စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Saturday, May 22, 2010

ခွဲခွာသွားသော လူတစ်ယောက်

ဒီပို့စ်က ကျွန်တော် ဘလော့ပြန်ရေးဖြစ်တဲ့ ပထမဆုံးပို့စ်တစ်ခုဖြစ်ပြီပေါ့။ ရေးရမှာကတော့ ၀မ်းနည်းပါတယ်။ ဒါပေမဲ့ သူ့ကို သတိရနေတာနဲ့ရော သူ့ရဲ့ အကြောင်းတွေကိုပြောပြချင်နေတာနဲ့ပဲ ရေးရတော့မှာပဲ...

သူ့နာမည်က ခိုင်ဇော်ထွန်း.. ကျွန်တော်အရှေ့ကရေးခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ ဇာတိမြို့မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ တွေထဲမှာတော့ သူအမြဲတမ်းပါပါတယ်။ သူက တစ်ခြားသူတော့ မဟုတ်ဘူး ကျွန်တော့်အမေရဲ့အမ ကျွန်တော့် အဒေါ်ရဲ့ သားတစ်ယောက် ကျွန်တော့်ရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ပါပဲ။ သူ့က တစ်ခါတစ်လေမှာ မိန်းမကြီး တစ်ယောက်လို ပွစိပွစိတွေ ပြောတတ်ပေမဲ့ အမြဲတမ်းတော့ ကျွန်တော်တို့ကို အလုပ်တွေ ၀ိုင်းကူလုပ်ပေးတတ်သူပေါ့။ ကျွန်တော် ကိုးတန်းကျောင်းသားနှစ်ကစပြီး ကျွန်တော်တို့ရဲ့ ရန်ကုန်အိမ်မှာလာနေပြီး တူတူကဲခဲ့ကြပါတယ်။ အိမ်မှာ ကျွန်တော်တို့ မိသားစုရယ်၊ နောက်တော့ သူရယ် သူ့ရဲ့ အစ်မရင်းရယ် နောက်ထပ် အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် တူတူနေကြပါတယ်။ အိမ်မှာ အမေက တစ်ခုခု ခိုင်းရင် သူပုံမှန်အားဖြင့် သူနဲ့ ကျွန်တော်တို့ကို ခိုင်းတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာဆိုရင် သူက မိန်းမကြီး တစ်ယောက်လိုပဲ ဘာလို့ သူ့တူအကြီးကိုကျတော့ မခိုင်းဘဲ အားနေရင် ခိုင်ဇော် ဆိုပြီးပဲ ခိုင်းနေတာလဲ ဆိုပြီး မိန်းမလိုပဲ ပွစိပွစိနဲ့ ပြောတတ်ပါတယ်။ ပြီးရင်လဲ မိန်းမကြီးတစ်ယောက်လို နှုတ်သီးကောင်းစွာနဲ့လဲ စွာတတ်ပါသေးတယ်။ ဒါပေမဲ့ အမေကတော့ သူ့ကိုချစ်ပါတယ်။ အိမ်မှာ ကျွန်တော်တို့ အတွက် အ၀တ်အစားတစ်စုံ ၀ယ်ပေးရင် သူတစ်စုံရတယ်။ အားလုံးကို တန်းတူပဲဝယ်ပေးပါတယ်။ တစ်ခါတစ်လေ သူကတောင် ကျွန်တော်တို့ထက်ပိုရတာ ရှိပါသေးတယ်။ တစ်ခါတစ်လေ အမေက ကျွန်တော်တို့ကို ပြောတတ်တဲ့ စကားရှိတယ်။ သူမှားသွားလို့ ပြောရင် ငါ့ပါးကိုလာရိုက်လိုက်ပါလားလို့ ပြောတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာဆို အဲ့ဒီအစ်ကိုက မဌေးက ရိုက်လို့ မရမှန်းသိလို့ အဲ့ဒါပဲ တမင်ပြောနေတာဆိုပြီးလဲ ပြောတတ်ပါသေးတယ်။ ဒါနဲ့ စကားမစပ် တစ်မျိုးလုံးက တူတွေ ရော တူမတွေရောက အမေ့ကို မဌေးလို့ပဲ ခေါ်ကြပါတယ်။ သူတို့ မိဘတွေ ခေါ်သလိုခေါ်ကြရင်းက အကျင့်ပါခဲ့ကြတာပါ။ အမေ့ကိုကတော့ တစ်မျိုးလုံးကြောက်ကျပါတယ်။ အမေက ကလေးရနေတဲ့ သူ့တူကိုတောင် အမြင်မတော်ရင် လမ်းပေါ်မှာ ကြုံရာနဲ့ ဆော်လို့ပါပဲ။ ထားပါ... အစ်ကိုဝမ်းကွဲအကြောင်းပဲ ဆက်ပြောရအောင်။ သူက သူ့မိသားစုမှာဆို ယောက်ကျားလေးအနေနဲ့ နှစ်ယောက်မြောက်ပေါ့။ အကြီးဆုံးအစ်ကိုက မိန်းမနဲ့ ကလေးနဲ့ဆိုတော့ အိမ်ခွဲနေပြီလေ။ ယောက်ကျားလေးဆိုလို့ သူတစ်ယောက်ပဲ ရှိတော့ အားလုံးကချစ်ကြသလိုပဲ သူ့ကိုပဲ ၀ိုင်းအနိုင်ကျင့်ကျတာပေါ့။ တစ်ခါကလဲ ကျွန်တော်တို့ ငယ်ငယ်ပဲရှိပါဦးမယ်။ သူ့ရဲ့အောက်က ညီမက အပူတွေများလို့ ခေါင်းတုံးတုံးပေးဖို့ လုပ်တာကို အိမ်တံခါးတွေပိတ်ပြီး ပုန်းနေတာတယ်။ ပြီးတော့ ခေါင်းတုံးတုံးပေးဖို့လုပ်တဲ့ အမေ့ကို အော်ပြီး ပြောနေလို့ သူတင်းပြီးတော့ မဌေး နေဆိုပြီး သူက ပြတင်းပေါက်ကနေကျော်ခွပြီး သူ့ညီမကို ခေါ်ထုတ်လာခဲ့မယ်ပေါ့လေ။ ဒီလိုနဲ့ ၀င်သွားပြီး ခဏနေတော့ ၀ုန်းဒိုင်းနဲ့ အသံတွေကြားနေရရော ပြီးလဲ ပြီးရော အသံတွေလဲ အစုံပေါ့။ ထွက်လာတော့ ကြည့်လိုက်မှ သူ့ညီမက သူ့ဆံပင်ကို ဆွဲပြီး ထွက်လာတာ။ ပြီးတော့ သူက သူ့ညီမကို တောင်းပန်ပြီး ပြန်လွှတ်ခိုင်းနေရတယ်။ ပြီးတော့ လေကတော့ မလျှော့ပါဘူး။ သူက ညီမကိုသနားလို့ လျှော့ပေးလိုက်တယ် လုပ်သေးတာ။ ကျွန်တော်လဲ ခေါင်းတုံးတုံးလိုက်ရပါတယ် အဲ့ဒီတုန်းက ... သူတို့ ခေါင်းတုံးတုံးချင်လာအောင် ကျွန်တော်က အရင်အရှေ့က တုံးပြလိုက်ရတယ်လေ။ အမှတ်တရပေါ့။

