စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Tuesday, September 29, 2009

ကျွန်တော် တွေ့ဖူးသမျှ ပရလောကသား(၁)

ကျွန်တော်အရင် ပို့စ်တွေမှာ ပြောခဲ့ဘူးတဲ့ အတိုင်းကျွန်တော်တို့ က နယ်ကနေ ရန်ကုန်ကို ကလေးဘ၀က ပြောင်းလာခဲ့တယ်ဆိုတာ မှတ်မိကြမယ်ထင်တယ်။ (မှတ်မိလိုက်ပါ)။ ဒီလိုပဲ ကျွန်တော်တို့ ရန်ကုန်ရောက်တော့ အရင်ဆုံး သူများအိမ်ကို ငှားနေရပါတယ်။ ၃ နှစ်လောက် ငှားနေရပါတယ်။ တစ်နှစ်တစ်ခါလောက် နီးပါးက အိမ်ပြောင်းနေရတာ။ ကြာတော့ စိတ်ညစ်လာတာနဲ့ အမေက အိမ်ဝယ်လိုက်ပါတယ်။ ကျွန်တော်တို့ အိမ်က တော်တော်လေး ကျယ်ပါတယ်။ အရင်က ရန်ကုန်က နာမည်ကြီး ဆိုင်းဆရာကြီးတစ်ယောက် အိမ်လို့ထင်တယ်။ မှတ်မိသလောက်ပေါ့လေ။ အဲ့ဒီအိမ်ထဲမှာ သစ်ပင်တွေ အများကြီးရှိပါတယ်။ အုန်းပင်တွေလည်းပါရဲ့။အမေက အိမ်ထဲမှာ အပင်တွေ အများကြီးဆို တစ်ခုခုဖြစ်ရင်လည်း မလွယ်ဘူးဆိုပြီး ခုတ်ဖို့အစီအစဉ် ဆွဲပါတော့တယ်။ ဒီလိုနဲ့ ခုတ်မယ့်လူတွေ ငှားပြီး ခုတ်တော့ တာပေါ့။ ခုတ်ပုံခုတ်နည်းက စိတ်ဝင်စားဖို့ ကောင်းသားဗျ။ အုန်းပင် ခုတ်တယ်ဆိုရင် သူတို့က အားလုံးသိနေကျအတိုင်း အပင်အရင်းကနေခုတ်တာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဘေးနားမှာကလည်း အိမ်တွေရှိတယ်လေ။ ဒီတော့ အရင်းကနေခုတ်လိုက်ရင် ကျန်တဲ့ အိမ်တွေ ပေါ်ကိုပိသွားမှာ စိုးရတာကိုး။ ဒီတော သူတို့က အုန်းပင် အပေါ်ကို တတ်သွားတယ်။ ပြီးတော့ အုန်းပင် အပေါ်ကနေစပြီး အပိုင်းလိုက် အပိုင်းလိုက်လေးတွေ ခုတ်ချသွားတာ။ နောက်ဆုံးကျတော့ ၁၀ ပိုင်းလောက်ဆို အုန်းပင် တစ်ပင်အောက်က အမြစ်ပဲ ကျန်တော့တယ်။ တကယ်တော့ အဲ့ဒီအုန်းပင်က နောက်ဆုံးခုတ်တာပါ။ အရင်ကျန်တာတွေ အရင်ခုတ်တာ အုန်းပင်ကို ဥပမာပေးရင် ပို မြင်လွယ်မလားလို့ ပေးလိုက်တာ။


အုန်းပင် ခုတ်ပြီးတော့ ညနေမိုးချုပ်သွားရော။ မိုးလည်းချုပ်သွားရော အုန်းပင် အမြစ်ကို တူးဖို့ကို အလုပ်သမားတွေက နောက်နေ့မှ တူးတော့မယ်ဆိုပြီး အမေ့ကို ပြောတော့ အမေကလည်း အိုကေပေါ့။ သူတို့လည်း ပင်ပန်းနေကြပြီကိုး။ ဒါနဲ့စကားမစပ်ပြောရရင် အမေက အပင်တွေ မခုတ်ခင် ကန်တော့ပွဲတွေထိုးပြီး အပင်မှာ ရှိသော စောင့်အရှောက်များ သွားလိုရာသွားနိုင်ကြပါပြီ ဆိုပြီး ခုတ်တာရယ်။ ဒီလိုနဲ့ ညဘက်အိပ်တော့ အမေက အိပ်မက်မက်တယ်တဲ့။ အိပ်မက်ထဲမှာ မတူးဘဲ ချန်ထားတဲ့ အုန်းမြစ် ပေါ်မှာ ဖိုးသူတော် သေးသေးလေး တစ်ပါး ထိုင်ပြီး ပုတီးစိပ်နေတယ်တဲ့။ ဖိုးသူတော် သေးသေးလေးဆိုလို့ ဘာလည်း လို့ မတွေးနဲ့ ဖိုးသူတော်က ပုပုလေးကိုပြောတာ ကလေးလေးနဲ့ ပိုတူတယ်။ ကလေးဖိုးသူတော်လို့ ထင်တာပဲ။ ဖိုးသူတော်လေးက ပြီးတော့ အမေ့ကို စကားပြောတယ်တဲ့။ သူက ဒီအုန်းပင်မှာ နေပြီး ဒီအိမ်ကို စောင့်ရှောက်နေတာပေါ့။ သူကို ဒီအုန်းပင် အမြစ်မှာပဲ ဆက်နေခွင့်ပေးပါ။ မတူးပစ်ပါနဲ့ဆိုပြီး ပြောတယ်တဲ့။ အမေကလည်း ဆက်နေခွင့်ပေး ပါတယ် မတူးတော့ပါဘူးဆိုပြီး ပြောလိုက်တယ်တဲ့။ ပြီးတော့ အမေ အိပ်ရာက နိုးလာတော့တာပဲ။ ဒီအကြောင်းတွေကို အမေမနက် နိုးတော့မှ ပြန်ပြောပြတာပါ။ ဒါနဲ့ အုန်းပင် ခုတ်သမားတွေ လာတော့ အပင်ကို မတူးတော့ဘူးဆိုပြီး ပြောပြီး ပိုက်ဆံပဲ ရှင်းပေးလိုက်တော့တယ်။ ကျွန်တော်တို့လည်း အစက အဲ့ဒီ ဖိုးသူတော်လေး ရှိတယ်ဆိုတာ မယုံခဲ့ဘူး။ ကျွန်တော်တို့ ခြံနဲ့ကပ်ရက်မှာက ကုလား မိသားစုနေကြတာဗျ။ သူတို့က တစ်ခါတစ်လေ အမဲသားချက်စားကြတယ်။ သူတို့ အမဲသားချက်စားတဲ့ ညအိပ်ပြီးရင် နောက်နေ့မနက်ကျရင် အိမ်ရှေ့က ဖိနပ်ချွတ်တဲ့ နေရာကို ရောက်ရောက်နေတယ်တဲ့။ သူတို့ရဲ့ အဖေကတော့ မစားဘူး။ သူကျတော့ တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူးတဲ့။ နောက်ထပ်တစ်ခုက တစ်ခါ လပြည့်ညကြီး ည ၂ နာရီ လောက်ရှိမယ်ထင်ပါတယ်။ အဲ့ဒီအချိန် အမေက လှုပ်နှိုးလို့ ကျွန်တော်နဲ့ အစ်ကိုနဲ့ နိုးလာပြီး ဘာလို့ လည်းဆိုတော့ အမေက လာခဲ့လိုက်ကြည့်ဆိုလို့ လိုက်ကြည့်တော့ အိမ်ရှေ့ အုန်းပင် အမြစ်နားမှာ တကယ့်ကို ဖိုးသူတော် ကလေးလေး တွေ့ရပါရော။ သူက ပုတီးစိပ်နေတာဗျ။ လမ်းလျှောက်ရင်းနဲ့ပေါ့ အုန်းပင်ရှိတဲ့ နေရာနဲ့ ခြံထဲကို ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ပုတီးစိပ်နေတာ။ ကျွန်တော်တို့လည်း ကြည့်နေရင်းနဲ့ ၃ နာရီကျော်လောက် ကျတော့ အုန်းပင် အမြစ်ပေါ်မှာ တတ်ထိုင်ပြီး ပုတီးစိပ်ရင်းနဲ့ ပျောက်သွားရော။ နောက်ထပ်တစ်ခု အဲ့ဒီအိမ်မှာ ထူးခြားတာက အရမ်းတွေ့ဖို့ ခဲယဉ်းတဲ့ နန်းတော်ကျားလို့ ခေါ်တဲ့ မြွေတစ်မျိုးကို တွေ့ရတာပဲ။ အရင်ဆုံးစတွေ့တဲ့ လူက ကျွန်တော်ဗျ။ အဖေမြန်မာပြည် ပြန်လာတုန်းခဏ အိမ်ထဲမှာ ထိုင်ပြီး စကားပြောနေကြရင်း အဖေ့ သူငယ်ချင်းဦးလေးကြီးရောက်လာလို့ ခြံတံခါးကို ခေါက်တော့ တံခါးထဖွင့်ပေးဖို့ ပြေးထွက်လိုက်တာ လှေကားက အဆင်းဘေးနားကို မျက်လုံးလေး ဝေ့ကြည့်လိုက်တာ လားလား နည်းတာမှမဟုတ်တာ အဲ့ဒီ နန်းတော်ကြားကြီး ခွေနေတာ။ ကျွန်တော်လည်း ကြောက်ပြီး အပေါ်ပြန်တတ်ပြီး အဖေ့ကို ပြန်ခေါ်ပြတာ ၁ မိနစ်တောင် မကြာပါဘူး ပြန်လည်း ကြည့်ရော မရှိတော့ဘူး။ အဖေကတောင် ငါ့သား အမြင်မှားတာ နေပါလိမ့်မယ်ဆိုပြီး ပြောသေး။ ဒါပေမယ့် နောက်ပိုင်း ကျွန်တော် တစ်ယောက်တည်း ခဏခဏတွေ့တယ်။ ကျွန်တော်ကပဲ မြွေတွေနဲ့ ရေစက်ရှိတာလား မသိဘူး။ သထုံမှာလည်း အိမ်မ၀ယ်ခင်က သွားလည်ရင် အဖွားတို့ အိမ်မှာ တည်းတယ်လေ။ အဲ့ဒီမှာ ကျွန်တော်အိပ်တဲ့ အခန်းက အောက်ထပ်။ အဲ့ဒီအောက်ထပ်ကို ကျွန်တော်တို့ မလာရင်တဲ့။ မြွေတစ်ကောင်က ၀င်ဝင်ပြီး နေတယ်တဲ့။ ဒီတော့ အဲ့ဒီအခန်း ကို ဘယ်သူမှ မ၀င်ရဲဘူး။ ကျွန်တော်တို့ သွားလည်တော့မယ်လို့ ဖုန်းတွေ ဘာတွေ ဆက်ပြီး ပြောလို့ အခန်းဝင်ရှင်းပြီး ကျွန်တော်တို့ ရောက်မယ့် တစ်ရက် အလိုလောက်ဆို အဲ့ဒီမြွေက အိမ်ရှေ့က ဘုရားပန်းတွေ စိုက်ထားတဲ့ ကြားထဲဝင်ဝင်သွားတာပဲတဲ့။ အဲ့ဒါ အမြဲတမ်းလိုလိုတဲ့။ သူတို့ကတော့ ဘာတွေလည်း မသိဘူးနော်။ ဖိုးသူတော်ရယ် မြွေရယ်က လင်းငယ်ဘ၀ရဲ့ ပြယုဂ်တွေလားပဲ။ နောက်ထပ် တွေ့ဖူးတဲ့ အကြောင်းတွေ ထပ်ရေးပြပါမယ်။ ကိုယ်တွေ့တွေပေါ့......

Monday, September 28, 2009

ကျီးမနိုးပွဲည

လုပ်ကြဟေ့.. လုပ်ကြဟ... အချိန်မှီပြီးဖို့လိုတယ်။ ညနေမီးစပြီး ထွန်းရမှာ။ မင်းတို့ အားလုံးအတွက် လည်း ညကျရင် ကြက်သားကာလသားဟင်း ချက်ထားမယ်။ မြန်မြန်သာပြီးအောင်လုပ်ကြ။ ဒါက ရပ်ကွပ်လူကြီး ဦးအောင်သာရဲ့ တပ်လှန့်သံ။ ကျွန်တော်တို့ အားလုံး မီးလုံးတွေကိုတိုင်တွေ ထောင်ပြီး တပ်ကြ။ ၀ိုင်ယာကြိုးတွေ ဆွဲ။ ဦးအောင်သာကတော့ လောနေလေရဲ့။ ဘာကြောင့်ဆို ဒီကနေ့ညက တန်ဆောင်တိုင်မီးထွန်းပွဲ စမယ့်ညလေ။ ဒီတော့ ကျွန်တော်တို့ မြို့ကရပ်ကွပ်တိုင်းလုပ်နေကြ မီးထွန်းပွဲ လုပ်ဖို့ အားလုံး စီစဉ်နေကြရတာ။ လူငယ်တွေ အားလုံး လည်း ချွေးတလုံးလုံး သံတလုံးလုံးနဲ့ ပင်ပန်းနေကြပြီ။ ဒါပေမယ့် အားလုံး တစ်ချက်မငြီးပဲ အလုပ်ကို အချိန်မှီ ပြီးအောင်လုပ်နေကြရတယ်။ သူများရပ်ကွပ်တွေထက် သာအောင်လေ။ ဒီမီးထွန်းပွဲကို မြို့ရဲ့ လမ်းတိုင်းနီးပါး လုပ်ကြတာကိုး။ ကျွန်တော်တို့ လမ်းရဲ့ မီးလုံးတွေကို ညဘက် စောင့်ဖို့တာဝန်က ကျွန်တော်ရယ်၊ ကိုခိုင်လို့ခေါ်တဲ့ အစ်ကို ၀မ်းကွဲ( ခိုင်ဇော်ထွန်း)ရယ်၊ နောက် ဘုန်းကြီးဝတ်သွားပြီဖြစ်တဲ့ မျိုးမင်းရယ် စောင့်အိပ်ကြရမှာ။ စောင့်အိပ်တယ်ဆိုပေမယ့် ကျန်တဲ့ လူတွေကလည်း လာပြီး စကားတွေပြော ရေနွေးကြမ်းသောက်နဲ့ အိပ်ဖြစ်ကြတာမဟုတ်ပါဘူး။ အားလုံး စကားတွေလျှောက်ပြောနေကြတာကများတယ်။ ညနေ ၆နာရီခွဲလောက် ကြတော့ အားလုံးပြီးစီးသွားတော့ မီးလုံးတွေ စမ်းဖွင့်ကြည့်ကြတော့ လှလွန်းလို့ မှင်တောင် တတ်သွားမိတယ်။ ပြီးတော့ အာလုံးလည်း ကိုယ့်အိမ်ကိုယ်ပြန်ကြပြီးတော့ ရေမိုးချိုး စောင်တွေ ခေါင်းအုန်းတွေယူ အနွေးထည်ကတော့ မပါမဖြစ်ပေါ့။ ကျွန်တော်တို့ မြို့က တန်ဆောင်တိုင် ရောက်လို့ကတော့ အေးချက်က ကမ်းကုန်ပေါ့။ ဒီလိုနဲ့ မီးထွန်းပွဲကို စောင့်လိုက်ကြတာ နောက်ဆုံး ကျီးမနိုးပွဲညကို ရောက်လာပါရော။ ဥက္ကဌ ဦးသာအောင်ကလည်း သတိပေးတယ် မင်းတို့ အားလုံးသတိထားကြတဲ့။ ဒီနေ့ည မင်းတို့အိပ်ပျော်ရင်တော့ မင်းတို့ပါ အရွေ့ခံရမယ်တဲ့။ ဒါနဲ့ ကျွန်တော်တို့လည်း ရေနွေးအိုးတည် လက်ဖက်သုပ် ကလေးနဲ့ ဇိမ်ကျနေပါရော။ ခဏနေတော့ ဥက္ကဌရဲ့ ဇနီးဖြစ်တဲ့ ဒေါ်ချိုက အိုးတွေခွက်တွေ သယ်လာပြီးတော့ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ကျွေးမယ်ဆိုပြီး ချက်ပါလေရော။ ဒီကကောင်တွေလည်း ဟင်းနံ့တွေရတော့ ဗိုက်များတောင်ဆာလာတယ်။ ချက်လို့ပြီးတော့ အပြေးဆွဲကြတာ ပန်းကန်တွေကိုပြောပါတယ်။ ထမင်းလည်းစားပြီးရော အိပ်ငိုက်လာတာနဲ့ လက်ဖက်လေးငုံပြီး ဟိုစကားပြော ဒီစကားပြောပေါ့လေ။ ည ၃ နာရီလောက်ကျတော့ ညောင်းလာတာနဲ့ ကိုခိုင်ကို ခေါ်ပြီး လမ်းလေးဘာလေးလျှောက်ရအောင် ထွက်သွားတယ်။ ဒီကြားထဲ လမ်းမှာ လူတွေ လစ်ရင် လစ်သလို ပစ္စည်းလေးတွေကို လိုက်ရွေ့။ နေရာတွေ ပြောင်းလုပ်ပြီးသဘောတွေ ကျလို့။ ဒီလိုနဲ့ တရုတ်ဘုံကျောင်းနားရောက်လာတော့ ဘုံကျောင်း ရှေ့က ပန်းအိုးတွေကို ရွေ့မယ်ဆိုပြီး နှစ်ယောက်သား ပန်းအိုးတွေ မနေတုန်းရှိသေးတယ် ဘုံကျောင်းထိပ်က ဘာလုပ်တာလည်း ဆိုတဲ့ အသံနက်ကြီးကြားလိုက်တော့ လူတောင် တုန်သွားတယ်။ ကိုခိုင်ကလည်း ဘာလုပ်လုပ်ပေါ့ကွာဆိုတော့။ မင်းကများငါ့ကိုဆိုတော့ မင်းကဘာကောင်မို့လည်းဆိုပြီး လှမ်းလည်း ကြည့်ရော ဘာမှမရှိဘူး။ ဒါနဲ့ တစ်ယောက်ယောက်နောက်တာဖြစ်ပါလိမ့်မယ်ဆိုပြီး ဆက်ရွေ့ဖို့လုပ်တော့ တောက်ဆိုတဲ့ တောက်ခေါက်သံကြီး နားနားမှာ ကပ်ခေါက်လိုက်သလိုကြားလိုက်ရတယ်။ ဒါနဲ့ ကိုခိုင်ကို တောက်ခေါက်သံကြီးကြားလားလို့ ပြောတော့ မကြားဘူးတဲ့။ ဒါနဲ့ ဆက်မနေတုန်းရှိသေး ဘုန်းဆိုတဲ့ကျောကုန်းကို ရိုက်သံကြီးထွက်လာရော ကိုခိုင်ကလည်း မင်းငါ့ကို ဘာလို့ ရိုက်တာလည်းတဲ့။ အယ် ကျွန်တော်လည်း မရိုက်မိပါလားပေါ့လေ ဖြေရှင်းတုန်းရှိသေး ဘုံကျောင်းပေါက်ဝမှာ ထွန်းထားတဲ့ မီးတွေက ရုတ်တရတ် ငြိမ်းသွားရော။ လားလား ဒီတော့မှ အမှောင်ထဲကနေ စိုက်ကြည့်နေတဲ့ မျက်လုံးနီနီကြီး နှစ်လုံးကို နှစ်ယောက်လုံးတွေ့လိုက်ရတယ်။ နှစ်ယောက်လုံး ကြောင်ပြီး ဆက်ကြည့်နေမိတယ်။ ပြီးလည်းပြီးရော မျက်လုံးကြီးပျောက်သွားပြီ အသံနက်ကြီးနဲ့ သေတော့မှာပဲဆိုတဲ့ အသံကြားလိုက်တော့မှ နှစ်ယောက်လုံး သတိပြန်ဝင်ပြီး ပြေးရတော့တာပဲ။ လမ်းထဲပြန်ရောက်တဲ့ အထိ အမောမပြေဘူး။ ကျန်တဲ့လူတွေလည်းမေးတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး သူတို့ကိုသွားကြည့်ခိုင်း တော့ ဘာမှမရှိဘူးတဲ့။ ပန်းအိုးတွေကော အရင်တိုင်းပဲလား ရွေ့ထားတာတွေ့လားဆိုတော့ အရင်တိုင်းပဲတဲ့ ပုံမှန်ထားနေကြနေရာတွေမှာပဲတဲ့။ ဘာမှမရွေ့ပါဘူးတဲ့။ ကျွန်တော်ရယ် ကိုခိုင်ရယ် တစ်ယောက်ကို တစ်ယောက်ကြည့်မိတယ်။ ဒါဆိုကျွန်တော်တို့ တွေ့ခဲ့တာဘာလည်း?

