စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Thursday, August 20, 2009

ဘာကြောင့်လည်း?

ညရဲ့ အမှောင် က နေလုံးကြီးကို ၀ါးမြိုပြီး သူရဲ့ ၀တ်ရုံကို ဖြန့်ကျတ်ထားတယ်။ အရောင်ကတော့ ကပ္ပလီရဲ့ အသားအရောင်ထက် တောင်မဲမှောင် သေးရဲ့။ အမှောင်ကို ပိုမှောင် ဖို့ အားပေးနေတာက ၀ုန်းခနဲ ၀ုန်းခနဲ နဲ့ ရွာနေတဲ့ မိုးပဲ။ ညကမှောင် မိုးတွေကရွာ သိတဲ့ အတိုင်း ရန်ကုန်ရဲ့ မီးကပျက်။ ဒါကမထူးဆန်းတဲ့ ဘ၀ အထာပေါ့။

ကျွန်တော်ကတော့ မိုးရွာတာကို ကြိုက်တဲ့ လူဆိုတော့ အိမ်ရှေ့ကနေပြီး လမ်းပေါ်မှာ ကျနေတဲ့ မိုးရေတွေကို ငေးလို့ အတွေးတွေ ပွားနေတုန်း ရုတ်တရတ် လျှပ်စီးတွေ က လင်းကနဲ ဖြစ်သွားတဲ့ အချိန်မှာ လမ်းမပေါ် တခဏတာလေး မြင်လိုက်ရတယ်။ လူရိပ်လေးနှစ်ခု ဒါနဲ့ ဘာများလည်းလို့ သိချင်တာနဲ့ လျှပ်စီး ထပ်ပျက်မဲ့ အချိန်ကို စောင့်နေလိုက်တယ်။ နောက်ထပ် တစ်ခါတွေတော့ လည်း သေချာမမြင်ရ။ ဒါနဲ့ စောင့်ကြည့်နေတာ ၁၀ မိနစ်လောက်ကြာတော့ လျှပ်စီးထပ် ပျက်တော့မှာ သေချာတွေ့လိုက်ရတယ်။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အသက်က ၁၅ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် လောက်ပဲ ရှိမယ်ထင်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ကလမ်းသွား လမ်းလာတွေ သောက်ဖို့ လုပ်ပေးထားတဲ့ ရေအိုးစင်လေး အောက်မှာ မိုးခိုနေတာပဲ။ ရေအိုးစဉ်က ကြီးပါတယ်.. ရေအိုးတွေဖယ်လိုက် ရင် လူတစ်ယောက်အိပ်စာလောက်ရှိတယ်။ ဒါပေမဲ့ မိုးက သည်းကြီးမည်းကြီးရွာနေတော့ သူတို့ ဘယ်လို မိုးခိုခို တစ်ကိုယ်လုံး စိုရွှဲနေတာ အသိသာကြီး ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဘေးအိမ်က လူကြီး က ထွက်လာပြီး ဟဲ့ ကလေးတွေ သွားသွားနဲ့ အတင်း မောင်းထုတ်တယ်ဗျာ။ သြော်ဒါနဲ့ ကလေးတွေက နွမ်းနွမ်းပါးပါး ပုံလေးတွေပါ။ ကျွန်တော့် ရင်ထဲ မှာ ဆို့ သွားတယ်။ သြော်.. ဒီလူကြီး သားသမီးချင်း ကိုယ်ချင်းမစာတတ်လိုက်တာလို့။ အဲ့ဒါနဲ့ ကျွန်တော်လည်း အပြင်ထွက်ပြီး ကလေးတွေကို အိမ်ထဲလာလို့ ခေါ်လိုက်တယ်။ ကျွန်တော် စိတ်ထဲမှာ တကယ်ကို တွေးမိတာက ငါ့ညီငါ့ညီမလေး တွေအရွယ်လောက်လေးတွေ မိုးထဲမှာ မှောင်မှောင်မည်းမည်းနဲ့ ဘယ်လောက် အားငယ်နေလိုက်မလည်းဆိုပြီး ခေါ်ဖြစ်တာပါ။ ရင်ထဲ မှာလည်း ဟိုလူကြီးကို မကျေမနပ်ဖြစ်မိတယ်။ ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျွန်တော် ညီနဲ့ ညီမလေးရဲ့ အ၀တ်အစားတွေထုတ်ပေးပြီး သူတို့ အ၀တ်တွေနဲ့ လဲခိုင်းလိုက်တယ်။ ပြီးတော့ ရေနွေးအိုးကျိုပြီး ကော်ဖီတစ်ယောက်တစ်ခွက်စီနဲ့ မုန့်တွေချကျွေးလိုက်တော့ သူတို့ စားတာ ကုန်တာပဲ။ ကျွန်တော်လည်း မုန်တွေထပ်ချပေးမိတယ်။ မုန်ကို ပုံးလိုက်ကို ထားပေးလိုက်တာ။ ကလေးတွေဗိုက်ဆာနေမှန်းက အရမ်းကို သိသာလွန်းနေတယ်လေ။ ထမင်းတွေဟင်းတွေ မရှိတော့လို့သာ မုန်တွေ့ကော်ဖီတွေတိုက်နေရတာ။ ဖြစ်နိုင်ရင် ထမင်းဟင်းကျွေးလိုက်ချင်တာ။ ကလေးနှစ်ယောက်တည်းက မိန်းကလေးက စားရင်းနဲ့ မျက်ရည်တွေဝဲပြီး မနက်ထဲက ထမင်းမစားရသေးတာ အခုမှ ပဲ အစားကောင်းအသောက်ကောင်း စားရတော့တဲ့လို့ ပြောလိုက်တော့ စိတ်ထဲမှာလေ သနားလိုက်တာ။ ကလေးနှစ်ယောက်လုံးက ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးတွေနဲ့ ဘ၀ဆိုးနေကြတာ။ သူတို့လည်း စားနေရင်းနဲ့ ကျွန်တော်လည်း မေးချင်တာလေးတွေမေးမိတယ်။ သူတို့ နှစ်ယောက်ရဲ့ အကြောင်းကိုပေါ့။ သူတို့က မိဘတွေမရှိတော့ဘူး။ ဦးလေး လင်မယားနဲ့ တူတူနေတာတဲ့။ သူတို့ ကိုကျောင်းတော့ ထားပေးပေမယ့် ကျောင်းစားရိတ်နဲ့ ထမင်းဖိုး အတွက် သူတို့ဟာသူတို့ ရှာရတယ်တဲ့။ အခုလည်း သူတို့ ကားဂိတ်တွေမှာ ရေသန့်ဘူး အခွံ့တွေ တောင်းလိုက်ရောင်းလိုက်နဲ့ လုပ်တာ မိုးသည်းပြီးမည်းကြီးရွာလို့ ဒီနားရောက်တုန်းမိုးခို နေတာတဲ့လေ။ သြော် ကလေးလေးတွေ ပျော်ရွှင်ပြီး စာသင်ရမယ့် အချိန်မှာ ဒီလို ဖြစ်နေတာကြားရတော့ ၀မ်းနည်းမိတယ်။ ပြီးတော့ နှစ်ယောက်စလုံးက ဒီနေ့ တစ်နေ့လုံး ဘာမှမစားရသေးဘူးတဲ့ ပိုက်ဆံမရကြလို့တဲ့ ကျွန်တော်ကျွေးတဲ့ မုန့်တွေ ကော်ဖီတွေက ပထမဆုံးပဲတဲ့ ဘ၀မှာ။ ရင်ထဲမှာ စို့သွားတာပဲ။ ပြီးတော့ ကလေးနှစ်ယောက်က ကျွန်တော့် ကိုအ၀တ်အစားတွေပြန်ချွတ်ပေးပြီး သူတို့ အ၀တ်တွေလဲ ဖို့လုပ်တော့ ကျွန်တော်က ယူလိုက်တော့လို့ ပြောလိုက်မိတယ်။ ကလေးလေးတွေ မျက်နှာမှာ အပျော်ရိပ်လေးတွေ ထင်းခနဲနေသွားတာတွေ့လိုက်ရတယ်။ ပြီးတော့မှ နှစ်ယောက်လုံးက မျက်နှာလေးတွေ ညိုပြီး သူများ ပစ္စည်းကို အလကားယူတာ မကောင်းဘူးဆိုပြီး အတင်းပေးလို့ မနည်းပြောပြီးပေးလိုက်ရတယ်။ ပြီးတော့ မိုးထဲမှာပဲ ပြန်မယ်လုပ်လို့ မနည်းတာပြီး အိမ်မှာပဲ ညအိပ် မနက်မှသွားကြဆိုပြီး ကျွန်တော်အိမ်မှာပေးအိပ်လိုက်တယ်။ သူတို့ အတွက် အိပ်ရာလေးတွေပြင်ပေးတော့ အားနာတဲ့ အကြည့်လေးတွေနဲ့ ကြည့်ပြီး ဘေးနားမှာ ကုတ်ကုတ်လေးတွေရပ်နေကြလို့ သူတို့ကို စိတ်အားမငယ်အောင် အစ်ကိုက အစ်ကို့ ညီတွေ ညီမအရွယ်တွေဆို သိပ်ချစ်တတ်တာ ဆိုပြီး ကျွန်တော်မှာ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတာတွေပြောပြီး သူတို့ ကိုအိပ်ခိုင်းလိုက်တယ်။ သူတို့ အိပ်ရာထဲဝင်ပြီး ၁၀ မိနစ်လောက်နေတော့ အိပ်ပျော်သွားတာများ နှစ်နှစ်ချိုက်ချိုက်ပဲ။ ဘယ်လောက်တောင် များပင်ပန်းဆင်းရဲ ထားလိုက်ကြတယ်မသိဘူး။ ကျွန်တော်လည်း ကျွန်တော့် အိပ်ရာပေါ်တတ်ပြီး စဉ်းစားနေမိတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေနဲ့ ကလေးငယ်တွေ ဘယ်လောက်များ မြန်မာပြည်မှာ ရှိနေကြမလည်းလို့ နောက်ပြီး သားသမီးချင်း ကိုယ်ချင်းမစာတတ်တဲ့ အိမ်ဘေးကလူကြီး လိုလူတွေ ဘယ်လောက်များ..များနေမလည်းလို့ ...

စဉ်းစားရင်းစဉ်းစားရင်းနဲပဲ..........................................

Peace
လင်း

3 comments:

  1. တွေးစရာကော ခံစားစရာပါ ယူသွားပါတယ်။ ဒီပိုစ့်လေးကြောင့် အဲဒီ့ အိမ်နီးနားချင်းလိုလူမျိုး နည်းပြီး ကိုယ်ချင်းစာနိုင်မယ့် လူတွေ များပါစေ။

    ReplyDelete
  2. ငါလည်းမျက်ရည်လည်တယ်တယ်ဖြစ်သွားတယ်အငယ်လေးရေ.....

    ReplyDelete
  3. သြော်... လူတစ်ကိုယ် စရိုက်တစ်မျိုးဆိုတာ အမှန်ပဲကိုး...
    ဒီပို့စ်ထဲက..အိမ်နီးချင်းလိုလူမျိုးတွေ တဖြေးဖြေးလျော့ပါးနိုင်ပါစေ...
    :)

    ReplyDelete