စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Sunday, September 13, 2009

မယုံကြည်၍တော့ မဟုတ်ပါ......


ကျွန်တော့်ရဲ့ မေးလ်ထဲကို ၀င်လာတဲ့ သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ စာရွက်လေးပါ။ သာမညတောင် ဆရာတော် ဘုရားကြီး၏ အိမ်မက်စာလွှာတဲ့။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကို ကျွန်တော်ဖတ်ကြည့်ပါတယ်။ တချို့နေရာတွေကို ကျွန်တော့်ရဲ့ စိတ်ထဲမှာ ကျေနပ်မိဘူး။ မကျေနပ်ဘူးဆိုတာ ဘယ်သူ့ကိုမှ မဟုတ်ပါဘူး။ ကျွန်တော်လည်း ဆရာတော်ကို ကြည်ညိုတဲ့လူတစ်ယောက်ပါ။ အခု သူတို့ ရဲ့ဒီစာရွက်ထဲမှာပါတဲ့ အကြောင်းအရာတချို့က ဒီစာရွက်ကို မဝေတဲ့လူတွေ ဒုက္ခရောက်တယ်။ ဝေတဲ့လူတွေ ကံကောင်းတယ်တဲ့။ ဘုရားရှင်ဟောထားတဲ့ အတိုင်းဆို အကြောင်းကြောင့်သာလျှင် အကျိုးဖြစ်တယ်။ အဲ့ဒါကို နားလည်ထားရင် ဒီကိစ္စက အရှင်းကြီးပါ။ နောက်ပြီး သာမညဆရာတော် ဘုရားလို ဆရာတော် တပါးရဲ့ အိမ်မက်စာလွှာကို မဝေမိတာပဲ ဖြစ်ဖြစ် ဝေမိတာပဲ ဖြစ်ဖြစ် အဓိကက စိတ်ထဲမှာ ကြည်ညိုနေဖို့ပါပဲ။ ဆရာတော် ဘုရားလို သူတော်ကောင်း တစ်ယောက်ဟာ လူတွေ ဒုက္ခရောက်အောင်လုပ်လိမ့်မယ် မဟုတ်ဟု ကျွန်တော် ယုံကြည်တယ်။ လူတစ်ချို့ မဝေမိလို့ ဒုက္ခရောက်တယ်ဆိုတာ သူ့အကြောင်းနဲ့ သူရှိပါလိမ့်မယ်။ ဒီစာရွက်ဝေတာ မဝေတာနဲ့ မဆိုင်နိုင်ပါဘူး။ ဒီလို စာရွက်မျိုးကို အခုလိုမျိုး ခြောက်သလိုလို လှန့်သလိုလို ရေးပြီး ပို့တဲ့လူလည်း မလုပ်သင့်ပါဘူး။ လူတွေယုံကြည်ရင် ဝေပါလိမ့်မယ်။ အခုလိုမျိုးမဝေရင် ဘာဖြစ်တယ် ဝေရင်ဘာဖြစ်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကကျွန်တော် (လင်း)ရဲ့ ခံယူချက် သက်သက်သာ ဖြစ်ပါတယ်။ အားလုံး ကွန်းမန့်ပေးပြီး ထင်မြင်ချက်လေးတွေပေးပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အကြောင်းနဲ့ အကျိုးလောက်မှ မသိရင် တော်တော် ဆိုးဝါးပါတယ်။ ကျွန်တော် လည်း အရမ်းအသိကြီးမဟုတ်ပါ။ သိသလောက်နဲ့ ထက်သိဖို့ ကျိုးစားနေတာပါ။ အားလုံး ကို ကျေးဇူးတင်စွာဖြင့်....

လင်းငယ်

Saturday, September 12, 2009

လင်းတို့ ဘောလုံးကန်ခဲ့ကြတုန်းက

လင်းတို့ရဲ့ ငယ်ဘ၀က တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ လင်းက ငယ်ငယ်တည်းက ကိုယ့်ထက် အသက် ၅ နှစ်လောက်ကြီးသူတွေနဲ့ သူငယ်ချင်းလို အစ်ကိုတွေလိုပေါင်းခဲ့ရတာ။ ဘာလို့လည်းဆိုတော့ လင်းရဲ့ အစ်ကိုက လင်းထက် ၅ နှစ်ကြီးတယ်ဆိုတော့ သူ့ရဲ့ သူငယ်ချင်းတွေ က လင်းရဲ့ သူငယ်ချင်းတွေလို ဖြစ်ကုန်တာ။ လင်းငယ်ငယ်က တော်ရုံ တန်ရုံ ကလေးကစားနည်းတွေ ကစားတာ နည်းခဲ့တယ်။ လူကြီး တွေနဲ့ ပေါင်း လူကြီးကစားနည်းတွေ ဆော့ပေါ့။ ဥပမာ ဘောလုံးကန်တာတို့ ဘာတို့ပေါ့လေ။ လင်းတို့ ဘောလုံးကန်တယ် ဆိုတာက အိမ်ရှေ့မှာ ကွင်းသေးကန်ကြတာပေါ့နော်။ ဒါပေမဲ့ စနေနေ့တိုင်းကတော့ တက္ကသိုလ် ကွင်းထဲမှာ လူစုပြီး အသင်းနည်းပြကြီးဖြစ်တဲ့ အမေက ကားနဲ့ လိုက်ပို့တယ် အားလုံးကို။ ပွဲမပြီးခင် အထိလည်း လိုက်ပြီး စောင့်နေပေးတယ်။ အအေး မုန့် စသည်ဖြင့် အမောဖြေဖို့လည်း လုပ်ပေးတယ်။ လင်းတို့ ရဲ့ အိမ်ရှေ့မှာ PMG သောက်ရေသန့် နဲ့ အရက် စက်ရုံရဲ့ ပင်မ ရုံခန်းကြီးရှိတယ်။ မနက်မိုးလင်းတာနဲ့ လမ်းပေါ်မှာ သူတို့ ရဲ့ ကားတွေ ရုံးလာတဲ့ လူတွေ အပြည့်ပေါ့။ လင်းတို့ ရဲ့ ဘောလုံး အသင်းအဖွဲ့ကြီးကလည်း တစ်လမ်းထဲမှာ နေတဲ့ လူတွေ များတော့ အကုန်လုံးက မိုးလင်း အိပ်ရာကနိုးတာနဲ့ တွေ့ကြပြီး ရုံးလာတဲ့ စာရေးမချောချော လေးတွေကို ငမ်းကြတယ်။ တချို့ ဆို လိုက်ကြောင်တာတွေ ဘာတွေတောင်ရှိတယ်။ လင်းရဲ့ အစ်ကို လည်း တစ်ယောက် အပါအ၀င်ပေါ့လေ။ လင်းကတော့ ငယ်သေးတာကိုး။ ဒါတွေဘယ်လုပ် မလည်း ဟုတ်ပါတယ်နော်။ (ဟုတ်ပါတယ်)။ လင်းတို့ အဖွဲမှာ အခု မလေးရောက်နေတဲ့ ရင်ဘတ်ကြီး ဘလော့ကိုလုပ်နေတဲ့ ကိုသီဟဇော်( ဘာကြောင့်လည်းတော့ မသိဘူး အားလုံးကသူ့ကို မြန်မာမှတုန်းက ဥက္ကဌ လို့ခေါ်ကြတယ်) တို့ လည်း ပါတယ်။ တော်တော်လေးကို ပျော်ဖို့ကောင်းပြီး အမှတ်ရဖို့ကောင်းတဲ့ နေ့ရက်တွေပေါ့။ ထားပါ ပို့စ်လေးကို ဆက်ရေးဦးမယ်။ လင်းတို့ ညနေတိုင်းလမ်းထဲမှာ ကန်တော့ တခါတလေ တော်တော်လေးကို ဒေါသ ထွက်ဖို့ ကောင်းတဲ့ ကိစ္စတွေရှိတယ်။ PMG က ကားတွေက လင်းတို့ ဘောလုံးကန်နေပြီ ဆို လာလာပြီး Parking လုပ်တာဆိုးတယ်။ အားလုံးက ဒေါသတွေထွက်ကြ ဘောလုံးနဲ့ ကားရဲ့ Body တွေကို ကန်ကြ။ ကားမောင်းတဲ့ လူတွေနဲ့ စပယ်ယာလုပ်တဲ့ လူတွေလည်း သိပါတယ်။ လာလာ တောင်းပန်ကြတယ်။ လင်းတို့ ကတော့ တမင်ကို လုပ်တာပဲ။ နောက်ပိုင်းကျတော့ အမေက သူတို့ရဲ့ မန်နေဂျာကို သွားပြောရော။ အဲ့ကြတော့ မှ သူတို့ ကားတွေရပ်တာကို နေရာပြောင်းသွားတာ။ တစ်ခါကျတော့ လင်းတို့ ညနေဘက်ကြီး ဘောလုံးကန်နေတုန်း သူတို့ ရုံးလွှတ်ချိန် မို့ ရုံးဆင်းကြရော။ မမလှလှ တွေလည်း ပါတာပေါ့လေ။ လင်းတို့ ကတော့ ကန်တာပဲ။ အသားကုန် ဘာလို့ လည်းဆိုတော့ အအေး တစ်လုံးခြင်းကန် ကြတာကိုး။ ကန်နေရင်းနဲ့ အားပါပြီး ကန်လိုက်ကြတာ ရုံးဆင်းလာတဲ့ မမလှလှတစ်ယောက်ရဲ့ ဖင်တည့်တည့်ကို မှန်သွားပါလေရော။ သွားပြီလို့ သိလိုက်တယ်။ မမလှလှ ဖင်မှာ အကွက်ကြီးဖြစ်သွားတာကိုး။ ဟီးဟီး။ အားလုံးလည်း ကြောက်ပြီး အသားကုန်တောင်းပန်ကြတာပေါ့။ အစ်မရယ် ဆော်ရီးပါ ဘာညာပေါ့လေ။ တော်သေးပါတယ်။ မမလှလှကလည်း သဘောကောင်းတော့ ကျေအေးပေးလို့ပေါ့။ နို့မို့ဆို ကွိုင်ဇယားလေ။ အဲ့ဒီနောက်ပိုင်း အမေက ဘောလုံးကန်ပြီဆို အိမ်ရှေ့ထွက်ထိုင်ပြီး ကလေးတွေ လူလာနေပြီ ရပ်ဆိုပြီး အော်တဲ့ အလုပ်တစ်ခုတိုးသွားရော။

လင်းတို့ စနေနေ့တိုင်း ကွင်းကြီးကန်တဲ့ အခါမှာတော့ အားလုံး နေပူကြီးထဲမှာ အပျော်ပါပဲ ကန်ကြတာ။ နောက်ပြီး အားလုံးက လည်း အချင်းချင်းဆိုတော့ အေးဆေးပဲကန်ကြတာ။ လင်းတို့ အဖွဲထဲမှာ လူတစ်ယောက်ပါတယ် စိုးမိုးတဲ့ သူ့နာမည်က သူလည်း အခု မလေးမှာပါပဲ။ အကုန်လုံး တစ်ကွဲတစ်ပြားစီတွေ ဖြစ်လို့ လင်းတို့ ကွင်းကြီးကန်ရင်တော့ လင်းရဲ့ အခင်းဆုံး သူငယ်ချင်း ဖြစ်တဲ့ ပြည့်ဖြိုးအောင်ခေါ် ကိုကျော်က တော့ ပါတယ်။ လင်းတို့ တစ်ခါ ကန်ကြတော့ စိုးမိုး တစ်ယောက် ကန်နေရင်းတန်းလန်းနဲ့ ထိုင်နေတဲ့ အမေ့နားကို သွားပြီးတော့ အန်တီ အန်တီ သားတော့ သေတော့မယ်အန်တီ ကယ်ပါဦး ဘာညာတွေ ပြောနေရော။ အမေလည်းပြာသွားတာပေါ့။ သားဘာဖြစ်လို့ တုန်းဆိုတော့မှ သား မျက်စိထဲမှာ ကမ္ဘာကြီး ချာချာ လည်နေတယ် အန်တီရယ် တဲ့.။ အဲ့ကြမှ အမေလည်း ပါလာတဲ့ သံပရာရည်လေးတိုက် ပြီးတော့ ဆေးခန်း ခေါ်သွားရရော။ ပြီးတော့ မှ အမေက သူ့ကို အိမ်ပြန်လိုက်ပို့ ပြီး ကျွန်တော်တို့ကို လာပြန်ပြောပြတော့ ရီလိုက်ရတာလေ။ သူက သွေးပေါင်ကျသွားတာတဲ့။ နောက်ပြီး အမေ့ကို တစ်လမ်းလုံး သူသာသေသွားရင် အန်တီ ကျွန်တော်ကျန်ခဲ့တဲ့ အကြွေးတွေ ဆပ်ပေးပါဆိုပြီး တောက်လျှောက်ပြောသွားတာတဲ့။ နောက်ပိုင်း လင်းတို့ သူ့နဲ့ လက်ဖက်ရည်ဆိုင်ထိုင် ရင် အဲ့ဒီအကြောင်းပြောပြော ပြီး ရယ်ကြတာ ဟားဟား... ငယ်ငယ်တုန်းက ပျော်စရာတွေပေါ့.....