ကျွန်တော်တို့ လွန်ခဲ့တဲ့သုံးနှစ်လောက်က ဒီဇင်ဘာမြန်မာပြည်ပြန်တုန်းက ကျိုက်ထီးရိုးသွားတုံးကလဲ သူပါတယ်လေ... ပိုက်ဆံကို ဓားပြတိုက်သလို အလှူခံတဲ့ လူတွေကို ရန်ပြန်တွေ့ခဲ့တာလဲ သူပဲပေါ့။ အဲ့ဒီနောက်ပိုင်း ကျွန်တော်တို့ မြန်မာပြည်ကပြန်လာပြီးတော့ တစ်နှစ်ကျော်ကတဲ့ အချိန်မှာ ကျွန်တော်ရဲ့ ဂျီတော့ အကောင့်ကို ရန်ကုန်က အစ်မ၀မ်းကွဲတစ်ယောက်က ပြောလာပါတယ်။ ခိုင်ဇော်ထွန်းဆုံးပြီတဲ့။ ကျွန်တော် ကြောင်သွားတယ်။ ပြီးမှ လူမှားတာလား မသိဘူးလို့။ ဘာလို့ဆို သူက အော်ဖ်လိုင်း မစ်ဆေ့ခ်ျ ချန်ခဲ့တာကိုး။ ဒါနဲ့ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး ငိုင်နေမိတယ်။ တကယ်တော့ ကျွန်တော်ရဲ့ စိတ်ကမဖြစ်စေချင်တာပါ။ ပြီးတော့ မပြောချင်ပြောချင်နဲ့ပဲ မိသားစုကို ကိုခိုင်ဆုံးပြီတဲ့ ဆိုပြီးပြောတော့ အကုန်ကြောင်သွားတယ်။ ပြီးတော့ အမေက ဘယ်လိုဖြစ်တာလဲဟယ်ဆိုပြီး ငိုတော့မဲ့အသံနဲ့ မေးတယ်။ ကျွန်တော်လဲ မသိဘူးဆိုပြီးပြေတော့ ချက်ချင်းအမေ မြန်မာပြည်ကို ဖုန်းခေါ်ပြီးမေးတော့တာပဲ။ ပထမမငိုသေးပါဘူး။ နောက်ကျတော့ တားမရတော့ဘူး ငိုတော့တာပဲ။ ဆုံးတာက မြ၀တီမှာဆုံးခဲ့တာတဲ့။ အလုပ်သွားလုပ်ရင်း နေ့လည်ဘက်ထမင်းစားပြီး ပြန်လာတော့ မူးတယ်မူးတယ် ဆိုပြီး လဲသွားတာတဲ့။ ဆေးရုံတင်တော့ လမ်းတစ်ဝက်တင် အသက်မပါတော့ဘူးတဲ့။ သူဆုံးတဲ့ အသက်က ၂၃ နှစ်ပဲ ရှိပါဦးမယ်။ သူငယ်ချင်းတွေကြားထဲမှာရော ရန်ကုန်မှာရော အကုန်လုံး ချက်ချင်း အွန်လိုင်းဝင်လာပြီး မေးတဲ့ ဘော်ဒါတွေ အပြည့်ဖြစ်သွားတာပဲ။ အကုန်လုံးနဲ့ သိတာကို သူက။ အကုန်လုံးက မယုံမရဲတွေဖြစ်လို့။ တချို့က အသုဘသွားချင်ပေမဲ့ အလုပ်တွေ ရှိလို့ မသွားနိုင်တာနဲ့ မသွားဖြစ်ကြပါဘူး။ နယ်ထိဆင်းရမှာကိုး။ သူရဲ့ အသုဘကိုတော့ မြ၀တီမှာပဲ လုပ်လိုက်ကြပါတယ်။ သူ့ရဲ့ အဒေါ်ကျွန်တော်တို့ရဲ့ အဒေါ်လဲ ဟုတ်ပါတယ်ကလဲ အမေနဲ့ ဖုန်းပြောရင်းနဲ့ အသားကုန်ငိုတာပဲ။ မသေခင်တစ်ပတ်ကတင် ကျွန်တော်တို့ ပြန်လာပြီလားလို့ ဖုန်းဆက်မေးသေးတယ်တဲ့။ ကျွန်တော်တို့က ဒီဇင်ဘာဆို ပြန်နေကြကိုး။ ပြီးတော့ ညီအစ်ကိုတွေကို ဦးပဇင်း ၀တ်ပေးမယ်ဆိုတဲ့ ကိစ္စလဲ ပါတယ်။ သူက ဦးပဇင်းအရမ်းဖြစ်ချင်တာလေ။ အဒေါ်ကတောင် ၀တ်ချင်ရင် ပြန်လာခဲ့ ချိုချို ရဟန်းဒါယာကာမ လုပ်ပြီး ၀တ်ပေးမယ်လို့ ပြောလိုက်သေးတယ်တဲ့။ သူကလဲ တစ်လလောက်နေရင် ပြန်လာခဲ့မယ်ဆိုပြီးပြောပြီးတော့ ဖုန်းချသွားတာပဲတဲ့။ ပြီးတော့ သူ့အစ်မအရင်း လေဖြတ်လို့ ပိုက်ဆံ ငါးသိန်းလဲ ပို့ပေးလိုက်သေးတယ်ဆိုပဲ။ ပြီးတော့ နောက်တစ်ပတ်ကျတော့ သူ့အလုပ်ကနေ ဆုံးပြီဆိုပြီး ဖုန်းဆက်တာပဲတဲ့။ ကျန်တာကတော့ ဦးလေးက မြ၀တီ ရဲစခန်းကို အလောင်းစစ်မယ်ဆိုပြီး ဖုန်းဆက်ပြီး စောင့်ခိုင်းပြီး ဆင်းသွားပြီး စစ်တော့။ အသည်းကလဲ ကြီးနေတယ်တဲ့... နှလုံးလဲ ရောင်နေတယ်တဲ့။ ဒါပေမဲ့ အဲ့ဒါတွေက ကုလို့ပျောက်တဲ့ ရောဂါ သေနိုင်တဲ့ ရောဂါမဟုတ်ဘူးဆိုပြီး ခေါင်းကို ဖွင့်စစ်တော့မှ သွေးကြောပြတ်ပြီး ဆုံးတယ်ဆိုတာသိရတယ်။ ဦးလေးလဲ သေမှုပဲဆိုပြီး ရဲစခန်းကိုပြောပြီး အသုဘလုပ်ခဲ့တယ်တဲ့။ ပထမတော့ ရဲတွေက သတ်မှုဖြစ်မှာစိုးလို့ အထက်က ဦးလေးကို စစ်ခိုင်းတာနေပါလိမ့်မယ်။ ဦးလေးကလဲ မဟုတ်ရင် သူ့သူဌေးတွေ ပြဿနာဖြစ်မှာစိုးလို့ သွားစစ်ပေးလိုက်တာပါ။ ဒီလိုနဲ့ပဲပေါ့ဗျာ... နှစ်ရှည်လများ တူတူနေခဲ့ ကဲခဲ့တဲ့ အစ်ကိုတစ်ယောက် ကျွန်တော်တို့ကို လမ်းခွဲသွားခဲ့တာ ၆ လလောက်ရှိပြီပေါ့။ သူဆုံးသွားတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလရဲ့ နှစ်သစ်ကူးမဲ့ နေ့လည်ဘက်မှာပေါ့........

ကိုခိုင် တစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေ.........................................

ဝမ်းနည်းစွာဖြင့်
လင်းငယ်



3 comments:

  1. ဝမ်းနည်းစရာပဲကွာ
    စိတ်တကယ်မကောင်းဖူးး

    ReplyDelete
  2. ကိုလင်းငယ် ရေ

    ဘဝ ဆိုတာ ဒီလိုဘဲနော် ရထားကြီးပေါ်က တယောက်ပြီး တယောက် ဆင်းဆင်း သွားကြတယ်..

    ငယ်ငယ်လေး နဲ့ ဆုံးသွားတယ်နော်..ကောင်းရာသုဂတိ လားပါစေ

    ရွှေစင်ဦး

    ReplyDelete
  3. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete