စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Wednesday, August 5, 2009

မိုးရာသီ နှင့် ဖိနပ်တစ်ရံ

ကျွန်တော်က မိုးရာသီဆို အရမ်းကြိုက်တယ်။ မိုးရေထဲမှာ လျှောက်သွားရတာကို ပိုကြိုက်တယ်။ မိုးတွေစိုပြီး ရေတွေနဲ့ အေးအေးလေ ဘာနဲ့မှမလဲနိုင်တဲ့ အရသာပဲ။ ငယ်ငယ်ကဆို မိုးရွာတာနဲ့ အပြင်ထွက်ပြီး မိုးရေချိုးရင်း ဘောလုံးကန်တာပဲ။ ပျော်မှပျော်။ မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ဘယ်လောက်ထိကြိုက်လည်းဆိုရင် တစ်ခါက ဆယ်တန်းပြီးတော့ပေါ့နော် သင်တန်းတွေတတ်တယ်။ စလုံးသွားရမယ်ဆိုလို့ စပီကင် သင်တန်းပေါ့လေ။ ပြီးတော့ ကွန်ပြူတာရော။ တနေ့သင်တန်းကပြန်တော့ မိုးတွေရွာနေတာနဲ့ ပျော်သွားတာ လှိုက်ခနဲပဲ။ သင်တန်းက အစ်ကိုသူငယ်ချင်း တစ်ယောက်နဲ့ တူတူတတ်တာလေ။ သူနဲ့တိုင်ပင်ပြီးတော့ ထီးတွေပါရက်နဲ့ မိုးရေထဲမှာ ပြန်မယ်ဆိုပြီး ပြောကြတာ။ သူကလည်း အစ်ကိုတစ်ယောက်လိုပဲ ကျွန်တော့်ကို ချစ်တော့ လုပ်ချင်ရင်လုပ်ဆိုတာကြီးပဲ။ အဲ့ဒါနဲ့ သူက ကျွပ်ကျွပ်အိတ်တွေ ၀ယ်ပြီး လွယ်အိတ်တွေကိုထည့် ပြီးတာနဲ့ မိုးရေထဲမှာ လမ်းလျှောက်ပြီးပြန်တာ။ အိမ်ကို တကယ်ပြန်ရင် နာရီဝက်လောက်နဲ့ ရောက်ရဲ့ နဲ့ အဲ့ဒီနေ့က တစ်နာရီခွဲလောက်ကြာတယ်။ ညနေ ၅ နာရီခွဲလောက် က သင်တန်းက လွှတ်လိုက်တာ အိမ်ကို ၇ နာရီကျော်မှ ရောက်တယ်။ ဘာလို့လည်း ဆိုတော့ မိုးရေထဲ လျှောက်သွားခြင်တာနဲ့ လမ်းတွေကို လျှောက်ပတ်ပြီးသွားကြတာလေ။ အေးဆေးပဲ။ အပျော်ဆုံးနေ့တစ်နေ့ပဲ ဘ၀မှာ။ အခုတော့ အဲ့ဒီလို အရသာမျိုး လုံးဝကို မခံစားရတော့ဘူး။