ကိုလင်း

Thursday, September 10, 2009

ကိုးကွယ်မှု နှင့် နတ်

လင်း ပြောချင်သည့် နတ်ဆိုသည်မှာ မူလီ သို့မဟုတ် နပ် ကို ပြောခြင်းမဟုတ်ပါ။ ယခု အခါလူအများ ကိုးကွယ် လျှက်ရှိသော သုံးဆယ့် ခုနှစ်မင်းခေါ် နတ်များကို ဆိုလိုခြင်းဖြစ်သည်။ ရှေးရှေး များကို ပြန်ကြည့်မည်ဆိုလျှင် မြတ်စွာဘုရား ပွင့်တော် မူသော ကာလတွင် နတ်များဆိုသည်ကို မကြားဘူးပါ။ တချို့သော ပုဏ္ဏား မျိုးနွယ်များသာလျှင် မီးနတ် ရေနတ် စသည် ဖြင့် နတ်များကို ကိုးကွယ် ကြခြင်းဖြစ်သည်။ တချို့ကား ဗြဟ္မာများကို ကိုးကွယ်ကြသည်။ ဆိတ်၊ နွား စသည်များကို လည်လှီး၍ ယဇ်ပူဇော်ကြသည်။ ထိုသို့ ကိုးကွယ်မှုများစွာ ဘုရားလက်ထပ်တော် ကတည်းကရှိခဲ့ပေသည်။ ကိုးကွယ်မှု အလွဲအမှားများ ပင်ဖြစ်သည်။ လူဆိုသည် အတိုင်း မိမိ ယုံကြည်ရာ ကိုးကွယ်ရာ ကို ကိုးကွယ်တတ်ကြသည်။ ကိုးကွယ် ရာအစစ် မြတ်စွာဘုရား ရှိနေလျှက်နှင့်ပင် အခြား ကိုးကွယ် ရာများ နှင့် သေလွန်သွားကြသည်မှာ လူဖြစ်ရှုံးလေစွ။


မြတ်စွာဘုရား ၏ တပည့် သာဝက ကြီးများ ဖြစ်တဲ့ ရှင်သာရိပုတ္တရာနှင့် ရှင် မဟာမောက္ကလန် ပင် ပုဏ္ဏား မျိုးနွယ်မှ ဆင်သက်လာသူများ ဖြစ်သည်။ ထို့ပြင် မြတ်စွာဘုရား၏ သာသနာတော်ကို ပြုစု ပျိုးထောင် စောင့်ရှောက်လာခဲ့သော သူများသည်လည်း ပုဏ္ဏား မျိုးနွယ်များ သည် အများစုဖြစ်သည်။ သူတို့ သည် တကယ့် ကိုးကွယ်ရာ အစစ်ကို ယုံကြည်၍ နိဗ္ဗာန်စံဝင်သွားကြပြီးဖြစ်သည်။ သို့သော် လောကတွင် အစစ်ရှိလျှင် အတုရှိသည် ဆိုသည် အတိုင်း မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီးနောက်တွင် တစ်ချို့သော လူများ နှင့် ဘုရင်များကြောင့် နတ်ဆိုသည် ကိုးကွယ်မှုသည် ကြီးထွားလာရသည်။ ကိုကြီးကျော် မင်းကြီး မင်းလေး စသည့်ဖြင့်ပေါ့လေ။ သို့သော် နတ်တို့ဖြစ်ပေါ်လာသည့် အခြေခံ အကြောင်းအရာမှာ ဘုရင်များမှ ထိုနတ်ဖြစ် မည့်လူများအား သတ်ပြီးလျှင် ပြည်သူများ မကျေနပ်သဖြင့် ပြဿနာ မဖြစ်ပွားစေရန် အကြောင်းရှာ၍ ထိုသူများ နတ်ဖြစ်သွားသည် ဟု ဆိုလျှက် နတ်ကွန်းများ ဖြင့် ပြည်သူများ ကျေနပ်စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဥပမာ တစ်ခုအနေဖြင့်ဆိုလျှင် မင်းကြီးမင်းလေး အား အုပ်တစ်ချပ် လပ်မှုအတွက် အပြစ် ရှာ၍ သတ်ဖြတ်ပြီးသည့် နောက် ပြည်သူများက မကျေနပ်သည်ကို သိ၍ သူ့အား မင်းကြီးမင်းလေး မှ အိမ်မက်ပေး၍ နတ်ကွန်းတည် ခိုင်းသည် ဟုဆိုကာ ပြည်သူများအား လိမ်လာခဲ့ခြင်းဖြင့် ပြည်သူများ၏ အညိုအညင်ကို ရှောင်လွှဲခဲ့ခြင်းဖြစ်သည်။ ကိုကြီးကျော်ဆိုလျှင်လည်း အရက် သောက်နေသည့် လူဖြစ်သည်။ ထိုသို့သော လူမှ နတ်ဖြစ်သွားသည် ဆိုသည် မှာ ယုံနိုင်ပါမည်လော။ ထို့ပြင် ထိုနတ်ဖြစ်သွားသည် ဆိုသည့် လူများမှာ များသော အားဖြင့် အသတ်ခံရ၍ ဖြစ်စေ အစိမ်းသေဖြစ်စေ စသည်ဖြင့် သေသွားသူများဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော် နှင့် အညီဆိုရလျှင် ထိုသို့ နတ်မျိုးဆိုသည်မှာ ရှိကို မရှိပေ။ သို့သော် ယနေ့ ခေတ်တွင် လူအများသည် အကြောင်းအမျိုးမျိုးကြောင့် ကိုးကွယ်မှုများလွဲမှားလျှက် နတ်ကိုးကွယ် သည့် သူများများ ပြားနေပေသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်လျှက်နှင့် နတ်ကိုးကွယ်နေသည်မှာ တွေးကြည့်လျှင် ရှက်ဖို့ပင် ကောင်းနေပေသည်။ တခြားဘာသာဝင်များ အားကြည့်လိုက်လျှင် ခရစ် ဆိုလျှင် လည်း ခရစ်အလိုက် ကိုးကွယ်မှုမှာ သူတို့၏ ထာဝရဘုရား သခင်သာရှိသည်။ သို့သော် ဗုဒ္ဓဘာသာဝင်များ အားကြည့်လိုက်လျှင် မြတ်စွာဘုရား၏ ဆွမ်းတော်ထက် နတ်တို့၏ ပွဲများက ပိုများနေသည်။ ဘုရားစင်ဟုသာ ဆိုသည် နတ်ရုပ်များဖြင့် ပြည့်နေသည့် ဘုရားစင်ကများသည်။ ထို့ကြောင့် စဉ်းစားပါ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် အကြွင်းမဲ့ ယုံကြည့်မှု ဖြင့် မြတ်စွာဘုရား၏ တရားကို ယုံကြည်မည်လား ဒါမှမဟုတ် နတ်ကိုးကွယ်ခြင်းဖြင့် ဆက်၍သွားမည်လား အချိန်မီကြပါသေးတယ် ပြင်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ကိုလင်း

