စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Wednesday, October 14, 2009

လင်းငယ် ပျောက်နေပါသည်...

အခုတလော ကျွန်တော့်ကို တော်တော်များများက မေးကြတယ် ပျောက်လှချေလားတဲ့။ ဘာတွေလုပ်လို့ ဘယ်တွေသွားနေလည်းပေါ့လေ။ (ဘယ်ဆီကိုမင်းရောက်နေလည်း ဘာတွေကို မင်းလုပ်နေလည်း လို့တောင် သီချင်းလေးတွေ ဟစ်နေမလားပဲ.. ဟီးဟီး နောက်တာ)။ အဓိကကတော့ မမလင်းပေါ့နော်။(သူ့ကို အစ်မလို့ ခေါ်တာမကြိုက်ဘူးတဲ့ ဒါပေမယ့် ခေါ်လိုက်ပြီ)။ အွန်လိုင်းမှာတွေ့တော့ ဘယ်တွေပျောက်တဲ့။ ဟုတ်ကဲ့ ပျောက်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများ ဆိုတဲ့ စာအုပ်ကို ဖတ်နေလို့ပါ။ ဒီစာအုပ်ကို ဖတ်တာလည်း ဟိုတစ်ပျက် ဒီတစ်ပျက်နဲ့ မပြီးနိုင်ဖြစ်နေရော။ ဒါနဲ့ သေချာလေး အချိန်ယူပြီး ဖတ်ရင်းနဲ့ ဗုဒ္ဓဘာသာရဲ့ ထူးခြားအံ့သြဖွယ် ကောင်းမှု၊ နောက်ပြီး ကြည်ညိုလေးစားဖို့ကောင်းတဲ့ အရိယာသူတောင်ကောင်းကြီးတွေ အကြောင်း၊ သာသနာကို အထောက်အပံ့တွေပေးသွားခဲ့တဲ့ မင်းကောင်းမင်းမြတ်တွေ အကြောင်း စသည်ဖြင့်ပေါ့လေ ဒါတွေကို ဖတ်မိပြီး အရမ်းကို ပီတိဖြစ်နေတယ်။ ဒါနဲ့ ဆက်ဖတ်နေတုန်းပါပဲ။ ဒီလို ဆက်ပြီး ဖတ်နေတုန်း စိတ်ထဲမှာ သြော် လူတော်တော်များများ လည်းဖတ်ဖူးချင်မှာဖတ်ဖူးမယ်။(ဘာကြောင့်လည်းဆိုတော့ စာအုပ်ကတော်တော်လေး ထူပါတယ်။ စာဖတ်ပျင်းတဲ့လူဆို ဖတ်ဖို့ မလွယ်ပါဘူး။)။ နောက်ပြီး တစ်ချို့လည်း ဖတ်ချင်နေတဲ့လူတွေရှိမယ်။ ဒါတွေကို တွေးမိလို့ အရင်ဆုံး ကြော်ငြာလေးတော့ ငါ့ဘလော့မှာ ၀င်ထိုးလိုက်ဦးမှဆိုပြီး တွေးမိတာနဲ့ ကွန်ပြူတာလေးကို ဖွင့်ပြီး အခုဒီစာလေးကိုရေးဖြစ်သွားရော။ ကျွန်တော် အခုဖတ်နေတဲ့ သီဟိုဠ်ခေတ်စံတော်ဝင် အရိယာများဆိုတဲ့ စာအုပ်ကို ဖတ်ပြီး ရင်အဲ့ဒီထဲက ကြည်ညိုဖွယ်ကောင်းတဲ့ အရိယာသူတော်ကောင်းကြီးတွေရဲ့ အကြောင်း။ ဗုဒ္ဓဘာသာ ရဲ့ အံ့သြဖွယ်ကောင်းမှု စတာတွေကို ပို့စ် အနေနဲ့ ရေးပြီးတင်ပါမယ်။ ကျွန်တော့်ရဲ့ ဘော်ဘော်များ အားလုံး စောင့်ပြီး ဖတ်ပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ပဲ.....

လင်းငယ်

Monday, October 12, 2009

ငါ့ကိုနားလည်ပေးပါ နှင့် ငါနားလည်ပါတယ်...