လင်းငယ်

Saturday, September 26, 2009

စိတ်ကူးယဉ်တတ်သော လင်းငယ်

ဟုတ်ပါ့ လင်းငယ်တို့ကတော့ ကလေးဘ၀ အမေမွေးတည်းက များစိတ်ကူးယဉ် ဆန်တတ်သလားမသိဘူး။ အမြဲတမ်းစိတ်ထဲမှာ အတွေးလေးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေတာ။ ငယ်ငယ်တည်းက စိမ်းလန်းတဲ့ မြင်ကွင်းတွေ လှပတဲ့ အပင်လေးတွေ တွေ့လို့ကတော့ တစ်ခါတည်း စိတ်ကူးယဉ်ပါတော့တယ်။ တစ်ခါတစ်လေ စိတ်ကူးယဉ်လိုက်ရင် ပတ်ဝန်းကျင်ကိုများ မေ့သွားတော့ပါရော။ ငယ်ငယ်တုန်းကလည်း ခရီးသွားလို့ကတော့ ဘယ်တော့မှ အိပ်လေ့မရှိဘူး။ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး ပျော်နေတာ။ ဘေးနားက လယ်ကွင်းတွေ မြက်ပင်တွေကို ကြည့်ပြီး စိတ်ကူးယဉ်တာကလား။ ငယ်ငယ်တုန်းက အဖြစ်လေးတစ်ခုရှိတယ်။ ပြောရဦးမယ်...

လင်းငယ် ငယ်ငယ်က မြင်ကွင်းလေးလှလို့ ကြည့်ရင်းနဲ့ ကျူရှင်ကို တစ်ခါက နောက်ကျမှ ရောက်တယ်။ တစ်ခါက မသွားဖြစ်ဘူး။ ပြောရင် အပိုလို့များ ထင်နေကျမလား မသိဘူး။ တကယ်ပါ...

လင်းငယ် ကျူရှင်က မနက်အစောကြီးသွားရတာလေ... ၇ နာရီလောက်ဆို အိမ်ကနေထွက်ရပြီ။ တစ်ခါတော့ ဆောင်းတွင်းကြီး အေးနေတာပေါ့လေ။(ဆောင်းတွင်းဆိုမှတော့ အေးမှာပေါ့ဆိုလည်း ဟုတ်ပါ့ အေးပါတယ်ပေါ့လေ)။ ဒီလိုအေးနေတော့ လင်းငယ် အကြိုက်ပေါ့။ အိမ်ကနေထွက် အပြင်ကို ကြည့်လိုက်တော့ မြူတွေ နှင်းလေးတွေကျနေတာ။ မိုက်မှမိုက်ပေါ့။ မိုးကလည်း မလင်းသေး။ ဆောင်းတွင်းဆိုတော့ သိတဲ့ အတိုင်း မိုးလင်းတာ နောက်ကျတယ်လေ။ ဒီတော့ လင်းငယ်တို့ အပြင်ကိုထွက် တံခါးလေး ပြန်ပိတ်ပြီး လွယ်အိတ်လေး လွယ်ပြီး ကျူရှင်သွားရော။ ကျူရှင်သွားတဲ့ လမ်းက မီးရထားလမ်းလည်း ရောက်ရော။ လင်းငယ်ရဲ့ ဇာတ်လမ်း စပါလေရော။ ဘာတုန်းဆိုတော့ ရထားလမ်းတောက်လျှောက်ကို ကြည့်လိုက်တော့ နှင်းတွေကျနေတာ မီးအရောင်အောက်မှာ လှမှလှရယ်။ လင်းငယ်လည်း ရထားဘူတာမှာ ထိုင်ပြီး ပယ်ပယ်နယ်နယ် နှင်းလေးတွေ ကျတာကို ထိုင်ကြည့်တာ စိတ်ကူးတွေယဉ်ပြီး စိတ်ကူးထဲ နစ်မျောပြီး သွားလိုက်တာ သတိရလို့ ကြည့်လိုက်တော့ ကျူရှင်က ၄၅ မိနစ်နီးပါးလောက် နောက်ကျနေပြီ။ နောက်တစ်ခါလည်း အဲ့ဒီအတိုင်းပဲ။ ဖြစ်သွားတာ သတိမရတော့ပဲ နဲ့ ကျူရှင် အချိန် ၁ နာရီခွဲကို ပြီးသွားတော့မှ သတိရတယ်။ နောက်တော့မှ ဆရာမက အိမ်ကိုလာတိုင်ပါရော။ အမေမေးတော့လည်း အမှန်အတိုင်းပြောတော့ အမေလည်း လင်းငယ်ရဲ့ အကျင့်ကို သိနေတော့ ယုံပါတယ်။ ဒါပေမယ့် အပြစ်ရှိရင် ခံရမယ်ဆိုတဲ့ အတိုင်း လင်းငယ်တို့ ဆော်ပလော် တီးခံရတော့တာပဲ။ သိပ်စိတ်ကူးမယဉ်ကျနဲ့နော်။ လင်းငယ် လိုဖြစ်သွားကြမယ်.. ဟီးဟီး

လင်းငယ်

Thursday, September 24, 2009

ငါသည် မုချသေရမည်.. နာရီပိုင်းသာလိုတော့သည်..

မနေ့ကညက လင်းငယ် ခန္ဓာဝန်ချသွားပြီ ဖြစ်တဲ့ မိုးကုတ်ကမ္မဌာနာ စရိယ နှင့် မိုးကုတ်ဆရာတော် ဘုရားကြီး၏ တစ်ဘ၀သာသနာကို ရေးသားတော်မူသွားတဲ့ ဆရာတော် ဦးဃောသိတရဲ့ ဈာပန အခမ်းအနားကို ကြည့်ချင်လို့ အွန်လိုင်းကနေ လိုက်ရှာပြီး ကြည့်ဖြစ်ပါတယ်။ တွေ့လည်းတွေ့ပါတယ်။ ဒါနဲ့ပဲ ကြည့်ဖြစ်ပါတယ်။ အခွေက တော်တော်လေး ရှည်ပါတယ်။ ဈာပန မှာ အလောင်းတော် သယ်တာတွေ ဘာတွေက အစ အပြည့်အစုံ နောက်ဆုံး မီးသဂြိုလ်သည်ထိ ပါတော့ တော်တော်လေးကြာပါတယ်။ လင်းငယ် အခုအသက်အရွယ်ထိ အသုဘပို့ တစ်ခါမသွားဘူးပါ။ နောက်ပြီး အခုလို မီးသဂြိုင်္လ်တာကိုလည်း ဆရာတော်ဦးဓမ္မသာရ နှင့်ယခု ဆရာတော် ဦးဃောသိတတို့ ဈာပနတို့ပါမှ နှစ်ခါပဲ တွေ့ဖူးတာပါ။ အရင်တုန်းကတော့ တရားတွေဘာတွေနာ လူကြီးတွေပြောတာနဲ့ လူတိုင်းသေခြင်းတရားဆိုတာ တစ်နေ့ ကြုံတွေ့ရမယ်။ ရှောင်လွှဲလို့မရ ဆိုတာကို သိထား ပါတယ်။ ဒါပေမယ့် မျက်မြင်မကြုံတွေ့ရတာကြောင့်ပဲလား ဘာကြောင့်လည်းတော့ မသိ လင်းငယ် သိပ်မကြောက်တတ်ခဲ့ပါဘူး။ သေခြင်းတရားကိုပေါ့။ ဒါပေမယ့် ဆရာတော် ဦးဃောသိတရဲ့ ဈာပနအခွေကို ကြည့်ပြီးတော့မှ လင်းငယ်တော်တော်လေး ထိတ်လန့်သွားမိပါတယ်။ တစ်ခါမှ မဖြစ်ဘူးတဲ့ ထိတ်လန့်သံဝေဂလည်း ရမိပါတယ်။ အလောင်းတော်ကို သယ်တာကိုကြည့်နေရင်းနဲ့ လင်းငယ်ရဲ့ အတွေးထဲမှာ သြော် ငါလည်း တစ်နေ့ ဒီလိုမျိုးပဲ သူများတွေ ၀ိုင်းသယ် ပြီး ဘ၀ဇာတ်သိမ်းရမှာပါလား လို့ဆင်ခြင်မိတယ်။ နောက်ပြီးတော့ မီးသဂြိင်္လ်တော့လည်း အရမ်းကို ထိတ်လန့်သွားမိတော့တယ်။ ငါလည်း နောက်ဆုံးဒီလိုမျိုး မီးထဲမှာ ရှို့ခံရမှာပါလားပေါ့။ တွေးကြည့်လေ ထိတ်လန့်ဖို့ကောင်းလေပါပဲ။ လူက ဈာပနကို ကြည့်နေရင်းနဲ့ပဲ ထိတ်လန့်လာပါတယ်။ ရင်တွေတုန်လာတယ်။ ပြီးတော့ စိတ်ထဲမှာ အရမ်းအရမ်းကို ကြောက်မိသွားတယ်။ အတွေးလည်း ၀င်မိတယ်။ ငါတို့ ရနေတဲ့ လူ့ဘ၀ဆိုတာ ဘာမှမဟုတ်ပါလား။ အနှစ်မရှိတဲ့ ဘ၀ကြီးပဲလို့။ မွေးလာပြီး ၀မ်းရေးအတွက် ရှာဖွေစားသောက် နောက်ဆုံးတော့လည်း ရှာရင်း ဖွေရင်းနဲ့ပဲ သေခြင်းတရားမှာ လမ်းဆုံးရမှာပါလားဆိုတဲ့ အတွေးက ၀င်လာပါရော။ နောက်ပြီး ဆရာတော်ဘုရားရဲ့ဓာတ်တော်တွေကိုပြတော့ ထပ်တွေးမိပြန်ပါရော။ ဒီတော့ သေမယ့် အတူတူ မထူးပါဘူး။ အနှစ်မရှိတဲ့ဘ၀မှာ သေရမယ့်အတူတူ အနှစ်ရှိရှိ အနည်းဆုံးတော့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမ အနည်းငယ်ကိုပဲ သိသိ သိနိုင်သလောက်သိပြီး ကျင့်နိုင်သလောက်လေး ကျင့်ပြီး အနှစ်မရှိတဲ့ဘ၀ကို အနှစ်ရှိလာအောင် လုပ်ဖို့ပဲ ရှိတော့မယ်ဆိုတာ တွေးမိသွားတယ်။ လင်းငယ် ဒီလိုတွေးမိသလို အားလုံးလည်း တွေးမိရင်ကောင်းမယ်လို့ လည်းစိတ်ထဲ ၀င်လာတယ်။ အားလုံးသော လူများလည်း လင်းငယ်လို စိတ်မျိုးရှိပြီးသားလူလည်း ရှိပါလိမ့်မယ်။ မရှိသေးတဲ့ လူလည်းရှိပါလိမ့်မယ်။ တချို့ကတော့ တွေးကြပါလိမ့်မယ်။ ငါတို့မှာ ချစ်သူရည်းစားတွေနဲ့ ဒါတွေက ငါတို့နဲ့ဝေးပါသေးတယ်။ မလိုသေးပါဘူးလို့ တွေးမိကြပါလိမ့်မယ်။ တွေးမိရင်လည်း လင်းငယ်က သိသလောက်လေးနဲ့ ပြောပြချင်ပါတယ်။ ဘယ်အရာမှ ဝေးသေးတယ်။ လိုပါသေးတယ် ဆိုတာမရှိပါဘူး။ မြတ်စွာဘုရားဟောခဲ့သလိုပါပဲ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားနဲ့ တွေ့နိုင်ပါတယ်။ ချစ်သူရည်းစား ရှိချင်း မရှိချင်း၊ အိမ်ထောင်ရှိချင်းမရှိချင်းသည် မသက်ဆိုင်ပါ။ အဓိကက စိတ်ပါပဲ။ မြတ်စွာဘုရားဟောခဲ့သလိုပဲ လူသည် စိတ်တစ်စိတ်ထဲနှင့်သာ အသက်ရှင်နိုင်သည်။ နှစ်စိတ်ပြိုင်၍ မဖြစ်ကောင်းဆိုသည့်အတိုင်း အမြဲတမ်းပေါ်လာသည့် စိတ်လေးတစ်စိတ်ကို သတိထားပြီး စောင့်ကြည့်နေပါ။ ကောင်းတဲ့စိတ်လည်း ကောင်းသည့်အလျှောက် မကောင်းသည့်စိတ်လည်း မကောင်းသည့်အလျှောက် ပေါ်လာသမျှကိုကြည့်ပြီး ကောင်းသည့်အလုပ်လုပ်ချင်သည့် စိတ်ဆိုလုပ်လိုက်ပြီး မကောင်းသည့် အကြံအစည်ဆို အတတ်နိုင်ဆုံးမလုပ်ပဲ ထိန်းသိမ်းပြီးရအောင်နေကြည့်ပါ။ ဘာကြောင့်လည်းဆိုတော့ မကောင်းသည့်အလုပ်မှန်းသိပါ၏ သို့သော် မထိန်းနိုင်၍ လုပ်လိုက်မိလျှင် လုပ်ပြီး နောက်ပိုင်း နောင်တတွေရလို့ မဆုံးဖြစ်နေတတ်ပါသည်။ ဒါကလင်းငယ်ဖြစ်နေကျကိစ္စမို့ပါ။ အခုနောက်ပိုင်း လင်းငယ် အတတ်နိုင်ဆုံး ကြိုးစားပြီး ထိန်းနေရပါသည်။ ချိုးဖောက်ဖို့ အလွယ်ဆုံးဖြစ်သော လိမ်လည်ခြင်းကို တောင် မနည်းထိန်သိမ်းပြီး နေရပါသည်။ ဘာကြောင့်ဒီလိုများထိန်းသိမ်းနေရလည်း ဆိုလျင်တော့ လင်းငယ် အသေစိတ်ချချင်လို့ လို့ပဲပြောရမှာပါ။ လင်းငယ် ဆုံးဖြတ်ထားပါတယ်။ အတတ်နိုင်ဆုံး သီလလုံအောင် ထိန်းပြီး နေမယ်လို့ပါ။ နောက်ပြီးတော့ ကြားဖူးနေကျ ငါသည်မုချသေရမည်.. နာရီပိုင်းသာလိုတော့သည်.. ဆိုတဲ့စာသားလေးကို သတိရတိုင်း နှလုံးသွင်းပြီး ကိုယ်လုပ်ချင်လာသည့် မကောင်းမှုစိတ်လေးတွေကို ထိန်းသိမ်းနေပါတယ်။ ဒါကြောင့်အားလုံးလည်း မကောင်းမှုပြုချင်လာခဲ့လျင် ငါသည်မုချသေရမည်.. နာရီပိုင်းသာလိုတော့သည်.. ဆိုတဲ့ စာသားလေးကို သတိရပြီး အတတ်နိုင်ဆုံး ထိန်းနိုင်ကြပါစေ.....

