စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Tuesday, November 24, 2009

လွမ်းရတဲ့ မြန်မာပြည် သို့ မြန်မာပြည်သို့

ပြီးခဲ့တဲ့ နှစ် ၂၀၀၈ ဒီဇင်ဘာလက မြန်မာပြည်ကို မိသားစုအားလုံး ပြန်သွားခဲ့ကြတယ်။ အပျော်ဆုံးပေါ့ဗျာ။ ဖြစ်နိုင်ရင် မြန်မာပြည်မှာတောင် အပြီးပြန်နေချင်သေးတာပဲ။ ဒီလိုလူဆိုတော့ မြန်မာပြည်ပြန်ရမယ်ဆိုရင် အချိန်မရွေး ၀ဲကမ်းပါပဲပေါ့။ စလုံးကနေ မြန်မာပြည်ကို မနက်အစောကြီး လေယာဉ်နဲ့ ဒိုးသွားတာ မိသားစုလေးယောက် ဟိုလည်းရောက်ရော Immigration ဖြတ်ပြီးတာနဲ့ လာကြိုလားလို့ အဒေါ်တွေ ဦးလေးတွေကို လှမ်းကြည့်တော့ တစ်ယောက်မှမတွေ့။ မိသားစုလေးယောက်လုံး စိတ်ပူသွားတယ်။ ဖုန်းဆက်ပြီး သေချာပြောထားပါရဲ့နဲ့ တစ်ယောက်မှမတွေ့။ မကြာပါဘူး ၁၅ မိနစ်လောက်နေတော့ ရောက်လာကြရော။ ဒီတော့မှ ကားပေါ်တက် စကားတွေပြောပြီး ကိုယ်နဲ့ ဝေးကွာခဲ့တဲ့ အိမ်လေးကိုသွားခဲ့တယ်။ အိမ်လေးက နှစ်ပေါင်းကြာကြာခွဲခွာ ခဲ့ရပေမဲ့ မပြောင်းလဲပါဘူး။ ဦးလေးတွေ အဒေါ်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ အရင်အတိုင်း နေချင်ဖို့ ကောင်းနေဆဲပဲ။ ၀မ်းနည်းစရာ တစ်ခုတော့ လမ်းမှာ ကားပေါ်ကလိုက်လာရင်းနဲ့ တွေ့ရတာကတော့ အရင်လို မဟုတ်ပဲ သစ်ပင်တချို့ မရှိတော့တာပဲ။ အရင်က သွားခဲ့ဖူးတဲ့ လမ်းတချို့က သစ်ပင်ကြီးတွေ အုံ့မှိုင်းခဲ့ပေမဲ့ အခုတော့ ဟာလာဟင်းလင်းကြီး ဖြစ်လို့။ စိတ်ထဲမှာ တစ်ခုခုလိုသွားသလိုလို။ ရန်ကုန်မြို့ကြီးလည်းပဲ အရာရာ ပြောင်းလဲသွားပြီကိုး။ ဇရာရဲ့ ထုထောင်းမှုပေါ့လေ။ မပြောင်းလဲတာလေးတစ်ခုကတော့ ပျက်စီးနေတဲ့လမ်းတွေ မတရားမောင်းနေတဲ့ Bus တွေပါပဲ။ လမ်းတွေကတော့ အရင်ကပျက်စီးသလို ယခုတိုင်အောင် ပျက်စီးလျှက်။ သြော် ဘာပဲပြောပြော ကိုယ်ထင်ကုတင်ရွှေနန်းဆိုတော့ ရန်ကုန်မြို့ကြီးက လှပနေဆဲပဲ။ ဒီလိုနဲ့ အိမ်ကိုရောက်လို့ အထုတ်အပိုး တွေချပြီး မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကို ဖုန်းဆက် နီးနီးနားနားရှိတဲ့လူတွေဆီသွားဖို့ အဒေါ့်ဆီက ပိုက်ဆံချေးပြီး သူငယ်ချင်းတွေကို လျှောက်တွေ့လိုက်တယ်။(ပိုက်ဆံချေးခဲ့တာ ပြန်တောင် မဆက်ခဲ့ရဘူး။ဟီး)။ လမ်းထဲက လူတွေကိုလျှောက်နှုတ်ဆက်။ ပျော်စရာကြီး။ ဒီလိုနဲ့ ညပိုင်းရောက်တော့ သူငယ်ချင်းတွေကို လိုက်ခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြပြီး ကျောင်းတုန်းက အကြောင်းတွေပြော။ သူတို့က ဒီနိုင်ငံရဲ့ အကြောင်းတွေမေးလို့ပြော။ ပြီးတော့ သူငယ်ချင်းတွေ နောက်လိုက်ပြောင်လိုက် စလိုက်နဲ့ အချိန်တွေကကုန်မှန်းမသိတဲ့ ဘ၀။ နောက်နေ့တွေမှာလဲ သူငယ်ချင်းတွေက မနက်အစောကြီးလာနှိုး လက်ဖက်ရည်ဆိုင်ထိုင် ညဘက်ကျတော့ ဂစ်တာတွေတီးကြ။ အသံကုန် မျိုးကြီး၊ လေးဖြူ၊ အငဲ သီချင်းကြီးပဲ ဆိုပေးလိုက်တယ်။ စိတ်ထဲကတော့ တစ်လပြီးရင်ပြန်ရမယ်ဆိုတာကို မေ့ထားလိုက်တယ်။ အဲ့ဒါကြီးရှိနေ စိတ်ညစ်လွန်းလို့။ ဒီလိုနဲ့ အဖေ့ရဲ့ ရွာကိုသွားမယ်ဆိုပြီးပြင်ဆင် အဖွားဆုံးသွားတုံးက မလာနိုင်တာနဲ့ အခုအဖွားအတွက် ဆွမ်းကျွေးလုပ်ပေးမယ်ဆိုပြီး သွားကြရတာပေါ့။ အမှန်အတိုင်းပြောရင် အဖေ့ဇာတိကို သွားရတာ ပျင်းပါတယ်။ ပျော်စရာမကောင်း ညီအစ်ကိုဝမ်းကွဲ ဆိုလို့လည်း တစ်ယောက်ပဲရှိပြီး အသက်တွေ အရမ်းကွာတော့ ပေါင်းလို့မကောင်း။ ဒါပေမဲ့ သမိုင်းပေးတာဝန်အရသွားရတာပဲ။ တစ်ခုတော့ ကောင်းတာပေါ့။ ခရီးသွားရတာ ကြိုက်တဲ့လူဆိုတော့ လမ်းဘေးဝဲယာငေးပြီး လှပတဲ့ ရှုခင်းဆို ဓာတ်ပုံနဲ့ မှတ်တမ်းတင်လို့ ရတာပေါ့။ ဒီလိုနဲ့သွားကြတော့ ဒီဇင်ဘာလဆိုတဲ့ အတိုင်း မြူတွေကဝေ နှင်းတွေကကျနဲ့ အေးအေးစက်စက်နဲ့ မိုက်မှမိုက်။ အကြိုက်ဆုံး ဖီလင်တွေကို မြန်မာပြည်မှာပဲရှိတော့ မြန်မာပြည်မှာပဲ ခံစားမိနေတာပေါ့ဗျာ။ ဒီလိုနဲ့ အဖေ့ဇာတိရောက်တော့ ဘာလုပ်ရတယ်ထင်သတုံး တူနှစ်ကောင်ကို လိုက်ထိန်းရတယ်ဗျာ။ ကျွန်တော့် အစ်ကိုကတော့ လက်ရှောင်ပြီး အိပ်ချည်းနေတာ။ မဆိုးပါဘူး။ နေလိုထိုင်လို့ကောင်း ရွာထဲက ငယ်ငယ်ကသိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာလဲ ပါတာပေါ့လေ။ ဒီလိုနဲ့ ရန်ကုန်ပြန်လာပြီးတော့ ညီအစ်ကိုနှစ်ယောက် ကျိုက်ထီးရိုးသွားဖို့ တိုင်ပင်ပြီး သူငယ်ချင်းတွေကို ချက်ချင်း အကြောင်းကြား။ ရန်ကုန်ကို မနက်ပြန်ရောက်တာ ညနေ ၄ နာရီလောက် ကျိုက်ထီးရိုးကို ရန်ကုန်ကနေထွက်ခဲ့တော့တယ်။