ကျွန်တော့်မှာသူငယ်ချင်း တစ်ယောက်ရှိပါတယ်။ မိဘချင်းလည်း ခင်မင်တဲ့သူငယ်ချင်းပါ။ သူက သဘောလည်း ကောင်းတယ်။ လူတစ်ကာကိုလည်း အားနာတတ်တယ်။ သူနဲ့ကျွန်တော်က စင်ကာပူ စရောက်မှခင်ကြပေမဲ့ ငယ်သူငယ်ချင်းတွေလိုပဲ အရမ်းရင်းနှီးပါတယ်။ သူရဲ့ လူတကာကို အရမ်းအားနာ တတ်တဲ့ စိတ်က တစ်ခါတစ်လေကျရင် မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူပဲနစ်နာရလို့ပါ။ တစ်ခါတစ်လေကျရင် သူရဲ့ အားနားမှုကြောင့် ကျွန်တော်နဲ့ ကိုသီဟဆိုတဲ့ အစ်ကိုကြီးမှာ သူဘက်ကနေ ဒေါသထွက်ရတာတွေရှိပါတယ်။ သူရဲ့ အားနာတတ်မှုကတော့ စံနမူနာ တင်လောက်ပါတယ်။ နောက်ပြီး သူအမြဲပြောနေကြစကား ရှိပါတယ်။ သူကို ကျွန်တော်တို့က တစ်ခုခုကြောင့် ပြောပြီးဆိုရင် သူက ပြောတတ်တယ်။ ငါ့ကို နားလည်ပေးကျပါကွာတဲ့။ တစ်ခါလည်း ကျောင်းကနေပြန်တော့ သူ့ကို ကျွန်တော်ရယ် ကိုသီဟရယ်က သူ့ကို အပြင်သွားဖို့ခေါ်ပါတယ်။ သူက ဒီပြင်လူတစ်ယောက်နဲ့ ချိန်းထားလို့ မလိုက်တော့ဘူးတဲ့။ ချိန်းထားတဲ့ အချိန်ကလည်း ညကျမှဆိုတော့ ကျွန်တော်တို့ သူ့ကို ပြောတော့ သူက ကျွန်တော်တို့ကို သူဖုန်းပြောနေရင်းတန်းလန်းနဲ့ အဝေးကြီးကနေ ငါ့ကိုနားလည် ပေးကြပါကွာ ဆိုပြီးပြောတော့။ ကျွန်တော်တို့မှာ ရယ်လိုက်ရတာ။ နောက်ပြီး သူဖုန်းပြောနေတဲ့ စိုင်းဆိုတဲ့ လူကလည်း နောက်နေ့ကြတော့ ပြောပါလေရော မြန်မာရုပ်ရှင်ကား ထဲက အထာတွေဆိုပြီး။ သူကျွန်တော့်ကို အဲ့ဒီလို နားလည်ပေးဖို့ အမြဲပြောတော့ ကျွန်တော်လည်း ပြီးပြီးရောဆိုပြီး ငါမင်းကို နားလည်ပါတယ်ကွာ ဆိုပြီး ပြန်ပြောတတ်ပါတယ်။ နောက်ပိုင်း ကျွန်တော် စဉ်းစားမိတာက တစ်မျိုးဖြစ်လာတယ်။

လူဆိုတာ တကယ်တော့ ကိုယ့်ကိုကိုယ်တောင် နားလည် ဖို့မလွယ်ပါဘူး။ စဉ်းစားကြည့်လေ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်ရင်းနဲ့ အအေးသောက်ချင်လာလိုက်။ ကောင်းတဲ့ အလုပ်တွေ လုပ်မယ် စဉ်းစားရင်းနဲ့ပဲ မကောင်း တဲ့ အလုပ်တွေ လုပ်မိပြန်ရော။ ဒီလောက်ကိုကြည့်ရုံနဲ့ ကိုယ့်ကိုကိုယ်တောင် နားလည်ဖို့ ခက်တယ်ဆိုတာ သိသာပါတယ်။ ဒါကို သူများကို နားလည်ဖို့ဆိုတာ ဘယ်လောက်ခက်မလည်းနော်။ မြတ်စွာဘုရားနဲ့ ရှင်သာရိပုတ္တရာ ကတောင် ပြောခဲ့သေးတာပဲ သူတစ်ပါးရဲ့ စိတ်အကြံကို သိဖို့က ခဲယဉ်းပါတယ်တဲ့။ ဒီတော့ လူတစ်ယောက်ကို အခြားတစ်ယောက် ကနားလည်ပါတယ်ဆိုတာ အပေါ်ယံ နားလည်တာပဲ ဖြစ်ပါလိမ့်မယ်။ တကယ့် အတွင်းကျကျနားလည်တာ စိတ်ကိုနားလည်တာ ဖြစ်ဖို့တော့ မဟုတ်နိုင်ပါဘူး။ ဒါကြောင့် စဉ်းစားမိတယ် ငါကိုယ့်ကိုကိုယ်တောင် သေချာနားမလည်သေးပဲ သူများကို မင်းကိုငါနားလည်ပါတယ်ဆိုတာ နောက်ဆို မပြောသင့်ဘူးလို့။ ဒါကြောင့် သူများကို နားလည်ဖို့ထက် ကိုယ့်ကိုကိုယ် နားလည်ဖို့ အရင်ကြိုးစားပါဦးမယ်။ ကိုယ့်ကိုကိုယ်နားလည်ရင် သူများကို နားလည်ဖို့ဆိုတာ လွယ်ကူသွားပါပြီ။ တရားသဘောအရဆိုရင်တော့ ခန္ဓာရဲ့ သဘောကို နားလည်ရင် အရာအားလုံးကို နားလည်လာလိမ့်မယ်။ နောက်ကျွန်တော် ပြောနေကျစကားလိုပဲ လောကဓမ္မရဲ့ အရှိသဘောကို သိလာရင် အသိသဘောနဲ့ အားလုံးရှိလာပါလိမ့်မယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ လောကရဲ့ သဘောကိုက တည်မြဲခြင်းမှ မရှိပဲ ဖြစ်ပျက် ဆိုတာပဲ ရှိတော့ကာ အဲ့ဒီ အသိသဘောရှိရင် ချမ်းသာလို့လည်း မသာယာသလို ဆင်းရဲလို့လည်း ထူးပြီး စိတ်ညစ်မနေတော့ပါဘူး။ အသိသဘောနဲ့ အားလုံးရှိလာမှာမို့ပေါ့နော်.....

ကျေနပ်နိုင်ပါစေ
လင်းငယ်

Wednesday, October 7, 2009

အိုလူမိုက်

ခပ်ပုံကတော့ လက်ကုန်လို့ပဲပြောရမလား?
လမ်းဆုံမှာ ကမ်းကုန်အောင် မိုက်နေတဲ့ အိုလူမိုက်
ငွေလေးတစ်ပဲ နှစ်ပြား
ချမ်းသာရုံအတွက် မင်းရဲ့လက်ရှိဘ၀ကို မိုက်မဲမလို့လား?
ငွေဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးတဲ့
မင်းကြားဘူးမှာပေါ့…..

မင်းရဲ့လက်ရှိဘ၀ အခုတော့ မတရားမှုကြောင့်
အခုချမ်းသာနေပြီလေ…
ဒါပေမယ့် တွေးကြည့် တစ်ရက်လောက်များ တောင်
မင်းစိတ်ချမ်းသာခဲ့ရလား?

လူဆိုတာ ထမင်းနပ်မှန်ရင်
ဘ၀ကို ရောင့်ရဲနိုင်တာ အကောင်းဆုံးပေါ့…
မင်းရဲ့ အရင်တုန်းက ထမင်းနပ်မှန်တဲ့ဘ၀က
မင်းရွှေတွေငွေတွေ မရှိပေမယ့်
စာရိတ္တနဲ့ စိတ်ချမ်းသာမှုတွေ မင်းကြွယ်ဝခဲ့တယ်….

ခုတော့လည်း ရွှေငွေတွေကြွယ်ဝလို့
ပျော်ရွှင်ခြင်းကို ရှာမတွေ့တော့ လို့ ငြီးတွားမနေနဲ့တော့…
မင်းမသိလို့ပါ… မင်းရဲ့ စည်းစိမ်တွေက မင်းကိုလှောင်နေလေရဲ့
မင်းက မင်းပိုင်တယ်ထင်ပေမယ့် မင်းသေရင် သူတို့ဟာ
ဒီပြင်လူရဲ့ လက်ထဲရောက်သွားမှာပါတဲ့….
မသိတတ်တဲ့ ငမိုက်သားတော့ မတရားမှုနဲ့ ပျော်နေလေရဲ့တဲ့…

သိတက်ရင်တော့ ကြည့်ကျပ်သာနေတော့ပေါ့
မဟုတ်ရင်တော့ လမ်းဆုံးမှာ ငရဲက တဟဲဟဲနဲ့
ပါးစပ်ဖြဲလို့ မင်းအတွက်စောင့်နေမှာ ……(အိုလူမိုက်)

Monday, October 5, 2009

Cupid ၏ အချစ်ဇာတ်လမ်းအဆုံး

`သားရေ.. ဒီနေ့ အမေတို့ ငယ်ငယ်က မင်းအဖေ တာဝန်ကျတဲ့ မော်လမြိုင်မြို့က အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ ဦးမင်းခေါင်တို့ မိသားစု အိမ်ကိုလာလည်လိမ့်မယ်သားရေ။ သူတို့ကို ဒီနေ့ ထမင်းဖိတ်ကျွေးမလို့ သားအပြင်သွားရင်လည်း ထမင်းစားချိန်အမှီပြန်လာနော်။´
`ဟုတ်ကဲ့.. မေ။´
ဒါကကျွန်တော့်အမေ ကျွန်တော့်ကို သတိပေးတဲ့ စကားပေါ့။
`သူတို့က ဘာလို့ အိမ်လာလည်မှာလည်း မေ။ သူတို့က အခုရန်ကုန်ကို ပြောင်းလာပြီလေ သားရဲ့။
ဒီတော့ မေတို့က သူတို့ကို ထမင်းဖိတ်ကျွေးပြီး ပြန်ဆုံကျတာပေါ့။ နောက်သူတို့မှာလည်း သမီးလေး တစ်ယောက်ရှိတယ်လေ။ သားနဲ့လည်း မိတ်ဆက်ပေးရင်းပေါ့။´
မေ ဒီလိုပြောနေတဲ့ အချိန်မှာ မေ့မျက်လုံးတွေထဲမှာ အဓိပ္ပါယ် ဖော်လို့ မရတဲ့ အရာတွေကို ကျွန်တော်တွေ့လိုက်တယ်။ ဒါနဲ့ပဲ မေ့ကို
`မေတို့ဘာအကြံတွေရှိလည်း သားသိနေသလိုပဲနော် မေ။´
`ကဲ သားရယ် ပွင့်ပွင့်လင်းလင်းပဲ ပြောထားလိုက်မယ်။ မေတို့ လူကြီးချင်းက သားတို့ငယ်ငယ်တုန်းက စကားကမ်းလှမ်းထားတာရှိတယ် သူတို့ကလည်း သူတို့ သမီးလေးကို လူဆိုး ဂျပိုး တွေ နဲ့ဆုံ မှာစိုးလို့ အကြောင်းသိချင်း ဖြစ်တဲ့ သားနဲ့ တော့ စိတ်အေးမယ့် ပုံရတယ်။ မေတို့ အနေနဲ့ကလည်း သားလေး ကို မိန်းမလည် မိန်းမရှုပ်တွေနဲ့ တွေ့မှာစိုးတာလည်းပါတာပေါ့။ ဒါကြောင့် သားတို့ ချင်းတွေ့ပေးဖို့ကို တမင်စီစဉ်ပြီါ် ဒီ ထမင်းစားပွဲကို လုပ်တာပဲ သား။´
`မေတို့ကလည်း.. သားက မေတို့ သဘောအတိုင်းပဲ လုပ်ရမှာလား။ သားချစ်တဲ့သူနဲ့ သားစိတ်တိုင်းကျနေခွင့်မရှိဘူးလား´
`သားက ချစ်သူရည်းစားတွေများ ရှိနေလို့လား။ ရှိနေရင်တော့လည်း တစ်မျိုးစဉ်းစားရမှာပေါ့´
`ရှိတော့ မရှိသေးဘူးပေါ့။ ဒါပေမယ့် ရှိလာမှာမို့ပြောနေတာပေါ့ မေရာ´

မေနဲ့ ကျွန်တော်နဲ့က ဒီလိုပါပဲ သားအမိဆိုပေမယ့် သူငယ်ချင်းတွေလိုပဲ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်အောင် မေက ငယ်ငယ်ထဲက သင်ထားခဲ့တာလေ။ ဒီတော့ အရာရာမှာ ကျွန်တော်က မေ့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်ခဲ့တယ်။ မေနဲ့စကားပြောနေရင်းနဲ့ပဲ အိမ်ရှေ့ကနေ ထော်ကြီးရဲ့ ရှေ့ပြေးအနေနဲ့ အော်ကျယ်အော်ကျယ်နဲ့ ၀င်လာတဲ့ အသံတွေကို ကြားရတော့တာပဲ။

`ဟေ့ကောင်... ဥက္ကာ ဘာလုပ်နေလည်းဟ မြန်မြန်လုပ် လက်ဖက်ရည်ဆိုင် ထိုင်ရအောင်။ ´
`လာပြီဟေ့ အဆင်သင့်ပဲ။ မင်းတို့ လာခေါ်ကို စောင့်နေတာဟ´

ကျွန်တော် မေ့ရှေ့ကနေ ထွက်လာတော့ မေက လှမ်းပြီးပြောသေးရဲ့
`သားရေ.. သမီးလေရဲ့ နာမည်မှတ်ထားဦး မယ်မဒီတဲ့။ အခုတလောကမှ ခြံအမှတ် ၃၀၁ ကို ပြောင်းလာတာနော်´

ဒီစကားက ကျွန်တော့်ရဲ့ ရင်ကို ခုန်သွားစေတယ်။ မြန်မာဆန်သူလေးများ ဖြစ်နေမလား ဆိုတဲ့ အတွေးတွေ ၀င်လာတာကိုး။ ဒီလိုနဲ့ ဟိုကောင်တွေနဲ့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

`ဟေ့ကောင် ဥက္ကာ.. မင်းကို မေးစရာရှိတယ်။ မနေ့က ဟို တစ်ယောက် မဟာဆန်သူဆိုတဲ့ သူကိုမင်းဘယ်လို သဘောရလည်း။ စိတ်ဝင်စားလား။´
`အမှန်အတိုင်းပြောရရင်တော့... Y.E.S... yes ပေါ့ကွာ´
`အေးဒါဆိုရင် မင်း သူရဲ့ နာမည်ကို သိချင်လား... ဟဲဟဲ သိချင်ရင်တော့ ဒီတစ်ဝိုင်းပေါ့ကွာ´
`သားကြီး... ငါက Cupid ပါကွာ။ မိန်းကလေး တစ်ယောက်ရဲ့ နာမည်ကို သိဖို့ဆိုတာ ငါ့အတွက်မခဲယဉ်းပါဘူး´
`ဒါဆိုမင်းပြောလေ သူ့နာမည်ကို´
`မယ်မဒီတဲ့ ဟုတ်တယ်ဟုတ်´

ထော်ကြီးနဲ့ ကျန်တဲ့ နှစ်ကောင်ပါ ပါးစပ်လေးတွေဟလို့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ တကယ်ကတော့ ကျွန်တော် က ဟုတ်လေမလားလို့ အကြောင်နဲ့ ဖောလိုက်တာ။ ဒါပေမယ့် တကယ်မှန်သွားပုံ ရတယ် ဆိုတာ သူတို့ရဲ့ အသွင့်အပြင်ကို ကြည့်ရုံနဲ့ သိသွားပြီလေ။ ဥက္ကာပဲ။ အခြားသူမှမဟုတ်တာ။

`လေးစားသွားပြီကွာ။ မင်းကိုတော့ နာမည်နဲ့လိုက်ပါတယ်။ ချက်ချင်းကို သိသွားတော့တာပဲ။ ´မျိုးလင်းက ၀င်ပြောတာပါ။ ဒီတော့လည်း ကျွန်တော်က
`ဆရာကတော့ ဆရာပါပဲကွာ ဟားဟား။ ဒါနဲ့ နေ့လည်တောင် မယ်မဒီတို့က ငါတို့အိမ်ကို ထမင်းလာစားမှာ။ ဟဲဟဲ´

