စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Monday, October 26, 2009

ဆီပူအိုးကင်းပေါ်မှ ဂါထာတရာ ကလျာဏိယထေရ်

သီဟိုဠ်ကျွန်း အနောက်တောင်ပိုင်း ကလျာဏိမြစ်အနီး၌ ကလျာဏီတိဿမင်း(၃၀၆-၂၀၇ ဘီစီ) မင်းပြု၏။ ယဌာလတိဿဟုလည်း ခေါ်သည်။ ညီတော် အျာဥတ္တိယအား အိမ်ရှေ့ဥပရာဇာအရာနှင်းတော်မူ၏။ ညီတော် နောင်တော် နှစ်ဦးစလုံး ကလျဏိယ မထေရ်ကြီးထံ ပညာသင်ခဲ့ကြရသည်။ မင်းဖြစ်သော်အခါ မိမိတို့၏ ဆရာမထေရ်ကြီးအား နောက်ပါသံဃာများနှင့်အတူ နန်းတော်သို့ပင့်၍ နေ့စဉ်ဆွမ်းကပ်လှူလေ၏။

မကြာမီညီတော်အိမ်ရှေ့မင်းလည်း မရီးတော် မိဖုရားကြီးနှင့် အကျွမ်းတ၀င် ယဉ်ပါးဆက်ဆံ ဖောက်ပြန်လျက်ရှိရာ နောင်တော်ရိပ်မိသိရှိလေလျှင် ညီတော်မှာ ရွာသိမ်ရွာငယ်တခုသို့ ထွက်ပြေးတိမ်းရှောင် နေရသည်။ ညီတော်ဥတ္ထိမင်းသားလည်း ကာလကြာသောအခါ မရီးတော်ကို သတိရလွမ်းဆွတ်သဖြင့် စာတစောင်ရေးကာ မိမိ၏ ကျွန်တော်ယုံတော်တဦးအား မိဖုရားကြီးထံ အပို့လွှတ်လေ၏။ ထိုကျွန်ယုံတော်သည် တခုသော နံနက်တွင် ရဟန်းယောင်ဆောင်၍ သင်္ကန်းဝတ်ကာ နန်းတော် တံခါးမုခ်က စောင့်နေကာ ကလျာဏိယ မထေရ်ကြီး နောက်ပါသံဃာများနှင့် အတူ နန်းတွင်းသို့ ဆွမ်းစားကြွအလာတွင် သံဃာများနှင့်အတူ ရောယောင် လိုက်ပါသွားလေသည်။

ဆွမ်းကျွေးပွဲမှာ ချစ်စာခွေမိ

ကလျာဏိယမထေရ်ကြီး၏ စိတ်တွင် မင်းနှင့် အကျွမ်းဝင်သောရဟန်းတစ်ပါးဖြစ်မည် အထင်ဖြင့် တစုံတရာ မမေးမမြန်းပဲ အမှတ်တမဲ့ပင် ကြွတော်မူ၏။ မင်းကြီးလည်း မထေရ်ကြီး၏ တပည့်တပါးဖြစ်မည် ဟုပင်ယုံကြည်၍ တစုံတရာ ပြောဆိုစစ်ဆေး မေးမြန်းခြင်းမပြု။ ထုံးစံအတိုင်း မင်းနှင့်မိဖုရားတို့ ဆွမ်းဆက် ကပ်ကြ။၏။ ဆွမ်း အနုမောဒနာတရားပြီးလျှင် မင်းကြီးက ဦးစွာထ၍ နန်းတွင်းသို့ဝင်သွားခိုက် မိဖုရားကြီးမှာ သံဃာတော်အများအနီးသို့ တိုးသွားကာ ပန်းကန် ခွက်ယောက်များကို သိမ်းဆည်းစေရန် စီမံလေ၏။ သံဃာတော်များလည်း ပြန်ကြွရန် ဟန်ပြင်နေခိုက် သင်္ကန်းဝတ် တမန်လည်း မိဖုရားကြီးအနီး ကြမ်းပြင်ပေါ်သို့ ပေဖူးလွှာ စာတွေ တခု ပစ်ချလိုက်၏။ မင်းကြီးလည်း အတွင်းတော်သို့ မ၀င်ရောက်သေးမီ အသံကြား၍ နောက်သို့ လှည့်ကြည့်လိုက်သည်။ ပေဖူးလွှာ စာခွေကို မြင်ရသဖြင့် ချက်ချင်းပြန်လှည့်လာ၏။ စာကိုကောက်ယူ၍ ကြည့်လိုက်ရာ ဒေါသာအမျက်ခြောင်းခြောင်း ထွက်လေတော့သည်။

နန်းတော်မှ ထွက်ခွာကြွသွားသော သံဃာများထံ ချက်ချင်း နောက်က လိုက်စေ၍ ယနေ့မှ ဆွမ်းကျွေးရာသို့ လိုက်ပါလာသူ ရဟန်းယောင်အား မင်းချင်းများက ခေါ်ဆောင်လာကြရသည်။ ရဟန်းယောင်လည်း အမှန်အတိုင်းဝန်ခံလျှင် မိမိရော၊ မိမိဆရာ မင်းသားကိုပါ ကွပ်မျက်မည်ကို သိသဖြင့် ကလျာဏိယမထေရ်ကြီးအား အကာအကွယ်ယူရန် သတိရလေသည်။ မထေရ်ကြီးမှာ မင်းကြီး၏ ငယ်ဆရာလည်းဖြစ်၊ အလွန်လည်း အကြည်ညိုခံရသည်ကို သိထားသည်အတိုင်း မင်းကြီးစစ်ဆေးလျှင်-
`ဒကာတော်မင်းကြီး..၊ ဒီစာခွေကို ဦးပဉ္စင်းအား ဆရာတော်ကြီးက မိဖုရားကြီးရှေ့မှာ ချခဲ့ရမယ်ဆိုလို့ ချခဲ့ရပါတယ်´ ဟုပြောလေ၏။ မင်းကြီးလည်း ပို၍ပင် ဒေါသထွက်ကာ- `ငါကတော့ ရဟန္တအမှတ်နဲ့ ကိုးကွယ်ခဲ့တယ်။ ယခုတော့ ညီတော်ရဲ့ တမန်အလုပ်ကို လုပ်ရက်ပါပေတယ်။ ငါ့ဆရာဟာ ငါ့မိဖုရားကိုပဲ ယူပြီး ဘုရင်များ လုပ်ချင်သေးလို့လား´ ဟုရေရွတ်ပြောဆိုလေ၏။

ကလျာဏိယ မထေရ်နှင့် ဆီပူအိုးကင်း
အာဏာပါးကွက်သား သူသတ်သမားများကိုလည်း ချက်ချင်းဆင့်ခေါ်ကာ ကလျာဏိယမထေရ်ကြီးအား ကျောင်းသိုပ သွားရောက် ဆွဲခေါ်စေ၏။ နန်းတွင်း၌ပင် ဆီအိုးကင်း ကြီးတခု၌ ဆီများအပြည့်ထည့်ကာ ကျိုက်ကျိုက်ဆူအောင် မီးထည့်ခိုင်းလေ၏။ မထေရ်ကြီး ရောက်လာလျှင် ဒေါသတကြီး ရေရွတ်ကြိမ်းမောင်းကာ တစုံတရာ မေးမြန်းစိစစ်ခြင်းမရှိ၊ ဆီအိုးကင်း၌ထည့်၍ ကြော်ပြီးသတ်ရန် တချက်လွှတ်အမိန့်ချလိုက်လေသည်။ မင်းကြီးသည် မစူးမစမ်း မဆင်မခြင်ပဲ ဒေါသတကြီါ် သူသတ်သမား မင်းခယောက်ျားများအား အမိန့်ချနေသည် အချိန်မှစ၍ ပညာရှိမှုးကြီး မတ်ကြီါ်များလည်း တဦးပြီးတဦး သတိပေးစကားများ လျှောက်ထား သံတော်ဦးတင် ကြ၏။ အသက်ကိုပင်စွန့်၍ ၀ံ့ဝံ့စားစား အကြောင်းအကျိုးပြ တားမြစ်ကြသော်လည်း မင်းကြီးမှာ မည်သူ့စကားကိုမျှ အလေးမမူ လျစ်လျူရှု၍သာနေလိုက်၏။ သတ်ရန်အမိန့်ကိုလည်း တွင်တွင် ချမှတ်နေသည်။ မထေရ်ကြီါ်မှာ အမှန်အတိုင်းဖွင့်၍ ပြောသော်လည်း အခြားတစုံတဦး အားအသက်ဘေးမှ ချမ်းသာခွင့်ပေးမည်မဟုတ်သည်ကို သိတော်မူသဖြင့် မည်သို့မျှ အမိန့်ရှိတော်မမူတော့ချေ။ သူသတ်သမားများ ဆွဲခေါ်ရာသို့သာ လိုက်ပါ၍ များစွာသံဝေဂ ဖြစ်တော်မူရလေ၏။ မေတ္တာနှင့် ၀ိပဿနာ တရားကိုသာ ပွားများလိုက်ပါယင်း နန်းတွင်းသို့ရောက်လျှင်လည်း သူသတ်သမားများ စီမံဆွဲတင်သည့် အတိုင်း ဆီပူအိုးကင်းကြီးထဲသို့ ဆင်းသက်တော်မူရလေ၏။ မတုန်မလှုပ်ပင် ရုပ်နာမ်သဘောများကို ဆင်ခြင်သုံးသပ်ယင်းဆီပူအိုး ကင်းကြီးထဲသို့ ဆင်းတော်မူရာ ဆီပူထဲသို့ မရောက်မီမှာပင် မဂ်ဖိုလ်လေးဆင့် ဉာဏ်မြတ်ရင့်၍ အမြင့်မြတ်ဆုံးသော အရဟတ္တဖိုလ်သို့ ရောက်တော် မူလေ၏။ အရဟတ္တဖိုလ် ဂုဏ်သတ္တိကြောင့် မထေရ်ကြီး၏ မွေးညင်းတော်မျှကိုပင် ပူလောင်ခြင်းမရှိချေ။

==============

လင်းငယ်- သူတော်ကောင်းများရဲ့ သည်းခံနိုင်မှုစွမ်းအားကြီးမားပုံကို ကြည်ညိုဖို့ကောင်းလိုက်ရဲ့ နောက်ပြီး အရဟတ္တဖိုလ်ရဲ့ မြင့်မြတ်တဲ့ ဂုဏ်သတ္တိကို သိသာနိုင်ပါတယ်။ မထေရ်ကြီး၏ အတိတ်ကံ နှင့် မထေရ်ကြီးအား မဆင်မခြင် သတ်မိ၍ အပြစ်သင့်သွားတဲ့ မင်းကြီး၏ ကံတရားကို ဆက်ရေးပါမယ်။

မူရင်းစာအုပ်- ဓမ္မာစရိယ ဦးဌေးလှိုင်ရေး သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ

1 comment:

  1. ကောင်းပေစွကောင်းပေစွ
    ကျေးဇူးတင်တယ်အငယ်လေးရေ
    အခုမှဖတ်ဖူးတယ်
း)

    ReplyDelete