စေတနာများစွာဖြင့်
လင်းငယ်

Monday, September 21, 2009

အားမငယ်ပါနဲ့...

လင်းငယ်ရဲ့ အစ်ကိုသူငယ်ချင်းက ဟိုတစ်နေ့က အွန်လိုင်းမှာတွေ့တော့ သူ့ရဲ့မွေးနေ့တဲ့။ ဒါနဲ့ လင်းငယ်လည်း ဆုတောင်းပေးလိုက်ပါတယ်။ အဲ့ဒီတော့ သူက မင်းတစ်ယောက်ပဲ ဆုတောင်းပေးတဲ့ လူရှိသေးတယ်ကွာတဲ့။ ငါ့ဘ၀က ဘယ်သူမှ အဖတ်လုပ်မဲ့လူမရှိဘူးတဲ့။ အိမ်ကလည်း ဂရုမစိုက်၊ စော်ကလည်း ခွာသွားတဲ့ ငါ့ဘ၀ကကြမ်းပါတယ်ကွာ။ သူ့ရဲ့ ကောင်မလေးက သူ့ကိုရွံ့တယ်တဲ့။ ပြောပုံကနော်။ ဒါနဲ့လင်းငယ်ကလည်း တေကြီးခင်ဗျားဘ၀က အဲ့ဒီလောက်တောင်ပဲလား။ ခင်ဗျားဘ၀ကို ခင်ဗျားကတော်တော်လေးဆိုးနေပြီ ထင်လား လို့မေးလိုက်တယ်။ သူကပြောတယ် ဟုတ်တယ်ကွာတဲ့။(ဒါနဲ့ သူ့ကို အားလုံးက တေကြီးလို့ခေါ်ပါတယ်)။ ငါ့ဘ၀က ဗိုလ်သင်တန်း တတ်ဖို့လုပ်တုန်းကလည်း အိမ်ကအကုန်လိုက်လုပ်ပေးတာတောင် ပြုတ်တယ်ကွာတဲ့။ ပြီးတော့ တော်တော်လေးကို ဒုက္ခရောက်တယ်ကွာတဲ့။ သီချင်းတွေဆိုတော့လည်း ပိုက်ဆံက နှစ်ပဲတစ်ပြားပဲ ရတယ်ကွာတဲ့။ ပြီးတော့ သူစော်ကသူ့ကိုထားသွားတာလည်း ၀မ်းနည်းတယ်ကွာတဲ့။ မွေးနေ့တောင် မလာဘူးတဲ့။ ငါလည်း အရက်တွေ သောက်ပြီး ညစ်နေတာတဲ့။ ဒီရက်ပိုင်း အိမ်ကတောင် အမျိုးတွေကြားမှာ ငတေက ၆ နာရီကျော်ရင် အဖတ်မ၀င်တော့ဘူးလို့ တောင်ပြောတယ်တဲ့။ လင်းငယ်လည်း ပြောလိုက်တယ်။ ခင်ဗျားမှားတာပေါ့လို့။ စဉ်းစားကြည့်ရင် အဓိပ္ပါယ်ကို မရှိတာပါ။ စော်ပစ်သွားတာနဲ့ပဲ အရက်သောက်ပြီး မူးရတယ်လို့။ သူကလည်း ပြောပါတယ် သူမှားပါတယ်တဲ့။ ဒါနဲ့ လင်းငယ်လည်း သူ့ကို သူ့ရဲ့ ဘ၀ကြမ်းတယ်ဆိုတာနဲ့ပတ်သတ်ပြီး ပြောလိုက်ပါတယ်။

တေကြီး ခင်ဗျားဘ၀ကိုခင်ဗျားက တော်တော်ကြမ်းနေပြီလို့ ထင်လားလို့။ ခင်ဗျားမှာ မိဘနဲ့ အစ်မလည်းရှိတယ်။ ခင်ဗျားလိုတဲ့ ပိုက်ဆံကို ထောက်ပံ့ကြတယ်။ ခင်ဗျား တစ်နေ့တစ်နေ့ ကြိုက်တဲ့ နေရာကိုသွားနေတာလည်း ပေးသွားထားတယ်။ အလုပ်မလုပ်လို့လည်း ဘာမှမပြောတာ ခင်ဗျားဘ၀ကို ခင်ဗျားက တော်တော်လေး ကြမ်းနေပြီထင်လားလို့။(လင်းငယ်ရဲ့ ဂရုဏာဒေါသော ဆူပူမှုပါ)။ ဆက်ပြီးတော့ ပြောလိုက်ပါသေးတယ်။ ခင်ဗျား လမ်းပေါ်မှာ တောင်စားနေရတဲ့ ကလေးငယ်တွေ၊ နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ၀မ်းရေးအတွက် လမ်းပေါ်မှာ ဈေးရောင်းနေတဲ့ ကလေးငယ်တွေ ကြည့်လိုက်စမ်းပါ ခင်ဗျားက သူတို့ထက် ဘ၀ပိုကြမ်းလားလို့။ ခင်ဗျားကြမ်းတယ်ဆိုတဲ့ ဘ၀က သူတို့လေးတွေရဲ့ ၁၀ ပုံပုံ ၁ပုံ တောင်မရှိပါဘူးဗျာ။ ခင်ဗျားစဉ်းစားစမ်းပါ။ ဒါနဲ့ လင်းငယ်တို့ အားလုံးသူလည်း အပါအ၀င်ပေါ့ ကျိုက်ထီးရိုး သွားတုန်းက ဓာတ်ပုံရိုက်လာတဲ့ ၆ နှစ် ၇နှစ် လောက်ပဲရှိဦးမယ့် လိမ္မော်သီးကို လိုက်ရောင်းနေတဲ့ ကလေးငယ်လေး အကြောင်းကို ပြန်ပြောပြပြီး နှစ်သိမ့်လိုက်ပါတယ်။ ခင်ဗျားဘ၀ဟာ ဒီလောက်ထိမကြမ်းသေးပါဘူးလို့။ သူကပြောသေးတယ် မင်းတို့ ဘ၀ကမကြမ်းတော့ မင်းကပြောအားရှိတာပေါ့တဲ့။ လင်းငယ်လည်း ဘာပြောရမှန်းမသိပေါ့။ သူ့အမြင်မှာ လင်းငယ်တို့ဘ၀ကို မကြမ်းတမ်းဘူးထင်နေတယ်။ လင်းငယ် အသက်ငယ်ရွယ်ပေမယ့် ဖြတ်သန်းလာရတဲ့ ဘ၀က အတွေ့အကြုံတွေ အစုံပါ။ ဒါကို သူလည်း အသိပါ။ ဒါကိုတောင် ဒီလိုပြောသေးတယ်။ လင်းငယ်လည်း ပြောလိုက်ပါတယ်။ လူတိုင်းရဲ့ ဘ၀မှာ သူ့အလွှာနဲ့သူ ကြမ်းတမ်းနေကြတာပဲလို့။ ကျွန်တော့်ကို ခင်ဗျား မကြမ်းတမ်းဘူးပြောရင်တော့ ဟုတ်တယ်။ ကျွန်တော့်ဘ၀ကို ကျွန်တော်မကြမ်းတမ်းဘူးလို့ ခံယူထားတယ်လို့။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က ကျွန်တော်ထက် ပိုကောင်းတဲ့ဘ၀မှာရှိတဲ့ လူဆိုလည်း သြော် သူတို့ကံကောင်းလို့ ပိုက်ဆံတွေပေါနေကြပါလားလို့ မုဒိတာပွားတယ်၊ ကိုယ့်ထက်နိမ့်ကျတဲ့ လူတွေ့ရင်လည်း သူတို့ အတိတ်ကံမကောင်းလို့ ဘ၀တွေ နိမ့်ကျနေပါလားလို့ သနားမိတယ်လို့။ ဒါပေမယ့် ငါ့ဘ၀ဟာ အလယ်အလတ်မှာ ရှိနေသေးပါလား။ ကံပေးတဲ့ ဘ၀ကောင်းပါလားလို့။ ဒါပဲလေ ဘ၀ကို အမြင်မှန်နဲ့သာကြည့်လိုက်။ ခင်ဗျားဘ၀ကို ခင်ဗျားကြမ်းတမ်းတယ် လို့ထင်မိမှာမဟုတ်ပါဘူးဗျာလို့။ ဒါနဲ့သူလည်း ညီလေး ကျေးဇူးပဲကွာ။ မင်းကို တကယ်ကျေးဇူးတင်တယ် ဆိုပြီး အွန်လိုင်းကနေပြန်သွားပါတယ်။ လင်းငယ်ပြောပြလိုက်တဲ့ ဘာမဟုတ်တဲ့ စကားလေးတွေက သူ့ကို အမြင်ပွင့်သွားစေတာကို သိလိုက်လို့ လင်းငယ်အတိုင်းမသိဝမ်းသာပါတယ်။

လင်းငယ်

Friday, September 18, 2009

စိတ်၏ငြိမ်းချမ်းရာ

ဟိုတစ်လောက အွန်လိုင်းမှာ လင်းငယ်နဲ့ ရင်ဘတ်ကြီးခေါ် ဥက္ကဌတို့ စကားပြောဖြစ်ကြတယ်။ ရင်ဘတ်ကြီးက ဘာတွေလုပ်နေလည်းလို့ မေးတော့ လင်းငယ်ကလည်း တရားစာအုပ်ဖတ်နေတယ်လို့။ ပြီးတော့ တရားစာအုပ် တွေလည်း လေ့လာဖြစ်တယ်လို့ ပြောခဲ့တယ်။ ရင်ဘတ်ကြီးက ပြောတယ် ဘယ်တရားတွေ နာနေတာတုန်းတဲ့။ လင်းငယ်ကလည်း မိုးကုတ်ဆရာတော် ဘုရားကြီးတရားတွေ နာနေတာလို့ ပြောလိုက်တော့ ရင်ဘတ်ကြီးက မြင့်တယ်ကွတဲ့။ လိုက်လို့မမှီဘူးတဲ့။ လင်းငယ်ကလည်း ပြောလိုက်ပါတယ်။ သေချာလေ့လာပေါ့လို့ အခြေခံလေး တွေအရင်နားလည်အောင်လုပ်ပေါ့လို့။ ပြောတော့ အင်း လို့ရင်ဘတ်ကြီးက ပြန်ပြောတယ်။ ပြီးတော့ လင်းငယ်က ပြောလိုက်တယ် တရားထိုင်ပေါ့ဗျာလို့။ သူကအေးတဲ့ ဘယ်လို ထိုင်ရမလည်း နည်းနည်းပြောပါလားဆိုတော့ လင်းငယ်က ပြောလိုက်တယ် ဘလော့မှာ ပို့စ်ရေးလိုက်မယ်ဆိုပြီးတော့။ အခုလင်းငယ်ရေးမဲ့ ဒီပို့စ်လေးက အရမ်းကြီး မြင့်လွန်းတဲ့ ၀ိပဿနာပိုင်း ဆိုင်ရာတွေ မပါပါဘူး။ နိုင်ငံမျိုးစုံကို ရောက်နေကြတဲ့ လူတွေ နောက်ပြီး စိတ်တွေညစ်လွန်းနေတဲ့ လူတွေ ခံစားချက်တွေ အရမ်းများလွန်းနေတဲ့ လူတွေအတွက် အကူအညီလေးများ ဖြစ်မလားဆိုပြီးတော့ တရားထိုင်တဲ့ နည်းလမ်းလေးကိုရေးပြမှာပါ။ လင်းငယ် ရဲ့ ကိုယ်တိုင် တရားထိုင်တဲ့ အခါ ရတဲ့ အေးချမ်းမှုမျိုးလေးကို အားလုံးလည်းခံစားလို့ ရနိုင်အောင် လုပ်နိုင်အောင် ရေးမှာပါ။ နည်းနည်းလေးပဲ သဘောပေါက်သွားရင် ကျေနပ်ပါတယ်။

အရင်ဆုံး လင်းငယ်ဖော်ပြခဲ့တဲ့ စိတ်ညစ်ရင်ရေချိုးပါဆိုတဲ့ ဆောင်းပါးထဲက အတိုင်း တရားထိုင်တော့မယ် ဆိုရင် ရေချိုးလိုက်တာ အကောင်းဆုံးပါ။ ရေချိုးလိုက်တဲ့ အတွက် စိတ်လေးဟာ ကြည်လင်သွားပါလိမ့်မယ်။ စိတ်ကြည်လင်သွားပြီဆို တရားအားထုတ်တဲ့ အခါမှာ အကျိုးများပါတယ်။ တရားမထိုင်ခင်မှာတော့ အရင်ဆုံး သိရမှာက ဒိဋ္ဌိသုံးမျိုးကိုသိထားရပါမယ်။ သိပြီးရင် အဲ့ဒီဒိဋ္ဌိသုံးမျိုးကို အသိနဲ့ ခွာထားနိုင်ရပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဒိဋ္ဌိသုံးမျိုးကို အသိနဲ့မှ မခွာထားနိုင်ရင် တရားရဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ။ ဒိဋ္ဌိသုံးမျိုးဆိုတာကတော့ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ နှင့် သက္ကာယ ဒိဋ္ဌိတို့ဖြစ်ပါတယ်။ သဿတ ဒိဋ္ဌိဆိုတာက တော့ သေပြီးနောက်တွင် ဆက်ဖြစ်သည် ဆက်နေသည်ဟု ယူလျှင် သဿတဒိဋ္ဌိပါ။ ဥစ္ဆေဒ ဒိဋ္ဌိကတော့ သေပြီးနောက်တွင် ပြတ်သွားသည် ဘာမှမဖြစ်တော့ဟု ယူလျှင် ဥစ္ဆေဒ ဒိဋ္ဌိပါ။ သက္ကာယ ဒိဋ္ဌိကတော့ ရုပ်နှင့် နာမ်ပဲ ရှိသည်ကို ခန္ဓာကို ငါ့ခန္ဓာ ငါ့စိတ် စသည်ဖြင့် ယူလျှင် သက္ကာယ ဒိဋ္ဌိပါ။ ဒီသုံးမျိုးကို အသိနဲ့ ပယ်ထားနိုင်ဖို့ လိုပါတယ်။ ဒါက ၀ိပဿနာ အားထုတ်ရင် အရင်သိထားရမယ့် ဟာလေးတွေပါ။

တရားစအားထုတ်မယ်ဆို အရင်ဦးဆုံး မြတ်စွာဘုရားကို အာရုံပြုပြီး ငါးပါးသီလ၊ ရှစ်ပါးသီလ စသည့်ဖြင့် စောက်တည်လိုက်ပါ။ ပြီးလျှင် ကိုယ်တတ်နိုင်သည့် ထိုင်နည်းမျိုးဖြင့်ထိုင်လိုက်ပါ။ ခြေထောက် တစ်ခုနှင့် တစ်ခုဖိမထိုင်တာ ပိုကောင်းပါတယ်။ ပြီးလျှင်တော့ အာနာပါန ကိုပွားပါ။ နှာသီးဝမှာ လေ၀င်တာ လေထွက်တာ ကိုသိနေရပါမယ်။ ၀င်ရင်ဖြင့် ၀င်တယ် ထွက်ရင်ဖြင့်ထွက်တယ်။ သမာဓိရအောင်ပါ။ သမာဓိတည်မှ ၀ိပဿနာရှုလို့ ရမှာမဟုတ်လား။ အာနာပါန ကို ၁၅ မိနစ်လောက် ပွားပြီးရင်တော့ စိတ်ကလေး ငြိမ်လာတဲ့ အချိန်မှာ ခန္ဓာကိုယ်မှာ လှုပ်လှုပ်ရွရွ ဖြစ်နေတာလေးတွေ။ ယားယံတာလေးတွေ နာတာလေးတွေ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီကျတော့ မှ ယားတာယံတာလေးတွေကို ကြည့်ပါ ယားတာ ယံတာလေးတွေ နာတာလေးတွေ အားလုံးသော ခန္ဓာကိုယ်မှာ ပေါ်သမျှလေးတွေဟာ ဖြစ်ပြီး ရင်ပျက်လာတာလေးတွေ ကိုတွေ့လာပါလိမ့်မယ်။ ဒီအတိုင်း ခန္ဓာကိုယ်မှာ ပေါ်တာလေးတွေ ကို ပေါ်တိုင်းသိ ပျက်တိုင်းသိ ရင်နဲ့ တဖြည်းဖြည်း စိတ်လေးဟာ အပြင်ကိုထွက်ချိန်မရတော့ပဲ ငြိမ်သွားပါလိမ့်မယ်။ စိတ်လေးငြိမ်လာတာနဲ့ ပိုပြီးပိုပြီးသိလာပြီး အေးချမ်းလာပါလိမ့်မယ်။ တကယ်တော့ ခန္ဓာကိုယ်သို့မဟုတ်ရုပ်ဟာ အချိန်တိုင်းမှာ ဖောက်ပြန်နေတာပါ။ သာမန်အချိန်တွေမှာ ကိုယ်က သတိမထားမိလို့သာ မသိရတာပါ။ သေချာထိုင်ပြီး ရှုနေတော့ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေကို သိလာရပါလိမ့်မယ်။ ကြိုးစားကြည့်ပါ။ စိတ်လေးငြိမ်းချမ်း နေအောင်ပေါ့။

လိုအပ်ချက်များရှိရင် ဝေဖန်နိုင်ပါတယ်။ အသိကြီး မဟုတ်ပေမယ့် သိသလောက်နဲ့ ပြန်လည်မျှဝေတာ ဖြစ်ပါတယ်......