Wednesday, September 9, 2009

တစ်ခါလေး ကစားမိပါတယ်

ကျွန်တော် စင်ကာပူ စရောက်တည်းက ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာ စသည်ဖြင့်ပေါ့လေ။ အားကစားတွေကို မလုပ်တာ ၄ နှစ်လောက်ရှိရောပေါ့။ သူငယ်ချင်းတွေက ကစားဖို့ခေါ်လည်း အမေက သူများနိုင်ငံမှာနော် တစ်ခုခုဖြစ်မယ်ဆိုပြီးတားတတ်တော့ မကစားဖြစ်ဘူး။ ကိုယ်တိုင်ကလည်း အပျင်းကြီးနေတာ ပါတာပေါ့လေ။ လင်းဆိုတဲ့ ကျွန်တော်ကလည်း ကိုယ့်ဟာကိုယ် အိမ်မှာ တစ်ယောက်တည်းနေပြီး စာအုပ်ဖတ်လိုက် ကော်ဖီလေးသောက်လိုက်.. တွေးချင်ရာတွေ တွေးလိုက်နဲ့ နေရတာကို ကစားတာထက် ပိုပြီး ကြိုက်တော့ အမေတို့ ပိတ်ပင်တာလည်း အေးဆေးပေါ့။ အခုတစ်လောက တော့ အိမ်လည်း အသစ်ပြောင်းလိုက်တာရယ်၊ နောက်ပြီး ဖတ်စရာစာအုပ်တွေ ကုန်နေတာရယ် ကြောင့် တော်တော်လေးကို ပျင်းနေပါတယ်။ ရုပ်ရှင်ကြည့်ဖို့ ကျတော့လည်း အားလုံးနီးပါးလောက်က ကြည့်ပြီးသားတွေဖြစ်နေလေရဲ့။ ဒီတော့ တစ်ယောက်တည်း အိမ်ထဲမှာ ပျင်းပျင်း ရှိရင်ဂစ်တာလေး တီးလိုက် သီချင်းလေးရေးလိုက်ပဲပေါ့။ တစ်ခါတစ်လေ အမေကို အရင်က အကြောင်းတွေမေးလိုက်။ အမေတို့ ငယ်ငယ်က အကြောင်းတွေမေးလိုက် အမေ့ကို နောက်လိုက် နဲ့ ပဲနေနေရတယ်။ မနေ့ကတော့ သူငယ်ချင်း ကိုပိုင်က ဖုန်းလှမ်းဆက်တယ်။ ကြက်တောင်ရိုက်ဖို့တဲ့ သူ့အိမ်နားက ကွင်းကိုလာခဲ့တဲ့။ ကျွန်တော်လည်း ပျင်းနေတာနဲ့ မထူးဘူးဆိုပြီး အေးငါ နောက် နာရီဝက်လောက် ဆိုထွက်လာခဲ့မယ်ဆိုပြီး အ၀တ်အစားလဲ ဈေးသွားဝယ်နေတဲ့ အမေ့ကို သွားပြီး ကစားလိုက်ဦးမယ်ဆိုပြီး ဖုန်းလှမ်းဆက်။ ပြီးတော့ ထွက်သွားလိုက်တယ်။ ညနေ ငါးနာရီခွဲလောက်ပဲ ရှိဦးမယ်ထင်တယ်။ ဟိုက ကြက်တောင် ကွင်းကို ရောက်သွားတော့ ဟိုမှာ ကိုပိုင်ရယ် စိုင်းဆိုတဲ့ နှစ်ယောက်တည်း ရိုက်နေတယ်။ ဖုန်းဆက်တုန်းက ပြောတာတော့ ကျွန်တော် အပါအ၀င် ငါးယောက်ဆိုပြီးပြောတယ်။ အခုတော့ နှစ်ယောက်တည်း တွေ့ရပါလားပေါ့လေ။ ဒါနဲ့ ဟိုကောင် နှစ်ကောင် ဘယ်သွားနေလည်းပေါ့လေ။ နှစ်ကောင်ဆိုပေမဲ့ ကျွန်တော် ညီအရွယ်လေးတွေပါ။ ကျွန်တော့်ထက် ငယ်တယ်။ ဟိုကောင်တွေ ရတ်ကတ် မပြည့်လို့ သွားဝယ်နေတယ်ဆိုတော့မှာ ကျွန်တော်လည်း ကိုပိုင်တို့ နဲ့ ရှုံးထွက် ၀င်ရိုက်တယ်။ ကိုပိုင် ပထမပွဲရှုံးသွားတယ်။ အဲ့တော့ ကျွန်တော်နဲ့ စိုင်းပေါ့။ ကျွန်တော် စဆော့ပြီး ၄ မှတ်လောက်လည်း ရောက်ရော လူကဘယ်လိုမှ မရတော့ ဘူး မောသလား မပြောနဲ့။ ပြီးတော့ ခြေထောက်တွေကလည်း ကြွက်တတ်ခြင်သလိုလို ဖြစ်။ ပြေးကလည်း မပြေးနိုင်တော့ဘူး။ ဟိုနှစ်ယောက် ရတ်ကတ်သွားဝယ် နေတဲ့ အချိန်အတွင်းမှာကို ကျွန်တော်တို့ ၅ ပွဲလောက် ပြီးသွားတယ်။ ကျွန်တော်ရယ် ကိုပိုင်ရယ်ကတော့ တောက်လျှောက်ရှုံးပွဲနဲ့ နိုင်ပွဲမရှိစံချိန်တင်သွားတယ်။ ပြီးတော့ ရတ်ကတ်သွားဝယ်တဲ့ သုတနဲ့ ကျားပေါက်ဆိုတဲ့ နှစ်ယောက် ပြန်ရောက်တော့ နှစ်ယောက်နှစ်ယောက် ရှုံးထွက် ရိုက်ကြတယ်။ အဲ့ဒီကြတော့ သိပ်မမောတော့ဘူး။ ဒါပေမဲ့ ခြေထောက်တွေကတော့ နာတာပဲ။ ခဏလောက်နေတော့ ခြေထောက်က ဖျင်းခနဲဖြစ်သွားလို့ ကြည့်လိုက်တော့ ခြေမအောက်က အရေပြားတွေ လန်ထွက်သွားတာ သွေးတွေပါစို့ လာတယ်။ ဒါလည်း အေးဆေးပါ ပလာစတာလေး ကပ်ပြီး ဆက်ရိုက်လိုက်တာ ည ၁၀ နာရီထိုးသွားတယ်။ အဲ့ဒီကျမှ အိမ်ကို ကားစီးပြီး ပြန်လာလိုက်တယ်။ အိမ်ရောက်တော့ ခြေထောက်ကလည်းနာ ရတ်ကတ် ကို လွှဲလွှဲပြီး ရိုက်ထားလို့ လက်ကလည်း နာ။ တစ်ကိုယ်လုံးကို နာနေရော။ အိပ်လိုက်ပြီးနောက်နေ့မနက်မိုးလင်း မှ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသိလို ကို နာနေတာ။ လှုပ်လို့ ကို မရဘူး လှုပ်လိုက်တာနဲ့ နာတော့တာပဲ။ ထိုင်ရင်လည်း ဖင်တွေပါနာနေတယ်။ တကယ်ပါ နောက်တစ်ခါကစားရမှတောင် ကြောက်သွားပြီ။ သြော် တစ်ခါလေး ကစားမိပါတယ် လင်းတို့ ကတော့ စိတ်ကိုညစ်ရော။

ကိုလင်း

ငယ်ငယ်တုန်းက

ရပ်ကွက်ထဲက အုန်းပင်တွေရှိတဲ့နေရာကြီးကို ကန်ထရိုက်တိုက်တွေဆောက်မလို့တဲ့... ဒါကတော့ ရပ်ကွက်ထဲမှာ ကြားနေရတဲ့သီတင်းပေါ့။ ကန်ထရိုက်တိုက်ဆောက်မယ်ဆိုတဲ့ နေရာကလည်း ကျွန်တော်တို့ အိမ်ဘေးနားတင် ဘယ်နေ့များလာ ပြီးအပင်တွေခုတ်လို့ တိုက်တွေလာဆောက်မလည်း ရယ်လို့ နေ့တိုင်းစောင့်ကြည့်လိုက်ရတာ အမော။ တစ်နေ့တော့ လာပါပြီ ဘူဒိုဇာကားတွေ နောက်ပြီး လူတွေအများကြီးရယ်နဲ့ အပင်တွေခုတ်ကြပါလေ ရော။ လင်းတို့အပျော်ပေါ့။ သူတို့တွေခုတ်တာတွေကြည့်လိုက် အပင်ကြီးတွေလဲသွားတာကြည့်လိုက်နဲ့ တစ်မျိုး တော့ပျော်စရာကောင်းသား။ လင်းတို့ညီအစ်ကို နှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက် ကြတယ်။ အားလုံးကတော့ ပြောတယ် ဒီညီအစ်ကို ပြုံးရင်သတိထားတဲ့။ ဟဲဟဲ....

လင်းတို့ ညီအစ်ကို ဘာကြောင့်များပြုံးလိုက်ကြတုန်းဆိုတော့။ အပင်တွေခုတ်ပြီးသွားတော့ အလုပ်သမားတွေ ပြန်သွားတဲ့ အချိန်မှာ အပင်တွေ ကျန်ခဲ့တဲ့ ပုံစံကို ကြည့်ပြီး ကစားဖို့ အကြံရသွားလို့လေ။ အလုပ်သမားတွေအားလုံး ရှင်းသွားတဲ့ အထိစောင့်တယ်။ ပြီးလည်းပြီးရော ရပ်ကွက်ထဲက သူငယ်ချင်းကိုယ့် လို ငပေ တွေကို လိုက်ခေါ်။ အလုံးစုံပြီဆိုတာနဲ့ ဘာလုပ်တယ်မှတ်တုန်း။ အုန်းပင်တွေလဲနေတဲ့ နားကို ပြေးသွားပြီး ဆော့တော့တာပေါ့။ အလုပ်သမားတွေက အပင်တွေကို ခုတ်ပြီးတော့ တစ်ပင်နဲ့တစ်ပင် မှီနေသ လိုဖြစ်အောင် ထားခဲ့တာလေ.. အဲ့ဒီတော့ အပင်တွေက မြင့်ရာကနေနှိမ့်ရာကိုသွားတဲ့ ပုံစံမျိုးတွေဖြစ်နေတယ် အစ်ကိုက အကြံရပြီး ပြောပါလေရော။ ငါတို့ လျှောစီးချရအောင်တဲ့ အပင်တွေပေါ်ကတဲ့။ အားလုံးကလည်း မဆိုးဘူးဆိုပြီး စီးကြတာပေါ့။ လျှောဘယ်လိုစီးလည်း ဟုတ်လား။ လင်းက အဲ့ဒီနေ့က ပုဆိုးဝတ်ထားတာလေ။ အဲ့တော့ လင်းရဲ့ ပုဆိုးလေးကို ချွတ်ပြီးတော့ အပင်မှာဟိုဘက်ဒီဘက် လက်နဲ့ဆွဲထားလိုက်တော့ လျှောစီးချ လို့ရသွားတာပေါ့။ အားလုံးတစ်ယောက်တစ်လှည့်နဲ့ အပင်ပေါ်ကနေ ဆင်းလိုက်တတ်လိုက် စီးနေတာ အချိန်ကို မသိပဲနဲ့ ပျော်နေကြပါလေရော။ ခဏလောက်နေတော့ အမေလာလိုက်ခေါ်တော့ အဲ့ဒီလို ကစားနေ တာလည်းတွေ့ရော အော်ဆူပါလေရော။ တုတ်ကောက်ခဲ့ နင်တို့ ညီအစ်ကို နှစ်ကောင်ဆိုတော့ ကြောက်လို့ ငိုချင်စိတ်တောင်ပေါက်တယ်။ ပုဆိုးလည်း အဲ့ဒီမှာပဲ စိတ်ညစ်ပြီး မေ့ကျန်ခဲ့ရော။ ညီအစ်ကိုနှစ်ယောက် စိတ်ညစ်ညစ်နဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ကို ပြန်လာတော့ အစ်ကို လည်း ကျွန်တော် ပုဆိုးမပါတာလည်း သူဂရုမ စိုက်မိဘူး။ အုန်းပင်တော ထဲကလည်း ထွက်ရော အားလုံးက ဟယ် ဘယ်လိုဖြစ်တာလည်း ဘာညာနဲ့ အော်မေးကြပါလေရော။ မိန်းကလေးတွေလည်း ရှက်ပြီး အိမ်ထဲဝင်ပြေးတဲ့လူပြေး။ ကြောင်တောင် ကြောင် သွားတယ်။ ပြီးတော့မှ အမေက လှမ်းကြည့်ပြီး အငယ်ကောင် နင်ဘယ်လိုဖြစ်လာတာလည်း ဆိုပြီးလှမ်းအော် ပါရော။အဲ့ဒီကျတော့မှ ကိုယ့်ကိုကိုယ် ပြန်ငုံကြည့်မိတယ်။ ဒီကျမှပဲသိတော့တယ်။ သြော်ဒါကြောင့် အားလုံး ၀ိုင်းအော်တာပဲလို့။ တစ်ခါတည်း ရှက်ပြီး အိမ်ထဲကို တန်းဝင်ပြေးပြီး အိပ်ရာထဲမှာ ၀င်ပြီး ခွေနေလိုက်ရတယ်။ ဘာလို့လည်း ဆိုတော့ ကစားတုန်းက ပုဆိုးကို ချွတ်ပြီး ကစားတာလေ အမေလာခေါ်တော့ လန့်ပြီး ပြန်ဝတ်ဖို့ မေ့ခဲ့တော့ အောက်ပိုင်းက အတွင်းခံလေးနဲ့ပေါ့။ တော်သေးတာပေါ့ အောက်ခံဘောင်းဘီများမပါရင်တော့လား.. ဟင်း..........

