စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Thursday, August 27, 2009

သူငယ်ချင်း ကြောက်ထစ်

ကြောက်ထစ်ဆိုလို့ တရုပ်လို့များမထင်လိုက်ပါနဲ့။ သူက ကျွန်တော့်ရဲ့ ခုနှစ်တန်းတုန်းက သူငယ်ချင်းပါ။ သူရဲ့ နာမည်အရင်းကိုတော့ မေ့နေပါပြီ။ သူက ခုနှစ်တန်းနှစ်အပြီးမှာ မော်လမြိုင်ကိုပြောင်း သွားတော့ မတွေ့တာကြာပေါ့။ ဒီကောင်က လုံးဝအနေအေးတယ်။ ခင်ဖို့လည်း ကောင်းတယ်။ စကားပြောရင်လည်း အေးအေးလေး။ ကျွန်တော်တို့နဲ့ သူငယ်ချင်းဆိုတာ အပြင်ပုံပန်းချင်း ယှည်ပြီးပြောရင်တော့ ဘယ်သူမှလက်ခံမယ် မထင်ဘူး။ သူငယ်ချင်း ဖြစ်တယ်ဆိုတာလည်း အတန်းထဲမှာ တွဲထိုင်တာများရင်း နဲ့ ခင်သွားကြတာရယ်။ သူကို ကျွန်တော်တို့ အားလုံးကတော့ ကြောက်ထစ်လို့ပဲ ခေါ်တယ်။ ကြောက်ထစ်ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံက ဒီလိုဗျ.......

