စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Saturday, May 29, 2010

အမွေစစ်

အမွေဆိုတာ မိဘဘိုးဘွားတွေ ချန်ခဲ့တဲ့ ပစ္စည်းတွေကို လက်ဆင့်ကမ်း၍ရယူခြင်းကို ခံယူရခြင်းလို့ဆိုလိုသလို နောက်အခြားတစ်မျိုးအနေနဲ့ဆို မိဘဘိုးဘွားတွေရဲ့ အကျင့်သိက္ခာ ကိုဆက်လက်စောင့်စည်းခြင်းကိုလဲပဲ အမွေလက်ဆင့်ကမ်းခြင်းလို့ ခေါ်မယ်လို့ထင်တယ်။ မိဘဘိုးဘွားတွေက သားသမီးမြေးမြစ်တွေကို ချစ်တယ် ခင်တယ်။ ဒါကြောင့်လဲ သူတို့က ပစ္စည်းဥစ္စာတွေကို ရှာဖွေစုဆောင်းပြီး ဘ၀မှာ အဆင်ပြေအောင် နေထိုင်နိုင်ဖို့ သူတို့ သေသွားတဲ့ အခါမှာချန်ထားခဲ့တတ်ကြပါတယ်။ ဒါပေမဲ့ တော်တော်များများ လူတွေကတော့ ဒီပစ္စည်းဥစ္စာတွေကို သူတို့ပိုင်တယ်ရယ်လို့ ထင်ပြီး ကြိုးစားပမ်းစား ရှာဖွေခဲ့ကြတာပါ။ ဒါပေမဲ့ နောက်ဆုံးတစ်နေ့ သူတို့ သေဆုံးတဲ့ အခါကြတော့ ဒီပစ္စည်းဥစ္စာတွေကို မယူသွားနိုင်ခဲ့ပါဘူး။

ဒီနေရာမှာ လူတော်တော်များများ သိထားတဲ့ အမွေနဲ့ တကယ့်အမွေစစ်ဆိုတာကို ကျွန်တော်သိသလောက် နည်းနည်း ခွဲပြချင်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ ပစ္စည်းဥစ္စာတွေကို လက်ဆင့်ကမ်းရယူနိုင်ခြင်း၊ မိဘတွေက သားသမီးတွေကို ပေးခဲ့ခြင်းသည်ကသာ အမွေလို့ထင်ကြတယ်။ ဒါပေမဲ့ အဲ့ဒီအရာက တကယ့်အမွေစစ်မဟုတ်ပါဘူး။ မိဘဘိုးဘွားတွေကလည်းပဲ ဒီပစ္စည်းဥစ္စာတွေကို ရှာဖွေပြီး သေဆုံးသွားခဲ့ကြသလို သားသမီးမြေးမြစ်တွေကလဲ ဒီပစ္စည်းဥစ္စာတွေကို လက်ဆင့်ကမ်း ရယူခဲ့ရပေမဲ့ တစ်ချိန်ကြရင်သူတို့လည်းပဲ သေဆုံးပြီး ဒီပစ္စည်းဥစ္စာတွေကို ထားရစ်ခဲ့ရမှာပဲ။