ဖိနပ်အကြောင်းလည်း ပြောရဦးမယ်။ ကျွန်တော်က ငယ်ငယ်တည်းက ဖိနပ်စားတယ်။ ပါးစပ်နဲ့ စားတာကိုပြောတာမဟုတ်ဘူးနော်။ ဖိနပ် ပျက်လွယ် တာကိုပြောတာ။ သူများတွေ ၃၊ ၄ လ စီးတဲ့ ဆင်ခြောက်ကောင် ဖိနပ် ကျွန်တော်နဲ့ ဆို ၁ လကျော် ကံကောင်းပဲ။ ကတ္တီပါ ဖိနပ်ဆို ပိုဆိုးပဲ။ သားရေစိမ်း ပဲစီးလို့ ရတယ်။ အမေက ဖိနပ်ဝယ် ပေးရတော့မယ် ဆိုပေါက်ပြီ။ ရေရေလည်လည် ကိုလွှတ်တာ။ တစ်ခါတော့ မိုးတွင်းကြီးပါပဲ။ ၈ တန်းနှစ် ထင်တယ်။ မနက်ဖက်ကျူရှင်သွားမယ်လုပ် တော့ ဖိနပ်က ပျက်နေတယ်။ အမေကို ၀ယ်ခိုင်းလိုက်တာ အမေက မေ့ပြီး မ၀ယ်ခဲ့ဘူး။ အစ်ကို့ ဖိနပ်ကျတော့ လည်း မစီးချင်ဘူး။ အစ်ကို က ကတ္တီပါ စီးတာဆိုတော့ မိုးရေနဲ့ မကိုက်။ မိုးက လည်း မနက် ၇ နာရီလောက်ကြီးကို အသားကုန် လွှတ်ရွာနေတာ။ နောက်ဆုံး ဖိနပ်ဝယ်ဖို့ မေ့လာတဲ့ အမေကို မကျေနပ်တာနဲ့ ဘာဖိနပ်မှာ မစီးပဲ ဒီတိုင်းကို ထွက်သွားတာ။ ကျူရှင်ထိပဲ။ လမ်းမှာ လူတွေကလည်း ၀ိုင်းကြည့် ကျွန်တော်ကတော့ လုံးဝမရှက်ပဲ။ ကိုယ့်ဟာကိုယ် မစီးတာ ဘယ်သူ့ဂရုစိုက်ရမလည်းနော်။ ကျူရှင် ရောက်တော့ လည်း ဆရာမက ဆူရော ဖိနပ်မစီးလာလို့တဲ့။ အဲ့ဒီ ကျူရှင်ဆရာမ က ကျွန်တော့်ကို အရမ်းချစ်ခဲ့တယ်။ မွေးစားသား တစ်ယောက် အတိုင်းပဲ။ မုန့်တွေဘာတွေ ကော်ဖီတွေတိုက်တယ် ကျူရှင်ရောက်ရင်လည်း။ ဘယ်သူ့ကိုမှ တော့မကျွေးဘူး ကျွန်တော် ကလွဲရင် နောက်တော့ အကြောင်းအကြောင်းတွေ ကြောင့် ဆရာမ ကျွန်တော့်ကို ဒေါသထွက်သွားတယ်။ နောက်တော့ လမ်းတွေ့ရင်တောင် မခေါ်တော့ဘူး။ ကျွန်တော့် စိတ်ထဲမှာ တော့ ဆရာမကို အခုထိ ချစ်တုန်းပဲ။ ထားပါ ဒါက ကြားဖြတ်ပြောတာ။ ကျူရှင်ကပြန်လာတော့ လည်း တစ်ယောက် တည်းမိုးရွာထဲ မှာ လမ်းလျှောက် ပြီး ဖိနပ်မပါပဲ ပြန်လာတာ။ အိမ်ကို ပြန်တဲ့ လမ်းက ရထားလမ်းတစ်ခုကို ကျော်ရသေးတယ်။ ကျွန်တော်က ကျူရှင်က နေပြန်တော့ ရထားလမ်း ပေါ်ဘက် ကိုသွားပြီး အောက်ဘက် ပြန်ဆင်းပြီးပြန်တာ။ အိမ်က ရထားလမ်းရဲ့ အောက်နားလောက်ရှိတယ်ဆိုတော့။ လမ်းတွေတော့ခြားပါသေးတယ်။ ရထားလမ်းက ပြန်တော့ လည်း ရထားပေါ်က လူတွေက ရုပ်ရှင်ရိုက်တယ်များ ထင်နေလားမသိဘူး ခေါ်င်းတွေ ပြူပြီးကို ထွက်ကြည့်ကြတာ။ ရထားက အရှိန်လျှော့မောင်းတော့ ပိုဆိုးတာပေါ့။ ရထားက ဘူတာ မှာ ရပ်တော့ လည်း လူတွေက ကြည့်ကြတာပဲ။ ကျွန်တော် ကတော့ အားလုံးကို သွားလေး ဖြဲပြီး ဟီးဟီး ဆိုပြီး ရယ်ပြပြီး အိမ်ပြန်လာတာပဲ။ အိမ်လည်း ရောက်ရော အမေက ဆူတော့ တာပဲ နောက်ပြီး တော့ ချက်ချင်းပဲ ဖိနပ်သွားဝယ်လာပေးတယ်။ ဖိနပ် တစ်ရံ အတွက် ဆန္ဒပြ လိုက်တာလေ။

Peace
လင်း

No comments:

Post a Comment