လင်းငယ်

ကောင်းကင်နဲ့ မြေကြီး

လူတစ်ယောက်ရဲ့မွေးဖွားခြင်းအစ
ပထမဆုံးစမြင်ရတာက ကောင်းကင်ပြာ
နှုတ်ခွန်းဆက်သပါတယ် ကောင်းကင်ကြီးဆိုတော့
ကောင်းကင်ကြီးက လူလေး မင်းရောက်လာပြီပေါ့တဲ့....

လူလောကထဲ ရောက် ပြုစရာတွေပြု
လုပ်စရာတွေလုပ် တခါတလေမှာ ရှုပ်စရာတွေရှုပ်
အချိန်တန်လာတော့ မြေကြီးနဲ့
စကားပြောရမဲ့ အလှည့်ရောက်လာတယ်

မြေကြီးကပြောတယ် မင်းငါ့ရဲ့ အထဲမှာ နေရတော့မယ်တဲ့
လူသားတိုင်း တစ်ချိန်မှာ ငါနဲ့တွေ့ရတာပဲတဲ့
မင်းစဉ်းစားတဲ့ မင်းဘာတွေလုပ်ခဲ့ပြီးပြီလည်းတဲ့

စဉ်းစားမိတယ်...
မွေးတည်းက အခုသေခါနီးထိ ဘာတွေလုပ်ခဲ့လည်း
သြော်... စားဝတ်နေရေးကလွဲရင်ဘာမှ မလုပ်ခဲ့ပါလား...
အချိန်တန်လို့ မြေကြီးထဲ သွားရမယ်ဆိုတော့......
နောက်ကျနေပြီ ဘာမှပြင်ဖို့ မလွယ်တော့ပါလား...


စိတ်ထဲပေါက်တာရေးချလိုက်တာနော်. ကဗျာလည်း မဟုတ် ဘာလည်းမဟုတ်ပေါ့... ဒဿန ဆန်ဆန် ဖြစ်နေ မလားပဲ။ ဖတ်သွားလိုက်နော်.....

လင်းငယ်

Thursday, September 17, 2009

မင်းဟာ ငါ့ရဲ့ဘဝ

သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့အလင်း စေတမန်က ရတဲ့ မေးလ်ပါ။ ပို့တာကတော့ အင်္ဂလိပ်လိုပါ။ ကျွန်တော် ကြိုက်နှစ်သက်မိလို့ မြန်မာလိုလေးပြန်ပြီး တင်လိုက်ပါတယ်။

ကောင်မလေး... ငါနင်ရဲ့စိတ်ထဲကို ခဏလေးလောက် ၀င်ရောက်ဘူးလား?
ကောင်လေး...... ဟင်အင်း။
ကောင်မလေး.... နင်ငါ့ကိုကြိုက်လား?
ကောင်လေး...... မကြိုက်ဘူး။
ကောင်မလေး..... နင်ငါ့ကို လိုချင်လား?
ကောင်လေး....... ဟင်အင်း။
ကောင်မလေး..... ငါထွက်သွားရင် နင်ငိုမှာလား?
ကောင်လေး...... မငိုဘူး။
ကောင်မလေး.... နင်ငါ့အတွက် ရှင်သန်မလား?
ကောင်လေး...... ဟင်အင်း။
ကောင်မလေး...... နင်ငါ့အတွက် ဘာမဆိုလုပ်ပေးမလား?
ကောင်လေး......... မဖြစ်နိုင်တာ။
ကောင်မလေး...... နင့်ရဲ့ဘ၀နဲ့ ငါ့ကို နင်ဘယ်ဟာရွေးချယ်မလည်း?


ပြီးလည်းပြီးရော ကောင်မလေးထွက်ပြေးဖို့ပြင်လိုက်တယ်.. ဒါပေမယ့် ကောင်လေးက သူကိုတားပြီး စကားတွေပြောတယ်.....



နင်ငါ့ရဲ့စိတ်ထဲကို ခဏလေးတောင် ၀င်မရောက်ခဲ့ဘူး ဆိုတာက နင်ဟာငါ့ရဲ့စိတ်ထဲမှာ အမြဲတမ်းရှိနေလို့ပဲ။ ငါနင့်ကို မကြိုက်တဲ့ အကြောင်းပြချက်က နင်ကိုငါကချစ်လို့ပဲ။ နင်ကိုငါဘာလို့မ လိုအပ်လည်းဆိုတော့ နင်ကိုကငါ့ရဲ့ လိုအပ်ချက်ဖြစ်နေလို့ပဲ။ နင့်ငါ့ကိုခွဲခွာသွားရင် ငါဘာလို့မငိုဘူးလို့ပြောလည်းဆိုတာက နင်ထွက်သွားရင် ငါသေသွားမှာမို့ပဲ။ ဘာဖြစ်ဖြစ် နင့်အတွက် မလုပ်ပေးချင်ရတာကတော့ နင့်အတွက်ငါက အားလုံးကို လုပ်ပေးမှာမို့ပဲ။ ငါ့ဘ၀ကို ငါရွေးချယ်ရတဲ့ အကြောင်းပြ ချက်ကတော့ မင်းဟာငါ့ရဲ့ဘ၀မို့ပါပဲ ကောင်မလေးရယ်။

အလင်းစေတမန်မှ ကူးယူဖော်ပြသည်။

ဘာသာပြန်သူ
လင်းငယ်
ဘာသာပြန် အသုံးမကျရင် စိတ်ဆိုးနဲ့နော်.... ပျော်ပါစေ...

-------------♥♥♥-------------♥♥♥-------------♥♥♥------------

ကြောက်တတ်သော လူတစ်ယောက်

ဒီတစ်ခါလည်း ဘယ်သူ့ပေါင်များ လှန်ထောင်းဦးမလည်းလို့ မတွေးလိုက်ပါနဲ့။ ဒီတစ်ခါကိုတော့ ကိုယ့်ပေါင်ကို လှန်ထောင်းပြီး ကိုယ့်အကြောင်းကို ပြောတော့မယ်။ ခေါင်းစဉ်အတိုင်းပါပဲ ကျွန်တော် ကြောက်တတ်ပါတယ်။ ဘာကြောင့်ကြောက်တတ်ရတယ် ဘယ်လိုကြောက်တတ်တယ်ဆိုတာတွေ ပြောပြမယ်နော်။

လင်းငယ်ကငယ်ငယ်လေးထဲက မွေးရာပါနှလုံးရောဂါဆိုလားပဲ ရှိတယ်တဲ့။ အမေက ပြောတာပါ။ လင်းငယ် ကလေးဘ၀ကဆိုလည်း ဘယ်လောက်ထိတောင်များ ကြောက်တတ်လည်းဆိုရင် မိုးချိန်းလည်းကြောက် ညမှောင်လို့ ခွေးဟောင် ရင်လည်း ကြောက်နဲ့ အကြောက်စံချိန်တင်ပေါ့ဗျာ။ လင်းငယ် ၇ တန်း ၈ တန်း အထိ ညဘက် ခွေးတွေဟောင်လို့ ကတော့ အမေ့ ရင်ခွင်ထဲကကို မထွက်တော့ဘူး။ အဲ့ဒါကတော့ ငယ်ငယ်တည်းက တဲ့။ အမေကပြောတယ်။ လင်းငယ် ကြောက်တယ်ဆိုတာကလည်း အဓိကကတော့ သရဲပေါ့ဗျာ။ မှတ်မိသေးတယ်။ လင်းငယ် ပထမဆုံး ကိုရင်ဝတ်တဲ့အချိန်တုန်းကပေါ့။ ၃ တန်းလောက်ပဲ ရှိဦးမယ်ထင်တယ်။ လင်းငယ်တို့ညီအစ်နှစ်ယောက်နဲ့ အစ်ကို ၀မ်းကွဲတစ်ယောက် ၀တ်တာပေါ့။ လင်းငယ်တို့ အဖေရဲ့ ဇာတိရွာမှာပါ။ လင်းငယ်တို့ ကိုရင်ဝတ်ဖြစ်တာလည်း ရွာရဲ့ ကျောင်းမှာပါပဲ။ ဒီလိုနဲ့ လင်းငယ်တို့ ကိုရင်လေးတွေဖြစ်သွားပြီးတော့ ခန္ဓာဝန် ချသွားပြီးဖြစ်တဲ့ အဘိုးဘုန်းကြီးလို့ ပြောလို့ရတဲ့ ရန်ကုန် မိုကုတ်ဝိပဿနာ ဌာနချုပ်ရဲ့ ကမ္မဌာနစရိယဆရာတော်ဖြစ်ပြီး ဆင်ဖြူကျွန်း မိုးကုတ်ဝိပဿနာဌာနခွဲရဲ့ တည်ထောင်သူနဲ့ ကျောင်းထိုင်ဖြစ်ခဲ့တဲ့ ဆရာတော်ဦးဓမ္မသာရရဲ့ မိုးကုတ်ဝိပဿနာ ဌာနခွဲကို သွားရပါတယ်။ လေ့လာဖို့ပါ။ ကျွန်တော်တို့ အားလုံးကတော့ အလွယ်နဲ့ ရိပ်သာလို့ပဲ ခေါ်တယ်။ ရိပ်သာကို ရောက်သွားတော့ ကျောင်းထိုင် အသစ်ကလည်း ပျူပျူငှာငှာပါပဲ။ အကျိုးတော်ဆောင်တွေကလည်း နေရာတွေလိုက်ပြတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဆရာတော် ခန္ဓာဝန်ချသွားတဲ့ အခန်းကို လိုက်ပြတာပါ။ အခန်းထဲကို ခေါ်သွားတော့ လင်းငယ်ကြောက်ချက်က ရင်တုန်ပန်းတုန်ပဲ ဟိုနားမသွားရဲ ဒီနားမသွားရဲ အစ်ကို နှစ်ယောက် နားမှာ ကပ်ပြီးတော့ လိုက်နေရတာပဲ။ အမှန်က ဆရာတော်က ၀ိပဿနာ အားထုတ်သွားလို့ ကိစ္စပြီးတန်သလောက်ပြီးသွားပြီးသား ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် ကလေးမဟုတ်လား ကြောက်တာပေါ့။ အဲ့ဒီအချိန်တုန်းက တော့ဘာမှမသိတတ်သေးတာလည်း ပါတာပေါ့။ နောက်တစ်ခါ လင်းငယ်ရဲ့ မွေးရာပါ နှလုံး ရောဂါ ပြန်ဖြစ်ပြီးတော့ အသည်းအသန် ဖြစ်လိုက်ရတဲ့ ကိစ္စကတော့ လင်းငယ်ရဲ့ အဖိုးလေး အဘွားရဲ့ မောင် ဆုံးသွားတော့ပါ။ အဖိုးလေးဆုံးသွားရတာကတော့ ခွေးရူးပြန် ရောဂါနဲ့ပါ။ အဖိုးလေးက ခွေးတွေကို အရမ်းချစ်တတ်ပါတယ်။ ခွေးရူးပြန်ရောဂါ ဖြစ်သွားတာလည်း သူချစ်တဲ့ ခွေးတွေထဲက ခွေးသားလေး တစ်ကောင်ရဲ့ သွားစွယ်နဲ့ ချစ်မိသွားရာကနေစတာပဲ။ အဖိုးက အဲ့ဒီခွေးသားလေးကို ဘယ်လောက်ထိချစ် လည်းဆိုရင် ညဘက် သန်းခေါင်ကျော်ကြီး ခွေးလေး အပြင်ထွက်သွားရင် လိုက်ရှာပြီး အိမ်ကို ပြန်ခေါ်ပါတယ်။ အဲ့ဒီလောက်ထိချစ်ပါတယ်။ အဖိုးဆုံးမယ်ဆိုတော့လည်း ကျွန်တော်တို့က အဖေ နိုင်ငံခြားက ပြန်လာတော့ ပြန်ပြီးလည်နေတဲ့ အချိန်ပါ။ ရွာကိုပေါ့။ အဖိုးနေမကောင်းဘူးဆိုလို့ ဆေးရုံသွားရာကနေ ချက်ချင်းပြန်လာတော့ ခွေးရူးပြန်နေပြီတဲ့။ အဲ့ဒါနဲ့ ညတွင်းချင်းပဲ ရန်ကုန်ကို ပြန်လာရတယ်။ ဘာကြောင့်လည်းဆိုတော့ ရွာရဲ့ ထုံးစံအရ အမျိုးအဆွေ တစ်ယောက် ဆုံးပြီရင် ၁လခွဲလား ၂လလား မသိဘူး ရွာကနေခွာလို့မရဘူးတဲ့။ အဖေက ခွင့်တစ်လပဲ ရတော့ အမြန်ပြန်လာရတာပေါ့။ ရန်ကုန်ကို ပြန်ရောက်ပြီး ၂ နာရီလောက်နေတော့ ရွာက ဖုန်းလှမ်းဆက်ပါရော အဖိုးဆုံးပြီတဲ့။ အဲ့ဒီမှာ စတွေ့တာပဲလို့ ပြောရမှာပဲ။ လင်းငယ် ကြောက်ပြီးတော့ ညဘက်တွေ အိပ်လို့မရတော့ပါဘူး။ ကြောက်တယ်ဆိုတာလည်း တကယ်တော့ အဖိုးရဲ့ ရုပ်ကို မျက်စိထဲမြင်နေပြီးတော့ ၀မ်းနည်းနေတာရယ်။ အဖိုးခွေးရူးပြန်ရောဂါနဲ့ ဆုံးတာရယ်ကို ၀မ်းနည်းတာရယ်ကြောင့် အိပ်မရတာပါ။ ကိုယ့်အဖိုးပဲ အဲ့လောက်တော့ ဘယ်ကြောက်မလည်းနော်။ ဒီလိုနဲ့ လင်းငယ်အိပ်မရတာ ၁ ပတ်ကျော်သွားပါတယ်။ နောက်ဆုံးအိမ်က စိုးရိမ်တာနဲ့ မိသားစု ဆရာဝန်ကို ပင့်ပြီး အိပ်ဆေးတွေ ထိုးခိုင်းရပါတယ်။ အိပ်ဆေးတွေထိုး ပေးတော့မှ လင်းငယ် ကောင်းကောင်း အိပ်ပျော် တော့တယ်။ လင်းလည်း အိပ်မပျော်တာတွေ များတာရော ထိတ်လန့်တာတွေ များတာရောနဲ့ နေနည်းနည်း ပြန်ကောင်းတော့ မိသားစုဆရာဝန်က ဆေးစစ်ခိုင်းလို့ စစ်တော့မှ နှလုံးရောဂါတော်တော် ဆိုးနေတယ်တဲ့။ နှလုံးအဆို့ရှင် ရောင်နေပြီ ဆိုပြီး ဆေးတွေ ဆက်တိုက်သောက်ရတော့တာပဲ။ အခုထိပဲဆိုပါတော့။ လူတိုင်း လူတိုင်းပေါ့နော် လင်းငယ်လို မကြောက်တတ်ကြပါနဲ့။ လင်းငယ်ကြောက်တတ်တယ်ဆိုတာလည်း လင်းငယ်ရဲ့ အစ်မ၀မ်းကွဲ တစ်ယောက်က ငယ်ငယ်တည်းက သရဲပုံပြင်တွေ ပြောပြော ပြနေတာတွေ ခေါင်းထဲ စွဲ နေပြီး ကြောက်တတ်သွားတာပါ။ ဒါကြောင့် လင်းငယ် အခု အသက်ကြီးလာတော့ တူတွေ တူမတွေ ရှိပါတယ်။ သူတို့လေးတွေ ကို လင်းငယ်လို ကြောက်တတ်မှာစိုးလို့ အစ်မတွေ အစ်ကိုတွေကို ပြောထားရတယ်။ ကလေးတွေကို ဘယ်တော့မှ မဟုတ်တဲ့ သရဲ ပုံပြင်တွေ မပြောပြနဲ့လို့။ အနာဂတ်ရဲ့ ကလေးလေးတွေ အကြောက်တရား ခေါင်းထဲမှာ စွဲသွားမှစိုးလို့ပါ။ လင်းကတော့ အခုမကြောက်တော့ပါဘူး။ ၀ိပဿနာ အားထုတ် မှုကြောင့်လို့တော့ ထင်တယ်။ ကြောက်တယ်ဆိုတာလည်း စိတ်ပါပဲ။ စိတ်လေးကို တည်ငြိမ်အောင်ထားလိုက်ရင် အေးချမ်းပြီး အကြောက်တရားဆိုတာ လာပါဆိုရင်တောင် မလာနိုင်တော့ပါဘူး။
အားလုံးကို ကျေးဇူးတင်စွာဖြင့်

လင်းငယ်

Wednesday, September 16, 2009

နာမည်ပြောင်း ကင်ပွန်းအသစ်တပ်ပွဲ

ကဲဒါကတော့ အထူးပေါ့နော်။ မိုးစက်ပွင့်လေး တောင်းဆိုထားတဲ့ ချောကလက် ရေခဲမုန့်... ကောင်းကောင်းစားနော်။


အပူကြိုက်တဲ့သူက ကော်ဖီသောက်နော်......
ကော်ဖီမသောက်ခင်တော့ ကိတ်မုန့်လေးစားသွားပါဦး။
ဒါက နောက်ကိတ်မုန့်တစ်မျိုး။
ဒါကတော့ ရေခဲမုန့်.... ကော်ဖီမကြိုက်တဲ့လူတွေအတွက် ဥပမာ ရင်ဘတ်ကြီးတို့လို လူတွေအတွက်.....