ဒီတော့ ဒီနေရာမှာ မိဘဘိုးဘွားတွေက သားသမီး မြေးမြစ်တွေကို အမွေစစ်ပေးဖို့လိုပါတယ်။ အမွေစစ်ဆိုတာကတော့ လောကမှာ သားသမီးမြေးမြစ်တွေကို လူပီသစွာ ဘယ်လိုနေထိုင်မလဲ၊ အဓိပ္ပါယ်မရှိတဲ့ လောကကြီးမှာ ဘယ်လိုအဓိပ္ပါယ်ရှိအောင်နေလဲ ဆိုတာကို သင်ပြပေးခဲ့ခြင်းကသာ အမွေစစ်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သားသမီးမြေးမြစ်တွေကို စီးပွားရှာရာမှာလည်း ရိုးသားတဲ့ သမ္မာအာဇီဝနဲ့ ရှာဖွေဖို့ ထမင်းသာငတ်ပါစေ သူများပစ္စည်းမသမာတဲ့နည်းနဲ့ မရှာဘူးလို့ သင်ပြပေးပြီး အဓိပ္ပါယ်မရှိတဲ့ လောကကြီးမှာ အဓိပ္ပါယ်ရှိအောင် လူသားအချင်းချင်း စာနာကူညီဖို့ သင်ပြပေးခဲ့ရပါမယ်။ နောက်ပြီးတော့ လူရယ်လို့ ဖြစ်လာရင် လူတစ်ယောက်အနေနဲ့ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ အဲ့ဒီ လူတစ်ယောက်ရဲ့ တာဝန်ယူမှုကိုလဲ တာဝန်ယူနိုင်ဖို့ လိုပါတယ်။ အဲ့ဒီလိုမျိုးမိဘတွေက သားသမီးတွေကို အမွေစစ်ပေးနိုင်ဖို့ ဆိုတာ မိဘတွေကလည်း ဒီလိုပေးနိုင်ဖို့ အမွေစစ်ရှိဖို့လိုပါတယ်။ မဟုတ်ရင်တော့ အကျင့်မမှန်တဲ့ မိဘကဆင်းသက်လာတဲ့ သားသမီးဟာ အမွေစစ်ရဖို့မလွယ်ပါဘူး။ မိဘက မသမာတဲ့ နည်းနဲ့ ချမ်းသာနေပြီး သားသမီးတွေကို ငွေကြေးတွေ သုံးချင်သလောက် သုံးစမ်းဆိုပြီးပေးနေခြင်းက အမွေစစ်ပေးတာ မဟုတ်ပါဘူး။ ငွေကြေးတွေ ပေါချင်သလောက် ပေါပါ ဒါပေမဲ့ အကျင့်စာရိတ္တမကောင်းရင် ဘယ်လိုမှ လောကမှာ အသက်ဆက်ရှင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အမွေစစ်ပေးနိုင်ဖို့ဆို မိဘကော သားသမီးပါ နှစ်ဖက်လုံးကောင်းဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ထင်တဲ့ အမွေစစ်လေးကို တင်ပြတာပါ။ မှန်တာပဲ ရှိရှိ မှားတာပဲ ရှိရှိ ဝေဖန်ကြပါ။

ကျေးဇူးတင်စွာဖြင့်
လင်းငယ်.....

5 comments:

  1. ဟုတ်ပါတယ်.. မိဘတွေ အနေနဲ့ သားသမီးတွေကို ဥစ္စာ သာ မက ပညာဥာဏ် နဲ့ အကျင့်စာရိတ္တ ကောင်းမွန်မှု တို့ကို ပါ အမွေ ပေးခဲ့ သင့်ပါတယ်။

    ReplyDelete
  2. အမွေစစ်ပေါ့အငယ်လေးရာ...

    ReplyDelete
  3. လင်းငယ်ရေ ...
    အမွေစစ် မဟုတ်ချင်နေပါစေ .. ဘာပဲဖြစ်ဖြစ် စာပြန်ရေးတဲ့အတွက် ကောင်း၏ ...
    လ္ဘက်ရည် မသောက်ရချင်နေပါစေ ... စာတွေ လာဖတ်မည် ...
    ကော်ဖီပဲ တိုက်ပေါ့ ...းP
    ခင်မင်စွာဖြင့်
    မလင်း

    ReplyDelete
  4. စစ်မှန်တဲ့အမွေဆိုတာပစ္စည်းဥစ္စာမဟုတ်ပါ။ကောင်းမြတ်တဲ့သီလနဲ့
    စာရိတ္တပါလင်းငယ်ရေ။

    ReplyDelete
  5. မွေခံထိုက်မှသာ မှန်ကန်သော အမွေစစ်ကိုရရှိနိုင်မည်မလွဲပါ ညီရေ....။

    ReplyDelete