခုများတော့လည်း ကိုဘကြိုင်ရဲ့ ခေါင်းစဉ်လေးက ရေးချင်စရာကောင်းတာရယ်။ ကိုယ်ကလည်း ရေးစရာမရှိဖြစ်နေတာရယ်(နောက်တာနော်) နဲ့ပဲ ရေးပြီပေါ့။

အွန်လိုင်းပေါ်တွင် လူတွေ တစ်ယောက်နဲ့ တစ်ယောက် မသိပဲလည်း စကားတွေပြော အသိမိတ်ဆွေတွေဖွဲ့ ဒါနဲ့ပဲ သူငယ်ချင်းတွေ ဖြစ်သွားကြတာတွေ အများကြီးပေါ့လေ။ ထို့ပြင်တ၀ နောက်ပိုင်းကျတော့ အွန်လိုင်း ဘလော့ဂါများ ကိုကျွန်တော် တွေ့ရှိသွားသည်ပေါ့လေ။ အစကတော့ ဘာရယ်မဟုတ် စာအုပ်တွေ ဖတ်နေကျ လူတစ်ယောက်အနေနဲ့ စာတွေ မဖတ်ရတော့ ပြောရရင် စာလွမ်းဖျားလွမ်းနာကျလာတာပေါ့။ ဒီလိုနဲ့ အင်တာနက်ထဲဝင် ဟိုရှာ သည်ရှာနဲ့ မြန်မာဘလော့ တွေကစတွေ့တော့တာပဲ။ ကျွန်တော့်အတွက်တော့ ရေကန်အသင့် ကြာအသင့်ပေါ့။ ပျင်းလာရင် စာလေးတွေ ဖတ်ပြီး အပျင်းဖြေလိုက်။ ဗဟုသုတရစရာတွေ၊ ဟာသတွေ ဇာတ်လမ်းလေးတွေ စသည့်ဖြင့်ပေါ့ဗျာ စုံလို့ပါပဲ။ တဖြည်းဖြည်းနဲ့ အွန်လိုင်းကနေ ဘလော့ လည်ရခြင်းကို နှစ်သက်လာခဲ့ရော။ ဘာကြောင့်တုန်းဆိုရင်တော့ အကြောင်းပြချက်က ဗဟုသုတလည်းတိုး အပျင်းလည်းပြေတာကြောင့်လို့ပဲ ပြောရမှာပဲ။ ခေတ်ကြီးကတိုးတတ်လာတာနဲ့ အမျှ နည်းပညာတွေကလည်း မြင့်မားလာတော့ အရင်က ဆိုစာအုပ်ဖတ်မှ စာဆိုတာကို ဖတ်နိုင်ပေမယ့် အခုတော့ အင်တာနက်ထဲကနေပဲ ဖတ်လိုရနေပြီကော။ ဒါ့အပြင် အရင်က စာရေးတာ ၀ါသနာပါပေမဲ့ ချရေးဖို့ကို ၀န်လေး တချို့လည်း ကိုယ်ဖန်တီးထားတာလေးကို သူများတွေရဲ့ မနာလို လှောင်ပြောင်တာတွေကို ခံရမှာ ကြောက်တာနဲ့ပဲ မရေးဖြစ်ပဲ နေခဲ့ရာကနေ အခုများတော့ အင်တာနက်နဲ့ ဘလောဂါ ဒေါ့ကွန်းမှာ အကောင့်လေးဖွင့်လို့ အဆင့်သင့် ရေးသားရုံပေါ့။ တော်တော်များများကတော့ ပြောကြပါတယ်။ ဘလော့လေးရေးတော့ ဘာရယ်မဟုတ်ဘူး စိတ်ထွက်ပေါက်လေးရတာပေါ့တဲ့။ ဟုတ်ပါတယ် တစ်ခါတစ်လေမှာ ပါးစပ်ကနေ ထုတ်ပြောပြလို့ မရတဲ့ ခံစားချက်တချို့ကို စာသားတွေ အဖြစ်ပြောင်းလဲရေးပြခြင်းနဲ့ ကိုယ့်ရဲ့ ခံစားချက် မွမ်းကျပ်မှုတွေကို ဖြေဖျောက်နိုင်တာကိုး။ ကျွန်တော်ဆိုလည်း သူများ ဘလော့တွေ လိုက်ဖတ်လိုက်လေ့လာ ဒီလိုမျိုးလုပ်ရင်းနဲ့ ကြာတော့ ကိုယ်လည်း သူတို့လို ရေးချင်းစိတ်လေးတွေ တဖွားဖွားပေါ့လေ ပေါ်လာပါလေရော။ ဒီလိုနဲ့ ဘလော့လေးတစ်ခုလုပ်(သူငယ်ချင်း ကောင်မလေးတစ်ယောက်ကို ကျေးဇူးတင်ရမှာပါ သူသင်ပေးလို့ ဘလော့ဘယ်လို ပြုလုပ်တယ်ဆိုတာ သိခဲ့ရတာကိုး) ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ရေး။ အစကတော့ တော်တော်လေးကို ၀မ်းနည်းရသေးတယ်။ ကိုယ်ကတော့ ရေးတင်လို့ ဒါပေမယ့် လာဖတ်သည့် သူက နတ္ထိ ကြာတော့ တွေးတောင်တွေးမိတယ် ငါရေးတင်နေတာ ဖတ်တဲ့ လူလည်း မရှိပဲနဲ့ ဘာလို့ ရေးနေမှန်းတောင် မသိတော့ဘူးလို့ရယ်လေ။ ဒါပေမဲ့ တဖြည်းဖြည်း ဘလော့တွေ လျှောက်လည် ကိုယ့်ရဲ့ ဘလော့လိပ်စာလေးကို ချန်ခဲ့ သူတို့က ပြန်လာလည် ပြီးတော့ မန့်ခဲ့တာလေးတွေ တွေ့ ပျော်ရတာပေါ့လေ။ တစ်နေ့တစ်နေ့ အားတိုင်း ဘလော့လေးကို ၀င်ကြည့်ပြီး ဘယ်သူများ လာပြီး လည်သွားခဲ့သလည်း ရယ်လို့ အခါခါကြည့်လို့ လာလည်သွားသူရှိလို့ကတော့ ပျော်လိုက်တာလေ။ တကယ်ပါ ပထမဆုံး မန့်ခဲ့တာကို တွေ့တုန်းကဆို ရင်ထဲမှာအတိုင်းအထက်အလွန်ပဲ ပျော်ပုံများပြောပါတယ်။ ငါ့ရေးတဲ့စာ ဖတ်တဲ့လူရှိပြီရယ်လို့။ ဒါနဲ့ပဲ တဖြည်းဖြည်း ရေးဖို့ကို အားတတ်လာတယ်။ တစ်ယောက် မန့်ရင် တစ်ခါအားတတ်နဲ့ ဒါကြောင့် ကျွန်တော့် ဘလော့မှာတောင်ရေးထားသေး သင်၏ကွန်းမန့်တစ်ခုသည် ကျွန်တော့်အား စာများပိုမိုရေးဖြစ်ရန် အားဖြစ်စေပါသည်လို့။ ဘလော့တစ်ခုကိုရေးတာဆိုတာလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ညစ်စရာ ပျော်စရာ အသိပညာ စတာတွေကို လူအများနဲ့ မျှဝေခံစား နိုင်ဖို့ သူများရဲ့ စိတ်ညစ်စရာ ပျော်စရာ အသိပညာတွေကိုလည်း ကိုယ်က မျှဝေခံစားပေးဖို့ အတွက် အဓိကပါပဲ။ ကောင်းပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အွန်လိုင်းစာပေ လောကဟာ လူငယ်တွေ အတွက်ရော လူကြီးတွေ အတွက်ရော ရပ်ဝေးရောက်နေသူရော ရပ်နီးမှာ နေသူရော ကိုယ့်ရဲ့ အသိပညာ ပျော်စရာ ၀မ်းနည်းစရာ စတာတွေကို တစ်ယောက်နဲ့ တစ်ယောက် မျှဝေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စာပေလောကမှာ ထုတ်ဝေသူလိုအပ်သလို အွန်လိုင်းစာပေလောကမှာလည်း တစ်ယောက်နဲ့ တစ်ယောက်အားပေးကူညီမှုက လိုအပ်နေဦးမှာပါ။ လူသစ်ကို ကြိုဆိုလို့ လူဟောင်းချင်းချင်း ခင်မင်ရင်းနှီးပြီး ပျော်ရွှင်စရာ ပိုမိုကောင်းမွန်တဲ့ အွန်လိုင်းစာပေလောကလေး ဖြစ်အောင် အားလုံးပဲ ၀ိုင်းဝန်းကြိုးစားလိုက်စို့ရဲ့...............

လင်းငယ်

Monday, October 26, 2009

မသိမှားလား သိမှားလား

လောကမှာ လူတွေဟာ အမှားများစွာပြုတတ်ပါတယ်။ တချို့လည်း အမှားမှန်း သိနေပါလျက်နဲ့ လုပ်နေကြသလို တချို့ကတော့ အမှားမှန်းမသိပဲ နဲ့ ပြုလုပ်မိသွားပါတယ်။ ဥပမာ အကုသိုလ်ပေါ့။ လူတိုင်းငယ်ငယ်က အကောင်ငယ်လေးတွေ သတ်တယ်။ လူကြီးတွေကတော့ ကလေးပဲ မသိလို့ သတ်တာ အပြစ်မရှိပါဘူး လို့အလွယ်တကူပြော တတ်တယ်။ ဒါက ကလေးတွေကို အဲ့ဒီလို အကောင်လေးတွေ သတ်ဖို့တွန်းအား ပေးနေသလိုဖြစ်နေတာ သတိမထားမိလို့ပါ။ ကျွန်တော်ငယ်ငယ်က သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် သူကပြောတတ်တယ် ခြင်တွေကို သတ်တာ ငရဲမကြီးဘူးတဲ့ ဘာလို့လည်း ဆိုတော့ ခြင်မှာ နားရွက်မပါလို့တဲ့။ နားရွက်မပါတဲ့ သတ္တ၀ါကို သတ်ရင် ငရဲမကြီးဘူးတဲ့။ ဘယ်ကနေသူသိလာတဲ့ အလွဲကြီးလဲတော့ မသိဘူးနော်။ လောကမှာ သူများ အသတ်သတ်ခြင်းက မသိလို့ သတ်တာဖြစ်ဖြစ် သိလို့ သတ်တာဖြစ်ဖြစ် အကုသိုလ်ဖြစ်ပါတယ်။ အခြေအနေတစ်ခု အနေနဲ့ကတော့ မဖြစ်ပါဘူး။ အဲ့ဒါကဘာလည်း ဆိုတော့ သူတစ်ပါးကို သေစေလိုသည့် ဆန္ဒမပါရင် အကုသိုလ်မဖြစ်ပါဘူး။ ငရဲလည်း မကြီးဘူးပေါ့ဗျာ။ အခြားတစ်ဖက် အနေနဲ့ကတော့ သေစေလိုသည့် ဆန္ဒပါရင်တော့ အကုသိုလ်ဖြစ်သွားတာပေါ့။ အသက်အရွယ်နဲ့ အကုသိုလ်ဖြစ်မှု မဖြစ်မှုက လုံးလုံး မသတ်ဆိုင်ပါ။