အားလုံးက နာမည်ပြောင်းပွဲလေးလုပ်ပြီး ကျွေးပါဦးဆိုလို အခု ကျွေးပြီနော် စားသွားကြ.....
မနက်ဆိုနိုးမှာ မဟုတ်လို့ ညထဲက ကြိုတင်တင်ထားလိုက်တယ်။ တွေ့တဲ့ အချိန်သာစားသွားနော်။ မပုတ်မသိုးတတ်ပါဘူး။ အမြဲတမ်းသစ်နေတဲ့မုန့်တွေ....

လင်းငယ်

နာမည်ပြောင်းလိုက်ပြီ

ကျေးဇူးတင်ပါတယ် မိုးစက်နဲ့ linn နဲ့ကို။ မိုးစက်ပေးတဲ့ နာမည်လေးက အရင်တည်းက စဉ်းစားထားတာတော့ရှိတယ် ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး။ အခု linn က မန့်သွားတဲ့ အရာလေးကို ဖတ်မိတော့ လင်းငယ်လို့ သုံးမယ်လို့ ဆုံးဖြတ်လိုက်မိပြီ။ ကိုလင်းကိုလည်း မသုံးတော့ဘူး။ အပြောင်းအလဲ တွေများနေလို့ မျက်စိရှုပ်သွားရင်လည်း ခွင့်လွှတ်ကြပါ။ စီပုံးမှာ ကျွေးပွဲလေး လုပ်ဖို့ လာအော်သွားတဲ့ လူတွေကိုလည်း ကျွေးပါမယ်။ နက်ဖြန် လာခဲ့ကြနော်။ ကျေးဇူးတင်စွာဖြင့်
လင်းငယ်

Tuesday, September 15, 2009

စိတ်ညစ်ရင် ရေချိုးပါ

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ကြည်လင်လာ တော့တာပါ။ တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေးလုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။ ဥပမာ ရေချိုးပြီး တရားထိုင်တာနဲ့ ရေချိုးပဲ ချွေးသံတရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ။ ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ။ အထူးပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။ ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။ ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်းနေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးတွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။ တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရားလို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီထားတာလေးချပြီါ် အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ. ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆိုစိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီး မခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခု ခုကို သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီး တွေ့ဖူးမြင်ဖူးကြမှာပါ။ တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက်ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင်တော်ပါရဲ့။ ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီဖုန်းဆက် အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်းတဲ့ သူက လာခဲ့ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင် လုံးဝ လန်းသွားစေရမယ် ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။ စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲ့ဒီအထဲကမှ ကောင်းတဲ့ ထွက်ပေါက်လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။ စိတ်ညစ်ရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက်လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။ တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူး. ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘောတရားလေကို သေချာသဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။ ဒီကုသိုလ်တွေဟာ မြဲတဲ့တရား တွေဆိုတော့ နောက်ဘ၀အထိ ကုသိုလ်အထုံဓာတ်တွေ ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီ တွေပြုဖြစ်နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။(လင်း၏ သုံးသပ်ချက်၊ မိုးကုတ်ဆရာတော်ဘုရားကြီး အဆိုအရ အခုနိဗ္ဗာန်လိုချင် အခုလုပ် အခုရပါတယ်။ ပါရမီဆိုတာ ဘုရား၊ ပစ္စေက ဗုဒ္ဓါ နှင့် လက်ဝဲတော်ရံ လက်ယာတော်ရံ စသည့် ဆုကြီးပန် များအတွက်သာလျှင်ဖြစ်သည်တဲ့ သုံးသပ်ကြည့်တာပါ)။ အဓိကကတော့ ဘယ်လိုအာရုံပဲကြုံလာကြုံလာ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူးကြောင့်ကြစိုက်စရာမလို တော့ပါဘူး။ ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။
ရဝေနွယ်၊အင်းမ၊
ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။


ဤစိတ်ညစ်ရင်ရေချိုးပါဆိုသည့် ပို့စ်တွင် လင်းငယ်၏ အာဘော်လုံးဝမပါပါ။ လင်းသည် သုံးသပ်ချက်လေးတစ်ခု သာဝင်ရေးထားပါသည်။ ကျန်သည့်နေရာ တွင် လုံးဝဖြည့်စွက်ခြင်း မရှိပါ။ အားလုံး ဖတ်လို့ တစ်ခုခု ရသွားရင် ကျေနပ်ပါတယ်။
လင်းငယ်

စိတ်ညစ်ရင် ရေချိုးပါ

ဒီပို့စ်လေးကတော့ ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ ပေါ်ပြူလာ ဂျာနယ်မှာပါတဲ့ စာတစ်ပုဒ်ပါ။ ကျွန်တော် ဖတ်ပြီး ကြိုက်လို့ ပြန်ဝေမျှလိုက်ပါတယ်။ လင်းဒီရက်ပိုင်းတင်တဲ့ ပို့စ်လေးတွေက ဘာသာရေးနဲ့ နည်နည်း ဆိုင်နေမလား ပဲ။ လင်း ဒီရက်ပိုင်း တရားအလုပ်တွေ လုပ်မိနေလို့ ဒီလို ဖြစ်နေတာလည်း ဖြစ်ပါလိမ့်မယ်။ အဓိကကတော့ အားလုံးကို မသိသေးရင်လည်း သိစေချင်တဲ့ စေတနာလေးနဲ့ ဘာသာရေးစာပေလေး တွေတင်ဖြစ်တာပါ။


တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တော့အုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖနှစ်ယောက် လာရင် သားကို ဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။ ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဓားပြသူခိုးတွေနဲ့ တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး သင်တို့ဘာတော်သလဲလို့ မေးတော့ သားလုပ်တဲ့သူက ဘာမှမတော်ဘူးလို့ ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။

နားရမယ့်နေရာမှာနားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး ဒီအကုသိုလ် ဟာငါ့ကို အပါယ်ချတော့မှာပဲ ဆိုပြီး ရပ်လျက် ၀ိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။(ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ်တာ လောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါက၀တ္ထုသာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း ၇ ပါးကို ပြထားပါတယ်။ အင်္ဂါ ၇ ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာပွားဖို့ အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့. သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေရှိနေမယ်၊ ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။ နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်း နေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေ ရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။ အဲ့ဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ်တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ ဆေး စသည်စားပြီါ် ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။ ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။

(မပြီးသေးပါဘူး၊ တော်တော် ရှည်သွားလို့ အပိုင်းလေး ခွဲရေးပါမယ်)

Sunday, September 13, 2009

မယုံကြည်၍တော့ မဟုတ်ပါ......


ကျွန်တော့်ရဲ့ မေးလ်ထဲကို ၀င်လာတဲ့ သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ စာရွက်လေးပါ။ သာမညတောင် ဆရာတော် ဘုရားကြီး၏ အိမ်မက်စာလွှာတဲ့။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကို ကျွန်တော်ဖတ်ကြည့်ပါတယ်။ တချို့နေရာတွေကို ကျွန်တော့်ရဲ့ စိတ်ထဲမှာ ကျေနပ်မိဘူး။ မကျေနပ်ဘူးဆိုတာ ဘယ်သူ့ကိုမှ မဟုတ်ပါဘူး။ ကျွန်တော်လည်း ဆရာတော်ကို ကြည်ညိုတဲ့လူတစ်ယောက်ပါ။ အခု သူတို့ ရဲ့ဒီစာရွက်ထဲမှာပါတဲ့ အကြောင်းအရာတချို့က ဒီစာရွက်ကို မဝေတဲ့လူတွေ ဒုက္ခရောက်တယ်။ ဝေတဲ့လူတွေ ကံကောင်းတယ်တဲ့။ ဘုရားရှင်ဟောထားတဲ့ အတိုင်းဆို အကြောင်းကြောင့်သာလျှင် အကျိုးဖြစ်တယ်။ အဲ့ဒါကို နားလည်ထားရင် ဒီကိစ္စက အရှင်းကြီးပါ။ နောက်ပြီး သာမညဆရာတော် ဘုရားလို ဆရာတော် တပါးရဲ့ အိမ်မက်စာလွှာကို မဝေမိတာပဲ ဖြစ်ဖြစ် ဝေမိတာပဲ ဖြစ်ဖြစ် အဓိကက စိတ်ထဲမှာ ကြည်ညိုနေဖို့ပါပဲ။ ဆရာတော် ဘုရားလို သူတော်ကောင်း တစ်ယောက်ဟာ လူတွေ ဒုက္ခရောက်အောင်လုပ်လိမ့်မယ် မဟုတ်ဟု ကျွန်တော် ယုံကြည်တယ်။ လူတစ်ချို့ မဝေမိလို့ ဒုက္ခရောက်တယ်ဆိုတာ သူ့အကြောင်းနဲ့ သူရှိပါလိမ့်မယ်။ ဒီစာရွက်ဝေတာ မဝေတာနဲ့ မဆိုင်နိုင်ပါဘူး။ ဒီလို စာရွက်မျိုးကို အခုလိုမျိုး ခြောက်သလိုလို လှန့်သလိုလို ရေးပြီး ပို့တဲ့လူလည်း မလုပ်သင့်ပါဘူး။ လူတွေယုံကြည်ရင် ဝေပါလိမ့်မယ်။ အခုလိုမျိုးမဝေရင် ဘာဖြစ်တယ် ဝေရင်ဘာဖြစ်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကကျွန်တော် (လင်း)ရဲ့ ခံယူချက် သက်သက်သာ ဖြစ်ပါတယ်။ အားလုံး ကွန်းမန့်ပေးပြီး ထင်မြင်ချက်လေးတွေပေးပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အကြောင်းနဲ့ အကျိုးလောက်မှ မသိရင် တော်တော် ဆိုးဝါးပါတယ်။ ကျွန်တော် လည်း အရမ်းအသိကြီးမဟုတ်ပါ။ သိသလောက်နဲ့ ထက်သိဖို့ ကျိုးစားနေတာပါ။ အားလုံး ကို ကျေးဇူးတင်စွာဖြင့်....

လင်းငယ်

Saturday, September 12, 2009

လင်းတို့ ဘောလုံးကန်ခဲ့ကြတုန်းက

လင်းတို့ရဲ့ ငယ်ဘ၀က တော်တော်လေးကို ပျော်ဖို့ကောင်းပါတယ်။ လင်းက ငယ်ငယ်တည်းက ကိုယ့်ထက် အသက် ၅ နှစ်လောက်ကြီးသူတွေနဲ့ သူငယ်ချင်းလို အစ်ကိုတွေလိုပေါင်းခဲ့ရတာ။ ဘာလို့လည်းဆိုတော့ လင်းရဲ့ အစ်ကိုက လင်းထက် ၅ နှစ်ကြီးတယ်ဆိုတော့ သူ့ရဲ့ သူငယ်ချင်းတွေ က လင်းရဲ့ သူငယ်ချင်းတွေလို ဖြစ်ကုန်တာ။ လင်းငယ်ငယ်က တော်ရုံ တန်ရုံ ကလေးကစားနည်းတွေ ကစားတာ နည်းခဲ့တယ်။ လူကြီး တွေနဲ့ ပေါင်း လူကြီးကစားနည်းတွေ ဆော့ပေါ့။ ဥပမာ ဘောလုံးကန်တာတို့ ဘာတို့ပေါ့လေ။ လင်းတို့ ဘောလုံးကန်တယ် ဆိုတာက အိမ်ရှေ့မှာ ကွင်းသေးကန်ကြတာပေါ့နော်။ ဒါပေမဲ့ စနေနေ့တိုင်းကတော့ တက္ကသိုလ် ကွင်းထဲမှာ လူစုပြီး အသင်းနည်းပြကြီးဖြစ်တဲ့ အမေက ကားနဲ့ လိုက်ပို့တယ် အားလုံးကို။ ပွဲမပြီးခင် အထိလည်း လိုက်ပြီး စောင့်နေပေးတယ်။ အအေး မုန့် စသည်ဖြင့် အမောဖြေဖို့လည်း လုပ်ပေးတယ်။ လင်းတို့ ရဲ့ အိမ်ရှေ့မှာ PMG သောက်ရေသန့် နဲ့ အရက် စက်ရုံရဲ့ ပင်မ ရုံခန်းကြီးရှိတယ်။ မနက်မိုးလင်းတာနဲ့ လမ်းပေါ်မှာ သူတို့ ရဲ့ ကားတွေ ရုံးလာတဲ့ လူတွေ အပြည့်ပေါ့။ လင်းတို့ ရဲ့ ဘောလုံး အသင်းအဖွဲ့ကြီးကလည်း တစ်လမ်းထဲမှာ နေတဲ့ လူတွေ များတော့ အကုန်လုံးက မိုးလင်း အိပ်ရာကနိုးတာနဲ့ တွေ့ကြပြီး ရုံးလာတဲ့ စာရေးမချောချော လေးတွေကို ငမ်းကြတယ်။ တချို့ ဆို လိုက်ကြောင်တာတွေ ဘာတွေတောင်ရှိတယ်။ လင်းရဲ့ အစ်ကို လည်း တစ်ယောက် အပါအ၀င်ပေါ့လေ။ လင်းကတော့ ငယ်သေးတာကိုး။ ဒါတွေဘယ်လုပ် မလည်း ဟုတ်ပါတယ်နော်။ (ဟုတ်ပါတယ်)။ လင်းတို့ အဖွဲမှာ အခု မလေးရောက်နေတဲ့ ရင်ဘတ်ကြီး ဘလော့ကိုလုပ်နေတဲ့ ကိုသီဟဇော်( ဘာကြောင့်လည်းတော့ မသိဘူး အားလုံးကသူ့ကို မြန်မာမှတုန်းက ဥက္ကဌ လို့ခေါ်ကြတယ်) တို့ လည်း ပါတယ်။ တော်တော်လေးကို ပျော်ဖို့ကောင်းပြီး အမှတ်ရဖို့ကောင်းတဲ့ နေ့ရက်တွေပေါ့။ ထားပါ ပို့စ်လေးကို ဆက်ရေးဦးမယ်။ လင်းတို့ ညနေတိုင်းလမ်းထဲမှာ ကန်တော့ တခါတလေ တော်တော်လေးကို ဒေါသ ထွက်ဖို့ ကောင်းတဲ့ ကိစ္စတွေရှိတယ်။ PMG က ကားတွေက လင်းတို့ ဘောလုံးကန်နေပြီ ဆို လာလာပြီး Parking လုပ်တာဆိုးတယ်။ အားလုံးက ဒေါသတွေထွက်ကြ ဘောလုံးနဲ့ ကားရဲ့ Body တွေကို ကန်ကြ။ ကားမောင်းတဲ့ လူတွေနဲ့ စပယ်ယာလုပ်တဲ့ လူတွေလည်း သိပါတယ်။ လာလာ တောင်းပန်ကြတယ်။ လင်းတို့ ကတော့ တမင်ကို လုပ်တာပဲ။ နောက်ပိုင်းကျတော့ အမေက သူတို့ရဲ့ မန်နေဂျာကို သွားပြောရော။ အဲ့ကြတော့ မှ သူတို့ ကားတွေရပ်တာကို နေရာပြောင်းသွားတာ။ တစ်ခါကျတော့ လင်းတို့ ညနေဘက်ကြီး ဘောလုံးကန်နေတုန်း သူတို့ ရုံးလွှတ်ချိန် မို့ ရုံးဆင်းကြရော။ မမလှလှ တွေလည်း ပါတာပေါ့လေ။ လင်းတို့ ကတော့ ကန်တာပဲ။ အသားကုန် ဘာလို့ လည်းဆိုတော့ အအေး တစ်လုံးခြင်းကန် ကြတာကိုး။ ကန်နေရင်းနဲ့ အားပါပြီး ကန်လိုက်ကြတာ ရုံးဆင်းလာတဲ့ မမလှလှတစ်ယောက်ရဲ့ ဖင်တည့်တည့်ကို မှန်သွားပါလေရော။ သွားပြီလို့ သိလိုက်တယ်။ မမလှလှ ဖင်မှာ အကွက်ကြီးဖြစ်သွားတာကိုး။ ဟီးဟီး။ အားလုံးလည်း ကြောက်ပြီး အသားကုန်တောင်းပန်ကြတာပေါ့။ အစ်မရယ် ဆော်ရီးပါ ဘာညာပေါ့လေ။ တော်သေးပါတယ်။ မမလှလှကလည်း သဘောကောင်းတော့ ကျေအေးပေးလို့ပေါ့။ နို့မို့ဆို ကွိုင်ဇယားလေ။ အဲ့ဒီနောက်ပိုင်း အမေက ဘောလုံးကန်ပြီဆို အိမ်ရှေ့ထွက်ထိုင်ပြီး ကလေးတွေ လူလာနေပြီ ရပ်ဆိုပြီး အော်တဲ့ အလုပ်တစ်ခုတိုးသွားရော။

လင်းတို့ စနေနေ့တိုင်း ကွင်းကြီးကန်တဲ့ အခါမှာတော့ အားလုံး နေပူကြီးထဲမှာ အပျော်ပါပဲ ကန်ကြတာ။ နောက်ပြီး အားလုံးက လည်း အချင်းချင်းဆိုတော့ အေးဆေးပဲကန်ကြတာ။ လင်းတို့ အဖွဲထဲမှာ လူတစ်ယောက်ပါတယ် စိုးမိုးတဲ့ သူ့နာမည်က သူလည်း အခု မလေးမှာပါပဲ။ အကုန်လုံး တစ်ကွဲတစ်ပြားစီတွေ ဖြစ်လို့ လင်းတို့ ကွင်းကြီးကန်ရင်တော့ လင်းရဲ့ အခင်းဆုံး သူငယ်ချင်း ဖြစ်တဲ့ ပြည့်ဖြိုးအောင်ခေါ် ကိုကျော်က တော့ ပါတယ်။ လင်းတို့ တစ်ခါ ကန်ကြတော့ စိုးမိုး တစ်ယောက် ကန်နေရင်းတန်းလန်းနဲ့ ထိုင်နေတဲ့ အမေ့နားကို သွားပြီးတော့ အန်တီ အန်တီ သားတော့ သေတော့မယ်အန်တီ ကယ်ပါဦး ဘာညာတွေ ပြောနေရော။ အမေလည်းပြာသွားတာပေါ့။ သားဘာဖြစ်လို့ တုန်းဆိုတော့မှ သား မျက်စိထဲမှာ ကမ္ဘာကြီး ချာချာ လည်နေတယ် အန်တီရယ် တဲ့.။ အဲ့ကြမှ အမေလည်း ပါလာတဲ့ သံပရာရည်လေးတိုက် ပြီးတော့ ဆေးခန်း ခေါ်သွားရရော။ ပြီးတော့ မှ အမေက သူ့ကို အိမ်ပြန်လိုက်ပို့ ပြီး ကျွန်တော်တို့ကို လာပြန်ပြောပြတော့ ရီလိုက်ရတာလေ။ သူက သွေးပေါင်ကျသွားတာတဲ့။ နောက်ပြီး အမေ့ကို တစ်လမ်းလုံး သူသာသေသွားရင် အန်တီ ကျွန်တော်ကျန်ခဲ့တဲ့ အကြွေးတွေ ဆပ်ပေးပါဆိုပြီး တောက်လျှောက်ပြောသွားတာတဲ့။ နောက်ပိုင်း လင်းတို့ သူ့နဲ့ လက်ဖက်ရည်ဆိုင်ထိုင် ရင် အဲ့ဒီအကြောင်းပြောပြော ပြီး ရယ်ကြတာ ဟားဟား... ငယ်ငယ်တုန်းက ပျော်စရာတွေပေါ့.....