သကောင့်သား သုံးကောင်ကျွန်တော့်ကို အထူးအဆန်း သတ္တ၀ါလို ၀ိုင်းကြည့်နေကြလေရဲ့။

နေ့လည် အိမ်ပြန်လာပြီး ရေမိုးချိုးလို့ ထမင်းစားချိန်ရောက်ဖို့ကို စိတ်ထဲမှာ တိတ်တခိုး မြန်မြန်ရောက်ပါတော့ လို့ ဆုတောင်းနေမိတယ်။

သူတို့ရောက်လာတော့ ထမင်းစားကျရင်းနဲ့ ကျွန်တော်ကတော့ မယ်မဒီရဲ့ ချစ်စရာကောင်းပြီး အေးချမ်းလွန်းတဲ့ မျက်နှာလေးကိုပဲ ခိုးခိုးကြည့်နေမိတယ်။ တစ်ခါတစ်ခါ မျက်လုံးချင်းဆုံးမိသွားရင် ကျွန်တော့်မှာရှက်လို့ ခေါင်းကြီး ငုံချမိတာလည်း အကြိမ်ကြိမ်။ ထမင်းစား သောက်ပြီးသွားတော့ မေ ပြင်ထားတဲ့ အချိုပွဲမှာ စားကြရင်းနဲ့ ကျွန်တော်တို့ချင်းကို ရင်းနှီးအောင် ဆိုပြီး မိတ်ဆက်ပေးတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဆိုတဲ့ Cupid ဟာ မယ်မဒီဆိုတဲ့ Venus ရဲ့ ရင်ခွင်ကို လုံးလုံး လျားလျား သက်ဆင်းဖို့ ဆုံးဖြတ်လိုက်တော့မယ်။

Sunday, October 4, 2009

Cupid ၏ အချစ်ဇာတ်လမ်းအစ

ဒီနေ့မိုးလင်းထဲက လက်မလည်အောင် အလုပ်ရှုပ်နေရတယ်။ သူငယ်ချင်းတွေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ဘော်ဒါ တစ်ဝမ်းကွဲတွေက ရည်းစားစာတွေ ရေးခိုင်းထားတာကို လက်စသတ်နေရတာနဲ့။ မနေ့ကညကလည်း တစ်ညလုံး ရေးပေးနေရတာနဲ့ ညကလည်း ၃ နာရီလောက်ကမှအိပ်ပျော်တယ်။ ကျွန်တော်ဆိုတဲ့ ဥက္ကာကလည်း ဘယ်သူမှပိုက်ဆံ မပေးပေမဲ့ ရည်စားစာရေးတာနဲ့ အောင်သွယ် အလုပ်လုပ်တာကို ကိုယ့်ထမင်းကိုယ်စားပြီး ပျော်ပျော်ကြီးလုပ်ချင်နေတာဆိုတော့ ခက်သားလား။ ဒါကြောင့် ကျွန်တော့်ကို သူငယ်ချင်းတွေကတောင် Cupid လို့ နာမည်ပြောင်ပေးထားကြလေရဲ့။ ဒါပေမယ့် ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ နာမည် အရင်းဖြစ်တဲ့ ဥက္ကာ ဆိုတဲ့ နာမည်ထက် Cupid ဆိုတဲ့နာမည်ကို ပိုနှစ်သက်မိနေတာကို အဖေနဲ့ အမေသာသိရင် ရင်ဘယ်လောက် နာလိမ့်မလည်းဆိုတာလည်း စဉ်းစားမိတာ အခါခါပဲ။ ရည်းစားစာတွေ ရေးပြီးတော့ ကျွန်တော် နာရီလှမ်းကြည့်လိုက်တော့ ၈ နာရီ တောင်ထိုးတော့မယ် ဒါနဲ့ ရေချိုးပြီး ဘော်ဒါဝမ်းကွဲတွေကို ပေးဖို့ ရည်းစားစာတွေကို လွယ်အိတ်ထဲထည့်ပြီး ဒီကောင်တွေနဲ့တွေ့ဖို့ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့တယ်။

"ဟော ကိုဥက္ကာလာပြီ.. လာလာ.. အစ်ကို ထိုင် ဘာသောက်မလည်း"
"ပလိန်းတစ်ခွက်ပဲ မှာလိုက်ပါကွာ။ ညက မင်းတို့ အတွက် စာတွေရေးနေရတာနဲ့ အိပ်ရေးတွေ ပျက်တယ်.."
"ကျေးဇူးပါအစ်ကိုရာ။ ကျွန်တော်တို့ ကောင်မလေးတွေနဲ့ အဆင်ပြေသွားရင် လုံးဝ အစ်ကို့ ကျေးဇူးမမေ့ပါဘူး။"
"အေးရော့ ဒီမှာ မင်းတို့ အတွက်စာတွေ စာနဲ့မှ အဆင်မပြေရင်တော့လည်း တစ်ခြားနည်းလမ်း ရှာကြတာပေါ့ကွာ။"
"ဒါတော့ အစ်ကို့ကို ကျွန်တော်တို့ ယုံတယ်အစ်ကို အစ်ကိုရဲ့ နာမည်က ကြီးနေတာပဲ၊ အစ်ကိုရဲ့ စာနဲ့ဆို ကောင်မလေးတွေ ကြွေသွားတာများတယ်ဆိုတာ"
"ဟုတ်ပါပြီကွာ။ အဆင်ပြေပါစေဟုတ်လား။ ဒါနဲ့ မင်းတို့ ဟိုကောင်တွေ ကိုကော တွေ့မိသေးလား။"
"ကိုထော်ကြီးတို့ကို ပြောတာလား"
"အေး ဟုတ်တယ်"
"စောစောကတော့ ဒီကဖြတ်ပြီး ရွှေခေါင်းလောင်းမှာ ရှိမယ်လို့ ပြောသွားတယ် အစ်ကိုရ"
"အေးအေး... သွားလိုက်ဦးမယ်ကွာ အဆင်ပြေပါစေ"