ဒီနေရာမှာ ကျွန်တော် သိတဲ့ အကြောင်းလေး နည်းနည်းပြောပြမယ်နော်။ ဘုရားလက်ထက်က မုဆိုးကြီး တစ်ယောက်ရှိသတဲ့။( ဘုရားလက်ထက်ကလို့ ထင်တာပဲ)။ အဲ့ဒီမုဆိုးကြီးဆီမှာ မိန်းမရှိတယ်တဲ့။ အဲ့ဒီမုဆိုးကြီးရဲ့ မိန်းမက မုဆိုးကြီး တောလိုက်ထွက်တော့မယ်ဆို ဇနီးမယားတို့ရဲ့ ၀တ္တရား အရ လက်နက်တွေ ယူပေးတာတွေ ဘာတွေလုပ်ပေးတာပေါ့လေ။ အဲ့ဒီ မုဆိုးကြီးဇနီးဟာ သောတာပန်ဖြစ်နေသူတဲ့။ တစ်နေ့တော့ ရဟန်းတွေကော လူတွေကကောပေါ့လေ မုဆိုးကြီးဇနီးဟာ သောတာပန် ဖြစ်ပါလျက်နဲ့ ဘာကြောင့် သူများအသတ်သတ်ဖို့ကို ပြင်ဆင်ပေးရတာလည်းပေါ့။ ဒီလိုမျိုးတွေ ပြောနေကြတယ်တဲ့။ ဒီအခါမှာ မုဆိုးရဲ့ ဇနီးက သူဟာ မုဆိုးကြီးကို ပစ္စည်းတွေပြင်ဆင်ပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီဟာတွေလုပ်ပေးတာဟာ ဇနီးမယားတစ်ယောက်ရဲ့ ကျင့်ဝတ်အရ ပြုလုပ်ပေးခြင်းသာဖြစ်ပါတယ်။ ဒီဟာတွေ ကိုပြုလုပ်ပေးနေတဲ့ အချိန်မှာလည်း သတ္တ၀ါတွေ သေပါစေဆိုတဲ့စိတ် မရှိပါဘူးတဲ့ အားလုံးကျန်းမာချမ်းသာ ပါစေလို့ စေတနာပွားနေခဲ့ပါတယ်တဲ့။ ဒီကိစ္စမှာဆို လုပ်တော့ လုပ်ပေးတယ် စေတနာက သေစေချင်တဲ့ စေတနာမဟုတ်တဲ့ အတွက် အကုသိုလ်မဖြစ်ပါဘူး။ သောတာပန်ဆိုတဲ့ အတွက်လည်း ငါပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲနေပြီမဟုတ်လား။ ဒီတော့ သူအတွက် အပြစ်ပြုလုပ်ခြင်းဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သောတာပန်ဟာ ဘုရားပေါ်မှာ အကြွင်းမဲ့ ယုံကြည်ခြင်းနဲ့ ငါးပါးသီလကို ခိုင်မြဲသွားပြီဖြစ်လို့ပါပဲ။ ဒါကျတော့ သိလျက်နဲ့ မမှားတော့တာပေါ့။ တချို့ကတော့ သိလျက်နဲ့ မှားနေတာတွေ ရှိရဲ့။ တချို့ဆို အကုသိုလ်အလုပ်မှန်းသိပါလျက်နဲ့ ဘုရားလှူတဲ့ ပစ္စည်းတွေခိုးလို့ တစ်မျိုး ဘုရားကပ်တဲ့ ပစ္စည်း ဘုရားမကပ်ပဲ သူတို့တွေ ယူစားတာမျိုးပေါ့လေ။ ဥပမာ ဂေါပက လူကြီးတွေပေါ့လေ။ သူတို့ဟာ သိပါလျက်နဲ့ မှားနေကြသူတွေပေါ့။

ကဲပါ ဘာရယ်မဟုတ်ဘူး။ စိတ်ထဲမှာ ရေးချင်တာလေးတွေ ချရေးပေးလိုက်တာနော်။ အားလုံးလည်း မသိမှားလည်း မဖြစ် သိမှားလည်း မဖြစ်ပဲ သိလျက်နဲ့ မမှားတဲ့ လူတွေဖြစ်အောင်ပေါ့။ နေ့တိုင်း ငါးပါးသီလလေး စောင့်တည်ပြီး နေကြည့်ကြပေါ့။ (ကျွန်တော်တော့ အခုထိ ငါးပါးသီလမှာ တစ်ခုမဟုတ် တစ်ခုတော့ ချိုးဖျက်မိနေတုန်း။ ပုထုဇဉ်ဆိုတော့လည်း မလွယ်ဘူးပေါ့လေ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ လုံအောင် စောင့်တည်ပါတယ်)။ အားလုံးပဲ ပျော်ရွှင်ပါစေ။

လင်းငယ်

ဆီပူအိုးကင်းပေါ်မှ ဂါထာတရာ ကလျာဏိယထေရ်

သီဟိုဠ်ကျွန်း အနောက်တောင်ပိုင်း ကလျာဏိမြစ်အနီး၌ ကလျာဏီတိဿမင်း(၃၀၆-၂၀၇ ဘီစီ) မင်းပြု၏။ ယဌာလတိဿဟုလည်း ခေါ်သည်။ ညီတော် အျာဥတ္တိယအား အိမ်ရှေ့ဥပရာဇာအရာနှင်းတော်မူ၏။ ညီတော် နောင်တော် နှစ်ဦးစလုံး ကလျဏိယ မထေရ်ကြီးထံ ပညာသင်ခဲ့ကြရသည်။ မင်းဖြစ်သော်အခါ မိမိတို့၏ ဆရာမထေရ်ကြီးအား နောက်ပါသံဃာများနှင့်အတူ နန်းတော်သို့ပင့်၍ နေ့စဉ်ဆွမ်းကပ်လှူလေ၏။

မကြာမီညီတော်အိမ်ရှေ့မင်းလည်း မရီးတော် မိဖုရားကြီးနှင့် အကျွမ်းတ၀င် ယဉ်ပါးဆက်ဆံ ဖောက်ပြန်လျက်ရှိရာ နောင်တော်ရိပ်မိသိရှိလေလျှင် ညီတော်မှာ ရွာသိမ်ရွာငယ်တခုသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။ ညီတော်ဥတ္ထိမင်းသားလည်း ကာလကြာသောအခါ မရီးတော်ကို သတိရလွမ်းဆွတ်သဖြင့် စာတစောင်ရေးကာ မိမိ၏ ကျွန်တော်ယုံတော်တဦးအား မိဖုရားကြီးထံ အပို့လွှတ်လေ၏။ ထိုကျွန်ယုံတော်သည် တခုသော နံနက်တွင် ရဟန်းယောင်ဆောင်၍ သင်္ကန်းဝတ်ကာ နန်းတော် တံခါးမုခ်က စောင့်နေကာ ကလျာဏိယ မထေရ်ကြီး နောက်ပါသံဃာများနှင့် အတူ နန်းတွင်းသို့ ဆွမ်းစားကြွအလာတွင် သံဃာများနှင့်အတူ ရောယောင် လိုက်ပါသွားလေသည်။

ဆွမ်းကျွေးပွဲမှာ ချစ်စာခွေမိ

ကလျာဏိယမထေရ်ကြီး၏ စိတ်တွင် မင်းနှင့် အကျွမ်းဝင်သောရဟန်းတစ်ပါးဖြစ်မည် အထင်ဖြင့် တစုံတရာ မမေးမမြန်းပဲ အမှတ်တမဲ့ပင် ကြွတော်မူ၏။ မင်းကြီးလည်း မထေရ်ကြီး၏ တပည့်တပါးဖြစ်မည် ဟုပင်ယုံကြည်၍ တစုံတရာ ပြောဆိုစစ်ဆေး မေးမြန်းခြင်းမပြု။ ထုံးစံအတိုင်း မင်းနှင့်မိဖုရားတို့ ဆွမ်းဆက် ကပ်ကြ။၏။ ဆွမ်း အနုမောဒနာတရားပြီးလျှင် မင်းကြီးက ဦးစွာထ၍ နန်းတွင်းသို့ဝင်သွားခိုက် မိဖုရားကြီးမှာ သံဃာတော်အများအနီးသို့ တိုးသွားကာ ပန်းကန် ခွက်ယောက်များကို သိမ်းဆည်းစေရန် စီမံလေ၏။ သံဃာတော်များလည်း ပြန်ကြွရန် ဟန်ပြင်နေခိုက် သင်္ကန်းဝတ် တမန်လည်း မိဖုရားကြီးအနီး ကြမ်းပြင်ပေါ်သို့ ပေဖူးလွှာ စာတွေ တခု ပစ်ချလိုက်၏။ မင်းကြီးလည်း အတွင်းတော်သို့ မ၀င်ရောက်သေးမီ အသံကြား၍ နောက်သို့ လှည့်ကြည့်လိုက်သည်။ ပေဖူးလွှာ စာခွေကို မြင်ရသဖြင့် ချက်ချင်းပြန်လှည့်လာ၏။ စာကိုကောက်ယူ၍ ကြည့်လိုက်ရာ ဒေါသာအမျက်ခြောင်းခြောင်း ထွက်လေတော့သည်။

နန်းတော်မှ ထွက်ခွာကြွသွားသော သံဃာများထံ ချက်ချင်း နောက်က လိုက်စေ၍ ယနေ့မှ ဆွမ်းကျွေးရာသို့ လိုက်ပါလာသူ ရဟန်းယောင်အား မင်းချင်းများက ခေါ်ဆောင်လာကြရသည်။ ရဟန်းယောင်လည်း အမှန်အတိုင်းဝန်ခံလျှင် မိမိရော၊ မိမိဆရာ မင်းသားကိုပါ ကွပ်မျက်မည်ကို သိသဖြင့် ကလျာဏိယမထေရ်ကြီးအား အကာအကွယ်ယူရန် သတိရလေသည်။ မထေရ်ကြီးမှာ မင်းကြီး၏ ငယ်ဆရာလည်းဖြစ်၊ အလွန်လည်း အကြည်ညိုခံရသည်ကို သိထားသည်အတိုင်း မင်းကြီးစစ်ဆေးလျှင်-
`ဒကာတော်မင်းကြီး..၊ ဒီစာခွေကို ဦးပဉ္စင်းအား ဆရာတော်ကြီးက မိဖုရားကြီးရှေ့မှာ ချခဲ့ရမယ်ဆိုလို့ ချခဲ့ရပါတယ်´ ဟုပြောလေ၏။ မင်းကြီးလည်း ပို၍ပင် ဒေါသထွက်ကာ- `ငါကတော့ ရဟန္တအမှတ်နဲ့ ကိုးကွယ်ခဲ့တယ်။ ယခုတော့ ညီတော်ရဲ့ တမန်အလုပ်ကို လုပ်ရက်ပါပေတယ်။ ငါ့ဆရာဟာ ငါ့မိဖုရားကိုပဲ ယူပြီး ဘုရင်များ လုပ်ချင်သေးလို့လား´ ဟုရေရွတ်ပြောဆိုလေ၏။

ကလျာဏိယ မထေရ်နှင့် ဆီပူအိုးကင်း
အာဏာပါးကွက်သား သူသတ်သမားများကိုလည်း ချက်ချင်းဆင့်ခေါ်ကာ ကလျာဏိယမထေရ်ကြီးအား ကျောင်းသိုပ သွားရောက် ဆွဲခေါ်စေ၏။ နန်းတွင်း၌ပင် ဆီအိုးကင်း ကြီးတခု၌ ဆီများအပြည့်ထည့်ကာ ကျိုက်ကျိုက်ဆူအောင် မီးထည့်ခိုင်းလေ၏။ မထေရ်ကြီး ရောက်လာလျှင် ဒေါသတကြီး ရေရွတ်ကြိမ်းမောင်းကာ တစုံတရာ မေးမြန်းစိစစ်ခြင်းမရှိ၊ ဆီအိုးကင်း၌ထည့်၍ ကြော်ပြီးသတ်ရန် တချက်လွှတ်အမိန့်ချလိုက်လေသည်။ မင်းကြီးသည် မစူးမစမ်း မဆင်မခြင်ပဲ ဒေါသတကြီါ် သူသတ်သမား မင်းခယောက်ျားများအား အမိန့်ချနေသည် အချိန်မှစ၍ ပညာရှိမှုးကြီး မတ်ကြီါ်များလည်း တဦးပြီးတဦး သတိပေးစကားများ လျှောက်ထား သံတော်ဦးတင် ကြ၏။ အသက်ကိုပင်စွန့်၍ ၀ံ့ဝံ့စားစား အကြောင်းအကျိုးပြ တားမြစ်ကြသော်လည်း မင်းကြီးမှာ မည်သူ့စကားကိုမျှ အလေးမမူ လျစ်လျူရှု၍သာနေလိုက်၏။ သတ်ရန်အမိန့်ကိုလည်း တွင်တွင် ချမှတ်နေသည်။ မထေရ်ကြီါ်မှာ အမှန်အတိုင်းဖွင့်၍ ပြောသော်လည်း အခြားတစုံတဦး အားအသက်ဘေးမှ ချမ်းသာခွင့်ပေးမည်မဟုတ်သည်ကို သိတော်မူသဖြင့် မည်သို့မျှ အမိန့်ရှိတော်မမူတော့ချေ။ သူသတ်သမားများ ဆွဲခေါ်ရာသို့သာ လိုက်ပါ၍ များစွာသံဝေဂ ဖြစ်တော်မူရလေ၏။ မေတ္တာနှင့် ၀ိပဿနာ တရားကိုသာ ပွားများလိုက်ပါယင်း နန်းတွင်းသို့ရောက်လျှင်လည်း သူသတ်သမားများ စီမံဆွဲတင်သည့် အတိုင်း ဆီပူအိုးကင်းကြီးထဲသို့ ဆင်းသက်တော်မူရလေ၏။ မတုန်မလှုပ်ပင် ရုပ်နာမ်သဘောများကို ဆင်ခြင်သုံးသပ်ယင်းဆီပူအိုး ကင်းကြီးထဲသို့ ဆင်းတော်မူရာ ဆီပူထဲသို့ မရောက်မီမှာပင် မဂ်ဖိုလ်လေးဆင့် ဉာဏ်မြတ်ရင့်၍ အမြင့်မြတ်ဆုံးသော အရဟတ္တဖိုလ်သို့ ရောက်တော် မူလေ၏။ အရဟတ္တဖိုလ် ဂုဏ်သတ္တိကြောင့် မထေရ်ကြီး၏ မွေးညင်းတော်မျှကိုပင် ပူလောင်ခြင်းမရှိချေ။

==============

လင်းငယ်- သူတော်ကောင်းများရဲ့ သည်းခံနိုင်မှုစွမ်းအားကြီးမားပုံကို ကြည်ညိုဖို့ကောင်းလိုက်ရဲ့ နောက်ပြီး အရဟတ္တဖိုလ်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သတ္တိကို သိသာနိုင်ပါတယ်။ မထေရ်ကြီး၏ အတိတ်ကံ နှင့် မထေရ်ကြီးအား မဆင်မခြင် သတ်မိ၍ အပြစ်သင့်သွားတဲ့ မင်းကြီး၏ ကံတရားကို ဆက်ရေးပါမယ်။

မူရင်းစာအုပ်- ဓမ္မာစရိယ ဦးဌေးလှိုင်ရေး သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ

Thursday, October 22, 2009

အသက်ကလေးရယ် ရှည်စေလို

အသက်ကလေးရယ် ရှည်စေလို မန်းတောင်ရိပ်ခို ဆိုတာ ဟိုးငယ်ငယ်လေးထဲက ကြားဖူးနေကြစကားပါ။ လူတိုင်း လူတိုင်းလည်း ကြားဖူးနေပါလိမ့်မယ်။ တကယ်ပဲ မန်းတောင်ရိပ်ကိုခိုရင် အသက်ရှည်မရှည်တော့ မသိပါဘူး။ အသက်ရှည်အနာမဲ့ရခြင်းရဲ့ အကြောင်းအရင်းကတော့ မြတ်စွာဘုရားက သိကြားမင်း မေးလို့ ဖြေထားတဲ့ တရားတော့ရှိပါတယ်။ ကျွန်တော်ကတော့ မိုးကုတ်ဆရာတော် ဘုရားကြီး ဟောထားလို့ အဲ့ဒီတရားကို နာဖူးပါတယ်။ အခုပြောပြမယ်နော်။ သိတဲ့လူလည်း ပြန်သတိရ မသိသေးတဲ့ လူလည်းသိသွားတာပေါ့နော်။

မြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့ အခါ သိကြားမင်းဟာ မြတ်စွာဘုရားရှင်ကို မသိတာတွေ မေးမြန်းဖို့ အတွက် ဘုရားရှင်ထံသို့ ရောက်လာတယ်တဲ့။ အဲ့ဒီသိကြားမင်းဟာ ဘုရားရှင်ပွင့်တော်မမူခင် တုန်းကတည်းက ဖြစ်နေတဲ့ သိကြားမင်းတဲ့ဗျာ။ သိကြားမင်းဆိုတဲ့ အတိုင်း နတ်တို့၏ ထက်မြတ်ပြီး ကြံလုံးစီလုံး များတဲ့ ဥာဏ်နဲ့ မြတ်စွာဘုရားရှင်ကို သူမသိတာတွေ နားမလည်တာတွေ မေးမြန်းဖို့ လာခဲ့တယ်တဲ့။ အဲ့ဒီ သိကြားမင်းမေးတဲ့ မေးခွန်းတွေဟာလည်း ခန္ဓာဥာဏ်ရောက် သစ္စာတရားတွေကို အားထုတ်ထားတဲ့ လူမဟုတ်ရင် မဖြေနိုင်ဘူးတဲ့ ဗျာ။ ပထမဦးဆုံးအနေနဲ့ သိကြားမင်းဟာ မြတ်စွာဘုရားထံပါးကို ရောက်သွားတော့ အရှင်ဘုရား လူတွေဟာ မိမိကိုယ်ကိုယ် ကျန်းမာခြင်းအကြောင်း ဘေးအန္တာရယ်ကင်းခြင်း အကျိုးအတွက် မိမိကိုယ်ကို မေတ္တာပို့ ဆုတောင်း စသည်ဖြင့် အသက်ရှည် အနာမဲ့ခြင်း အကျိုးငှာ ပြုလုပ်ကြပါတယ်တဲ့။ သို့သော်လည်း ထိုသူတို့သည်ပဲ အသက်ရှည်ခြင်းကင်းမဲ့၍ အနာများကြရသည်မှာ မည်သည့်ကြောင့်ပါလည်းလို့ မေးတာပေါ့ဗျာ။ မြတ်စွာဘုရားရှင်ကလည်း ဒကာတော် သိကြားမင်း တကယ်တော့ အသက်ရှည်ခြင်းအကျိုးသည်က က္ကဿာ(ကိတ်သာဟုအသံထွက်ပါသည်..သေချာမပေါင်းတတ်လို့ပါခင်ဗျာ) မစ္ဆေရကြောင့် ဖြစ်သည်တဲ့။ က္ကိဿာဆိုသည်မှာ သူများကြီးပွားခြင်းကို မနာလိုခြင်း စသည်ကို ခေါ်ပါသည်။ မစ္ဆေရ ဆိုသည်မှာ မိမိတွင်ရှိသည့် ပစ္စည်များကို သူတစ်ပါးအား ပေးရမည်ကို နှမျောတွန့်တိုခြင်း ဖြစ်ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်ကို သိကြားမင်းက အဲ့ဒီ က္ကိဿာမစ္ဆေရဆိုတာ ကောဘယ်ကနေလာပါသလည်း ဘုရားတဲ့ ဒီတော့ဘုရားရှင်ကလည်း ချစ်ခြင်းမုန်းခြင်းကနေလာသကွာတဲ့။ ချစ်ခြင်းမုန်းခြင်းကကောဘယ်က လာသလည်းဘုရားတဲ့ ဘုရားကလည်း ဆန္ဒကနေလာတယ်လို့ ဖြေလိုက်တယ်တဲ့။ ဖြေလိုက်တဲ့နောက်မှာပဲ သိကြားမင်းလည်း သောတာပန်တည်လို့ သိကြားဘ၀ကနေ စုတေစိတ်ကျလို့ စုတေပြီး တရားပွဲထဲမှာတင် သိကြားမင်းပြန်လာဖြစ်တယ်တဲ့ဗျာ။ သိကြားမင်းယခုလို စုတိစိတ်ကျပြီး သိကြားပြန်ဖြစ်တာကို သိကြားနဲ့ ဘုရားကလွဲရင် ဘယ်သူမှမသိလိုက်ဘူးတဲ့။ အဓိကကတော့ အသက်ကလေးရယ်ရှည်ချင်ရင်တော့ သူတစ်ပါးကို မနာလို ဖြစ်တဲ့စိတ်ကို မဖြစ်နိုင်အောင်လုပ် နောက်ပြီး ကိုယ့်ပစ္စည်းကို နှမျောတွန့်တိုတဲ့စိတ်ကို ဖျောက်နိုင်အောင်ကြိုးစားပေါ့နော်။ ဖြစ်ပေါ်လာခါနီးတဲ့ မနာလိုစိတ်ကိုလည်း ၀ိပဿနာအနေနဲ့ ဖြစ်ပျက်သာရှု နှမျောတွန့်တိုစိတ်ကိုလည်း ဖြစ်ပျက်သာရှု ဒါဆို အကုသိုလ်စိတ်တွေ မဖြစ်ပေါ်တော့ပဲနဲ့ အကုသိုလ်ဖြစ်မဲ့ စိတ်ကနေ ကုသိုလ်စိတ်အဖြစ်ပြောင်းလို့ အသက်ရှည်အနာမဲ့ တဲ့ လူ့ဘ၀လေးကို နေနိုင်မှာပေါ့ဗျာ။ ဒီလိုနဲ့ပဲ တရားအားထုတ်ရင်းနဲ့ပဲ တစ်မဂ်တစ်ဖိုလ်ရ ဒါမှမဟုတ် ကိစ္စပြီးလို့ သံသရာကို ဖြတ်နိုင်ကြတာပေါ့ဗျာ။ ခဏရတဲ့ လူ့ဘ၀ကို တန်ဖိုးရှိရှိအသုံးချလို့ အသုံးဝင်တဲ့ လူ၊ တန်ဖိုးရှိတဲ့ လူတစ်ယောက် အနေနဲ့ သေဆုံးခြင်းကို ရဲဝံ့စွာ ရင်ဆိုင်နိုင်ပါစေ.....

လင်းငယ်

Wednesday, October 14, 2009

လင်းငယ် ပျောက်နေပါသည်...

