စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Saturday, November 28, 2009

ခရီးလမ်း

အရင်ပို့စ်တုန်းက တောင်ခြေကို ဆိုင်ကယ်နဲ့ ပြန်ရောက်လာပြီးတော့ တောင်ခြေက ထမင်းစား ကော်ဖီသောက်လုပ်ပြီးတဲ့ ဆိုင်မှာပဲ အစ်ကိုဝမ်းကွဲတွေပါလာတဲ့ ဆိုင်ကယ်ကို အပ်ပြီး တောင်ပေါ်ကို တတ်ဖို့ လုပ်ကြတော့တာပေါ့။ တချို့သူငယ်ချင်းတွေကလဲ မတတ်ခြင်းသေးဘူး။ အဲ့ဒီနေ့က စနေနေ့ဆိုတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ လာနေတော့ သူတို့လည်း လက်မလွှတ်နိုင်ကြဘူးထင်ပါရဲ့။ ဒါပေမဲ့ ကျွန်တော်တို့ကလဲ ခွင့်မပြုနိုင်ဘူးလေ။ ဘာလို့လည်းဆိုတော့ အဲ့ဒီလူအားလုံးအတွက် ကျွန်တော်က စပွန်ဆာပေးထားတာကိုး။ တောင်ခြေမှာဒီလူအားလုံး ညအိပ်ရင် မလွယ်ကျောလေ။ နောက်တစ်ခုက အချိန်တစ်ရက်နောက်ကျသွားလို့ တစ်ရက်တောင်ပေါ်ရောက်တာနောက်ကျရင် ကျွန်တော်တို့ တောင်ပေါ်မှာ နေရတဲ့ အချိန်နည်းသွားမှာကိုး။ ဒါနဲ့ အားလုံးကို လုပ်ကြလုပ်ကြဆိုပြီး တတ်ခဲ့ကြတယ်။ အဲ့ဒီမှာ အရေးကြီးတဲ့ တစ်ခုကုန်နေတာတွေ့တယ်။ ဘာလည်းဆိုတော့ ကျွန်တော်တို့ရဲ့ အားဆေးလို့ ပြောလို့ရတဲ့ ကွမ်းယာပဲ။ ကံကကောင်းချင်တော့ ကျွန်တော့် အစ်ကိုဝမ်းကွဲတွေက ကွမ်းယာကို ကျောပိုးအိတ် တစ်လုံးအပြည့် ၀ယ်လာတယ်ဗျာ။ ဒါနဲ့ပဲ ဒီကိစ္စလေးကလည်း အဆင်တသင့်နဲ့ ပြေလည်သွားတယ်။ ဒါနဲ့ တောင်ပေါ်စတတ်ကြရော။ သိကြတဲ့ အတိုင်း တောင်ပေါ်စစတတ်ခြင်းက တောင်ခြေနားက ရွာလေးတွေကိုဖြတ်သွားရတယ်လေ။ မီးမရှိဘာမရှိနဲ့ နေရာလေးတွေပါ။ အဲ့ဒီနေရာလေးတွေကို ဖြတ်တဲ့ အခါသူတို့ကလည်း သူတို့ဖွင့်ထားတဲ့ မီးတုတ်ရောင်းတဲ့ ဆိုင်လေးတွေ၊ တောင်ဝှေးရောင်းတဲ့ ဆိုင်တွေကနေ ၀ယ်သွားပါ ဘာညာနဲ့ ရောင်းပါသေးတယ်။ သူတို့ကိုကြည့်လိုက်တော့ အိပ်ချင်မူးတူးတွေနဲ့။ သြော်တွေးမိပါတယ်။ ၀မ်းရေးဆိုတော့ လူတွေဖြတ်သွားတာနဲ့ သူတို့လဲ ရောင်းရမလားဆိုပြီး ထထပြီး အော်နေရတာကိုးလို့။ ဒါနဲ့ ကျွန်တော်က မီးတုတ်လေးနဲ့ တောင်ဝှေးဝယ်မလို့ သွားတော့ သူငယ်ချင်းတစ်ယောက်က မ၀ယ်နဲ့တဲ့ မီးတုတ်တွေက အလွန်ဆုံးခံ ၁၅ မိနစ်လောက်ပဲ ခံတာတဲ့။ ကျွန်တော်ကလဲ ဘယ်လောက်ပဲ ခံခံ ဓာတ်မီးက နှစ်ချောင်းပဲ ပါတော့ မီးတုတ်ဝယ်ရမှာပဲ ဆိုပြီးဝယ်လိုက်ပါတယ်။ ၀ယ်ပြီးတော့ အစပိုင်းမှာ လူတွေက အားလုံး ၂၂ ယောက်လုံး တူတူတတ်ကြတာပါပဲ။ တတ်တဲ့ အချိန်က ကျွန်တော့်အထင် ည ၁၂ နာရီခွဲထက် မစောဘူးလို့ထင်တယ်။ အစပိုင်းတော့ တူတူတတ်ကြတာပဲ။ ဒီထဲမှာ သရဲကြောက်တဲ့ လူကလဲ ပါသေးတယ်။ ပြီးတော့ တစ်ယောက်ကလုပ်သေးတယ် သူကြားဘူးတယ်တဲ့ ညဘက်တွေမှာ တောင်တတ်လမ်းတချို့နေရာတွေမှာ ဓားပြ တွေရှိတယ်ဆိုပဲ။ ကျွန်တော်ကလည်း ဟာဒီလောက်လူအုပ်ကြီး တိုက်ရဲတဲ့ ကောက်တိုက်ပေါ့။ ဟုတ်တယ်ဟုတ်။ ဒါနဲ့ အားလုံးတူတူ တတ်လာကြတယ်။ ပြီးတော့ ကွမ်းယာတွေကိုလဲ ခွဲဝေယူကြပေါ့လေ။ ပြီးတော့ ကိုယ့်ဝေစုနဲ့ ကိုယ်ပဲ ၀ါးရင်းတတ်နေကြတာပေါ့။ ဒီလိုနဲ့ သွားနေကြရင်း တဖြည်းဖြည်း လူတွေက ကွဲလာတယ်။ လူတွေက မျိုးစုံမဟုတ်လား အမောခံနိုင်တဲ့ လူက ပိုပြီး အရှေ့ရောက်တာပေါ့။ အဲ့ဒီမှာ လူက သုံးဖွဲ့ကွဲသွားတယ်။ အရှေ့ဆုံးမှာက ၄ယောက် ပြီးတော့ အလယ်အဖွဲ့ကျွန်တော်တို့က ၆ ယောက် ကျန်တဲ့လူတွေက နောက်ဆုံးအဖွဲ့ လူကုန်။ နောက်ဆုံးအဖွဲ့မှာက ကျွန်တော့် အစ်ကိုဝမ်းကွဲ တစ်ယောက် ပါတယ် သူက နည်းနည်းဝတော့ အမောမခံနိုင်ဘူးလေ။ သူ့ကို စောင့်ခေါ်ရင်းနဲ့ နောက်က အဖွဲ့က ဝေးပြီးကျန်ခဲ့တာပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့လလည်း နားရင်းတတ်တတ်လာကြတယ်။ တဖြည်းဖြည်းလဲ လူတွေက ပိုဝေးလာကြတယ်။ တောင်ပေါ်ကိုတတ်ရင်းနဲ့ လူတွေအားလုံးလည်း မောလာကြတယ်။ ဆောင်းတွင်းအေးစက်နေတဲ့ အချိန်ကြီးမှာ ကျွန်တော်တို့ လေးယောက်သား အင်္ကျီမကပ်နိုင်ဘူးဖြစ်နေတာပေါ့။ အပေါ်ပိုင်း ကိုယ်တုံးလုံးတွေနဲ့။ လူတွေက ချွေးတွေစို လေက ဖိတိုက် ပူနေရာကနေ အေးလာပြီ အ၀တ်ပြန်ဝတ်။ ဒါနဲ့ကို လုံးလည်ချာလည်လိုက်နေရော။ နောက်ပိုင်းတော့ အအေးက အရမ်းကြမ်းလာတော့ အနွေးထည်ပါ ထပ်ဝတ်ရတဲ့ ဘ၀ရောက်ရော။ ဒီလိုနဲ့ တတ်လာရင်းနဲ့ ည ၃ နာရီလောက်ရောက်တော့ ပင်ပန်းလို့ ဆိုပြီး အရှေ့က အဖွဲက ကျွန်တော်တို့ကို စောင့်ရင်းနဲ့ တစ်နေရာမှာ ထိုင်ခုံတွေတွေ့တော့ ၀င်အိပ်နေကြတယ်။ ကျွန်တော်တို့လဲ သူတို့ဆီရောက်တော့ ခဏနားတဲ့ အနေနဲ့ ၀င်အိပ်ကြတယ်။ လူက ပင်ပန်းတာကလည်း ပင်ပန်း အိပ်ရေးပျက်ထားတာလည်း ပါတော့။ အိပ်ကိုပျော်သွားရော။ နာရီဝက်လောက်ကြာတော့ တေဇာလင်းဆိုတဲ့ သူငယ်ချင်းက နှိုးလို့ ထပြီး မုန့်တွေဘာတွေ အဲ့ဒီနားက လမ်းဆိုင်လေးမှာပဲ ၀ယ်စားလိုက်တယ်။ ပြီးတော့ တေဇာလင်းနဲ့ နောင်နောင်နဲ့က ရန်ဖြစ်နေတယ်ဗျာ။ ဘာလို့တုံးလို့မေးတော့ တေဇာလင်းက အိပ်နေရင်းအေးနေတော့ အနွေးထည်ထ၀တ်တယ်တဲ့။ နောင်နောင်ကလည်း အေးနေလို့ ကွေးနေတာ တေဇာလင်းက နောင်နောင်ကို အနွေးထည်လေးတောင် ယူဝတ်ဖို့ မပြောလို့ အကြင်နာမဲ့ တယ်ဘာညာနဲ့ ပြဿနာဖြစ်တာပဲ။ ပြီးတော့လည်း နောက်နောက်ပြောင်ပြောင်နဲ့ ပြီးသွားတာပါပဲ။ ဒါနဲ့ ဆက်တတ်ကြရင်းနဲ့ လမ်းမှာ ကျွန်တော်တို့လိုပဲ တတ်နေတဲ့ အဖွဲ့နဲ့ တွေ့တယ်။ သူတို့က အန်တီတစ်ယောက်ရယ် ကောင်မလေးသုံးယောက်ရယ်။ တူဝရီးတွေတဲ့။ အဲ့ဒီမှာ အရှေ့အဖွဲနဲ့ စကားလက်ဆုံတွေကျလို့ အိုကေနေပြီ။ ပြီးတော့ တဖြည်းဖြည်း လူတွေကွဲသွားပြန်ရော ကောင်မလေးနှစ်ယောက်နဲ့ အရှေ့အဖွဲနဲ့က ဝေးသွားပြီး ကျွန်တော်တို့ အလယ်အဖွဲ့က အဒေါ်နဲ့ တူမတစ်ယောက်နဲ့ တူတူကျန်ခဲ့တယ်။ နောက်ပိုင်းတော့ ကျွန်တော်တို့ အဖွဲ့က ၂ ယောက်ကပါ နှာခေါင်းရောဂါဖြစ်ပြီး အရှေ့အဖွဲ့နဲ့ ပေါင်းလိုက်တယ်ဗျာ။ ကျွန်တော်တို့ကတော့ အေးဆေးပဲ ဖြေးဖြေးမှန်မှန်တတ်ကြတာပေါ့။ ဒီလိုနဲ့ လမ်းမှာတနေရာရောက်တော့ အဲ့ဒီနေရာက တောတော်တော်လေးထူတယ်ဗျ။ ဘေးနာကနေ ရှီးရှီးရှဲရှဲ အသံတွေကြာရပါရော။ ကျွန်တော်စကြာရတာလေ။ ကျွန်တော်လည်း နောင်နောင်တို့ အောင်ပိုင်တို့ အားလုံးကို ဟေ့ကောင်တွေ အသံကြားတယ်ကွ။ မြွေတွေဘာတွေ တောတိုးတာလား မသိဘူးဆိုပြီးပြောတော့ အားလုံး အဒေါ်ကြီးတွေပါအပါအ၀င် တခါတည်း အနားကိုပြေးကပ်ပြီး လူကို စုသွားကြတယ်။ ကြောက်ပြီး လက်ထဲက ဓာတ်မီးလေးနဲ့ အဒေါ်ကြီးက ထိုးကြည့်တယ်။ အားလုံးမလှုပ်ရဲပဲ စောင့်ကြည်နေကြတယ်။ နောက်ကြာလာတော့မှ သေချာကြည့်တော့ တောင်ပေါ်ကို သွယ်ထားတဲ့ ရေပိုက်လိုင်းက ရေတွေ တင်နေတော့ အသံထွက်နေတာဖြစ်ပါရောလား။ ဒီလိုနဲ့ တတ်လာကြတာ အချိန်က မနက်နေထွက်စ ၆ နာရီလောက်ရောက်လာတော့ ကျွန်တော်တို့ အလယ်အဖွဲ့က တော်တော်လေး နီးကပ်နေပြီ တောင်ပေါ်ရောက်တော့။ နောက်ဆုံးအဖွဲ့ကတော့ အရိပ်အရောင်တောင် မမြင်ရဘူး။ ၆ နာရီခွဲလောက်ရောက်တော့ ကျွန်တော်တို့ အရှေ့အဖွဲ့က အစ်ကိုဝမ်းကွဲ ကိုခိုင်နဲ့ ဆုံတယ်။ သူကကျွန်တော်တို့ကို စောင့်နေတာဆိုပြီး အဖွဲ့နဲ့ တူတူပြန်လိုက်လာတယ်။ သူက တစ်လမ်းလုံးလည်း ကျွန်တော်တို့နဲ့ တွေ့လိုက် ပြီးရင် အရှေ့အဖွဲ့ဆီ ပြန်ရောက်သွားလိုက်နဲ့ မမောတတ်ဘူးဗျာ။ အေးဆေးပဲ တတ်နေတာ။ ပါးစပ်မှာလည်း ကွမ်းတွေစားထားတာ ပေနေရော။ သူက ပါးစပ်ပြဲတော့ ကွမ်းစားထားပြီးရင် နီနေတဲ့ သွားတွေက ရဲပြီး ကြောက်ဖို့ ကောင်းတယ်။ သူနဲ့ ပတ်သတ်ပြီး လမ်းမှာ အားလုံးကြောက်ပြီး အော်ခဲ့တာလေးကိုလည်း ပြောဦးမှ။ အဲ့ဒီနေရာလေးက မှောင်မဲနေတာဗျ လထွက်နေပေမဲ့ အပေါ်က အပင်တွေအုပ်ထားလို့ ဘာမှမမြင်ရဘူး ဒီပြင်အဖွဲ့က အန်တီကြီးကလည်း သူဓာတ်မီးအားကုန်သွားတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း အဲ့ဒီနေရာကို ဒီတိုင်းဖြတ်ကြရတာပေါ့။ ဖြတ်နေတုန်းတစ်ဝက်မှာ လမ်းလေးဘေးနားက မီးလင်းနေလို့ လှည့်ကြည့်လိုက်တော့ အားလုံး ကြောက်ပြီး အားဆိုအော်တော့တာပဲ။ ဘာလို့လည်းဆိုတော့ ဘေးနားမှာ မတ်မတ်ကြီးရပ်ပြီး Handphone က မီးလေးနဲ့ စောင့်နေတဲ့ ကိုခိုင်ကို တွေ့လိုက်ရတာကိုး။ သူက ပြီးတော့ ရယ်ပြနေတော့ အားလုံးလန့်သွားတာပေါ့။ စဉ်းစားကြည့်လေ ကွမ်းစားထားလို့ ရဲနေတဲ့ သွားနဲ့ မှောင်နေတဲ့ လမ်းမှာ ဖုန်းရဲ့ မီးမှိန်မှိန်လေးနဲ့ လူကို အမှောင်ထဲမှာတွေလိုက်ရတာကိုး။