ကျွန်တော်ရွှေခေါင်းလောင်းကို ထွက်လာခဲ့တယ်။ သေချာတယ် ဟိုကောင် တွေကျွန်တော့် အကြောင်းပဲ ပြောနေကြလိမ့်မယ်ဆိုတာ။ ကျွန်တော် ဆိုင်ထဲရောက်တာနဲ့ အရင်ဆုံး ကြားလိုက်ရတာက
"ဟော Cupid ကြီးလာပါပြီဗျာ မင်းရဲ့ လေးနဲ့ မြှားကော မတွေ့ပါလားကွ ဟေ"
"ဟေ့ကောင် ထော်ကြီး မင်းလာပြီး ပြောင်မနေနဲ့ ကျေးဇူးရှင်ကို ကျေးဇူးကန်းတာလားကွဟေ ပါးစပ်ထဲက စားထားတာတွေပါ ပြန်ထွက်လာမယ်နော်"
"ဟားဟား.. Cupid ရယ် မှားသွားလို့ပါ ဘာသောက်ဦးမလည်း ပြောပါ ကိုကျေးဇူးရှင်"
"ဟာ.. မင်းပြောမှ သတိရတယ် ဟိုဘက်မှာ ပလိန်းမှာခဲ့ပြီးတော့ မသောက်ခဲ့ရဘူးဟေ့"

မျိုးလင်း၊ ကိုကျော်၊ ထော်ကြီး သုံးကောင်သား ၀ိုင်းပြီး ရယ်ကြပါလေရော။ မင်းက တော့ ဒီအတိုင်းကြီးပါပဲကွာ လို့ပြောပြီး ဆက်ရယ်နေပြန်ရော။ဒါကတော့ ကျွန်တော့်ရဲ့ မူပိုင် အကျင့်လေးတစ်ခုဗျ။ သူများတွေအတွက်သာ စဉ်းစားပေးနေရရင် ကိုယ့်အတွက် ကိုယ်မေ့မေ့ နေတတ်တာ။ ထော်ကြီးကို ကျေးဇူးရှင်ကို ကျေးဇူးကန်းတာ လားဆိုတာ ဘာလို့ ပြောလည်းဆိုတော့ ထော်ကြီးရဲ့ ကောင်မလေးနဲ့ ထော်ကြီး အဆင်ပြေအောင် ကျွန်တော်ပဲ လုပ်ပေးခဲ့ရလို့လေ။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့က ကျွန်တော် အပါအ၀င် လေးယောက်ရှိတယ်။ မျိုးလင်းခေါ်နေမျိုးလင်း၊ ကိုကျော်ခေါ် ပြည့်ဖြိုးအောင်၊ ထော်ကြီးခေါ် ဝေယံ နောက်ပြီး ဥက္ကာခေါ် ကျွန်တော် Cupid။ မျိုးလင်းရဲ့နာမည် ပြောင်ဖြစ်လာပုံကတော့ ကျွန်တော်တို့ လမ်းထဲက ကိုဖိုးကျော်ဆိုတဲ့ အစ်ကိုကြီးက သူ့ကိုမျိုးလင်းမျိုးလင်းနဲ့ ခေါ်နေလို့ ဘာလို့ အဲ့လို ခေါ်တာလည်းဆိုတော့ မင်းတို့ အဲ့ဒါကို ပြောင်းပြန်ခေါ်ကြည့်လေဆိုတော့ သိသွားပြီး ဒီလိုပဲ ဆက်ခေါ်နေမိတယ်။ ကိုကျော်ကတော့ ကျောင်းမှာထဲက ဟိုလူ့ဆီက ကျော်လိုက် ဒီလူ့ဆီက ခွလိုက် လုပ်လွန်းလို့ ကိုကျော်လို့ ခေါ်ရင်းကနေ တွင်သွားတာပဲ။ ထော်ကြီးကတော့ သူရဲ့ ပုံစံကြောင့်တွင်သွားတာဗျ။ သူက အရပ်ရှည်ရှည် ဘော်ဒီတောင့်တောင့် ဒါပေမယ့် သူရဲ့ နှုတ်ခမ်းက အင်မတန် ထော်တာ။ မျိုးရိုးနဲ့ကို ထော်ကြတာ။ ဒါနဲ့ သူ့ကို ထော်ကြီးဆိုတဲ့ နာမည်ပြောင်ပေးထားကြတာပဲ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ၀ါသနာကြောင့် Cupid လို့တွင်သွားတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။