(ကျိုက်ထီးရိုး သွားတဲ့အကြောင်းရေးပါဦးမယ်။)
မအားတာတွေများနေလို့ အသစ်တွေ မတင်နိုင်တာ တောင်းပန်ပါတယ်ဗျာ။
ခွင့်လွှတ်ကြပါ။
လင်းငယ်

3 comments:

  1. အဲလုပ်ပီ တန်းလန်းကြီး
    ဖတ်ဖို့အရှိန်ရတုန်း တိခနဲ့ကိုရပ်လိုက်တာ မင်းတို့စလုံးပြန်တဲ့နေ့ ငါပြန်ရောက်
    တဲ့နေ့ပဲလေ
    လွဲသွားတယ်

    ReplyDelete
  2. ညီရေ အကိုလဲ မင်းခံစားမှုမျိုး ခံစားဖူးတယ်။ ရန်ကုန်ကြီးနာဖျားနေတာတော့ အတော်ကြာပြီကွာ။

    ReplyDelete
  3. မဗေဒါ (၈၈)May 23, 2010 at 1:50 AM

    ဟလို ကိုလင်းငယ်

    ဟုတ်တယ်.. ကျွန်မတို့ ငယ်ငယ်က သက်တမ်း (၁၀၀) နည်းပါးလောက်က သစ်ပင်တွေကို မလိုအပ်ပဲ ခုတ်ပစ်လိုက်တာ သိပ်ဝမ်းနည်းဖို့ကောင်းတယ်.. သိတဲ့အတိုင်း အခြားကိစ္စတွေလည်း ထည့်စဉ်းစားရင် ကြေ ကွဲစရာတွေချည်းပဲ.. ပြောချင်တာက သဘာဝ ပတ်ဝန်းကျင် ကိစ မျိုးတွေပေါ့..။

    မဗေဒါ (၈၈)

    ReplyDelete