စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Monday, October 12, 2009

ငါ့ကိုနားလည်ပေးပါ နှင့် ငါနားလည်ပါတယ်...

ကျွန်တော့်မှာသူငယ်ချင်း တစ်ယောက်ရှိပါတယ်။ မိဘချင်းလည်း ခင်မင်တဲ့သူငယ်ချင်းပါ။ သူက သဘောလည်း ကောင်းတယ်။ လူတစ်ကာကိုလည်း အားနာတတ်တယ်။ သူနဲ့ကျွန်တော်က စင်ကာပူ စရောက်မှခင်ကြပေမဲ့ ငယ်သူငယ်ချင်းတွေလိုပဲ အရမ်းရင်းနှီးပါတယ်။ သူရဲ့ လူတကာကို အရမ်းအားနာ တတ်တဲ့ စိတ်က တစ်ခါတစ်လေကျရင် မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူပဲနစ်နာရလို့ပါ။ တစ်ခါတစ်လေကျရင် သူရဲ့ အားနားမှုကြောင့် ကျွန်တော်နဲ့ ကိုသီဟဆိုတဲ့ အစ်ကိုကြီးမှာ သူဘက်ကနေ ဒေါသထွက်ရတာတွေရှိပါတယ်။ သူရဲ့ အားနာတတ်မှုကတော့ စံနမူနာ တင်လောက်ပါတယ်။ နောက်ပြီး သူအမြဲပြောနေကြစကား ရှိပါတယ်။ သူကို ကျွန်တော်တို့က တစ်ခုခုကြောင့် ပြောပြီးဆိုရင် သူက ပြောတတ်တယ်။ ငါ့ကို နားလည်ပေးကျပါကွာတဲ့။ တစ်ခါလည်း ကျောင်းကနေပြန်တော့ သူ့ကို ကျွန်တော်ရယ် ကိုသီဟရယ်က သူ့ကို အပြင်သွားဖို့ခေါ်ပါတယ်။ သူက ဒီပြင်လူတစ်ယောက်နဲ့ ချိန်းထားလို့ မလိုက်တော့ဘူးတဲ့။ ချိန်းထားတဲ့ အချိန်ကလည်း ညကျမှဆိုတော့ ကျွန်တော်တို့ သူ့ကို ပြောတော့ သူက ကျွန်တော်တို့ကို သူဖုန်းပြောနေရင်းတန်းလန်းနဲ့ အဝေးကြီးကနေ ငါ့ကိုနားလည် ပေးကြပါကွာ ဆိုပြီးပြောတော့။ ကျွန်တော်တို့မှာ ရယ်လိုက်ရတာ။ နောက်ပြီး သူဖုန်းပြောနေတဲ့ စိုင်းဆိုတဲ့ လူကလည်း နောက်နေ့ကြတော့ ပြောပါလေရော မြန်မာရုပ်ရှင်ကား ထဲက အထာတွေဆိုပြီး။ သူကျွန်တော့်ကို အဲ့ဒီလို နားလည်ပေးဖို့ အမြဲပြောတော့ ကျွန်တော်လည်း ပြီးပြီးရောဆိုပြီး ငါမင်းကို နားလည်ပါတယ်ကွာ ဆိုပြီး ပြန်ပြောတတ်ပါတယ်။ နောက်ပိုင်း ကျွန်တော် စဉ်းစားမိတာက တစ်မျိုးဖြစ်လာတယ်။

လူဆိုတာ တကယ်တော့ ကိုယ့်ကိုကိုယ်တောင် နားလည် ဖို့မလွယ်ပါဘူး။ စဉ်းစားကြည့်လေ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်ရင်းနဲ့ အအေးသောက်ချင်လာလိုက်။ ကောင်းတဲ့ အလုပ်တွေ လုပ်မယ် စဉ်းစားရင်းနဲ့ပဲ မကောင်း တဲ့ အလုပ်တွေ လုပ်မိပြန်ရော။ ဒီလောက်ကိုကြည့်ရုံနဲ့ ကိုယ့်ကိုကိုယ်တောင် နားလည်ဖို့ ခက်တယ်ဆိုတာ သိသာပါတယ်။ ဒါကို သူများကို နားလည်ဖို့ဆိုတာ ဘယ်လောက်ခက်မလည်းနော်။ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာ ကတောင် ပြောခဲ့သေးတာပဲ သူတစ်ပါးရဲ့ စိတ်အကြံကို သိဖို့က ခဲယဉ်းပါတယ်တဲ့။ ဒီတော့ လူတစ်ယောက်ကို အခြားတစ်ယောက် ကနားလည်ပါတယ်ဆိုတာ အပေါ်ယံ နားလည်တာပဲ ဖြစ်ပါလိမ့်မယ်။ တကယ့် အတွင်းကျကျနားလည်တာ စိတ်ကိုနားလည်တာ ဖြစ်ဖို့တော့ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် စဉ်းစားမိတယ် ငါကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးပဲ သူများကို မင်းကိုငါနားလည်ပါတယ်ဆိုတာ နောက်ဆို မပြောသင့်ဘူးလို့။ ဒါကြောင့် သူများကို နားလည်ဖို့ထက် ကိုယ့်ကိုကိုယ် နားလည်ဖို့ အရင်ကြိုးစားပါဦးမယ်။ ကိုယ့်ကိုကိုယ်နားလည်ရင် သူများကို နားလည်ဖို့ဆိုတာ လွယ်ကူသွားပါပြီ။ တရားသဘောအရဆိုရင်တော့ ခန္ဓာရဲ့ သဘောကို နားလည်ရင် အရာအားလုံးကို နားလည်လာလိမ့်မယ်။ နောက်ကျွန်တော် ပြောနေကျစကားလိုပဲ လောကဓမ္မရဲ့ အရှိသဘောကို သိလာရင် အသိသဘောနဲ့ အားလုံးရှိလာပါလိမ့်မယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ လောကရဲ့ သဘောကိုက တည်မြဲခြင်းမှ မရှိပဲ ဖြစ်ပျက် ဆိုတာပဲ ရှိတော့ကာ အဲ့ဒီ အသိသဘောရှိရင် ချမ်းသာလို့လည်း မသာယာသလို ဆင်းရဲလို့လည်း ထူးပြီး စိတ်ညစ်မနေတော့ပါဘူး။ အသိသဘောနဲ့ အားလုံးရှိလာမှာမို့ပေါ့နော်.....

ကျေနပ်နိုင်ပါစေ
လင်းငယ်

3 comments:

  1. တရားသဘောကတော့ နားမလည်သေးဘူး။လေ့လာဆဲပါ။
    လူတွေကိုတော့ ရေရေလည်လည်ကို နားလည်စပြုနေပါပြီ။
    ကိုယ့်ဘာသာကိုယ်ကတော့ နားလည်တတ်အောင်ကို မနဲလေ့ကျင့်ယူနေရတယ်ဗျာ။ကိုယ်ဘာသာနားလည်ရ ခက်လွန်းလို့။

    ReplyDelete
  2. ဟုတ်တယ်ဝေးးးကိုယ်ကိုကိုယ်နားလည်အောင်ကြိုးစားရတာတောင်မလွယ်ဖူး
    ဒါကြောင့် သူများကိုလဲအတက်နိုင်ဆုံးနားလည်ပေးတယ်
း)

    ReplyDelete
  3. ဟုတ်ပါ့လင်းငယ်ရေ။တခါတခါရည်ရွယ်တာကတခြား
    လုပ်ဆောင်တာကတခြားမို့ကိုယ့်ဟာကိုယ်တောင်
    နားမလည်နိုင်ဘူး။သူများဆိုဝေလာဝေးပေါ့။

    ReplyDelete