ကျွန်တော်တို့ ကျောင်းမှာ နာမည်အကြီးဆုံးက ခုနှစ်တန်းပဲ။ ဘာကြောင့်နာမည်ကြီးရသလည်းဆိုရင် ခုနှစ်တန်းက ဆရာမတွေက စာသင်စာပြ တအားကောင်းကိုး။ နောက်ပြီး အရိုက်အနှက်ကလည်း တအားကောင်းဆိုတော့ ခုနှစ်တန်းတတ်တော့မယ့် သူဆို ရင်တုန်နေရပြီ။ တချို့များဆို ခုနှစ်တန်းကို ကျောင်းမှာတတ်ရမှာ စိုးလို့ ဒီပြင့်ကျောင်း ပြောင်းသွားတာတောင်ရှိသေး။ သချာင်္သင်တဲ့ တီချယ် ဒေါ်စိုးစိုးဝင်း ဆို အရမ်း စာသင်ကောင်းတာ။ နောက်ပြီး ဗျောတီးကလည်း ကောင်းမှကောင်း။ ကျွန်တော်တို့လို ငပွေးတွေ တောင် တီချယ်နဲ့ တွေ့ရင် အခုထိ ရှိန်တုန်း။ ကြောက်ရတာကိုး။ ကြောက်ထစ်ဆိုတဲ့ ကောင်ကလည်း ဒီလိုပဲ ကြောက်တတ်တယ်။ ခုနှစ်တန်းတုန်းက ပြောပါတယ်။ အခုတော့ ကြောက်တတ်သေးလား မကြောက်တတ်လားမသိဘူး မတွေ့တာကြာတော့။ သူကြောက်တယ်ဆိုတာကလည်း သရဲတွေ ဘာတွေကြောက် တာမဟုတ်ဘူးနော်။ လူလည်းမကြောက်ဘူး။ စာမေးခံရပြီဆိုကြောက်တာ။ ခုနှစ်တန်းနှစ်ပေါ့ဗျာ။ ကျောင်းဖွင့်ပြီး ၂ လလောက်နေတော့။ သိပ္ပံသင်တဲ့ ဆရာမ ဒေါ်ခင်မာအေး ဆိုတာရှိတယ်။ ဆရာမက အမြဲတမ်းစာမေးတယ်။ အတန်းထဲရောက်ပြီဆိုရင် အရင်နေ့က သင်လိုက်တဲ့ စာတွေကို တယောက်ချင်းစီ ကြိုက်တဲ့ လူကို လက်ညိုးထိုးပြီး မေးတာရယ်။ တခါတော့ ကြောက်ထစ်ကို ဆရာမက မေးပါလေရော။ ကျွန်တော်တို့ အဲ့ဒီအထိ ဒီကောင်စာမေးခံရတာ ကြောက်တတ်မှန်းမသိသေးဘူးဗျ။ ဆရာမကမေးလည်းမေးရော ဒီကောင် မတ်တပ်ကို ရပ်နိုင်သလိုလို မရပ်နိုင်သလိုလိုနဲ့ ရပ်တယ်။ ပြီးလည်းပြီးရော ဆရာမက စဆိုတော့ ဆိုလည်းဆိုရော ဆိုတော့ ဆိုပါရဲ့ အသံကလည်းတိုးတိုး ပြီးတော့ ထစ်တာထစ်တာ တလုံးနဲ့ တလုံးကို ၅ စက္ကန့်လောက်ခြားတယ်။ ပြီးတော့ ချွေးတွေက လည်း အလုံးလိုက်အလုံးလိုက် ကိုကျတာ။ မိုးရေချိုးနေသလားမှတ်ရတယ်။ မျက်နှာကလည်း ငိုတော့မယ် မျက်နှာ။ ဆရာမက လည်းမသိတော့ ကျွန်တော်တို့ကို ဒီကောင်က စကားထစ်သလားလို့မေးရော။ ကျွန်တော်တို့ကလည်း မထစ်ပါဘူးပေါ့။ ဒါဆိုဒီကောင်လာဟန်ဆောင်နေတယ်ဆိုပြီး သူကိုပဲ ထပ်မေးတာ။ စာသင်ချိန် ၄၅ မိနစ်တစ်ချိန်က ဒီကောင်တစ်ယောက်ထဲနဲ့ ပြီးသွားတယ် အဲ့ဒီနေ့မှာလေ။ နောက်နေ့ ကျတော့လည်း ဆရာမက ဒီကောင်ကိုပဲ မတ်တပ်ရပ်ပြီးမေး ပြန်ရော။ ဒီကောင်က ကြောက်ပြီး ကျွန်တော့်လက်ကို လာကိုင်တာ လက်တွေက အေးစက်လို့ဗျာ။ ကျွန်တော်တောင်လန့်သွားတယ်။ ဆရာမကတော့ ဒီကောင်ဟန်ဆောင်တယ် ထင်ပြီး ဆက်မေးတုန်း။ သူလည်းထစ်ထစ်ပြီးတော့ တော့ဖြေတယ်။ ပြီးတော့ သူရဲ့ စကားတလုံးနဲ့ တလုံးကြား မှာ အမ်ပေါင်းမြောက်မြားစွာနဲ့ လည်နေတာ။ ဒီကောင်နဲ့ ကျွန်တော်က ဘေးချင်းကပ်ထိုင်တော့ ကျွန်တော်လည်း ဒီကောင့်ကို အောက်ကနေ ထောက်ပြီးပြောပြနေရတယ်။ သနားလွန်းလို့ဗျာ။ ဒီကောင့်မျက်နှာကိုကြည့်တော့လည်း သွေးမရှိတော့သလိုပဲ ဖြူဖျော့လို့ နှုတ်ခမ်းတွေကလည်း ပြာနေတယ်။ ဆရာမလည်း အတန်းချိန်ပြီးခါနီးတာရော ဒီကောင်ကို ကြည့်ပြီးသနားတာရောနဲ့ ဆက်မမေးတော့ပဲနဲ့ အခန်းထဲကထွက်သွားတယ်။ အဲ့ဒီကျတော့မှ ဒီကောင်က ထိုင်ချလိုက်ပြီး ငိုသံကြီးနဲ့ လင်းတဲ့ ငါတော့ သေမှာပဲတဲ့။ ဒီလိုသာနေ့တိုင်းမေးနေရင်တဲ့။ ကျွန်တော်ကလည်း မင်းတမင်မရလို့ဟန်ဆောင်တာမဟုတ် လားလို့လည်းမေးရောသူက မဟုတ်ဘူးတဲ့ စာမေးလိုက်တိုင်း ကြောက်လို့ အဲ့ဒီလိုဖြစ်ဖြစ်သွားတာတဲ့။ ကဲကောင်းရော။ အဲ့ဒီနေ့က ကျောင်းပြီးတဲ့ အထိဒီကောင်လက်တွေအေးစက်ပြီး ကြောက်နေတုန်း။ ဒါနဲ့ နောက်နေ့လည်းကျရော ဒီကောင်ကျောင်းမလာတော့ ဘာများဖြစ်လို့လည်းပေါ့လေ။ ပြီးတော့ ဒုတိယအချိန်လောက်မှ သူ့အမေက အခန်းထဲလာပြီး ဆရာမကို ခွင့်တိုင်တယ် ကြောက်ထစ် ဖျားနေလို့ ပါတဲ့။ ခွင့်တစ်ပတ်လောက်လို ချင်ပါတယ်တဲ့။ ဆရာမလည်း တကယ်ဖျားတာလား ဘယ်လိုဖြစ်တာလည်းဆိုပြီး မေးတာပေါ့လေ။ အဲ့ဒီမှ သူ့အမေက မနေ့က ဆရာမ စာမေးလိုက်တာကို ကြောက်ပြီး ကြောက်ဖျားဖျားသွား တာတဲ့။ ညဘက်အိပ်တော့ လည်း ထယောင်ပြီး စာတွေ ကြောက်ကြောက်လန့်လန့် နဲ့ ထစ်ထစ်ပြီး ဆိုနေတယ်တဲ့။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ဆရာမလည်း စိတ်မကောင်းဘူး။ ကျောင်းဆင်းတော့ ဆရာမနဲ့ ကျွန်တော်တို့ ဒီကောင့်အိမ်လိုက်သွားပြီး ကြည့်တော့ တကယ်ကို အိပ်ရာထဲမှာ ခွေခွေလေး။ ကိုယ်တွေလည်းပူလို့။ ဆရာမလည်း စိတ်မကောင်းဖြစ်ပြီး နောက်သူ့ကိုစာမမေးတော့ဘူး။ ကျွန်တော်ကတော့ သူ့အိမ်ကို သွားကြည့်တဲ့နေ့က သူနားကပ်ပြီး မင်းကတော့ နာမည်အသစ်ရပြီး ကြောက်ထစ်ဆိုပြီး ပြောခဲ့တာ။ အဲ့ဒီခုနှစ်တန်းတစ်နှစ်လုံး ဒီကောင့် နာမည်ကြောက်ထစ် ဆိုပြီး တွင်သွားပါလေရာ။ ခုနှစ်တန်းနှစ်ပြီးတော့ ဒီကောင်လည်း သူ့အဖေ တာဝန်ကျတဲ့ မော်လမြိုင်ကိုပြောင်းသွားတာ အဆက်အသွယ်တောင်မရပါဘူး။ ဒီကောင့်ကို မနေ့ညက သတိရမိနေတာနဲ့ ဒီကောင့်အကြောင်း ပို့စ်ရေးမယ်ဆိုပြီး ဒီနေ့ ရေးလိုက်မိတာပဲ။ သတိရပါတယ် ကြောက်ထစ်ရေ။


ကိုလင်း

1 comment:

  1. =D စာမေးတာကို ဒီလောက် ကြောက်တတ်တတ်တဲ့ သူကို အခုမှပဲ ကြားဖူးတော့တယ်။

    ReplyDelete