ကလေးဘ၀အမှတ်တရပေါ့နော်

ကိုလင်း

Monday, September 7, 2009

မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကြောင့်သာလျှင်........

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော် အသက် ၄ နှစ်သားလောက်ထိ သထုံမြို့မှာနေခဲ့ပါတယ်။ အဲ့ဒီတုန်းက အိမ်မှာ အမေရယ် အစ်ကိုရယ် ကျွန်တော်ရယ် သားအမိသုံးယောက် တည်းပေါ့။ သထုံက ဘင်လှိုင်ဆိုတဲ့ ရပ်ကွက်မှာနေတာပေါ့။ ကျွန်တော်တို့ အိမ်ဘေးနားမှာက ဗျတ်ဝိ ဗျတ္တ နတ်နန်းဆိုတာရှိတယ်။ ဗျတ်ဝိ ဗျတ္တ ဆိုတာသိကြမှာပါ ရာဇ၀င်ထဲမှာ ပါပါတယ်။ အိမ်မှာပုံမှန်အားဖြင့် ကျွန်တော်တို့ သားအမိသုံးယောက်ပဲ နေတယ်။ တစ်ခါတစ်လေမှ အစ်မတို့ အဒေါ်တို့က လာနေပေးတယ်။ ကျွန်တော်တို့ အမေက မနက်မိုးလင်းရင် ဘုရားရှိခိုးပြီး မေတ္တာပို့တယ်။ ကျွန်တော်တို့ ညီအစ်ကိုကိုလည်း ညအိပ်ရာဝင်ရင် ဘုရားရှိခိုး ခိုင်းတယ်။ အစ်ကို ကျောင်းပိတ်ရက် ဆိုရင် ညီအစ်ကိုတွေကို ပုတီးပါစိတ်ခိုင်းတတ်တယ်။ ပုတီးကို အပတ် ၁၂ ပတ်ထိပုံမှန်စိတ်ခိုင်း တတ်တယ်။ မပြီးရင် ကစားတာတို့ဘာတို့ မလုပ်ခိုင်းဘူး။ အဖေကတော့ ပုတီးတွေဘာတွေ မစိတ်ဘူး။ အဖေက ၀ိပဿနာ အားထုတ်တယ်။ အခုနောက်ပိုင်းတော့ အမေလည်း ၀ိပဿနာပဲလုပ်ပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်လေ တရားတွေဘာတွေထိုင်တတ်ပါတယ်။ ပုတီးလုံးဝ မစိတ်တော့ပါဘူး။ တရားအကြောင်းတွေ ရောက်ကုန်ပြီရော။ ကဲကဲ... ကျွန်တော်တို့ သထုံမှာနေတဲ့ အိမ်က အကျယ်ကြီး အိမ်ဝန်းထဲမှာလည်း သရက်ပင်တွေ အများကြီး ရှိတယ်။ နောက်ပြီး အိမ်သာတွေဘာတွေသွား ရင်လည်း အိမ်နောက်ဘက်မှာ အဝေးကြီးသွားရတယ်။ ၀န်းကအကျယ်ကြီးဆိုတော့။ နယ်က အိမ်ကတွေက ဒီလိုပါပဲ။ ကျွန်တော်တို့ကို အမေက ည ၈ နာရီခွဲဆို ညီအစ်ကို နှစ်ယောက်စလုံးကို ရှုးရှုးလိုက်တည်တယ်။ ဘာလို့လည်း ဆိုတော့ ၉ နာရီဆိုပုံမှန်အိပ်ယာ ၀င်ရတာမို့ပါ။