ကိုလင်း

Thursday, September 10, 2009

ကိုးကွယ်မှု နှင့် နတ်

လင်း ပြောချင်သည့် နတ်ဆိုသည်မှာ မူလီ သို့မဟုတ် နပ် ကို ပြောခြင်းမဟုတ်ပါ။ ယခု အခါလူအများ ကိုးကွယ် လျှက်ရှိသော သုံးဆယ့် ခုနှစ်မင်းခေါ် နတ်များကို ဆိုလိုခြင်းဖြစ်သည်။ ရှေးရှေး များကို ပြန်ကြည့်မည်ဆိုလျှင် မြတ်စွာဘုရား ပွင့်တော် မူသော ကာလတွင် နတ်များဆိုသည်ကို မကြားဘူးပါ။ တချို့သော ပုဏ္ဏား မျိုးနွယ်များသာလျှင် မီးနတ် ရေနတ် စသည် ဖြင့် နတ်များကို ကိုးကွယ် ကြခြင်းဖြစ်သည်။ တချို့ကား ဗြဟ္မာများကို ကိုးကွယ်ကြသည်။ ဆိတ်၊ နွား စသည်များကို လည်လှီး၍ ယဇ်ပူဇော်ကြသည်။ ထိုသို့ ကိုးကွယ်မှုများစွာ ဘုရားလက်ထပ်တော် ကတည်းကရှိခဲ့ပေသည်။ ကိုးကွယ်မှု အလွဲအမှားများ ပင်ဖြစ်သည်။ လူဆိုသည် အတိုင်း မိမိ ယုံကြည်ရာ ကိုးကွယ်ရာ ကို ကိုးကွယ်တတ်ကြသည်။ ကိုးကွယ် ရာအစစ် မြတ်စွာဘုရား ရှိနေလျှက်နှင့်ပင် အခြား ကိုးကွယ် ရာများ နှင့် သေလွန်သွားကြသည်မှာ လူဖြစ်ရှုံးလေစွ။


မြတ်စွာဘုရား ၏ တပည့် သာဝက ကြီးများ ဖြစ်တဲ့ ရှင်သာရိပုတ္တရာနှင့် ရှင် မဟာမောက္ကလန် ပင် ပုဏ္ဏား မျိုးနွယ်မှ ဆင်သက်လာသူများ ဖြစ်သည်။ ထို့ပြင် မြတ်စွာဘုရား၏ သာသနာတော်ကို ပြုစု ပျိုးထောင် စောင့်ရှောက်လာခဲ့သော သူများသည်လည်း ပုဏ္ဏား မျိုးနွယ်များ သည် အများစုဖြစ်သည်။ သူတို့ သည် တကယ့် ကိုးကွယ်ရာ အစစ်ကို ယုံကြည်၍ နိဗ္ဗာန်စံဝင်သွားကြပြီးဖြစ်သည်။ သို့သော် လောကတွင် အစစ်ရှိလျှင် အတုရှိသည် ဆိုသည် အတိုင်း မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ပြီးနောက်တွင် တစ်ချို့သော လူများ နှင့် ဘုရင်များကြောင့် နတ်ဆိုသည် ကိုးကွယ်မှုသည် ကြီးထွားလာရသည်။ ကိုကြီးကျော် မင်းကြီး မင်းလေး စသည့်ဖြင့်ပေါ့လေ။ သို့သော် နတ်တို့ဖြစ်ပေါ်လာသည့် အခြေခံ အကြောင်းအရာမှာ ဘုရင်များမှ ထိုနတ်ဖြစ် မည့်လူများအား သတ်ပြီးလျှင် ပြည်သူများ မကျေနပ်သဖြင့် ပြဿနာ မဖြစ်ပွားစေရန် အကြောင်းရှာ၍ ထိုသူများ နတ်ဖြစ်သွားသည် ဟု ဆိုလျှက် နတ်ကွန်းများ ဖြင့် ပြည်သူများ ကျေနပ်စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဥပမာ တစ်ခုအနေဖြင့်ဆိုလျှင် မင်းကြီးမင်းလေး အား အုပ်တစ်ချပ် လပ်မှုအတွက် အပြစ် ရှာ၍ သတ်ဖြတ်ပြီးသည့် နောက် ပြည်သူများက မကျေနပ်သည်ကို သိ၍ သူ့အား မင်းကြီးမင်းလေး မှ အိမ်မက်ပေး၍ နတ်ကွန်းတည် ခိုင်းသည် ဟုဆိုကာ ပြည်သူများအား လိမ်လာခဲ့ခြင်းဖြင့် ပြည်သူများ၏ အညိုအညင်ကို ရှောင်လွှဲခဲ့ခြင်းဖြစ်သည်။ ကိုကြီးကျော်ဆိုလျှင်လည်း အရက် သောက်နေသည့် လူဖြစ်သည်။ ထိုသို့သော လူမှ နတ်ဖြစ်သွားသည် ဆိုသည် မှာ ယုံနိုင်ပါမည်လော။ ထို့ပြင် ထိုနတ်ဖြစ်သွားသည် ဆိုသည့် လူများမှာ များသော အားဖြင့် အသတ်ခံရ၍ ဖြစ်စေ အစိမ်းသေဖြစ်စေ စသည်ဖြင့် သေသွားသူများဖြစ်သည်။ မြတ်စွာဘုရား၏ တရားတော် နှင့် အညီဆိုရလျှင် ထိုသို့ နတ်မျိုးဆိုသည်မှာ ရှိကို မရှိပေ။ သို့သော် ယနေ့ ခေတ်တွင် လူအများသည် အကြောင်းအမျိုးမျိုးကြောင့် ကိုးကွယ်မှုများလွဲမှားလျှက် နတ်ကိုးကွယ် သည့် သူများများ ပြားနေပေသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်လျှက်နှင့် နတ်ကိုးကွယ်နေသည်မှာ တွေးကြည့်လျှင် ရှက်ဖို့ပင် ကောင်းနေပေသည်။ တခြားဘာသာဝင်များ အားကြည့်လိုက်လျှင် ခရစ် ဆိုလျှင် လည်း ခရစ်အလိုက် ကိုးကွယ်မှုမှာ သူတို့၏ ထာဝရဘုရား သခင်သာရှိသည်။ သို့သော် ဗုဒ္ဓဘာသာဝင်များ အားကြည့်လိုက်လျှင် မြတ်စွာဘုရား၏ ဆွမ်းတော်ထက် နတ်တို့၏ ပွဲများက ပိုများနေသည်။ ဘုရားစင်ဟုသာ ဆိုသည် နတ်ရုပ်များဖြင့် ပြည့်နေသည့် ဘုရားစင်ကများသည်။ ထို့ကြောင့် စဉ်းစားပါ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် အကြွင်းမဲ့ ယုံကြည့်မှု ဖြင့် မြတ်စွာဘုရား၏ တရားကို ယုံကြည်မည်လား ဒါမှမဟုတ် နတ်ကိုးကွယ်ခြင်းဖြင့် ဆက်၍သွားမည်လား အချိန်မီကြပါသေးတယ် ပြင်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ကိုလင်း

Wednesday, September 9, 2009

တစ်ခါလေး ကစားမိပါတယ်

ကျွန်တော် စင်ကာပူ စရောက်တည်းက ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာ စသည်ဖြင့်ပေါ့လေ။ အားကစားတွေကို မလုပ်တာ ၄ နှစ်လောက်ရှိရောပေါ့။ သူငယ်ချင်းတွေက ကစားဖို့ခေါ်လည်း အမေက သူများနိုင်ငံမှာနော် တစ်ခုခုဖြစ်မယ်ဆိုပြီးတားတတ်တော့ မကစားဖြစ်ဘူး။ ကိုယ်တိုင်ကလည်း အပျင်းကြီးနေတာ ပါတာပေါ့လေ။ လင်းဆိုတဲ့ ကျွန်တော်ကလည်း ကိုယ့်ဟာကိုယ် အိမ်မှာ တစ်ယောက်တည်းနေပြီး စာအုပ်ဖတ်လိုက် ကော်ဖီလေးသောက်လိုက်.. တွေးချင်ရာတွေ တွေးလိုက်နဲ့ နေရတာကို ကစားတာထက် ပိုပြီး ကြိုက်တော့ အမေတို့ ပိတ်ပင်တာလည်း အေးဆေးပေါ့။ အခုတစ်လောက တော့ အိမ်လည်း အသစ်ပြောင်းလိုက်တာရယ်၊ နောက်ပြီး ဖတ်စရာစာအုပ်တွေ ကုန်နေတာရယ် ကြောင့် တော်တော်လေးကို ပျင်းနေပါတယ်။ ရုပ်ရှင်ကြည့်ဖို့ ကျတော့လည်း အားလုံးနီးပါးလောက်က ကြည့်ပြီးသားတွေဖြစ်နေလေရဲ့။ ဒီတော့ တစ်ယောက်တည်း အိမ်ထဲမှာ ပျင်းပျင်း ရှိရင်ဂစ်တာလေး တီးလိုက် သီချင်းလေးရေးလိုက်ပဲပေါ့။ တစ်ခါတစ်လေ အမေကို အရင်က အကြောင်းတွေမေးလိုက်။ အမေတို့ ငယ်ငယ်က အကြောင်းတွေမေးလိုက် အမေ့ကို နောက်လိုက် နဲ့ ပဲနေနေရတယ်။ မနေ့ကတော့ သူငယ်ချင်း ကိုပိုင်က ဖုန်းလှမ်းဆက်တယ်။ ကြက်တောင်ရိုက်ဖို့တဲ့ သူ့အိမ်နားက ကွင်းကိုလာခဲ့တဲ့။ ကျွန်တော်လည်း ပျင်းနေတာနဲ့ မထူးဘူးဆိုပြီး အေးငါ နောက် နာရီဝက်လောက် ဆိုထွက်လာခဲ့မယ်ဆိုပြီး အ၀တ်အစားလဲ ဈေးသွားဝယ်နေတဲ့ အမေ့ကို သွားပြီး ကစားလိုက်ဦးမယ်ဆိုပြီး ဖုန်းလှမ်းဆက်။ ပြီးတော့ ထွက်သွားလိုက်တယ်။ ညနေ ငါးနာရီခွဲလောက်ပဲ ရှိဦးမယ်ထင်တယ်။ ဟိုက ကြက်တောင် ကွင်းကို ရောက်သွားတော့ ဟိုမှာ ကိုပိုင်ရယ် စိုင်းဆိုတဲ့ နှစ်ယောက်တည်း ရိုက်နေတယ်။ ဖုန်းဆက်တုန်းက ပြောတာတော့ ကျွန်တော် အပါအ၀င် ငါးယောက်ဆိုပြီးပြောတယ်။ အခုတော့ နှစ်ယောက်တည်း တွေ့ရပါလားပေါ့လေ။ ဒါနဲ့ ဟိုကောင် နှစ်ကောင် ဘယ်သွားနေလည်းပေါ့လေ။ နှစ်ကောင်ဆိုပေမဲ့ ကျွန်တော် ညီအရွယ်လေးတွေပါ။ ကျွန်တော့်ထက် ငယ်တယ်။ ဟိုကောင်တွေ ရတ်ကတ် မပြည့်လို့ သွားဝယ်နေတယ်ဆိုတော့မှာ ကျွန်တော်လည်း ကိုပိုင်တို့ နဲ့ ရှုံးထွက် ၀င်ရိုက်တယ်။ ကိုပိုင် ပထမပွဲရှုံးသွားတယ်။ အဲ့တော့ ကျွန်တော်နဲ့ စိုင်းပေါ့။ ကျွန်တော် စဆော့ပြီး ၄ မှတ်လောက်လည်း ရောက်ရော လူကဘယ်လိုမှ မရတော့ ဘူး မောသလား မပြောနဲ့။ ပြီးတော့ ခြေထောက်တွေကလည်း ကြွက်တတ်ခြင်သလိုလို ဖြစ်။ ပြေးကလည်း မပြေးနိုင်တော့ဘူး။ ဟိုနှစ်ယောက် ရတ်ကတ်သွားဝယ် နေတဲ့ အချိန်အတွင်းမှာကို ကျွန်တော်တို့ ၅ ပွဲလောက် ပြီးသွားတယ်။ ကျွန်တော်ရယ် ကိုပိုင်ရယ်ကတော့ တောက်လျှောက်ရှုံးပွဲနဲ့ နိုင်ပွဲမရှိစံချိန်တင်သွားတယ်။ ပြီးတော့ ရတ်ကတ်သွားဝယ်တဲ့ သုတနဲ့ ကျားပေါက်ဆိုတဲ့ နှစ်ယောက် ပြန်ရောက်တော့ နှစ်ယောက်နှစ်ယောက် ရှုံးထွက် ရိုက်ကြတယ်။ အဲ့ဒီကြတော့ သိပ်မမောတော့ဘူး။ ဒါပေမဲ့ ခြေထောက်တွေကတော့ နာတာပဲ။ ခဏလောက်နေတော့ ခြေထောက်က ဖျင်းခနဲဖြစ်သွားလို့ ကြည့်လိုက်တော့ ခြေမအောက်က အရေပြားတွေ လန်ထွက်သွားတာ သွေးတွေပါစို့ လာတယ်။ ဒါလည်း အေးဆေးပါ ပလာစတာလေး ကပ်ပြီး ဆက်ရိုက်လိုက်တာ ည ၁၀ နာရီထိုးသွားတယ်။ အဲ့ဒီကျမှ အိမ်ကို ကားစီးပြီး ပြန်လာလိုက်တယ်။ အိမ်ရောက်တော့ ခြေထောက်ကလည်းနာ ရတ်ကတ် ကို လွှဲလွှဲပြီး ရိုက်ထားလို့ လက်ကလည်း နာ။ တစ်ကိုယ်လုံးကို နာနေရော။ အိပ်လိုက်ပြီးနောက်နေ့မနက်မိုးလင်း မှ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသိလို ကို နာနေတာ။ လှုပ်လို့ ကို မရဘူး လှုပ်လိုက်တာနဲ့ နာတော့တာပဲ။ ထိုင်ရင်လည်း ဖင်တွေပါနာနေတယ်။ တကယ်ပါ နောက်တစ်ခါကစားရမှတောင် ကြောက်သွားပြီ။ သြော် တစ်ခါလေး ကစားမိပါတယ် လင်းတို့ ကတော့ စိတ်ကိုညစ်ရော။

ကိုလင်း

ငယ်ငယ်တုန်းက

ရပ်ကွက်ထဲက အုန်းပင်တွေရှိတဲ့နေရာကြီးကို ကန်ထရိုက်တိုက်တွေဆောက်မလို့တဲ့... ဒါကတော့ ရပ်ကွက်ထဲမှာ ကြားနေရတဲ့သီတင်းပေါ့။ ကန်ထရိုက်တိုက်ဆောက်မယ်ဆိုတဲ့ နေရာကလည်း ကျွန်တော်တို့ အိမ်ဘေးနားတင် ဘယ်နေ့များလာ ပြီးအပင်တွေခုတ်လို့ တိုက်တွေလာဆောက်မလည်း ရယ်လို့ နေ့တိုင်းစောင့်ကြည့်လိုက်ရတာ အမော။ တစ်နေ့တော့ လာပါပြီ ဘူဒိုဇာကားတွေ နောက်ပြီး လူတွေအများကြီးရယ်နဲ့ အပင်တွေခုတ်ကြပါလေ ရော။ လင်းတို့အပျော်ပေါ့။ သူတို့တွေခုတ်တာတွေကြည့်လိုက် အပင်ကြီးတွေလဲသွားတာကြည့်လိုက်နဲ့ တစ်မျိုး တော့ပျော်စရာကောင်းသား။ လင်းတို့ညီအစ်ကို နှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးလိုက် ကြတယ်။ အားလုံးကတော့ ပြောတယ် ဒီညီအစ်ကို ပြုံးရင်သတိထားတဲ့။ ဟဲဟဲ....