"ဟေ့ကောင် Cupid မင်းသိပြီးပြီလား" ကိုကျော်မေးတာပါ။
ဒါနဲ့ ကျွန်တော်လည်း "ဘာကိုသိရမှာလည်းဟ"
မင်းမေးလိုက်ရင် အဲ့ဒီလိုပဲ အဆုံးမရှိအစမရှိနဲ့ လို့ဆိုတော့ တဟီဟီးရယ်ရင်း
"ဒီလိုကွ မနေ့ကလမ်းထဲကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ်။ ချောတာတော့ တော်တော်လေး ချောတယ်ကွ။ မင်းကတော့ နောက်ထပ် အကျိုးထပ်ဆောင်ရဖို့များတယ်ကွ။ ဒါပေမယ့် ငါတို့အားလုံးကတော့ ဒီကိစ္စကို သူများထက် မင်းကိုယ်တိုင် မင်းအတွက် မင်းလှုပ်ရှားတာ ဖြစ်ချင်တယ်။ မင်းအသက်လည်း ၂၀ ကျော်တာ ၄ နှစ်လောက်ပိုတော့မယ်။ မင်းအခုထိ ရည်းစားတစ်ယောက်မှမရှိသေးတာ မင်းအတွက် မမိုက်ဘူးကွ။ မင်းနဲ့ အဲ့ဒီကောင်မလေးဆို တော်တော်လေး လိုက်ဖက်မယ်ကွ။ "
"ဟကောင်ရ ညွှန်းလှချည်လား အဲ့ဒီလောက်တောင် ချောနေလို့လား။ ဒါပေမယ့် ငါ့ရဲ့ နှလုံးသားမှာ ကလေးဘ၀ထဲက အခုထိ ဘယ်မိန်းကလေး တစ်ယောက်ကိုမှ မငြိတွယ်သေးဘူးကွ။ ငါကိုယ်တိုင် အချစ်နဲ့ မထိတွေ့ဖူးသေးဘူး။ အချိန်တန်ရင်တော့လည်း သူ့ဟာသူဖြစ်လာမှာပေါ့ကွာ။ အေးဆေးပေါ့"
"အေးပါ ခဏနေရင် ငါအိမ် သွားပြီးဂစ်တာတီးရအောင် မင်းသီချင်းအသစ်ရေးထားတာ ရှိရင်လည်း နားထောင်ရအောင်ကွာ"
"အေး မနေ့ညကတော့ မရေးဖြစ်ဘူးကွ။ ဟိုတစ်နေ့က ရေးထားတာတော့ ရှိတယ်။သွားမယ်ကွာ.. လာ"

ကျွန်တော်တို့ရဲ့ ပုံမှန် ဂစ်တာတီးတဲ့ နေရာက ကိုကျော်ရဲ့အိမ်ပဲလေ။ ဒီကောင်တွေက ကျွန်တော့်ရဲ့ သီချင်းတွေကို အမာခံ ခံစားပေးတဲ့ ကောင်တွေပေါ့။ ဒါကြောင့်လည်း ငယ်ငယ်တည်းက အခုထိ ပေါင်းမိနေကြတာပဲလေ။ ကျွန်တော်တို့ ကိုကျော်ရဲ့ အိမ်မှာဂစ်တာတီးနေတုန်း ထော်ကြီးက ခြံ အပေါက်ဝနားမှာ ကွမ်းငုံပြီး ကုလားထိုင်နဲ့ ထိုင်ပြီး နှပ်နေလေရဲ့။ ခဏနေတော့
"ဟေ့ကောင်တွေ ဟိုမှာ ဟိုကောင်မလေးကွ။ အဒေါ်ကြီး တစ်ယောက်နဲ့ ဈေးသွားဖို့လား မသိဘူး ဒီဘက်လာနေတယ်ကွ။"
"ကျွန်တော်လည်း ဘယ်မှာလည်းကွ ကြည့်ရအောင်"
"ဟိုမှာ မြန်မာဝတ်စုံလေးနဲ့လေကွာ။ မြန်မာဆန်သူလေးပေါ့"

ကျွန်တော့်မျက်စိထဲမှာ ကမ္ဘာကြီးက ရုတ်တရတ် ရပ်တန့်သွားတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း မရှိတော့ဘူး။ သူ့ရဲ့ လမ်းလျှောက်နေတဲ့ ဟန်လေးကိုပဲ မျက်စိထဲမြင်နေတယ်။ နှလုံးသားက တထိတ်ထိတ်နဲ့ ခုံနေတယ်။ သိလိုက်ပြီး Cupid ရဲ့နှလုံးသားကို Cupid ရဲ့မြှား ထိသွားပြီဆိုတာ။

သတိ နှလုံးသားမှ
သတင်းပေးချက်

ကောင်မလေးတစ်ယောက်သည်
နှလုံးသားအား အမှတ်တမဲ့ ပြင်းထန်စွာ
ဝင်ရောက် တိုက်ခိုက်သွားသည်။