တစ်ညကျတော့ ဘာကျွန်တော်တို့ အဘွားအိမ်ကို သွားပြီး ပြန်လာတာ နောက်ကျသွားတယ်။ ည ၇ နာရီခွဲလောက်မှ အိမ်ကို ပြန်ရောက်ကျတယ်။ အမေလည်း အိပ်ရာဝင်ခါနီးကျွန်တော်တို့ ကို ဘုရားရှိခိုးခိုင်းတယ်။ ပြီးတော့ ရှုးရှုးတည်တယ်။ ကျွန်တော်တို့ကလည်း အစ်ကိုတွေနဲ့ ကစားလာတာဆိုတော့ ပင်ပန်းပြီး အရမ်းအိပ်ချင်နေတော့ အမေရှုးရှုးတည်ပြီး တာနဲ့ အမေ့ဘေးနားမှာ ၀င်ခွေပြီး အိပ်နေကျရော။ အစ်ကိုကတော့ စာကျက်နေသေးတယ်။ အမေက ကျွန်တော်တို့ ညီအစ်ကို အလည်မှာနေပြီး ဘုရားရှိခိုးနေတယ်။ ကျွန်တော်က အမေ့ ဘယ်ဘက်မှာ ကွေးပြီး အိပ်နေတာလေ။ အစ်ကိုကတော့ ညာဘက်မှာ ကျောင်းစာအုပ်ကို မျက်နှာပေါ်မှောက်ပြီး အိပ်ပျော်နေရော။ ည ၈နာရီခွဲလောက်ကျတော့ မိုးတွေ သည်းလာပါရော။ မိုးက သည်းချက်က ကြောက်ဖို့တောင်ကောင်းပါတယ်။ မိုးကြိုးတွေကလည်း ပစ်ပါတယ်။ အရမ်းကို ကြောက်ဖို့ကောင်းလောက် အောင်ကို ပစ်တာပါ။ အမေကတော့ ဘုရားရှိခိုးပြီး လို့ မေတ္တာပို့နေပါပြီ။ အမေဘုရားရှိခိုးပြီး မေတ္တာပို့ပြီးတော့ ၉ နာရီ လောက်ရှိနေပါပြီ။ အဲ့ဒီအချိန်ကျမှ အိမ်ထဲကို ဓာတ်မီးတွေနဲ့ ၀ိုင်းထိုးလာကြပါရော။ ပြီးတော့ အမေ့နာမည်ကို ခေါ်လိုက် ကျွန်တော်တို့ နာမည်တွေကို ခေါ်လိုက်နဲ့။ လူတွေက အိမ်ပေါက်ဝကနေပြီးတော့ ပဲအော်နေကြပါတယ်။ ကျွန်တော်တို့လည်း လန့်နိုးပြီးတော့ အမေဘာဖြစ်လို့လည်း မသိဘူးဆိုပြီး ညီအစ်ကိုနှစ်ယောက် အိပ်ချင်မူးတူးနဲ့ အမေနဲ့ အတူတူ အပြင်ထွက်ကြည့်တော့ မှ အားလုံးက တော်သေးတာပေါ့။ ငါတို့အားလုံးက နင်တို့ သားအမိတွေတော့ သွားပြီလို့ထင်နေတာဆိုပြီးပြောကြတယ်။ အမေကလည်း ဘယ်ကိုသွားရမှာလည်း ခရီးသွားစရာမှမရှိတာ ဆိုပြီး ပြောပါတယ်။ ပြီးတော့မှ အိမ်နီးချင်းအားလုံးက နင်တို့ အိမ်အနောက်ကိုလည်း ကြည့်ဦးဆိုပြီး ကြည့်ခိုင်းတော့မှ ကြည့်လိုက်တော့ သားအမိတွေ လန့်သွားရပါရော။အိမ်နောက်ဖေး မီးဖိုချောင်တစ်ခုလုံးက သရက်ပင်ကြီးပိလို့ ပြားချက်နေပြီ။ နောက်ပြီး သရက်ပင်ရဲ့ ကိုင်းတစ်ကိုင်းကလည်း သံနဲ့ရိုက်သလို အိမ်နောက်ဖေး မီးဖိုချောင်ကို စိုက်ဝင်နေတာ။ အမေဆို ကံကောင်းလို့ ကံကောင်းလို့ ဆိုပြီးတော့ကို ပြောနေတာ။ အိမ်နီးချင်းအားလုံးကလည်း နင်တို့ ဒီလောက်ကြီးတောင် မသိဘူးလား။ ငါတို့အားလုံးက နင်တို့ အသံလုံးဝမကြားလို့ ထွက်လာကြည့်ကြတာ။ အားလုံးလည်း အံ့သြလို့။ အမေကတော့ ပြောတယ်။ တကယ်ကို ဘာအသံမှမကြားတာ သိတောင်မသိလိုက်ဘူးဆိုပြီး ပြောတာ။ ကျွန်တော်တို့လည်း သိကိုမသိတာပါ။ အိမ်နီးချင်းတွေက ပိုတောင်အံ့သြသွားကြသေးတယ်။ ဒီလောက် အပင်ကြီး လဲတာတောင် မသိပဲနေတယ်ဆိုပြီးတော့လေ။ အမေကတော့ အခုထိပြောတုန်းပဲ မြတ်စွာဘုရားရဲ့ ကျေးဇူးကြောင့် ငါတို့ သားအမိတွေဘာမှမဖြစ်တာ ဆိုပြီး။ တကယ်လည်းဟုတ်ပါတယ်။ အမေရဲ့ နေ့တိုင်း ဘုရားရှိခိုး မေတ္တာပို့နေတဲ့ အကျိုးကြောင့်ကျွန်တော်တို့ ဒီလိုမျိုးအခုထိ အသက်ရှင်နေနိုင်ကြတာပါ။ အဲ့ဒီတုန်းကတည်းက စပြီး ကျွန်တော် ဗုဒ္ဓဘာသာကို တကယ် နှစ်ဝင် မြတ်နိုးစွာနဲ့ ကိုးကွယ်တာပါ။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ဗုဒ္ဓမြတ်စွာ ကိုလည်း စိတ်ထဲမှာ ရိုသေလေးမြတ်စွာ ကြည်ညိုမိပါတယ်။

ကိုလင်း

Saturday, September 5, 2009

ကျွန်တော်တို့အားလုံးမှားခဲ့ကြသည်... (၂)

အမှားပြုသောလူတွေတွင် တချို့က မသိလို့ ပြုမိကြတယ်။ တစ်ချို့က မသိပဲ ပြုမိကြတယ်။ တစ်ချို့က ပြုချင်လို့ ပြုကြတယ်။ တစ်ချို့ က မတတ်သာလို့ပြုကြတယ်။ အမှားတွေကို ဘယ်လိုပဲ မြောက်များစွာ ပြုပြု အချိန်မှီပြင်ဆင်တာ အကောင်းဆုံးပေါ့လေ။ ဒီတစ်ခါကတော့ ကျွန်တော့် အဘိုးလက်ထပ်လောက်က ကျွန်တော့် အမေတို့ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးကို ရေးလိုက်မယ်နော်....