လင်းတို့ ညီအစ်ကို ဘာကြောင့်များပြုံးလိုက်ကြတုန်းဆိုတော့။ အပင်တွေခုတ်ပြီးသွားတော့ အလုပ်သမားတွေ ပြန်သွားတဲ့ အချိန်မှာ အပင်တွေ ကျန်ခဲ့တဲ့ ပုံစံကို ကြည့်ပြီး ကစားဖို့ အကြံရသွားလို့လေ။ အလုပ်သမားတွေအားလုံး ရှင်းသွားတဲ့ အထိစောင့်တယ်။ ပြီးလည်းပြီးရော ရပ်ကွက်ထဲက သူငယ်ချင်းကိုယ့် လို ငပေ တွေကို လိုက်ခေါ်။ အလုံးစုံပြီဆိုတာနဲ့ ဘာလုပ်တယ်မှတ်တုန်း။ အုန်းပင်တွေလဲနေတဲ့ နားကို ပြေးသွားပြီး ဆော့တော့တာပေါ့။ အလုပ်သမားတွေက အပင်တွေကို ခုတ်ပြီးတော့ တစ်ပင်နဲ့တစ်ပင် မှီနေသ လိုဖြစ်အောင် ထားခဲ့တာလေ.. အဲ့ဒီတော့ အပင်တွေက မြင့်ရာကနေနှိမ့်ရာကိုသွားတဲ့ ပုံစံမျိုးတွေဖြစ်နေတယ် အစ်ကိုက အကြံရပြီး ပြောပါလေရော။ ငါတို့ လျှောစီးချရအောင်တဲ့ အပင်တွေပေါ်ကတဲ့။ အားလုံးကလည်း မဆိုးဘူးဆိုပြီး စီးကြတာပေါ့။ လျှောဘယ်လိုစီးလည်း ဟုတ်လား။ လင်းက အဲ့ဒီနေ့က ပုဆိုးဝတ်ထားတာလေ။ အဲ့တော့ လင်းရဲ့ ပုဆိုးလေးကို ချွတ်ပြီးတော့ အပင်မှာဟိုဘက်ဒီဘက် လက်နဲ့ဆွဲထားလိုက်တော့ လျှောစီးချ လို့ရသွားတာပေါ့။ အားလုံးတစ်ယောက်တစ်လှည့်နဲ့ အပင်ပေါ်ကနေ ဆင်းလိုက်တတ်လိုက် စီးနေတာ အချိန်ကို မသိပဲနဲ့ ပျော်နေကြပါလေရော။ ခဏလောက်နေတော့ အမေလာလိုက်ခေါ်တော့ အဲ့ဒီလို ကစားနေ တာလည်းတွေ့ရော အော်ဆူပါလေရော။ တုတ်ကောက်ခဲ့ နင်တို့ ညီအစ်ကို နှစ်ကောင်ဆိုတော့ ကြောက်လို့ ငိုချင်စိတ်တောင်ပေါက်တယ်။ ပုဆိုးလည်း အဲ့ဒီမှာပဲ စိတ်ညစ်ပြီး မေ့ကျန်ခဲ့ရော။ ညီအစ်ကိုနှစ်ယောက် စိတ်ညစ်ညစ်နဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ကို ပြန်လာတော့ အစ်ကို လည်း ကျွန်တော် ပုဆိုးမပါတာလည်း သူဂရုမ စိုက်မိဘူး။ အုန်းပင်တော ထဲကလည်း ထွက်ရော အားလုံးက ဟယ် ဘယ်လိုဖြစ်တာလည်း ဘာညာနဲ့ အော်မေးကြပါလေရော။ မိန်းကလေးတွေလည်း ရှက်ပြီး အိမ်ထဲဝင်ပြေးတဲ့လူပြေး။ ကြောင်တောင် ကြောင် သွားတယ်။ ပြီးတော့မှ အမေက လှမ်းကြည့်ပြီး အငယ်ကောင် နင်ဘယ်လိုဖြစ်လာတာလည်း ဆိုပြီးလှမ်းအော် ပါရော။အဲ့ဒီကျတော့မှ ကိုယ့်ကိုကိုယ် ပြန်ငုံကြည့်မိတယ်။ ဒီကျမှပဲသိတော့တယ်။ သြော်ဒါကြောင့် အားလုံး ၀ိုင်းအော်တာပဲလို့။ တစ်ခါတည်း ရှက်ပြီး အိမ်ထဲကို တန်းဝင်ပြေးပြီး အိပ်ရာထဲမှာ ၀င်ပြီး ခွေနေလိုက်ရတယ်။ ဘာလို့လည်း ဆိုတော့ ကစားတုန်းက ပုဆိုးကို ချွတ်ပြီး ကစားတာလေ အမေလာခေါ်တော့ လန့်ပြီး ပြန်ဝတ်ဖို့ မေ့ခဲ့တော့ အောက်ပိုင်းက အတွင်းခံလေးနဲ့ပေါ့။ တော်သေးတာပေါ့ အောက်ခံဘောင်းဘီများမပါရင်တော့လား.. ဟင်း..........

ကလေးဘ၀အမှတ်တရပေါ့နော်

ကိုလင်း

Monday, September 7, 2009

မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကြောင့်သာလျှင်........

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျွန်တော် အသက် ၄ နှစ်သားလောက်ထိ သထုံမြို့မှာနေခဲ့ပါတယ်။ အဲ့ဒီတုန်းက အိမ်မှာ အမေရယ် အစ်ကိုရယ် ကျွန်တော်ရယ် သားအမိသုံးယောက် တည်းပေါ့။ သထုံက ဘင်လှိုင်ဆိုတဲ့ ရပ်ကွက်မှာနေတာပေါ့။ ကျွန်တော်တို့ အိမ်ဘေးနားမှာက ဗျတ်ဝိ ဗျတ္တ နတ်နန်းဆိုတာရှိတယ်။ ဗျတ်ဝိ ဗျတ္တ ဆိုတာသိကြမှာပါ ရာဇ၀င်ထဲမှာ ပါပါတယ်။ အိမ်မှာပုံမှန်အားဖြင့် ကျွန်တော်တို့ သားအမိသုံးယောက်ပဲ နေတယ်။ တစ်ခါတစ်လေမှ အစ်မတို့ အဒေါ်တို့က လာနေပေးတယ်။ ကျွန်တော်တို့ အမေက မနက်မိုးလင်းရင် ဘုရားရှိခိုးပြီး မေတ္တာပို့တယ်။ ကျွန်တော်တို့ ညီအစ်ကိုကိုလည်း ညအိပ်ရာဝင်ရင် ဘုရားရှိခိုး ခိုင်းတယ်။ အစ်ကို ကျောင်းပိတ်ရက် ဆိုရင် ညီအစ်ကိုတွေကို ပုတီးပါစိတ်ခိုင်းတတ်တယ်။ ပုတီးကို အပတ် ၁၂ ပတ်ထိပုံမှန်စိတ်ခိုင်း တတ်တယ်။ မပြီးရင် ကစားတာတို့ဘာတို့ မလုပ်ခိုင်းဘူး။ အဖေကတော့ ပုတီးတွေဘာတွေ မစိတ်ဘူး။ အဖေက ၀ိပဿနာ အားထုတ်တယ်။ အခုနောက်ပိုင်းတော့ အမေလည်း ၀ိပဿနာပဲလုပ်ပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်လေ တရားတွေဘာတွေထိုင်တတ်ပါတယ်။ ပုတီးလုံးဝ မစိတ်တော့ပါဘူး။ တရားအကြောင်းတွေ ရောက်ကုန်ပြီရော။ ကဲကဲ... ကျွန်တော်တို့ သထုံမှာနေတဲ့ အိမ်က အကျယ်ကြီး အိမ်ဝန်းထဲမှာလည်း သရက်ပင်တွေ အများကြီး ရှိတယ်။ နောက်ပြီး အိမ်သာတွေဘာတွေသွား ရင်လည်း အိမ်နောက်ဘက်မှာ အဝေးကြီးသွားရတယ်။ ၀န်းကအကျယ်ကြီးဆိုတော့။ နယ်က အိမ်ကတွေက ဒီလိုပါပဲ။ ကျွန်တော်တို့ကို အမေက ည ၈ နာရီခွဲဆို ညီအစ်ကို နှစ်ယောက်စလုံးကို ရှုးရှုးလိုက်တည်တယ်။ ဘာလို့လည်း ဆိုတော့ ၉ နာရီဆိုပုံမှန်အိပ်ယာ ၀င်ရတာမို့ပါ။

တစ်ညကျတော့ ဘာကျွန်တော်တို့ အဘွားအိမ်ကို သွားပြီး ပြန်လာတာ နောက်ကျသွားတယ်။ ည ၇ နာရီခွဲလောက်မှ အိမ်ကို ပြန်ရောက်ကျတယ်။ အမေလည်း အိပ်ရာဝင်ခါနီးကျွန်တော်တို့ ကို ဘုရားရှိခိုးခိုင်းတယ်။ ပြီးတော့ ရှုးရှုးတည်တယ်။ ကျွန်တော်တို့ကလည်း အစ်ကိုတွေနဲ့ ကစားလာတာဆိုတော့ ပင်ပန်းပြီး အရမ်းအိပ်ချင်နေတော့ အမေရှုးရှုးတည်ပြီး တာနဲ့ အမေ့ဘေးနားမှာ ၀င်ခွေပြီး အိပ်နေကျရော။ အစ်ကိုကတော့ စာကျက်နေသေးတယ်။ အမေက ကျွန်တော်တို့ ညီအစ်ကို အလည်မှာနေပြီး ဘုရားရှိခိုးနေတယ်။ ကျွန်တော်က အမေ့ ဘယ်ဘက်မှာ ကွေးပြီး အိပ်နေတာလေ။ အစ်ကိုကတော့ ညာဘက်မှာ ကျောင်းစာအုပ်ကို မျက်နှာပေါ်မှောက်ပြီး အိပ်ပျော်နေရော။ ည ၈နာရီခွဲလောက်ကျတော့ မိုးတွေ သည်းလာပါရော။ မိုးက သည်းချက်က ကြောက်ဖို့တောင်ကောင်းပါတယ်။ မိုးကြိုးတွေကလည်း ပစ်ပါတယ်။ အရမ်းကို ကြောက်ဖို့ကောင်းလောက် အောင်ကို ပစ်တာပါ။ အမေကတော့ ဘုရားရှိခိုးပြီး လို့ မေတ္တာပို့နေပါပြီ။ အမေဘုရားရှိခိုးပြီး မေတ္တာပို့ပြီးတော့ ၉ နာရီ လောက်ရှိနေပါပြီ။ အဲ့ဒီအချိန်ကျမှ အိမ်ထဲကို ဓာတ်မီးတွေနဲ့ ၀ိုင်းထိုးလာကြပါရော။ ပြီးတော့ အမေ့နာမည်ကို ခေါ်လိုက် ကျွန်တော်တို့ နာမည်တွေကို ခေါ်လိုက်နဲ့။ လူတွေက အိမ်ပေါက်ဝကနေပြီးတော့ ပဲအော်နေကြပါတယ်။ ကျွန်တော်တို့လည်း လန့်နိုးပြီးတော့ အမေဘာဖြစ်လို့လည်း မသိဘူးဆိုပြီး ညီအစ်ကိုနှစ်ယောက် အိပ်ချင်မူးတူးနဲ့ အမေနဲ့ အတူတူ အပြင်ထွက်ကြည့်တော့ မှ အားလုံးက တော်သေးတာပေါ့။ ငါတို့အားလုံးက နင်တို့ သားအမိတွေတော့ သွားပြီလို့ထင်နေတာဆိုပြီးပြောကြတယ်။ အမေကလည်း ဘယ်ကိုသွားရမှာလည်း ခရီးသွားစရာမှမရှိတာ ဆိုပြီး ပြောပါတယ်။ ပြီးတော့မှ အိမ်နီးချင်းအားလုံးက နင်တို့ အိမ်အနောက်ကိုလည်း ကြည့်ဦးဆိုပြီး ကြည့်ခိုင်းတော့မှ ကြည့်လိုက်တော့ သားအမိတွေ လန့်သွားရပါရော။အိမ်နောက်ဖေး မီးဖိုချောင်တစ်ခုလုံးက သရက်ပင်ကြီးပိလို့ ပြားချက်နေပြီ။ နောက်ပြီး သရက်ပင်ရဲ့ ကိုင်းတစ်ကိုင်းကလည်း သံနဲ့ရိုက်သလို အိမ်နောက်ဖေး မီးဖိုချောင်ကို စိုက်ဝင်နေတာ။ အမေဆို ကံကောင်းလို့ ကံကောင်းလို့ ဆိုပြီးတော့ကို ပြောနေတာ။ အိမ်နီးချင်းအားလုံးကလည်း နင်တို့ ဒီလောက်ကြီးတောင် မသိဘူးလား။ ငါတို့အားလုံးက နင်တို့ အသံလုံးဝမကြားလို့ ထွက်လာကြည့်ကြတာ။ အားလုံးလည်း အံ့သြလို့။ အမေကတော့ ပြောတယ်။ တကယ်ကို ဘာအသံမှမကြားတာ သိတောင်မသိလိုက်ဘူးဆိုပြီး ပြောတာ။ ကျွန်တော်တို့လည်း သိကိုမသိတာပါ။ အိမ်နီးချင်းတွေက ပိုတောင်အံ့သြသွားကြသေးတယ်။ ဒီလောက် အပင်ကြီး လဲတာတောင် မသိပဲနေတယ်ဆိုပြီးတော့လေ။ အမေကတော့ အခုထိပြောတုန်းပဲ မြတ်စွာဘုရားရဲ့ ကျေးဇူးကြောင့် ငါတို့ သားအမိတွေဘာမှမဖြစ်တာ ဆိုပြီး။ တကယ်လည်းဟုတ်ပါတယ်။ အမေရဲ့ နေ့တိုင်း ဘုရားရှိခိုး မေတ္တာပို့နေတဲ့ အကျိုးကြောင့်ကျွန်တော်တို့ ဒီလိုမျိုးအခုထိ အသက်ရှင်နေနိုင်ကြတာပါ။ အဲ့ဒီတုန်းကတည်းက စပြီး ကျွန်တော် ဗုဒ္ဓဘာသာကို တကယ် နှစ်ဝင် မြတ်နိုးစွာနဲ့ ကိုးကွယ်တာပါ။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ဗုဒ္ဓမြတ်စွာ ကိုလည်း စိတ်ထဲမှာ ရိုသေလေးမြတ်စွာ ကြည်ညိုမိပါတယ်။

ကိုလင်း

Saturday, September 5, 2009

ကျွန်တော်တို့အားလုံးမှားခဲ့ကြသည်... (၂)

အမှားပြုသောလူတွေတွင် တချို့က မသိလို့ ပြုမိကြတယ်။ တစ်ချို့က မသိပဲ ပြုမိကြတယ်။ တစ်ချို့က ပြုချင်လို့ ပြုကြတယ်။ တစ်ချို့ က မတတ်သာလို့ပြုကြတယ်။ အမှားတွေကို ဘယ်လိုပဲ မြောက်များစွာ ပြုပြု အချိန်မှီပြင်ဆင်တာ အကောင်းဆုံးပေါ့လေ။ ဒီတစ်ခါကတော့ ကျွန်တော့် အဘိုးလက်ထပ်လောက်က ကျွန်တော့် အမေတို့ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးကို ရေးလိုက်မယ်နော်....