ထို့ကြောင့်ဦးနှောက်မှ မည်သို့ပြုလုပ်ရမည်ကို
အလျင်အမြန်အကြောင်းပြန်ပါ။

ဦးနှောက်မှ
ပြန်ကြားချက်

ထိုကောင်မလေးသည်
နှလုံးသားဆိုသော သင့်ထံသို့
အခွင့်မရှိပဲ ရုတ်တရပ် ၀င်ရောက်လာခြင်းဖြစ်သည်
ထို့ကြောင့် သူမအား
နှလုံးသား ခုံရုံးတင်၍ သင်၏ နှလုံးသားအား
နှောက်ယှက်မှုဖြင့်
ရင်တွင်း ထောင်တွင်
တစ်သက်တစ်ကျွန်း အချစ် အမှုထမ်းရန်
ပြစ်ဒဏ်ချမှတ်လိုက်သည်။

Friday, October 2, 2009

အလွမ်းငှက်

ချစ်သူ အလွမ်းများစွာနဲ့
လွမ်းပြီးရင်းလွမ်းလို့
ကိုယ့်ရဲ့ အသိုက်အမြုံကနေ
ပျံဖို့အင်အားတောင် မရှိပါဘူး။

လေပြေညှင်းနဲ့ ပါလာတဲ့
မင်းရဲ့ အသံသဲ့သဲ့လေးတွေကို
ကြားယောင်မိနေသလိုပါပဲ။

မင်းဘယ်ကိုရောက်နေလည်း
စာမျက်နှာ တစ်ဆယ့်ငါးကို
အခါခါဆိုညဉ်းလို့
ငါ့ရဲ့ အိပ်ပျက်ညတွေလည်း
များခဲ့ပြီလေ။

အလွမ်းဆိုတဲ့ သစ်ပင်
အလွမ်းဆိုတဲ့ ကောင်းကင်
အလွမ်းဆိုတဲ့ လေပြေ
အားလုံးနဲ့ အတူ
အလွမ်းငှက်ဆိုတဲ့ ကိုယ်တစ်ယောက်
သခင့်လက်တွင်း သက်ဆင်းဖို့
စောင့်မျှော်လို့ ပေါ့......

လင်းငယ်

Thursday, October 1, 2009

ပန်းခေတ်ကလမင်းနဲ့ တခါတရံများ

လင်းငယ် ပျင်းပျင်းရှိတာနဲ့ အွန်လိုင်းကနေ စာအုပ်တွေ ဒေါင်းပြီးတော့ ဟိုအရင်ကဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်ဖတ်မိနေလေရဲ့။ ဒီရက်ပိုင်းအတွင်းမှာပေါ့။ အဲ့ဒီဖတ်သမျှစာအုပ်တွေထဲမှာ တာရာမင်းဝေရဲ့ ပန်းခေတ်က လမင်းဆိုတဲ့ ၀တ္ထုနဲ့ ဝေမှုးသွင်ရဲ့ တခါတရံများစာအုပ်ကိုဖတ်ပြီး တော်တော်လေးကို စိတ်ထဲမှာ ကြိုက်သွားမိတယ်။ ဖတ်နေတဲ့ အခိုက်အတန့်လေးမှာလည်း ၀မ်းနည်းမှုရသပါတဲ့ နေရာဝမ်းနည်းမှု၊ ပျော်ရွှင်တဲ့ ရသပါတဲ့နေရာမှ ပျော်ရွှင်မှုစသည်ဖြင့် ခံစားချက်တွေ အပြည့်အ၀ပေးနိုင်တဲ့ စာအုပ်လေးနှစ်အုပ်ပါပဲ။ အဲ့ဒီထဲကမှ ဆရာတာရာမင်းဝေရဲ့ ပန်းခေတ်ကလမင်းဆိုတဲ့ စာအုပ်မှာပါတဲ့ ကဗျာလေးတစ်ပုဒ်ကို အရမ်းကြိုက်သွားမိတယ်။ ဒါနဲ့ ဒီပို့စ်လေးမှာ တင်ချင်စိတ်တွေပေါ်လာပါရော။ တချိုလည်းသိပြီး ဖြစ်ပါလိမ့်မယ်။ တချို့လည်း အမှတ်တမဲ့နဲ့ ကျော်ဖတ်သွားမိတာရှိလိမ့်မယ်။ တချို့လည်း လုံးဝမဖတ်ရသေးတာ ဖြစ်ချင်ဖြစ်လိမ့် မယ်။ ဒါနဲ့ပဲ အဲ့ဒီကဗျာလေးကို တင်းပေးလိုက်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်သော ဆရာတာရာမင်းဝေအားအမှတ်တရအနေနဲ့ပေါ့။

ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ။

ဟိုးမှာ ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့သူ
သူ့ကိုကူပါရစေဦး

ငါ့ရှင်တို့ကဘာလဲ
ငါကဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်။
တစ်နေ့တော့ တွေ့ကြမယ်။

နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပျက်လင်းဖိတ်
သုညဂူမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ။

အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။

ချစ်သူကလေးရေ
မြို့တခါးကိုဖွင့်
မီးအိမ်တို့နှင့်အတူကြိုပါ

လရောင်စက်တဝေေ၀နဲ့
သင့်ရဲ့နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်။

ကြိုက်ကြမယ်လို့ မျှော်လင့်စွာဖြင့်

လင်းငယ်