ကျွန်တော့် အမေက သထုံမြို့မွန်ပြည်နယ် ဇာတိပေါ့။ ကျွန်တော်တို့ အဘိုးလက်ထက်က အဘိုးက ကုန်သည်ပွဲစား လုပ်တော့ ပိုက်ဆံက အသင့်အတင့်ရှိတယ်ပေါ့လေ။ ကျွန်တော်တို့ အဘိုးက စိတ်ထားကောင်းတယ်။ သားသမီးတွေကိုဆိုလည်း အမြဲတမ်းအဆင်သင့် စားနိုင်သောက်နိုင်အောင် လုပ်ပေးတယ်။ နောက်ပြီး အားလုံးကိုလည်း စည်းစနစ်တကျ လုပ်တတ်ကိုင်တတ်အောင် သင်ပေးထားတယ်။ အမေဆို အမြဲတမ်းကျွန်တော်တို့ကို ပြောတယ်။ နင်တို့အဘိုး စောစောစီးစီး ကွယ်လွန်သွားတာ နင်တို့ကံအရမ်းကောင်းတယ်မှတ်။ မဟုတ်ရင် နင်တို့ အခုဆို ရိုက်နှက်ခံနေရလောက်ပြီ ဆိုပြီးပြောတယ်။ အဘိုးကနောက်ပြီး သူ့လက်အောက်ကလူတွေ တပည့်တွေကိုအမြဲတမ်း ညှာတာ ထောက်ထားတတ်တယ်တဲ့။ အမေတို့ပြောပြခဲ့တာပါ။

တစ်ခါကတော့ အဘိုး ကုန်ပစ္စည်းတွေ ရောင်းပြီး ပြန်လာတဲ့ နောက်တစ်နေ့ညမှာ အိမ်ကို သူခိုးဝင်ပါလေရောတဲ့။ သူခိုး အတွက် ကံဆိုးသွားတာက အဘိုးက ညဘက်တွေဆို တော်ရုံတန်ရုံ မအိပ်တတ်တာပဲ။ အဘိုး က ညဘက်တွေဆို သူ့ဟာသူ ကွမ်းအစ်လေးနဲ့ ကွမ်းတွေ တယာပြီးတယာစားပြီး ညဘက်မှာ အေးအေးနေတတ်တယ်။ ညဘက်သူခိုးဝင်တော့ အဘိုးကတမ်းပြီးသိတော့ တာပဲ။ အဘိုးက သူခိုးကို အရင် မဖမ်းသေးပဲ ဘာလုပ်နေလည်းလို့ စောင့်ကြည့်နေခဲ့တယ်တဲ့။ သူခိုးက ပစ္စည်းတွေ ကိုရှာပြီး ကြည့်နေတယ်တဲ့။ သူခိုးကြည့်နေတဲ့နေရာက အဘိုး ပစ္စည်းတွေရောင်းပြီးလို့ ပိုက်ဆံတွေ ထားထားတဲ့နေရာပေါ့။ သူခိုးက ပိုက်ဆံတွေကို တွေ့တော့စိုက်ကြည့်နေတာ ပြီးတော့ မှ ပိုက်ဆံထုတ်ကြီးထဲက ၁၀ တန်တစ်ရွက်ကိုပဲ ဆွဲထုတ်တယ်တဲ့။ အဲ့ဒီခေတ်က ၁၀ တန်တစ်ရွက်ဆိုတာတော်တော် လေး တန်ဖိုးရှိတယ်လို့တော့ အမေတို့ကပြောတယ်။ အဲ့ဒီကျမှ အဖိုးက သူခိုးနားကို သွားပြီးတော့ ပုခုံးကို ပုတ်ပြီး သူခိုးကို သူသိတဲ့အကြောင်း အချက်ပြလိုက်ရောတဲ့။ ပြီးတော့ သူခိုးကို အိမ်ခန်းကို ခေါ်ပြီး သားသမီးတွေကိုလည်း ခေါ်ပြီး သူခိုးရဲ့ အကြောင်းကိုမေးတော့ သူခိုးက အရင်တုန်းက သူခိုးလုပ်ခဲ့တဲ့ လူမဟုတ်ဘူးတဲ့။ ဒါပေမယ့် သူ့ရဲ့ အမေကြီး နေမကောင်းဖြစ်နေတာ ကုဖို့ပိုက်ဆံ မရှိလို့ အခုလို ခိုးရတဲ့ အကြောင်းပြောပြတယ်တဲ့။ အဖိုးက မင်းဘာကြောင့် ပိုက်ဆံ တွေအများ ကြီးတွေ့ပြီး ဘာလို့ ၁၀ တန် တစ်ရွက်ပဲယူတာလည်းလို့ မေးတော့.. သူခိုးက သူလိုတာ ဒီလောက်ပဲလိုလို့ပါလို့ပြောတယ်တဲ့။ အဘိုးကလည်း အေး ငါလည်း မင်း ဘာကြောင့် အဲ့ဒီလို ၁၀ ပဲယူတာလည်းဆိုတာ သိချင်တာကြောင့် မင်းကို ခေါ်ပြီးမေးတာပဲတဲ့။ ပြီးတော့ သူခိုးကို ပိုက်ဆံ ၁၀၀ ပေးပြီး မင်းရဲ့ အမေကို ဆေးကုလိုက်ဆိုပြီးပေးလိုက်တယ်တဲ့။ ပြီးတော့ သူခိုးကို မင်းမနက်ဖြန်ကျရင်ငါ့အိမ် လာခဲ့ ဆိုပြီး ပြောလိုက်တယ်တဲ့။ နောက်နေ့ကျတော့ သူခိုး လာတော့ မင်းဆက်ပြီးခိုးဦးမလား ဒါမှမဟုတ် ငါမင်းကို အလုပ်ပေးရင် ငါ့ဆီမှာ အလုပ်လုပ်မလားဆိုပြီး မေးတော့။ သူခိုးက သူမတတ်သာလို့ တစ်ခါမှားခဲ့ပြီးပြီ ဦးလေးလို လူနဲ့ တွေ့တာ ကျွန်တော် ကံကောင်းလို့ပါဆိုပြီး အလုပ်လုပ်ဖို့ ကိုလက်ခံတယ်တဲ့။ အဲ့ဒီကစပြီး အဲ့ဒီလူက အဘိုးနောက်က အားအထားရဆုံးတပည့်ဖြစ်ခဲ့တာ အဖိုး ဆုံးတဲ့ အထိပဲတဲ့။ နောက်ပိုင်းတော့ သူ့ဟာသူ အလုပ်ကို ကြိုးစားရင်းနဲ့ အတော် အသင့် ပိုက်ဆံရှိတဲ့ လူဖြစ်သွားတယ်တဲ့။ ဒါကတော့ အမှားကို တစ်ခါတော့ ပြုခဲ့တယ် ဒါပေမယ့် အမှားကိုသိလို့ အမှန်ပြင်လိုက်တဲ့ အတွက် ဘ၀လမ်းခရီးကောင်းမွန် သွားတဲ့ လူတစ်ယောက်အကြောင်းပေါ့ဗျာ... အားလုံး နှစ်သက်မယ်လို့ထင်ပါတယ်.......

ကိုလင်း