ကျွန်တော့် အမေက သထုံမြို့မွန်ပြည်နယ် ဇာတိပေါ့။ ကျွန်တော်တို့ အဘိုးလက်ထက်က အဘိုးက ကုန်သည်ပွဲစား လုပ်တော့ ပိုက်ဆံက အသင့်အတင့်ရှိတယ်ပေါ့လေ။ ကျွန်တော်တို့ အဘိုးက စိတ်ထားကောင်းတယ်။ သားသမီးတွေကိုဆိုလည်း အမြဲတမ်းအဆင်သင့် စားနိုင်သောက်နိုင်အောင် လုပ်ပေးတယ်။ နောက်ပြီး အားလုံးကိုလည်း စည်းစနစ်တကျ လုပ်တတ်ကိုင်တတ်အောင် သင်ပေးထားတယ်။ အမေဆို အမြဲတမ်းကျွန်တော်တို့ကို ပြောတယ်။ နင်တို့အဘိုး စောစောစီးစီး ကွယ်လွန်သွားတာ နင်တို့ကံအရမ်းကောင်းတယ်မှတ်။ မဟုတ်ရင် နင်တို့ အခုဆို ရိုက်နှက်ခံနေရလောက်ပြီ ဆိုပြီးပြောတယ်။ အဘိုးကနောက်ပြီး သူ့လက်အောက်ကလူတွေ တပည့်တွေကိုအမြဲတမ်း ညှာတာ ထောက်ထားတတ်တယ်တဲ့။ အမေတို့ပြောပြခဲ့တာပါ။

တစ်ခါကတော့ အဘိုး ကုန်ပစ္စည်းတွေ ရောင်းပြီး ပြန်လာတဲ့ နောက်တစ်နေ့ညမှာ အိမ်ကို သူခိုးဝင်ပါလေရောတဲ့။ သူခိုး အတွက် ကံဆိုးသွားတာက အဘိုးက ညဘက်တွေဆို တော်ရုံတန်ရုံ မအိပ်တတ်တာပဲ။ အဘိုး က ညဘက်တွေဆို သူ့ဟာသူ ကွမ်းအစ်လေးနဲ့ ကွမ်းတွေ တယာပြီးတယာစားပြီး ညဘက်မှာ အေးအေးနေတတ်တယ်။ ညဘက်သူခိုးဝင်တော့ အဘိုးကတမ်းပြီးသိတော့ တာပဲ။ အဘိုးက သူခိုးကို အရင် မဖမ်းသေးပဲ ဘာလုပ်နေလည်းလို့ စောင့်ကြည့်နေခဲ့တယ်တဲ့။ သူခိုးက ပစ္စည်းတွေ ကိုရှာပြီး ကြည့်နေတယ်တဲ့။ သူခိုးကြည့်နေတဲ့နေရာက အဘိုး ပစ္စည်းတွေရောင်းပြီးလို့ ပိုက်ဆံတွေ ထားထားတဲ့နေရာပေါ့။ သူခိုးက ပိုက်ဆံတွေကို တွေ့တော့စိုက်ကြည့်နေတာ ပြီးတော့ မှ ပိုက်ဆံထုတ်ကြီးထဲက ၁၀ တန်တစ်ရွက်ကိုပဲ ဆွဲထုတ်တယ်တဲ့။ အဲ့ဒီခေတ်က ၁၀ တန်တစ်ရွက်ဆိုတာတော်တော် လေး တန်ဖိုးရှိတယ်လို့တော့ အမေတို့ကပြောတယ်။ အဲ့ဒီကျမှ အဖိုးက သူခိုးနားကို သွားပြီးတော့ ပုခုံးကို ပုတ်ပြီး သူခိုးကို သူသိတဲ့အကြောင်း အချက်ပြလိုက်ရောတဲ့။ ပြီးတော့ သူခိုးကို အိမ်ခန်းကို ခေါ်ပြီး သားသမီးတွေကိုလည်း ခေါ်ပြီး သူခိုးရဲ့ အကြောင်းကိုမေးတော့ သူခိုးက အရင်တုန်းက သူခိုးလုပ်ခဲ့တဲ့ လူမဟုတ်ဘူးတဲ့။ ဒါပေမယ့် သူ့ရဲ့ အမေကြီး နေမကောင်းဖြစ်နေတာ ကုဖို့ပိုက်ဆံ မရှိလို့ အခုလို ခိုးရတဲ့ အကြောင်းပြောပြတယ်တဲ့။ အဖိုးက မင်းဘာကြောင့် ပိုက်ဆံ တွေအများ ကြီးတွေ့ပြီး ဘာလို့ ၁၀ တန် တစ်ရွက်ပဲယူတာလည်းလို့ မေးတော့.. သူခိုးက သူလိုတာ ဒီလောက်ပဲလိုလို့ပါလို့ပြောတယ်တဲ့။ အဘိုးကလည်း အေး ငါလည်း မင်း ဘာကြောင့် အဲ့ဒီလို ၁၀ ပဲယူတာလည်းဆိုတာ သိချင်တာကြောင့် မင်းကို ခေါ်ပြီးမေးတာပဲတဲ့။ ပြီးတော့ သူခိုးကို ပိုက်ဆံ ၁၀၀ ပေးပြီး မင်းရဲ့ အမေကို ဆေးကုလိုက်ဆိုပြီးပေးလိုက်တယ်တဲ့။ ပြီးတော့ သူခိုးကို မင်းမနက်ဖြန်ကျရင်ငါ့အိမ် လာခဲ့ ဆိုပြီး ပြောလိုက်တယ်တဲ့။ နောက်နေ့ကျတော့ သူခိုး လာတော့ မင်းဆက်ပြီးခိုးဦးမလား ဒါမှမဟုတ် ငါမင်းကို အလုပ်ပေးရင် ငါ့ဆီမှာ အလုပ်လုပ်မလားဆိုပြီး မေးတော့။ သူခိုးက သူမတတ်သာလို့ တစ်ခါမှားခဲ့ပြီးပြီ ဦးလေးလို လူနဲ့ တွေ့တာ ကျွန်တော် ကံကောင်းလို့ပါဆိုပြီး အလုပ်လုပ်ဖို့ ကိုလက်ခံတယ်တဲ့။ အဲ့ဒီကစပြီး အဲ့ဒီလူက အဘိုးနောက်က အားအထားရဆုံးတပည့်ဖြစ်ခဲ့တာ အဖိုး ဆုံးတဲ့ အထိပဲတဲ့။ နောက်ပိုင်းတော့ သူ့ဟာသူ အလုပ်ကို ကြိုးစားရင်းနဲ့ အတော် အသင့် ပိုက်ဆံရှိတဲ့ လူဖြစ်သွားတယ်တဲ့။ ဒါကတော့ အမှားကို တစ်ခါတော့ ပြုခဲ့တယ် ဒါပေမယ့် အမှားကိုသိလို့ အမှန်ပြင်လိုက်တဲ့ အတွက် ဘ၀လမ်းခရီးကောင်းမွန် သွားတဲ့ လူတစ်ယောက်အကြောင်းပေါ့ဗျာ... အားလုံး နှစ်သက်မယ်လို့ထင်ပါတယ်.......

ကိုလင်း

Friday, September 4, 2009

ကျွန်တော်တို့အားလုံးမှားခဲ့ကြသည်....(၁)

စာတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ခွဲပြီးရေးတာ များလာတော့ ဘာတွေမှန်းလည်း မသိ။ တစ်ခါတစ်လေ ပျော်စရာတွေပါသလို တစ်ခါတစ်လေ စိတ်ညစ်စရာတွေ နဲ့ ရောနေရော။ဒါကြောင့် စဉ်းစားမိရော နည်းနည်းပါးပါး လေးနက်မဲ့ဟာလေးတွေ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိစ္စလေးတွေကို ခေါင်းစဉ်တစ်ခုထဲအောက်မှာ အကြောင်းအရာတူလေးတွေ ပေါင်းပြီးရေးမယ်လို့။ ဒါနဲ့ပဲ ကျွန်တော်တို့အားလုံး မှားခဲ့ကြသည် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးဖြစ်ခဲ့ပါလေရော။


လူသည် အသိဥာဏ်အရှိဆုံးဖြစ်သည်။ ထို့အတူ အမှားအများဆုံးပြုတတ်သော သတ္တ၀ါလည်းဖြစ်သည်။ လူဟု ဆိုလျှင် အမှား မပြုဘူးသူမရှိသလောက်ပင်ဖြစ်မည်ထင်သည်။ သင်လည်းမှားခဲ့ပေမည်။ ကျွန်ုပ်လည်း မှားခဲ့ပေမည်။ မှားခဲ့ကြပေမယ့် မှားသည်ကို သိပြီး အချိန်မီပြင်လိုက်လျှင် ဆက်မမှားနိုင်တော့ပေ။ သို့မဟုတ်လျှင် တော့ ဆက်ခါဆက်ခါ အမှားတွေကို ပြုပြီး ဆက်ခါဆက်ခါ မှားပြီး ရင်းသာမှားနေပေလိမ့်မည်။

တစ်ခါက ရွာတစ်ရွာမှာ လူတစ်ယောက်ရှိတယ်တဲ့။ သူက ပုံမှန်အားဖြင့် အမှားတွေလုပ်လေ့ ရှိတယ်တဲ့။ သူ့ကို လူတွေကပြောလျှင်လည်း အမှားတွေသိမှ အမှန်ကို မြင်မှာတဲ့။ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အမှားတွေကို ချည်းဆက်တိုက် မြင်နေပြီး အမှန်တွေကို မမြင်ပဲနေနေသည့်သူ့ကို လူတွေကကြာတော့ မကျေနပ်လာတာကတော့ လောကရဲ့ဓမ္မတာပါပဲ။ ကြာလာတော့ သူ့ကို ခိုင်းမယ့်သူ။ အကူအညီတောင်းမယ့်သူဆိုတာ မရှိသလောက်ပါပဲ။ တဖြည်းဖြည်းနဲ့သူဟာလည်း အထီးကျန်ဆန်သလို ဖြစ်လာခဲ့တယ်။ ဒါဟာဘာကြောင့်လည်း ဆိုရင် အမှားတွေကို လက်ခံပြီး အမှန်ကို မလုပ်နိုင်တဲ့ အတွက် လူတွေရဲ့ မကျေနပ်မှုကို ရသွားတာဖြစ်တယ်။ ကျွန်တော်တို့လည်းမှားခဲ့ပါတယ်။ အရာရာအားလုံးကို ပေါ့။ တစ်ခါတစ်လေ မိဘတွေက ဆူတဲ့ပူတဲ့ အခါမှာ အမေတို့ အဖေတို့က ဆူပဲဆူနေတာပဲ ဘာညာနဲ့ ပြောမိကြပါလိမ့်မယ်။ ပြောလိုက်မိသူကတော့ ဘာမှမဟုတ်ပါဘူး။ ဒီလောက်ကလေးနဲ့ဘာမှမဖြစ်သွားပါဘူးဆိုပေမယ့်လို့ မိဘတွေအနေနဲ့ရော ပတ်ဝန်းကျင် အနေနဲ့ပါ ဒီကလေး အရမ်းရိုင်းတာပဲ ဆိုတဲ့ အမြင်မျိုးမြင်သွားနိုင်ပါတယ်။ အဲ့ဒီအခါမှာ ထိုကလေးကိုယ်တိုင် က ငါ့ကို လူတွေ ရိုင်းတယ်ထင်ကြတယ် အဲ့ဒီတော့ ငါရိုင်းရင် လည်း ဘာမှဖြစ်သွားမှာ မဟုတ်ဘူး မထူးပါဘူးဆိုပြီး မိုက်ဇာတ်ခင်းပြီး ဆက်ရိုင်းနေရင်တော့ ကလေးတွေရဲ့ ဘ၀သွားပြီပေါ့။ မိဘတွေဘက်ကလည်း သားသမီးကို ဆူရင် နားဝင်အောင် ချောမော့ပြီးဆူပေါ့နော်။ ဒါမှ ကလေးတွေနားဝင်ပြီး သဘောပေါက်မှာပေါ့။ ထို့မဟုတ်ရင်တော့ ကလေးတွေ စိတ်ထဲမှာ အဖုအထစ်တွေ ဖြစ်သွားပြီး သက်တမ်းတစ်လျှောက် အမှားတွေနဲ့ နပမ်းလုံး ပြီး မှားပြီးရင်းမှားနေပဲနေတော့လိမ့်မယ်။ အမှားကို အချိန်မှီပြင်လိုက်ကြတာကောင်းပါတယ်။ မိဘတွေဘက်ကလည်း ငါမိဘ ငါပြောတာမှန်တယ်ဆိုပြီး တစ်ထစ်ချ ယူဆထားတာဟာ အမှားကြီးမှားပါတယ်။ ကိစ္စတစ်ခုဖြစ်ရင် သူ့ဘက်ကိုယ့်ဘက် ချင့်ချိန်ပြီး စဉ်းစားဆုံးဖြတ်တာဟာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ ဘယ်တော့မှ မှန်ကန်တဲ့ အဖြေမျိုးရမှာမဟုတ်ဘူး။ ဒါကြောင့် မိဘတွေ ဘက်ကလည်း အမှားဖြစ်နေရင် ပြင်ပြီး ကလေးတွေကို သေချာနားဝင်အောင်ဆုံးမ ကလေးတွေဘက်ကလည်း မိဘတွေကို သေချာသဘောပေါက်အောင် ရှင်းပြ ပြီး နှစ်ဦးနှစ်ဘက် နားလည်တာအကောင်းဆုံးပါပဲ။ ကျွန်တော်တို့ အားလုံးမှားခဲ့ကြသည် သို့သော် ဆက်၍မမှားအောင် ပြင်ကြတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

လင်းဆိုသော ကျွန်တော်သည်လည်း အမှားနဲ့ မကင်းသောသူပဲလေ။ ကျွန်တော် ရဲ့ ထင်မြင်ချက်နဲ့ အနည်းငယ်သောသိနားလည်မှုကို အခြေပြုပြီး ဒီပို့စ်လေးတွေကို ရေးတာပါ။ ဒီပို့စ်က ကျွန်တော့်ရဲ့ ထင်မြင်ချက် သက်သက်သာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါ။ အားလုံး ကျေနပ်မယ်လို့ထင်ပါတယ်။

ကိုလင်း

Wednesday, September 2, 2009

စီပလပ်စ်.........

ကျောင်းတုန်းက သူငယ်ချင်း နှစ်ကောင်ရှိတယ် တစ်ကောင်က သီဟပိုင်စိုးတဲ့.. နောက်တစ်ကောင်က မင်းထင်အောင်တဲ့.... သူတို့ နှစ်ကောင်က တစ်ကောင်နဲ့ တစ်ကောင် အရမ်းခင်ကြတယ်။ နောက်ပြီး တစ်ကောင်နဲ့ တစ်ကောင်လည်း အခွင့်အရေး ချောင်းပြီး နှက်ဖို့ စောင့်နေကြတယ်။ အဖြစ်အပျက်တွေက တော့ အများကြီးပေါ့။ ကျောင်းထဲမှာ ဟိုကောင်မလေးကို နောက်လိုက် ဒီကောင်မလေးကိုနောက်လိုက် သီဟဆိုတဲ့ ကောင်ကလုပ်ရင် မင်းထင်အောင်ပေါ်ကို အပြစ်ပုံချ။ မင်းထင်အောင်ကလုပ်ရင် သီဟပေါ်ကို ပုံချလိုက်နဲ့ တစ်ကောင်နဲ့ တစ်ကောင် လုပ်ကြံနေကြတာ။ သူတို့ အပြင် ဒီပြင်လူ တစ်ယောက်ယောက်ကို တော့ သွားမကြောလိုက်နဲ့ အသားကုန်တင်းပြီး ကွိုင်ရှာတော့တာပဲ။ မင်းထင်အောင်က စီပလပ်စ်တို့ ဘာတို့ စောက်ရမ်းကြိုက်တယ်။ နောက်ပြီး မင်းထင်အောင်က သူများမုန့်တွေဘာတွေဆို အရမ်းစားချင် သောက်ချင်တယ်။ ဘော်ဒါတွေရဲ့ မုန့်တွေ သူမြင်လို့ကတော့ အသားကုန် ဆွဲတော့တာပဲလေ။ သိပ်ပြီး အစားမက်တဲ့ကောင်ပေါ့။ တစ်ခါတော့ သီဟဆိုတဲ့ကောင်က မုန့်စားဆင်းချိန်ကြီးမှာ အခန်းထဲကို စီပလပ်စ်ဘူးကြီး ကိုင်ပြီးမြောက်ကြွမြောက်ကြွ နဲ့ အခန်းထဲကိုပြန်ဝင်လာတယ်။ မင်းထင်အောင်ကတော့ ချောင်းနေတာပေါ့လေ။ ခဏနေတော့ မင်းထင်အောင်က သီဟနားကို ကပ်ပြီး သားကြီး ငါ့ကို နည်းနည်းလောက်တိုက်ပါလား လို့ကပ်ပြောရော။ ဟိုကောင်ကလည်း ရုပ်တည်ကြီးနဲ့ ဒါမင်းသောက်လို့ မရဘူးကွ ဆိုပြီး စီပလပ်စ်ဘူးကြီးကို ခုံအောက်ထဲမှာ ထည့်ပြီး ကျွန်တော်တို့ နားလာပြီး လေပေါနေတယ်။ ကျွန်တော်တို့ နားကိုသီဟရောက်တော့ ဒီကောင်က မျက်စိမှိတ်ပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေဆိုတဲ့ပုံစံ မျိုးနဲ့ ၀င်ထိုင်ရောဗျာ။ ကျွန်တော်တို့လည်း ဒီကောင်နဲ့ စကားပြောရင်း ဒီကောင်တော့ မင်းထင်အောင်ကို ဘယ်လိုများကျပ်ဦးမလည်းလို့ စောင့်ကြည့်နေတာ။ သိပ်မကြာပါဘူး ခဏလေးပဲ။ မင်းထင်အောင်ဆီက ဆဲဆိုသံတွေထွက်လာပြီး မအေပေးတွေရော နှမပေးတွေရော စုံနေအောင် ဆဲပြီး ဟိုကောင်သီဟဆီလာပြီး ကွိုင်ရော။ ကျွန်တော်တို့က တော့ဘာမှမသိဘူးလေ။ ဒီကောင် တစ်ခုခုထိသွားပြီ ဆိုတာတော့ သိတယ်။ ဘာရယ်တော့ သေချာမသိဘူး။ မင်းထင်အောင်က သီဟကို မင်းရုပ်မာလှချည်လား ဘာညာနဲ့ ဆိုတော့ အံ့သြ သွားတယ်။ ဟ ဘယ်လိုဖြစ်တာလည်းပေါ့လေ။ သီဟကလည်း ရုပ်တည်နဲ့ပဲ မင်းငါ့စီပလပ်စ်ဘူးကို ခိုးသောက်တယ် မဟုတ်လားဆိုတော့။ ဟိုကောင်မျက်နှာကြီး နီပြီး ဘာစီပလပ်စ်လည်း သေးတွေပေါက်ထည့်ထားပြီး ငါ့ကို စောင့်ကျင့်ယုတ်တဲ့ ကောင်ဘာညာနဲ့ ဆွဲထိုးမယ်တွေဘာတွေ ဖြစ်ကုန်ရော။ သီဟကတော့ အေးဆေးနဲ့ မင်းကို ပြောသားပဲ သောက်လို့မရဘူးလို့ ငါဆီးစစ်မလို ဆီးပေါက်ထည့်ထားဆိုလို့ ထည့်ထားတာ ကွဆိုတော့ ဟိုကောင် မင်းထင်အောင် ဒေါသထွက်ရအခက် ဖြစ်ကုန်ရော။ ဒါက ကျွန်တော်သူငယ်ချင်း နှစ်ယောက် ရဲ့ ပေါက်ကရလုပ်ရက်တွေပေါ့။ သူငယ်ချင်းတို့ လည်း စီပလပ်စ်တို့ Red Bull တို့ သောက်မယ်ဆိုသတိထားနော်.. မှားမှစိုးလို့ပါ.....


ကိုလင်း