ဒါနဲ့ တောင်ပေါ်ကိုဆက်တတ်လာကြတာ ၇ နာရီလောက်ရောက်တော့ ကျွန်တော်တို့ အလယ်အဖွဲ့က ဘိုးဘိုးကြီး နတ်နန်းဆိုလား မသိပါဘူးရောက်တယ်။ လူတော်တော်များများလည်း လင်းနေပြီဆိုတော့ တောင်ပေါ်ကနေပြန်ဆင်းနေကြပါပြီ။ အဲ့ဒီမှာ အဲ့ဒီနတ်နန်းက မိုက်နဲ့ အော်နေတဲ့ အသံကြားရတယ်။ တောင်ပေါ်ပဲ တတ်တတ်တောင်အောက်ပဲ ဆင်းဆင်း ဘိုးဘိုးကြီးကို ဗောင်းတော်လှူမှ ဘေးကင်းတယ်ဘာညာပေါ့လေ။ ပြီးတော့ အတင်းကို လူတွေကို သူတို့ နတ်နန်းထဲ ဆွဲခေါ်ပါရော။ ပါသွားတာပေါ့။ ပြီးတော့ အတင်းကြီးပဲဗျာ ဗောင်းတော်လှူရမယ်တဲ့ ၅၀၀တဲ့။ ပိုက်ဆံတော့ မနှမျောပါဘူး အတင်းကြီး လှူခိုင်းလို့ မလှူဘူးဗျာဆိုပြီး ကျွန်တော်တို့က ထွက်လာကြရော။ အဲ့ဒီမှာ အဲ့ဒီကလူက မင်းတို့ ကောင်တွေမိုက်ရိုင်းတယ်ဘာညာနဲ့ ပြောပါရော။ ပြောလည်း ပြောရော ကိုခိုင်ကနေပြီး ခင်ဗျားတို့က အတင်းကြီး စေတနာမပါပဲ လုပ်ခိုင်းတာကိုး ဘာညာပြောတော့ သူတို့ဘက် က နောက်ထပ် ၅ ယောက်လောက်ပါပြီး ကျွန်တော်တို့ကို ဖိုက်တင် ပလေးတော့မလိုလုပ်လာရော။ ကျွန်တော်တို့ကလည်း လူမနည်းမှမနည်းပဲ အေးဆေးပေါ့။ အဲ့ဒီအချိန်မှာ နောက်ဆုံးအဖွဲ့က ငါးယောက်ထပ်ရောက်လာပါရောဗျာ။ အဲ့ဒီငါးယောက်က အကောင်ကြီးတွေက အကြီးကြီးတွေလေ။ တခါတည်း ဘာဖြစ်တာလည်း ဘာလည်းနဲ့ ၀င်ဖြဲရော။ အဲ့ဒီကျမှ ဟိုဘက်က လူတွေက ဘာမှ မဟုတ်ပါဘူးဆိုပြီး လျော့သွားတာ။ ပြီးတော့ ဆက်ထွက်လာတာ တောင်ခြေ အ၀င်နေရာလေးရှိတယ် အဲ့ဒါလည်း နတ်နန်းပါပဲ တော်တော်လေး ကြီးတယ်။ ဘာဆိုတာတော့ မမှတ်မိဘူး။ အဲ့ဒီဟာက ပိုဆိုးတယ်။ လမ်းကြီးကိုပိတ်ပြီး လူသွားလမ်း သေးသေးလေးပဲ ဖွင့်ထားတယ်။ ပြီးတော့ အဝေးကြီးကတည်းက သူတို့ အလှူခံတဲ့ အသံကို မိုက်နဲ့ ပြောနေလို့ ကြားနေရတာ။ စောစောက အတိုင်းပါပဲ။ ဘေးကင်းအောင် ဘာညာနဲ့ အလှူခံတာ။ လာသမျှလူကို ကန်တော့ ခိုင်းတာလည်း ပါတယ်။ ကျွန်တော်တို့ အဖွဲ့လည်း ကြည့်တာပေါ့ အဲ့ဒီနေရာကို ဖြတ်ရင် ဖိနပ်ချွတ်ဖို့ လိုလားလို့။ သူတို့က ဘာမျှ မရေးထားဘူး။ နောက်ပြီး အရှေ့က ဖြတ်သွားတဲ့ လူတွေ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကို ကြည့်တော့လည်း တစ်ယောက်မှ ဖိနပ်မချွတ်ဘူး။ ဒီတော့ ကျွန်တော်တို့လည်း မချွတ်ဘူးပေါ့။ ဖြတ်သွားကြတယ်။ အဲ့ဒီမှာ နောက်ဆုံးက ဖြတ်တာက ကျွန်တော်။ အဲ့ဒီလိုဖြတ်ပြီးတော့ ဟိုဘက် ထိပ်လည်းရောက်ရော အလှူခံတဲ့ လူက ဟေ့ ဖိနပ်နဲ့ ဖြတ်လို့ မရဘူးဆိုပြီး မိုက်နဲ့ လှမ်းအော်ပါရော။ ကျွန်တော်လည်း တင်းသွားတာပေါ့။ အဲ့ဒါဆို ခင်ဗျားတို့ စာနဲ့ ရေးထားပါလား။ နောက်ပြီး စ၀င်ထဲက ဖိနပ်ချွတ်လို့ ပြောပါလားပေါ့။ သူကမင်းတို့ မသိဘူးလား ဘာညာနဲ့ပြောတယ်။ ကျွန်တော်တို့ကိုလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား ဘာညာနဲ့။ ကျွန်တော်ကလည်း တင်းပြီး ဗုဒ္ဓဘာသာ မှာ အဲ့ဒီလို နတ်မရှိဘူးဆိုပြီး ပြန်ပြောနဲ့။ တော်တော်လေး အခြေအနေက တင်းမာလာရော။ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကလည်း ကျွန်တော့် ဘက်ကနေ ဟုတ်တယ် ခင်ဗျားတို့ စာရေးထားပါလား ဘာလားနဲ့ အကုန်ဝိုင်းပြောတော့မှ ကျွန်တော်တို့ကို မငိးတို့ကို နတ်ကျားကိုက်လိမ့်မယ်ဘာညာနဲ့ ပြောရော။ ကျွန်တော်ကလည်း အဲ့ဒီလို ကိုက်မယ်ဆို ခင်ဗျားနတ်ကျား လာသာကိုက်ခိုင်းဗျာလို့ ပြောလိုက်တယ်။ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကလည်း ဆက်မဆင်းပဲ ကျွန်တော်တို့ကို ကြည့်ပြီး ကျွန်တော်အဲ့ဒီလို ပြောလိုက်တာကို သဘောကျပြီး ၀ိုင်းရယ်တယ်။ ပြီးတော့ အဲ့ဒီ လူတွေ အဖွဲ့ကို ၀ိုင်းပြီး ပြောပါလေရော။ ကျွန်တော်ကတော့ လူစွမ်းကောင်းကြီးကို