အခုတလော ကျွန်တော့်ကို တော်တော်များများက မေးကြတယ် ပျောက်လှချေလားတဲ့။ ဘာတွေလုပ်လို့ ဘယ်တွေသွားနေလည်းပေါ့လေ။ (ဘယ်ဆီကိုမင်းရောက်နေလည်း ဘာတွေကို မင်းလုပ်နေလည်း လို့တောင် သီချင်းလေးတွေ ဟစ်နေမလားပဲ.. ဟီးဟီး နောက်တာ)။ အဓိကကတော့ မမလင်းပေါ့နော်။(သူ့ကို အစ်မလို့ ခေါ်တာမကြိုက်ဘူးတဲ့ ဒါပေမယ့် ခေါ်လိုက်ပြီ)။ အွန်လိုင်းမှာတွေ့တော့ ဘယ်တွေပျောက်တဲ့။ ဟုတ်ကဲ့ ပျောက်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ ဆိုတဲ့ စာအုပ်ကို ဖတ်နေလို့ပါ။ ဒီစာအုပ်ကို ဖတ်တာလည်း ဟိုတစ်ပျက် ဒီတစ်ပျက်နဲ့ မပြီးနိုင်ဖြစ်နေရော။ ဒါနဲ့ သေချာလေး အချိန်ယူပြီး ဖတ်ရင်းနဲ့ ဗုဒ္ဓဘာသာရဲ့ ထူးခြားအံ့သြဖွယ် ကောင်းမှု၊ နောက်ပြီး ကြည်ညိုလေးစားဖို့ကောင်းတဲ့ အရိယာသူတောင်ကောင်းကြီးတွေ အကြောင်း၊ သာသနာကို အထောက်အပံ့တွေပေးသွားခဲ့တဲ့ မင်းကောင်းမင်းမြတ်တွေ အကြောင်း စသည်ဖြင့်ပေါ့လေ ဒါတွေကို ဖတ်မိပြီး အရမ်းကို ပီတိဖြစ်နေတယ်။ ဒါနဲ့ ဆက်ဖတ်နေတုန်းပါပဲ။ ဒီလို ဆက်ပြီး ဖတ်နေတုန်း စိတ်ထဲမှာ သြော် လူတော်တော်များများ လည်းဖတ်ဖူးချင်မှာဖတ်ဖူးမယ်။(ဘာကြောင့်လည်းဆိုတော့ စာအုပ်ကတော်တော်လေး ထူပါတယ်။ စာဖတ်ပျင်းတဲ့လူဆို ဖတ်ဖို့ မလွယ်ပါဘူး။)။ နောက်ပြီး တစ်ချို့လည်း ဖတ်ချင်နေတဲ့လူတွေရှိမယ်။ ဒါတွေကို တွေးမိလို့ အရင်ဆုံး ကြော်ငြာလေးတော့ ငါ့ဘလော့မှာ ၀င်ထိုးလိုက်ဦးမှဆိုပြီး တွေးမိတာနဲ့ ကွန်ပြူတာလေးကို ဖွင့်ပြီး အခုဒီစာလေးကိုရေးဖြစ်သွားရော။ ကျွန်တော် အခုဖတ်နေတဲ့ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများဆိုတဲ့ စာအုပ်ကို ဖတ်ပြီး ရင်အဲ့ဒီထဲက ကြည်ညိုဖွယ်ကောင်းတဲ့ အရိယာသူတော်ကောင်းကြီးတွေရဲ့ အကြောင်း။ ဗုဒ္ဓဘာသာ ရဲ့ အံ့သြဖွယ်ကောင်းမှု စတာတွေကို ပို့စ် အနေနဲ့ ရေးပြီးတင်ပါမယ်။ ကျွန်တော့်ရဲ့ ဘော်ဘော်များ အားလုံး စောင့်ပြီး ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ပဲ.....

လင်းငယ်

Monday, October 12, 2009

ငါ့ကိုနားလည်ပေးပါ နှင့် ငါနားလည်ပါတယ်...

ကျွန်တော့်မှာသူငယ်ချင်း တစ်ယောက်ရှိပါတယ်။ မိဘချင်းလည်း ခင်မင်တဲ့သူငယ်ချင်းပါ။ သူက သဘောလည်း ကောင်းတယ်။ လူတစ်ကာကိုလည်း အားနာတတ်တယ်။ သူနဲ့ကျွန်တော်က စင်ကာပူ စရောက်မှခင်ကြပေမဲ့ ငယ်သူငယ်ချင်းတွေလိုပဲ အရမ်းရင်းနှီးပါတယ်။ သူရဲ့ လူတကာကို အရမ်းအားနာ တတ်တဲ့ စိတ်က တစ်ခါတစ်လေကျရင် မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူပဲနစ်နာရလို့ပါ။ တစ်ခါတစ်လေကျရင် သူရဲ့ အားနားမှုကြောင့် ကျွန်တော်နဲ့ ကိုသီဟဆိုတဲ့ အစ်ကိုကြီးမှာ သူဘက်ကနေ ဒေါသထွက်ရတာတွေရှိပါတယ်။ သူရဲ့ အားနာတတ်မှုကတော့ စံနမူနာ တင်လောက်ပါတယ်။ နောက်ပြီး သူအမြဲပြောနေကြစကား ရှိပါတယ်။ သူကို ကျွန်တော်တို့က တစ်ခုခုကြောင့် ပြောပြီးဆိုရင် သူက ပြောတတ်တယ်။ ငါ့ကို နားလည်ပေးကျပါကွာတဲ့။ တစ်ခါလည်း ကျောင်းကနေပြန်တော့ သူ့ကို ကျွန်တော်ရယ် ကိုသီဟရယ်က သူ့ကို အပြင်သွားဖို့ခေါ်ပါတယ်။ သူက ဒီပြင်လူတစ်ယောက်နဲ့ ချိန်းထားလို့ မလိုက်တော့ဘူးတဲ့။ ချိန်းထားတဲ့ အချိန်ကလည်း ညကျမှဆိုတော့ ကျွန်တော်တို့ သူ့ကို ပြောတော့ သူက ကျွန်တော်တို့ကို သူဖုန်းပြောနေရင်းတန်းလန်းနဲ့ အဝေးကြီးကနေ ငါ့ကိုနားလည် ပေးကြပါကွာ ဆိုပြီးပြောတော့။ ကျွန်တော်တို့မှာ ရယ်လိုက်ရတာ။ နောက်ပြီး သူဖုန်းပြောနေတဲ့ စိုင်းဆိုတဲ့ လူကလည်း နောက်နေ့ကြတော့ ပြောပါလေရော မြန်မာရုပ်ရှင်ကား ထဲက အထာတွေဆိုပြီး။ သူကျွန်တော့်ကို အဲ့ဒီလို နားလည်ပေးဖို့ အမြဲပြောတော့ ကျွန်တော်လည်း ပြီးပြီးရောဆိုပြီး ငါမင်းကို နားလည်ပါတယ်ကွာ ဆိုပြီး ပြန်ပြောတတ်ပါတယ်။ နောက်ပိုင်း ကျွန်တော် စဉ်းစားမိတာက တစ်မျိုးဖြစ်လာတယ်။

လူဆိုတာ တကယ်တော့ ကိုယ့်ကိုကိုယ်တောင် နားလည် ဖို့မလွယ်ပါဘူး။ စဉ်းစားကြည့်လေ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်ရင်းနဲ့ အအေးသောက်ချင်လာလိုက်။ ကောင်းတဲ့ အလုပ်တွေ လုပ်မယ် စဉ်းစားရင်းနဲ့ပဲ မကောင်း တဲ့ အလုပ်တွေ လုပ်မိပြန်ရော။ ဒီလောက်ကိုကြည့်ရုံနဲ့ ကိုယ့်ကိုကိုယ်တောင် နားလည်ဖို့ ခက်တယ်ဆိုတာ သိသာပါတယ်။ ဒါကို သူများကို နားလည်ဖို့ဆိုတာ ဘယ်လောက်ခက်မလည်းနော်။ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာ ကတောင် ပြောခဲ့သေးတာပဲ သူတစ်ပါးရဲ့ စိတ်အကြံကို သိဖို့က ခဲယဉ်းပါတယ်တဲ့။ ဒီတော့ လူတစ်ယောက်ကို အခြားတစ်ယောက် ကနားလည်ပါတယ်ဆိုတာ အပေါ်ယံ နားလည်တာပဲ ဖြစ်ပါလိမ့်မယ်။ တကယ့် အတွင်းကျကျနားလည်တာ စိတ်ကိုနားလည်တာ ဖြစ်ဖို့တော့ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် စဉ်းစားမိတယ် ငါကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးပဲ သူများကို မင်းကိုငါနားလည်ပါတယ်ဆိုတာ နောက်ဆို မပြောသင့်ဘူးလို့။ ဒါကြောင့် သူများကို နားလည်ဖို့ထက် ကိုယ့်ကိုကိုယ် နားလည်ဖို့ အရင်ကြိုးစားပါဦးမယ်။ ကိုယ့်ကိုကိုယ်နားလည်ရင် သူများကို နားလည်ဖို့ဆိုတာ လွယ်ကူသွားပါပြီ။ တရားသဘောအရဆိုရင်တော့ ခန္ဓာရဲ့ သဘောကို နားလည်ရင် အရာအားလုံးကို နားလည်လာလိမ့်မယ်။ နောက်ကျွန်တော် ပြောနေကျစကားလိုပဲ လောကဓမ္မရဲ့ အရှိသဘောကို သိလာရင် အသိသဘောနဲ့ အားလုံးရှိလာပါလိမ့်မယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ လောကရဲ့ သဘောကိုက တည်မြဲခြင်းမှ မရှိပဲ ဖြစ်ပျက် ဆိုတာပဲ ရှိတော့ကာ အဲ့ဒီ အသိသဘောရှိရင် ချမ်းသာလို့လည်း မသာယာသလို ဆင်းရဲလို့လည်း ထူးပြီး စိတ်ညစ်မနေတော့ပါဘူး။ အသိသဘောနဲ့ အားလုံးရှိလာမှာမို့ပေါ့နော်.....

ကျေနပ်နိုင်ပါစေ
လင်းငယ်

Wednesday, October 7, 2009

အိုလူမိုက်

ခပ်ပုံကတော့ လက်ကုန်လို့ပဲပြောရမလား?
လမ်းဆုံမှာ ကမ်းကုန်အောင် မိုက်နေတဲ့ အိုလူမိုက်
ငွေလေးတစ်ပဲ နှစ်ပြား
ချမ်းသာရုံအတွက် မင်းရဲ့လက်ရှိဘ၀ကို မိုက်မဲမလို့လား?
ငွေဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးတဲ့
မင်းကြားဘူးမှာပေါ့…..

မင်းရဲ့လက်ရှိဘ၀ အခုတော့ မတရားမှုကြောင့်
အခုချမ်းသာနေပြီလေ…
ဒါပေမယ့် တွေးကြည့် တစ်ရက်လောက်များ တောင်
မင်းစိတ်ချမ်းသာခဲ့ရလား?

လူဆိုတာ ထမင်းနပ်မှန်ရင်
ဘ၀ကို ရောင့်ရဲနိုင်တာ အကောင်းဆုံးပေါ့…
မင်းရဲ့ အရင်တုန်းက ထမင်းနပ်မှန်တဲ့ဘ၀က
မင်းရွှေတွေငွေတွေ မရှိပေမယ့်
စာရိတ္တနဲ့ စိတ်ချမ်းသာမှုတွေ မင်းကြွယ်ဝခဲ့တယ်….

ခုတော့လည်း ရွှေငွေတွေကြွယ်ဝလို့
ပျော်ရွှင်ခြင်းကို ရှာမတွေ့တော့ လို့ ငြီးတွားမနေနဲ့တော့…
မင်းမသိလို့ပါ… မင်းရဲ့ စည်းစိမ်တွေက မင်းကိုလှောင်နေလေရဲ့
မင်းက မင်းပိုင်တယ်ထင်ပေမယ့် မင်းသေရင် သူတို့ဟာ
ဒီပြင်လူရဲ့ လက်ထဲရောက်သွားမှာပါတဲ့….
မသိတတ်တဲ့ ငမိုက်သားတော့ မတရားမှုနဲ့ ပျော်နေလေရဲ့တဲ့…

သိတက်ရင်တော့ ကြည့်ကျပ်သာနေတော့ပေါ့
မဟုတ်ရင်တော့ လမ်းဆုံးမှာ ငရဲက တဟဲဟဲနဲ့
ပါးစပ်ဖြဲလို့ မင်းအတွက်စောင့်နေမှာ ……(အိုလူမိုက်)

Monday, October 5, 2009

Cupid ၏ အချစ်ဇာတ်လမ်းအဆုံး

`သားရေ.. ဒီနေ့ အမေတို့ ငယ်ငယ်က မင်းအဖေ တာဝန်ကျတဲ့ မော်လမြိုင်မြို့က အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ ဦးမင်းခေါင်တို့ မိသားစု အိမ်ကိုလာလည်လိမ့်မယ်သားရေ။ သူတို့ကို ဒီနေ့ ထမင်းဖိတ်ကျွေးမလို့ သားအပြင်သွားရင်လည်း ထမင်းစားချိန်အမှီပြန်လာနော်။´
`ဟုတ်ကဲ့.. မေ။´
ဒါကကျွန်တော့်အမေ ကျွန်တော့်ကို သတိပေးတဲ့ စကားပေါ့။
`သူတို့က ဘာလို့ အိမ်လာလည်မှာလည်း မေ။ သူတို့က အခုရန်ကုန်ကို ပြောင်းလာပြီလေ သားရဲ့။
ဒီတော့ မေတို့က သူတို့ကို ထမင်းဖိတ်ကျွေးပြီး ပြန်ဆုံကျတာပေါ့။ နောက်သူတို့မှာလည်း သမီးလေး တစ်ယောက်ရှိတယ်လေ။ သားနဲ့လည်း မိတ်ဆက်ပေးရင်းပေါ့။´
မေ ဒီလိုပြောနေတဲ့ အချိန်မှာ မေ့မျက်လုံးတွေထဲမှာ အဓိပ္ပါယ် ဖော်လို့ မရတဲ့ အရာတွေကို ကျွန်တော်တွေ့လိုက်တယ်။ ဒါနဲ့ပဲ မေ့ကို
`မေတို့ဘာအကြံတွေရှိလည်း သားသိနေသလိုပဲနော် မေ။´
`ကဲ သားရယ် ပွင့်ပွင့်လင်းလင်းပဲ ပြောထားလိုက်မယ်။ မေတို့ လူကြီးချင်းက သားတို့ငယ်ငယ်တုန်းက စကားကမ်းလှမ်းထားတာရှိတယ် သူတို့ကလည်း သူတို့ သမီးလေးကို လူဆိုး ဂျပိုး တွေ နဲ့ဆုံ မှာစိုးလို့ အကြောင်းသိချင်း ဖြစ်တဲ့ သားနဲ့ တော့ စိတ်အေးမယ့် ပုံရတယ်။ မေတို့ အနေနဲ့ကလည်း သားလေး ကို မိန်းမလည် မိန်းမရှုပ်တွေနဲ့ တွေ့မှာစိုးတာလည်းပါတာပေါ့။ ဒါကြောင့် သားတို့ ချင်းတွေ့ပေးဖို့ကို တမင်စီစဉ်ပြီါ် ဒီ ထမင်းစားပွဲကို လုပ်တာပဲ သား။´
`မေတို့ကလည်း.. သားက မေတို့ သဘောအတိုင်းပဲ လုပ်ရမှာလား။ သားချစ်တဲ့သူနဲ့ သားစိတ်တိုင်းကျနေခွင့်မရှိဘူးလား´
`သားက ချစ်သူရည်းစားတွေများ ရှိနေလို့လား။ ရှိနေရင်တော့လည်း တစ်မျိုးစဉ်းစားရမှာပေါ့´
`ရှိတော့ မရှိသေးဘူးပေါ့။ ဒါပေမယ့် ရှိလာမှာမို့ပြောနေတာပေါ့ မေရာ´

မေနဲ့ ကျွန်တော်နဲ့က ဒီလိုပါပဲ သားအမိဆိုပေမယ့် သူငယ်ချင်းတွေလိုပဲ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် မေက ငယ်ငယ်ထဲက သင်ထားခဲ့တာလေ။ ဒီတော့ အရာရာမှာ ကျွန်တော်က မေ့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ခဲ့တယ်။ မေနဲ့စကားပြောနေရင်းနဲ့ပဲ အိမ်ရှေ့ကနေ ထော်ကြီးရဲ့ ရှေ့ပြေးအနေနဲ့ အော်ကျယ်အော်ကျယ်နဲ့ ၀င်လာတဲ့ အသံတွေကို ကြားရတော့တာပဲ။

`ဟေ့ကောင်... ဥက္ကာ ဘာလုပ်နေလည်းဟ မြန်မြန်လုပ် လက်ဖက်ရည်ဆိုင် ထိုင်ရအောင်။ ´
`လာပြီဟေ့ အဆင်သင့်ပဲ။ မင်းတို့ လာခေါ်ကို စောင့်နေတာဟ´

ကျွန်တော် မေ့ရှေ့ကနေ ထွက်လာတော့ မေက လှမ်းပြီးပြောသေးရဲ့
`သားရေ.. သမီးလေရဲ့ နာမည်မှတ်ထားဦး မယ်မဒီတဲ့။ အခုတလောကမှ ခြံအမှတ် ၃၀၁ ကို ပြောင်းလာတာနော်´

ဒီစကားက ကျွန်တော့်ရဲ့ ရင်ကို ခုန်သွားစေတယ်။ မြန်မာဆန်သူလေးများ ဖြစ်နေမလား ဆိုတဲ့ အတွေးတွေ ၀င်လာတာကိုး။ ဒီလိုနဲ့ ဟိုကောင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

`ဟေ့ကောင် ဥက္ကာ.. မင်းကို မေးစရာရှိတယ်။ မနေ့က ဟို တစ်ယောက် မဟာဆန်သူဆိုတဲ့ သူကိုမင်းဘယ်လို သဘောရလည်း။ စိတ်ဝင်စားလား။´
`အမှန်အတိုင်းပြောရရင်တော့... Y.E.S... yes ပေါ့ကွာ´
`အေးဒါဆိုရင် မင်း သူရဲ့ နာမည်ကို သိချင်လား... ဟဲဟဲ သိချင်ရင်တော့ ဒီတစ်ဝိုင်းပေါ့ကွာ´
`သားကြီး... ငါက Cupid ပါကွာ။ မိန်းကလေး တစ်ယောက်ရဲ့ နာမည်ကို သိဖို့ဆိုတာ ငါ့အတွက်မခဲယဉ်းပါဘူး´
`ဒါဆိုမင်းပြောလေ သူ့နာမည်ကို´
`မယ်မဒီတဲ့ ဟုတ်တယ်ဟုတ်´

ထော်ကြီးနဲ့ ကျန်တဲ့ နှစ်ကောင်ပါ ပါးစပ်လေးတွေဟလို့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ တကယ်ကတော့ ကျွန်တော် က ဟုတ်လေမလားလို့ အကြောင်နဲ့ ဖောလိုက်တာ။ ဒါပေမယ့် တကယ်မှန်သွားပုံ ရတယ် ဆိုတာ သူတို့ရဲ့ အသွင့်အပြင်ကို ကြည့်ရုံနဲ့ သိသွားပြီလေ။ ဥက္ကာပဲ။ အခြားသူမှမဟုတ်တာ။

`လေးစားသွားပြီကွာ။ မင်းကိုတော့ နာမည်နဲ့လိုက်ပါတယ်။ ချက်ချင်းကို သိသွားတော့တာပဲ။ ´မျိုးလင်းက ၀င်ပြောတာပါ။ ဒီတော့လည်း ကျွန်တော်က
`ဆရာကတော့ ဆရာပါပဲကွာ ဟားဟား။ ဒါနဲ့ နေ့လည်တောင် မယ်မဒီတို့က ငါတို့အိမ်ကို ထမင်းလာစားမှာ။ ဟဲဟဲ´

သကောင့်သား သုံးကောင်ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါလို ၀ိုင်းကြည့်နေကြလေရဲ့။

နေ့လည် အိမ်ပြန်လာပြီး ရေမိုးချိုးလို့ ထမင်းစားချိန်ရောက်ဖို့ကို စိတ်ထဲမှာ တိတ်တခိုး မြန်မြန်ရောက်ပါတော့ လို့ ဆုတောင်းနေမိတယ်။

သူတို့ရောက်လာတော့ ထမင်းစားကျရင်းနဲ့ ကျွန်တော်ကတော့ မယ်မဒီရဲ့ ချစ်စရာကောင်းပြီး အေးချမ်းလွန်းတဲ့ မျက်နှာလေးကိုပဲ ခိုးခိုးကြည့်နေမိတယ်။ တစ်ခါတစ်ခါ မျက်လုံးချင်းဆုံးမိသွားရင် ကျွန်တော့်မှာရှက်လို့ ခေါင်းကြီး ငုံချမိတာလည်း အကြိမ်ကြိမ်။ ထမင်းစား သောက်ပြီးသွားတော့ မေ ပြင်ထားတဲ့ အချိုပွဲမှာ စားကြရင်းနဲ့ ကျွန်တော်တို့ချင်းကို ရင်းနှီးအောင် ဆိုပြီး မိတ်ဆက်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဆိုတဲ့ Cupid ဟာ မယ်မဒီဆိုတဲ့ Venus ရဲ့ ရင်ခွင်ကို လုံးလုံး လျားလျား သက်ဆင်းဖို့ ဆုံးဖြတ်လိုက်တော့မယ်။

Sunday, October 4, 2009

Cupid ၏ အချစ်ဇာတ်လမ်းအစ

ဒီနေ့မိုးလင်းထဲက လက်မလည်အောင် အလုပ်ရှုပ်နေရတယ်။ သူငယ်ချင်းတွေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ဘော်ဒါ တစ်ဝမ်းကွဲတွေက ရည်းစားစာတွေ ရေးခိုင်းထားတာကို လက်စသတ်နေရတာနဲ့။ မနေ့ကညကလည်း တစ်ညလုံး ရေးပေးနေရတာနဲ့ ညကလည်း ၃ နာရီလောက်ကမှအိပ်ပျော်တယ်။ ကျွန်တော်ဆိုတဲ့ ဥက္ကာကလည်း ဘယ်သူမှပိုက်ဆံ မပေးပေမဲ့ ရည်စားစာရေးတာနဲ့ အောင်သွယ် အလုပ်လုပ်တာကို ကိုယ့်ထမင်းကိုယ်စားပြီး ပျော်ပျော်ကြီးလုပ်ချင်နေတာဆိုတော့ ခက်သားလား။ ဒါကြောင့် ကျွန်တော့်ကို သူငယ်ချင်းတွေကတောင် Cupid လို့ နာမည်ပြောင်ပေးထားကြလေရဲ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ နာမည် အရင်းဖြစ်တဲ့ ဥက္ကာ ဆိုတဲ့ နာမည်ထက် Cupid ဆိုတဲ့နာမည်ကို ပိုနှစ်သက်မိနေတာကို အဖေနဲ့ အမေသာသိရင် ရင်ဘယ်လောက် နာလိမ့်မလည်းဆိုတာလည်း စဉ်းစားမိတာ အခါခါပဲ။ ရည်းစားစာတွေ ရေးပြီးတော့ ကျွန်တော် နာရီလှမ်းကြည့်လိုက်တော့ ၈ နာရီ တောင်ထိုးတော့မယ် ဒါနဲ့ ရေချိုးပြီး ဘော်ဒါဝမ်းကွဲတွေကို ပေးဖို့ ရည်းစားစာတွေကို လွယ်အိတ်ထဲထည့်ပြီး ဒီကောင်တွေနဲ့တွေ့ဖို့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

"ဟော ကိုဥက္ကာလာပြီ.. လာလာ.. အစ်ကို ထိုင် ဘာသောက်မလည်း"
"ပလိန်းတစ်ခွက်ပဲ မှာလိုက်ပါကွာ။ ညက မင်းတို့ အတွက် စာတွေရေးနေရတာနဲ့ အိပ်ရေးတွေ ပျက်တယ်.."
"ကျေးဇူးပါအစ်ကိုရာ။ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ အဆင်ပြေသွားရင် လုံးဝ အစ်ကို့ ကျေးဇူးမမေ့ပါဘူး။"
"အေးရော့ ဒီမှာ မင်းတို့ အတွက်စာတွေ စာနဲ့မှ အဆင်မပြေရင်တော့လည်း တစ်ခြားနည်းလမ်း ရှာကြတာပေါ့ကွာ။"
"ဒါတော့ အစ်ကို့ကို ကျွန်တော်တို့ ယုံတယ်အစ်ကို အစ်ကိုရဲ့ နာမည်က ကြီးနေတာပဲ၊ အစ်ကိုရဲ့ စာနဲ့ဆို ကောင်မလေးတွေ ကြွေသွားတာများတယ်ဆိုတာ"
"ဟုတ်ပါပြီကွာ။ အဆင်ပြေပါစေဟုတ်လား။ ဒါနဲ့ မင်းတို့ ဟိုကောင်တွေ ကိုကော တွေ့မိသေးလား။"
"ကိုထော်ကြီးတို့ကို ပြောတာလား"
"အေး ဟုတ်တယ်"
"စောစောကတော့ ဒီကဖြတ်ပြီး ရွှေခေါင်းလောင်းမှာ ရှိမယ်လို့ ပြောသွားတယ် အစ်ကိုရ"
"အေးအေး... သွားလိုက်ဦးမယ်ကွာ အဆင်ပြေပါစေ"

ကျွန်တော်ရွှေခေါင်းလောင်းကို ထွက်လာခဲ့တယ်။ သေချာတယ် ဟိုကောင် တွေကျွန်တော့် အကြောင်းပဲ ပြောနေကြလိမ့်မယ်ဆိုတာ။ ကျွန်တော် ဆိုင်ထဲရောက်တာနဲ့ အရင်ဆုံး ကြားလိုက်ရတာက
"ဟော Cupid ကြီးလာပါပြီဗျာ မင်းရဲ့ လေးနဲ့ မြှားကော မတွေ့ပါလားကွ ဟေ"
"ဟေ့ကောင် ထော်ကြီး မင်းလာပြီး ပြောင်မနေနဲ့ ကျေးဇူးရှင်ကို ကျေးဇူးကန်းတာလားကွဟေ ပါးစပ်ထဲက စားထားတာတွေပါ ပြန်ထွက်လာမယ်နော်"
"ဟားဟား.. Cupid ရယ် မှားသွားလို့ပါ ဘာသောက်ဦးမလည်း ပြောပါ ကိုကျေးဇူးရှင်"
"ဟာ.. မင်းပြောမှ သတိရတယ် ဟိုဘက်မှာ ပလိန်းမှာခဲ့ပြီးတော့ မသောက်ခဲ့ရဘူးဟေ့"

မျိုးလင်း၊ ကိုကျော်၊ ထော်ကြီး သုံးကောင်သား ၀ိုင်းပြီး ရယ်ကြပါလေရော။ မင်းက တော့ ဒီအတိုင်းကြီးပါပဲကွာ လို့ပြောပြီး ဆက်ရယ်နေပြန်ရော။ဒါကတော့ ကျွန်တော့်ရဲ့ မူပိုင် အကျင့်လေးတစ်ခုဗျ။ သူများတွေအတွက်သာ စဉ်းစားပေးနေရရင် ကိုယ့်အတွက် ကိုယ်မေ့မေ့ နေတတ်တာ။ ထော်ကြီးကို ကျေးဇူးရှင်ကို ကျေးဇူးကန်းတာ လားဆိုတာ ဘာလို့ ပြောလည်းဆိုတော့ ထော်ကြီးရဲ့ ကောင်မလေးနဲ့ ထော်ကြီး အဆင်ပြေအောင် ကျွန်တော်ပဲ လုပ်ပေးခဲ့ရလို့လေ။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့က ကျွန်တော် အပါအ၀င် လေးယောက်ရှိတယ်။ မျိုးလင်းခေါ်နေမျိုးလင်း၊ ကိုကျော်ခေါ် ပြည့်ဖြိုးအောင်၊ ထော်ကြီးခေါ် ဝေယံ နောက်ပြီး ဥက္ကာခေါ် ကျွန်တော် Cupid။ မျိုးလင်းရဲ့နာမည် ပြောင်ဖြစ်လာပုံကတော့ ကျွန်တော်တို့ လမ်းထဲက ကိုဖိုးကျော်ဆိုတဲ့ အစ်ကိုကြီးက သူ့ကိုမျိုးလင်းမျိုးလင်းနဲ့ ခေါ်နေလို့ ဘာလို့ အဲ့လို ခေါ်တာလည်းဆိုတော့ မင်းတို့ အဲ့ဒါကို ပြောင်းပြန်ခေါ်ကြည့်လေဆိုတော့ သိသွားပြီး ဒီလိုပဲ ဆက်ခေါ်နေမိတယ်။ ကိုကျော်ကတော့ ကျောင်းမှာထဲက ဟိုလူ့ဆီက ကျော်လိုက် ဒီလူ့ဆီက ခွလိုက် လုပ်လွန်းလို့ ကိုကျော်လို့ ခေါ်ရင်းကနေ တွင်သွားတာပဲ။ ထော်ကြီးကတော့ သူရဲ့ ပုံစံကြောင့်တွင်သွားတာဗျ။ သူက အရပ်ရှည်ရှည် ဘော်ဒီတောင့်တောင့် ဒါပေမယ့် သူရဲ့ နှုတ်ခမ်းက အင်မတန် ထော်တာ။ မျိုးရိုးနဲ့ကို ထော်ကြတာ။ ဒါနဲ့ သူ့ကို ထော်ကြီးဆိုတဲ့ နာမည်ပြောင်ပေးထားကြတာပဲ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ၀ါသနာကြောင့် Cupid လို့တွင်သွားတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။

"ဟေ့ကောင် Cupid မင်းသိပြီးပြီလား" ကိုကျော်မေးတာပါ။
ဒါနဲ့ ကျွန်တော်လည်း "ဘာကိုသိရမှာလည်းဟ"
မင်းမေးလိုက်ရင် အဲ့ဒီလိုပဲ အဆုံးမရှိအစမရှိနဲ့ လို့ဆိုတော့ တဟီဟီးရယ်ရင်း
"ဒီလိုကွ မနေ့ကလမ်းထဲကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ်။ ချောတာတော့ တော်တော်လေး ချောတယ်ကွ။ မင်းကတော့ နောက်ထပ် အကျိုးထပ်ဆောင်ရဖို့များတယ်ကွ။ ဒါပေမယ့် ငါတို့အားလုံးကတော့ ဒီကိစ္စကို သူများထက် မင်းကိုယ်တိုင် မင်းအတွက် မင်းလှုပ်ရှားတာ ဖြစ်ချင်တယ်။ မင်းအသက်လည်း ၂၀ ကျော်တာ ၄ နှစ်လောက်ပိုတော့မယ်။ မင်းအခုထိ ရည်းစားတစ်ယောက်မှမရှိသေးတာ မင်းအတွက် မမိုက်ဘူးကွ။ မင်းနဲ့ အဲ့ဒီကောင်မလေးဆို တော်တော်လေး လိုက်ဖက်မယ်ကွ။ "
"ဟကောင်ရ ညွှန်းလှချည်လား အဲ့ဒီလောက်တောင် ချောနေလို့လား။ ဒါပေမယ့် ငါ့ရဲ့ နှလုံးသားမှာ ကလေးဘ၀ထဲက အခုထိ ဘယ်မိန်းကလေး တစ်ယောက်ကိုမှ မငြိတွယ်သေးဘူးကွ။ ငါကိုယ်တိုင် အချစ်နဲ့ မထိတွေ့ဖူးသေးဘူး။ အချိန်တန်ရင်တော့လည်း သူ့ဟာသူဖြစ်လာမှာပေါ့ကွာ။ အေးဆေးပေါ့"
"အေးပါ ခဏနေရင် ငါအိမ် သွားပြီးဂစ်တာတီးရအောင် မင်းသီချင်းအသစ်ရေးထားတာ ရှိရင်လည်း နားထောင်ရအောင်ကွာ"
"အေး မနေ့ညကတော့ မရေးဖြစ်ဘူးကွ။ ဟိုတစ်နေ့က ရေးထားတာတော့ ရှိတယ်။သွားမယ်ကွာ.. လာ"

ကျွန်တော်တို့ရဲ့ ပုံမှန် ဂစ်တာတီးတဲ့ နေရာက ကိုကျော်ရဲ့အိမ်ပဲလေ။ ဒီကောင်တွေက ကျွန်တော့်ရဲ့ သီချင်းတွေကို အမာခံ ခံစားပေးတဲ့ ကောင်တွေပေါ့။ ဒါကြောင့်လည်း ငယ်ငယ်တည်းက အခုထိ ပေါင်းမိနေကြတာပဲလေ။ ကျွန်တော်တို့ ကိုကျော်ရဲ့ အိမ်မှာဂစ်တာတီးနေတုန်း ထော်ကြီးက ခြံ အပေါက်ဝနားမှာ ကွမ်းငုံပြီး ကုလားထိုင်နဲ့ ထိုင်ပြီး နှပ်နေလေရဲ့။ ခဏနေတော့
"ဟေ့ကောင်တွေ ဟိုမှာ ဟိုကောင်မလေးကွ။ အဒေါ်ကြီး တစ်ယောက်နဲ့ ဈေးသွားဖို့လား မသိဘူး ဒီဘက်လာနေတယ်ကွ။"
"ကျွန်တော်လည်း ဘယ်မှာလည်းကွ ကြည့်ရအောင်"
"ဟိုမှာ မြန်မာဝတ်စုံလေးနဲ့လေကွာ။ မြန်မာဆန်သူလေးပေါ့"

ကျွန်တော့်မျက်စိထဲမှာ ကမ္ဘာကြီးက ရုတ်တရတ် ရပ်တန့်သွားတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း မရှိတော့ဘူး။ သူ့ရဲ့ လမ်းလျှောက်နေတဲ့ ဟန်လေးကိုပဲ မျက်စိထဲမြင်နေတယ်။ နှလုံးသားက တထိတ်ထိတ်နဲ့ ခုံနေတယ်။ သိလိုက်ပြီး Cupid ရဲ့နှလုံးသားကို Cupid ရဲ့မြှား ထိသွားပြီဆိုတာ။

သတိ နှလုံးသားမှ
သတင်းပေးချက်

ကောင်မလေးတစ်ယောက်သည်
နှလုံးသားအား အမှတ်တမဲ့ ပြင်းထန်စွာ
ဝင်ရောက် တိုက်ခိုက်သွားသည်။

ထို့ကြောင့်ဦးနှောက်မှ မည်သို့ပြုလုပ်ရမည်ကို
အလျင်အမြန်အကြောင်းပြန်ပါ။

ဦးနှောက်မှ
ပြန်ကြားချက်

ထိုကောင်မလေးသည်
နှလုံးသားဆိုသော သင့်ထံသို့
အခွင့်မရှိပဲ ရုတ်တရပ် ၀င်ရောက်လာခြင်းဖြစ်သည်
ထို့ကြောင့် သူမအား
နှလုံးသား ခုံရုံးတင်၍ သင်၏ နှလုံးသားအား
နှောက်ယှက်မှုဖြင့်
ရင်တွင်း ထောင်တွင်
တစ်သက်တစ်ကျွန်း အချစ် အမှုထမ်းရန်
ပြစ်ဒဏ်ချမှတ်လိုက်သည်။

Friday, October 2, 2009

အလွမ်းငှက်

ချစ်သူ အလွမ်းများစွာနဲ့
လွမ်းပြီးရင်းလွမ်းလို့
ကိုယ့်ရဲ့ အသိုက်အမြုံကနေ
ပျံဖို့အင်အားတောင် မရှိပါဘူး။

လေပြေညှင်းနဲ့ ပါလာတဲ့
မင်းရဲ့ အသံသဲ့သဲ့လေးတွေကို
ကြားယောင်မိနေသလိုပါပဲ။

မင်းဘယ်ကိုရောက်နေလည်း
စာမျက်နှာ တစ်ဆယ့်ငါးကို
အခါခါဆိုညဉ်းလို့
ငါ့ရဲ့ အိပ်ပျက်ညတွေလည်း
များခဲ့ပြီလေ။

အလွမ်းဆိုတဲ့ သစ်ပင်
အလွမ်းဆိုတဲ့ ကောင်းကင်
အလွမ်းဆိုတဲ့ လေပြေ
အားလုံးနဲ့ အတူ
အလွမ်းငှက်ဆိုတဲ့ ကိုယ်တစ်ယောက်
သခင့်လက်တွင်း သက်ဆင်းဖို့
စောင့်မျှော်လို့ ပေါ့......

လင်းငယ်

Thursday, October 1, 2009

ပန်းခေတ်ကလမင်းနဲ့ တခါတရံများ

လင်းငယ် ပျင်းပျင်းရှိတာနဲ့ အွန်လိုင်းကနေ စာအုပ်တွေ ဒေါင်းပြီးတော့ ဟိုအရင်ကဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်ဖတ်မိနေလေရဲ့။ ဒီရက်ပိုင်းအတွင်းမှာပေါ့။ အဲ့ဒီဖတ်သမျှစာအုပ်တွေထဲမှာ တာရာမင်းဝေရဲ့ ပန်းခေတ်က လမင်းဆိုတဲ့ ၀တ္ထုနဲ့ ဝေမှုးသွင်ရဲ့ တခါတရံများစာအုပ်ကိုဖတ်ပြီး တော်တော်လေးကို စိတ်ထဲမှာ ကြိုက်သွားမိတယ်။ ဖတ်နေတဲ့ အခိုက်အတန့်လေးမှာလည်း ၀မ်းနည်းမှုရသပါတဲ့ နေရာဝမ်းနည်းမှု၊ ပျော်ရွှင်တဲ့ ရသပါတဲ့နေရာမှ ပျော်ရွှင်မှုစသည်ဖြင့် ခံစားချက်တွေ အပြည့်အ၀ပေးနိုင်တဲ့ စာအုပ်လေးနှစ်အုပ်ပါပဲ။ အဲ့ဒီထဲကမှ ဆရာတာရာမင်းဝေရဲ့ ပန်းခေတ်ကလမင်းဆိုတဲ့ စာအုပ်မှာပါတဲ့ ကဗျာလေးတစ်ပုဒ်ကို အရမ်းကြိုက်သွားမိတယ်။ ဒါနဲ့ ဒီပို့စ်လေးမှာ တင်ချင်စိတ်တွေပေါ်လာပါရော။ တချိုလည်းသိပြီး ဖြစ်ပါလိမ့်မယ်။ တချို့လည်း အမှတ်တမဲ့နဲ့ ကျော်ဖတ်သွားမိတာရှိလိမ့်မယ်။ တချို့လည်း လုံးဝမဖတ်ရသေးတာ ဖြစ်ချင်ဖြစ်လိမ့် မယ်။ ဒါနဲ့ပဲ အဲ့ဒီကဗျာလေးကို တင်းပေးလိုက်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်သော ဆရာတာရာမင်းဝေအားအမှတ်တရအနေနဲ့ပေါ့။

ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ။

ဟိုးမှာ ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့သူ
သူ့ကိုကူပါရစေဦး

ငါ့ရှင်တို့ကဘာလဲ
ငါကဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်။
တစ်နေ့တော့ တွေ့ကြမယ်။

နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပျက်လင်းဖိတ်
သုညဂူမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ။

အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။

ချစ်သူကလေးရေ
မြို့တခါးကိုဖွင့်
မီးအိမ်တို့နှင့်အတူကြိုပါ

လရောင်စက်တဝေေ၀နဲ့
သင့်ရဲ့နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်။

ကြိုက်ကြမယ်လို့ မျှော်လင့်စွာဖြင့်

လင်းငယ်


Tuesday, September 29, 2009

ကျွန်တော် တွေ့ဖူးသမျှ ပရလောကသား(၁)

ကျွန်တော်အရင် ပို့စ်တွေမှာ ပြောခဲ့ဘူးတဲ့ အတိုင်းကျွန်တော်တို့ က နယ်ကနေ ရန်ကုန်ကို ကလေးဘ၀က ပြောင်းလာခဲ့တယ်ဆိုတာ မှတ်မိကြမယ်ထင်တယ်။ (မှတ်မိလိုက်ပါ)။ ဒီလိုပဲ ကျွန်တော်တို့ ရန်ကုန်ရောက်တော့ အရင်ဆုံး သူများအိမ်ကို ငှားနေရပါတယ်။ ၃ နှစ်လောက် ငှားနေရပါတယ်။ တစ်နှစ်တစ်ခါလောက် နီးပါးက အိမ်ပြောင်းနေရတာ။ ကြာတော့ စိတ်ညစ်လာတာနဲ့ အမေက အိမ်ဝယ်လိုက်ပါတယ်။ ကျွန်တော်တို့ အိမ်က တော်တော်လေး ကျယ်ပါတယ်။ အရင်က ရန်ကုန်က နာမည်ကြီး ဆိုင်းဆရာကြီးတစ်ယောက် အိမ်လို့ထင်တယ်။ မှတ်မိသလောက်ပေါ့လေ။ အဲ့ဒီအိမ်ထဲမှာ သစ်ပင်တွေ အများကြီးရှိပါတယ်။ အုန်းပင်တွေလည်းပါရဲ့။အမေက အိမ်ထဲမှာ အပင်တွေ အများကြီးဆို တစ်ခုခုဖြစ်ရင်လည်း မလွယ်ဘူးဆိုပြီး ခုတ်ဖို့အစီအစဉ် ဆွဲပါတော့တယ်။ ဒီလိုနဲ့ ခုတ်မယ့်လူတွေ ငှားပြီး ခုတ်တော့ တာပေါ့။ ခုတ်ပုံခုတ်နည်းက စိတ်ဝင်စားဖို့ ကောင်းသားဗျ။ အုန်းပင် ခုတ်တယ်ဆိုရင် သူတို့က အားလုံးသိနေကျအတိုင်း အပင်အရင်းကနေခုတ်တာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဘေးနားမှာကလည်း အိမ်တွေရှိတယ်လေ။ ဒီတော့ အရင်းကနေခုတ်လိုက်ရင် ကျန်တဲ့ အိမ်တွေ ပေါ်ကိုပိသွားမှာ စိုးရတာကိုး။ ဒီတော သူတို့က အုန်းပင် အပေါ်ကို တတ်သွားတယ်။ ပြီးတော့ အုန်းပင် အပေါ်ကနေစပြီး အပိုင်းလိုက် အပိုင်းလိုက်လေးတွေ ခုတ်ချသွားတာ။ နောက်ဆုံးကျတော့ ၁၀ ပိုင်းလောက်ဆို အုန်းပင် တစ်ပင်အောက်က အမြစ်ပဲ ကျန်တော့တယ်။ တကယ်တော့ အဲ့ဒီအုန်းပင်က နောက်ဆုံးခုတ်တာပါ။ အရင်ကျန်တာတွေ အရင်ခုတ်တာ အုန်းပင်ကို ဥပမာပေးရင် ပို မြင်လွယ်မလားလို့ ပေးလိုက်တာ။


အုန်းပင် ခုတ်ပြီးတော့ ညနေမိုးချုပ်သွားရော။ မိုးလည်းချုပ်သွားရော အုန်းပင် အမြစ်ကို တူးဖို့ကို အလုပ်သမားတွေက နောက်နေ့မှ တူးတော့မယ်ဆိုပြီး အမေ့ကို ပြောတော့ အမေကလည်း အိုကေပေါ့။ သူတို့လည်း ပင်ပန်းနေကြပြီကိုး။ ဒါနဲ့စကားမစပ်ပြောရရင် အမေက အပင်တွေ မခုတ်ခင် ကန်တော့ပွဲတွေထိုးပြီး အပင်မှာ ရှိသော စောင့်အရှောက်များ သွားလိုရာသွားနိုင်ကြပါပြီ ဆိုပြီး ခုတ်တာရယ်။ ဒီလိုနဲ့ ညဘက်အိပ်တော့ အမေက အိပ်မက်မက်တယ်တဲ့။ အိပ်မက်ထဲမှာ မတူးဘဲ ချန်ထားတဲ့ အုန်းမြစ် ပေါ်မှာ ဖိုးသူတော် သေးသေးလေး တစ်ပါး ထိုင်ပြီး ပုတီးစိပ်နေတယ်တဲ့။ ဖိုးသူတော် သေးသေးလေးဆိုလို့ ဘာလည်း လို့ မတွေးနဲ့ ဖိုးသူတော်က ပုပုလေးကိုပြောတာ ကလေးလေးနဲ့ ပိုတူတယ်။ ကလေးဖိုးသူတော်လို့ ထင်တာပဲ။ ဖိုးသူတော်လေးက ပြီးတော့ အမေ့ကို စကားပြောတယ်တဲ့။ သူက ဒီအုန်းပင်မှာ နေပြီး ဒီအိမ်ကို စောင့်ရှောက်နေတာပေါ့။ သူကို ဒီအုန်းပင် အမြစ်မှာပဲ ဆက်နေခွင့်ပေးပါ။ မတူးပစ်ပါနဲ့ဆိုပြီး ပြောတယ်တဲ့။ အမေကလည်း ဆက်နေခွင့်ပေး ပါတယ် မတူးတော့ပါဘူးဆိုပြီး ပြောလိုက်တယ်တဲ့။ ပြီးတော့ အမေ အိပ်ရာက နိုးလာတော့တာပဲ။ ဒီအကြောင်းတွေကို အမေမနက် နိုးတော့မှ ပြန်ပြောပြတာပါ။ ဒါနဲ့ အုန်းပင် ခုတ်သမားတွေ လာတော့ အပင်ကို မတူးတော့ဘူးဆိုပြီး ပြောပြီး ပိုက်ဆံပဲ ရှင်းပေးလိုက်တော့တယ်။ ကျွန်တော်တို့လည်း အစက အဲ့ဒီ ဖိုးသူတော်လေး ရှိတယ်ဆိုတာ မယုံခဲ့ဘူး။ ကျွန်တော်တို့ ခြံနဲ့ကပ်ရက်မှာက ကုလား မိသားစုနေကြတာဗျ။ သူတို့က တစ်ခါတစ်လေ အမဲသားချက်စားကြတယ်။ သူတို့ အမဲသားချက်စားတဲ့ ညအိပ်ပြီးရင် နောက်နေ့မနက်ကျရင် အိမ်ရှေ့က ဖိနပ်ချွတ်တဲ့ နေရာကို ရောက်ရောက်နေတယ်တဲ့။ သူတို့ရဲ့ အဖေကတော့ မစားဘူး။ သူကျတော့ တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူးတဲ့။ နောက်ထပ်တစ်ခုက တစ်ခါ လပြည့်ညကြီး ည ၂ နာရီ လောက်ရှိမယ်ထင်ပါတယ်။ အဲ့ဒီအချိန် အမေက လှုပ်နှိုးလို့ ကျွန်တော်နဲ့ အစ်ကိုနဲ့ နိုးလာပြီး ဘာလို့ လည်းဆိုတော့ အမေက လာခဲ့လိုက်ကြည့်ဆိုလို့ လိုက်ကြည့်တော့ အိမ်ရှေ့ အုန်းပင် အမြစ်နားမှာ တကယ့်ကို ဖိုးသူတော် ကလေးလေး တွေ့ရပါရော။ သူက ပုတီးစိပ်နေတာဗျ။ လမ်းလျှောက်ရင်းနဲ့ပေါ့ အုန်းပင်ရှိတဲ့ နေရာနဲ့ ခြံထဲကို ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ပုတီးစိပ်နေတာ။ ကျွန်တော်တို့လည်း ကြည့်နေရင်းနဲ့ ၃ နာရီကျော်လောက် ကျတော့ အုန်းပင် အမြစ်ပေါ်မှာ တတ်ထိုင်ပြီး ပုတီးစိပ်ရင်းနဲ့ ပျောက်သွားရော။ နောက်ထပ်တစ်ခု အဲ့ဒီအိမ်မှာ ထူးခြားတာက အရမ်းတွေ့ဖို့ ခဲယဉ်းတဲ့ နန်းတော်ကျားလို့ ခေါ်တဲ့ မြွေတစ်မျိုးကို တွေ့ရတာပဲ။ အရင်ဆုံးစတွေ့တဲ့ လူက ကျွန်တော်ဗျ။ အဖေမြန်မာပြည် ပြန်လာတုန်းခဏ အိမ်ထဲမှာ ထိုင်ပြီး စကားပြောနေကြရင်း အဖေ့ သူငယ်ချင်းဦးလေးကြီးရောက်လာလို့ ခြံတံခါးကို ခေါက်တော့ တံခါးထဖွင့်ပေးဖို့ ပြေးထွက်လိုက်တာ လှေကားက အဆင်းဘေးနားကို မျက်လုံးလေး ဝေ့ကြည့်လိုက်တာ လားလား နည်းတာမှမဟုတ်တာ အဲ့ဒီ နန်းတော်ကြားကြီး ခွေနေတာ။ ကျွန်တော်လည်း ကြောက်ပြီး အပေါ်ပြန်တတ်ပြီး အဖေ့ကို ပြန်ခေါ်ပြတာ ၁ မိနစ်တောင် မကြာပါဘူး ပြန်လည်း ကြည့်ရော မရှိတော့ဘူး။ အဖေကတောင် ငါ့သား အမြင်မှားတာ နေပါလိမ့်မယ်ဆိုပြီး ပြောသေး။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် တစ်ယောက်တည်း ခဏခဏတွေ့တယ်။ ကျွန်တော်ကပဲ မြွေတွေနဲ့ ရေစက်ရှိတာလား မသိဘူး။ သထုံမှာလည်း အိမ်မ၀ယ်ခင်က သွားလည်ရင် အဖွားတို့ အိမ်မှာ တည်းတယ်လေ။ အဲ့ဒီမှာ ကျွန်တော်အိပ်တဲ့ အခန်းက အောက်ထပ်။ အဲ့ဒီအောက်ထပ်ကို ကျွန်တော်တို့ မလာရင်တဲ့။ မြွေတစ်ကောင်က ၀င်ဝင်ပြီး နေတယ်တဲ့။ ဒီတော့ အဲ့ဒီအခန်း ကို ဘယ်သူမှ မ၀င်ရဲဘူး။ ကျွန်တော်တို့ သွားလည်တော့မယ်လို့ ဖုန်းတွေ ဘာတွေ ဆက်ပြီး ပြောလို့ အခန်းဝင်ရှင်းပြီး ကျွန်တော်တို့ ရောက်မယ့် တစ်ရက် အလိုလောက်ဆို အဲ့ဒီမြွေက အိမ်ရှေ့က ဘုရားပန်းတွေ စိုက်ထားတဲ့ ကြားထဲဝင်ဝင်သွားတာပဲတဲ့။ အဲ့ဒါ အမြဲတမ်းလိုလိုတဲ့။ သူတို့ကတော့ ဘာတွေလည်း မသိဘူးနော်။ ဖိုးသူတော်ရယ် မြွေရယ်က လင်းငယ်ဘ၀ရဲ့ ပြယုဂ်တွေလားပဲ။ နောက်ထပ် တွေ့ဖူးတဲ့ အကြောင်းတွေ ထပ်ရေးပြပါမယ်။ ကိုယ်တွေ့တွေပေါ့......

Monday, September 28, 2009

ကျီးမနိုးပွဲည

လုပ်ကြဟေ့.. လုပ်ကြဟ... အချိန်မှီပြီးဖို့လိုတယ်။ ညနေမီးစပြီး ထွန်းရမှာ။ မင်းတို့ အားလုံးအတွက် လည်း ညကျရင် ကြက်သားကာလသားဟင်း ချက်ထားမယ်။ မြန်မြန်သာပြီးအောင်လုပ်ကြ။ ဒါက ရပ်ကွပ်လူကြီး ဦးအောင်သာရဲ့ တပ်လှန့်သံ။ ကျွန်တော်တို့ အားလုံး မီးလုံးတွေကိုတိုင်တွေ ထောင်ပြီး တပ်ကြ။ ၀ိုင်ယာကြိုးတွေ ဆွဲ။ ဦးအောင်သာကတော့ လောနေလေရဲ့။ ဘာကြောင့်ဆို ဒီကနေ့ညက တန်ဆောင်တိုင်မီးထွန်းပွဲ စမယ့်ညလေ။ ဒီတော့ ကျွန်တော်တို့ မြို့ကရပ်ကွပ်တိုင်းလုပ်နေကြ မီးထွန်းပွဲ လုပ်ဖို့ အားလုံး စီစဉ်နေကြရတာ။ လူငယ်တွေ အားလုံး လည်း ချွေးတလုံးလုံး သံတလုံးလုံးနဲ့ ပင်ပန်းနေကြပြီ။ ဒါပေမယ့် အားလုံး တစ်ချက်မငြီးပဲ အလုပ်ကို အချိန်မှီ ပြီးအောင်လုပ်နေကြရတယ်။ သူများရပ်ကွပ်တွေထက် သာအောင်လေ။ ဒီမီးထွန်းပွဲကို မြို့ရဲ့ လမ်းတိုင်းနီးပါး လုပ်ကြတာကိုး။ ကျွန်တော်တို့ လမ်းရဲ့ မီးလုံးတွေကို ညဘက် စောင့်ဖို့တာဝန်က ကျွန်တော်ရယ်၊ ကိုခိုင်လို့ခေါ်တဲ့ အစ်ကို ၀မ်းကွဲ( ခိုင်ဇော်ထွန်း)ရယ်၊ နောက် ဘုန်းကြီးဝတ်သွားပြီဖြစ်တဲ့ မျိုးမင်းရယ် စောင့်အိပ်ကြရမှာ။ စောင့်အိပ်တယ်ဆိုပေမယ့် ကျန်တဲ့ လူတွေကလည်း လာပြီး စကားတွေပြော ရေနွေးကြမ်းသောက်နဲ့ အိပ်ဖြစ်ကြတာမဟုတ်ပါဘူး။ အားလုံး စကားတွေလျှောက်ပြောနေကြတာကများတယ်။ ညနေ ၆နာရီခွဲလောက် ကြတော့ အားလုံးပြီးစီးသွားတော့ မီးလုံးတွေ စမ်းဖွင့်ကြည့်ကြတော့ လှလွန်းလို့ မှင်တောင် တတ်သွားမိတယ်။ ပြီးတော့ အာလုံးလည်း ကိုယ့်အိမ်ကိုယ်ပြန်ကြပြီးတော့ ရေမိုးချိုး စောင်တွေ ခေါင်းအုန်းတွေယူ အနွေးထည်ကတော့ မပါမဖြစ်ပေါ့။ ကျွန်တော်တို့ မြို့က တန်ဆောင်တိုင် ရောက်လို့ကတော့ အေးချက်က ကမ်းကုန်ပေါ့။ ဒီလိုနဲ့ မီးထွန်းပွဲကို စောင့်လိုက်ကြတာ နောက်ဆုံး ကျီးမနိုးပွဲညကို ရောက်လာပါရော။ ဥက္ကဌ ဦးသာအောင်ကလည်း သတိပေးတယ် မင်းတို့ အားလုံးသတိထားကြတဲ့။ ဒီနေ့ည မင်းတို့အိပ်ပျော်ရင်တော့ မင်းတို့ပါ အရွေ့ခံရမယ်တဲ့။ ဒါနဲ့ ကျွန်တော်တို့လည်း ရေနွေးအိုးတည် လက်ဖက်သုပ် ကလေးနဲ့ ဇိမ်ကျနေပါရော။ ခဏနေတော့ ဥက္ကဌရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ချိုက အိုးတွေခွက်တွေ သယ်လာပြီးတော့ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ကျွေးမယ်ဆိုပြီး ချက်ပါလေရော။ ဒီကကောင်တွေလည်း ဟင်းနံ့တွေရတော့ ဗိုက်များတောင်ဆာလာတယ်။ ချက်လို့ပြီးတော့ အပြေးဆွဲကြတာ ပန်းကန်တွေကိုပြောပါတယ်။ ထမင်းလည်းစားပြီးရော အိပ်ငိုက်လာတာနဲ့ လက်ဖက်လေးငုံပြီး ဟိုစကားပြော ဒီစကားပြောပေါ့လေ။ ည ၃ နာရီလောက်ကျတော့ ညောင်းလာတာနဲ့ ကိုခိုင်ကို ခေါ်ပြီး လမ်းလေးဘာလေးလျှောက်ရအောင် ထွက်သွားတယ်။ ဒီကြားထဲ လမ်းမှာ လူတွေ လစ်ရင် လစ်သလို ပစ္စည်းလေးတွေကို လိုက်ရွေ့။ နေရာတွေ ပြောင်းလုပ်ပြီးသဘောတွေ ကျလို့။ ဒီလိုနဲ့ တရုတ်ဘုံကျောင်းနားရောက်လာတော့ ဘုံကျောင်း ရှေ့က ပန်းအိုးတွေကို ရွေ့မယ်ဆိုပြီး နှစ်ယောက်သား ပန်းအိုးတွေ မနေတုန်းရှိသေးတယ် ဘုံကျောင်းထိပ်က ဘာလုပ်တာလည်း ဆိုတဲ့ အသံနက်ကြီးကြားလိုက်တော့ လူတောင် တုန်သွားတယ်။ ကိုခိုင်ကလည်း ဘာလုပ်လုပ်ပေါ့ကွာဆိုတော့။ မင်းကများငါ့ကိုဆိုတော့ မင်းကဘာကောင်မို့လည်းဆိုပြီး လှမ်းလည်း ကြည့်ရော ဘာမှမရှိဘူး။ ဒါနဲ့ တစ်ယောက်ယောက်နောက်တာဖြစ်ပါလိမ့်မယ်ဆိုပြီး ဆက်ရွေ့ဖို့လုပ်တော့ တောက်ဆိုတဲ့ တောက်ခေါက်သံကြီး နားနားမှာ ကပ်ခေါက်လိုက်သလိုကြားလိုက်ရတယ်။ ဒါနဲ့ ကိုခိုင်ကို တောက်ခေါက်သံကြီးကြားလားလို့ ပြောတော့ မကြားဘူးတဲ့။ ဒါနဲ့ ဆက်မနေတုန်းရှိသေး ဘုန်းဆိုတဲ့ကျောကုန်းကို ရိုက်သံကြီးထွက်လာရော ကိုခိုင်ကလည်း မင်းငါ့ကို ဘာလို့ ရိုက်တာလည်းတဲ့။ အယ် ကျွန်တော်လည်း မရိုက်မိပါလားပေါ့လေ ဖြေရှင်းတုန်းရှိသေး ဘုံကျောင်းပေါက်ဝမှာ ထွန်းထားတဲ့ မီးတွေက ရုတ်တရတ် ငြိမ်းသွားရော။ လားလား ဒီတော့မှ အမှောင်ထဲကနေ စိုက်ကြည့်နေတဲ့ မျက်လုံးနီနီကြီး နှစ်လုံးကို နှစ်ယောက်လုံးတွေ့လိုက်ရတယ်။ နှစ်ယောက်လုံး ကြောင်ပြီး ဆက်ကြည့်နေမိတယ်။ ပြီးလည်းပြီးရော မျက်လုံးကြီးပျောက်သွားပြီ အသံနက်ကြီးနဲ့ သေတော့မှာပဲဆိုတဲ့ အသံကြားလိုက်တော့မှ နှစ်ယောက်လုံး သတိပြန်ဝင်ပြီး ပြေးရတော့တာပဲ။ လမ်းထဲပြန်ရောက်တဲ့ အထိ အမောမပြေဘူး။ ကျန်တဲ့လူတွေလည်းမေးတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး သူတို့ကိုသွားကြည့်ခိုင်း တော့ ဘာမှမရှိဘူးတဲ့။ ပန်းအိုးတွေကော အရင်တိုင်းပဲလား ရွေ့ထားတာတွေ့လားဆိုတော့ အရင်တိုင်းပဲတဲ့ ပုံမှန်ထားနေကြနေရာတွေမှာပဲတဲ့။ ဘာမှမရွေ့ပါဘူးတဲ့။ ကျွန်တော်ရယ် ကိုခိုင်ရယ် တစ်ယောက်ကို တစ်ယောက်ကြည့်မိတယ်။ ဒါဆိုကျွန်တော်တို့ တွေ့ခဲ့တာဘာလည်း?

လင်းငယ်