ဖြစ်သွားတာပဲ။ အမှန်ကတော့ သူတို့ အတင်းဝင် ကန်တော့ ခိုင်းတာကို ကျွန်တော်တို့က မကန်တော့လို့ပါ။ နောက်ပြီး အဲ့ဒီ နတ်နန်းအလှူခံတွေက တကယ်တော့ ကန်ထရိုက်ဆွဲထားတာတွေပါဗျာ။ သူတို့ ကိုယ်တိုင် ယုံကြည်လို့ မဟုတ်ဘူး။ ပိုက်ဆံအတွက် အလှူခံနေတာ။ ဒါကို သိလို့ တမင်ကို ကျွန်တော်ကလည်း ပြန်ကို ပြောပြီး ရန်ဖြစ်ခဲ့တာ။ ဒီလို့နဲ့ ကျွန်တော်တို့ တောင်ပေါ်ကို ရောက်ကြတယ် ၇ နာရီခွဲလောက်ရှိပြီထင်တယ်။ အဲ့ဒီကျမှ အရှေ့အဖွဲက ကျွန်တော့ အစ်ကိုဝမ်းကွဲရဲ့ တပည့်တစ်ယောက်က ရင်ပြင်တော်ပေါ်တတ်တဲ့ လမ်းနားက ကားတွေ ဖြတ်တဲ့ ဂိတ်ကနေ စောင့်ပြီး အရှေ့အဖွဲ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ခေါ်သွားတယ်။ အဲ့ဒီ အစ်ကို့ရဲ့ တပည့်က အရမ်းမြန်တယ်ဗျ။ သူက ကျွန်တော့် အစ်ကိုဝမ်းကွဲရဲ့ အ၀တ်အစားအိတ်တွေကိုပါ ယူပြီးတတ်တာတောင် ဘယ်အချိန်ရောက်လည်းမေးတော့ ၅ နာရီခွဲတည်းက ရောက်နေတာတဲ့။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ မနက်စားစားကျပြီး နောက်ဆုံးအဖွဲ့ကို စောင့်နေကြတယ်။ နောက်ဆုံးအဖွဲ့ကတော့ လူငယ် ခြေကျတွေကြီးပဲဆိုတော့ ၉ နာရီလောက်မှ ရောက်လာတော့တယ်။ ပြီးတော့ ကျွန်တော်တို့လည်း တည်းခိုခန်းငှားဖို့ ရင်ပြင်တော်ပေါ်တတ်ခဲ့ကြတယ်။ အရမ်းလည်း ပင်ပန်းပြီး အိပ်ချင်နေကြပြီကိုး။

လင်းငယ်

2 comments:

  1. ကျိုက်ထီးရိုးဘုရားဖူးသွားရင် စိတ်ညစ်ဆုံးသဘောမကျဆုံးကိုပြဆို အဲဒီအလှူ
    ခံတွေပဲ နတ်တွေဘန်းပြပြီး လုပ်စားနေတာတွေ သူများကိုခြောက်လန့်နေတာ
    တွေကို လုံးဝသဘောမကျဖူး တို့သွားတုန်းက ကျော်ဆွေနဲ့ဇင်ယော်တော့နတ်
    နန်းထဲ ရောက်သွားသေးတယ် ငါကတော့ နိုးနိုးပဲ ဖိနိပ်ချွတ်ညီလေးတဲ့
    မြွေပါးကင်းပါး အစ်ကိုတာဝန်ယူမလားလို့ပြုံးပြီးပြန်ပြောလိုက်တယ် တိတ်သွား ရောလေ

    ReplyDelete
  2. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete