စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Friday, July 31, 2009

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း နှင့် ပတ်သတ်၍

ဒီဝတ္ထုတိုလေးကို ကျွန်တော် ဆယ်တန်း နှစ်က ရေးခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဒီ့ထက်အများကြီးတိုပါတယ်။ စာမျက်နှာ တစ်ရွက်စာလောက်ပဲ ရှိမယ်ထင်တယ်။ အဲ့ဒီအချိန်က ဇာတ်ကို ဘယ်လိုချဲ့ထွင် ရေးသားရမှန်းမသိလို့ တစ်ရွက်စာလောက်ပဲ ရခဲ့ပါတယ်။ ဒီကြားထဲမှာ ၀မ်းစာအနေနဲ့ စာတွေဖတ် ကြိုးစားပြီး ရေးကြည့်လုပ်ခဲ့ပါတယ်။ အခု အဲ့ဒါကို ကျွန်တော် ပြန်ပြီး ချဲ့ထွင် ရေးထားတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ဆယ်တန်းနှစ် ကလေးဘ၀ရဲ့ စိတ်ကူးဆိုတော့ လိုအပ်ချက်တွေရှိချင်ရှိနေပါလိမ့်မယ်။ အားလုံးနားလည်ပေးကြပါ။ သည်းခံပြီးဖတ်ပေးကြပါ။ တတ်နိုင်သလောက်လည်း ကြိုးစားထားတာပါ.....

ကျေးဇူးတင်စွာဖြင့်
Peace
လင်း

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၄) နောက်ဆုံးပိုင်း

မြတ်နိုးတို့အိမ်ရောက်သွားတော့ အိမ်ထဲကနေ အန်တီကြီးတစ်ယောက် ငိုယိုပြီး ထွက်လာတယ်။ အန်ကယ့်ဇနီးထင်ပါတယ်။
"အဖေကြီး၊ မြန်မြန်လာ"
အန်ကယ်က အရေးကြီးသွားဟန်နဲ့
"မောင်မင်းမင်း... အန်ကယ့်နောက်လိုက်ခဲ့"

အန်ကယ်မပြေးရုံတမယ် အိမ်ပေါ်ထပ်ကို တခါတည်း ပြေးတတ်သွားတော့ ကျွန်တော်လည်း အမှီလိုက်ခဲ့ရတယ်။
စိတ်ထဲမှာတော့ တခုခု ထူးခြား နေတယ်လို့ ထင်မိတယ်။ မြတ်နိုးကိုတွေ့ဖို့ဆိုပြီး ခေါ်လာပြီးမြတ်နိုးကို မတွေ့ခင် အန်တီကြီးက ငိုပြီး ထွက်လာတာနဲ့ အန်ကယ်လောနေတာကိုကြည့်ပြီး ထူးခြားနေမှန်းတော့သိတယ်။ အခန်းတခန်းရှေ့ကိုရောက်တော့ အန်ကယ်က တံခါးကိုဖွင့်ပြီးကျွန်တော့်ကို အပြင်မှာစောင့်ခိုင်းထားပြီး ၀င်သွားတယ်။ ခဏနေတော့ ဆရာဝန်တစ်ယောက်နဲ့ Nurse နှစ်ယောက် အပြင်ကိုထွက်လာတယ်။ ဒီတော့မှ အန်ကယ်က..
"မောင်မင်းမင်း အထဲဝင်ခဲ့ပါ။"
ကျွန်တော့်စိတ်ထဲမှာ စိုးရွံ့စွာနဲ့ အခန်းထဲကို လှမ်းဝင်လိုက်တော့ ခုတင်လေးပေါ်မှာ ခွေခွေလေးလှဲနေတဲ့ မြတ်နိုးကို တွေ့လိုက်တယ်။ အရင်နဲ့ မတူပဲ ပိန်နေတဲ့မြတ်နိုးကို ကြည့်ပြီးမျက်ရည်စို့မိတယ်။ အန်ကယ်က တိုးတိုးလေး ကပ်ပြီးမျက်ရည်တွေနဲ့
"သား... သမီးလေးကို နောက်ဆုံးအနေနဲ့ ပြောစရာရှိတာတွေပြောတော့"
ကျွန်တော် ဆွံ့အစွာနဲ့ အန်ကယ့်ကို ကြည့်မိတယ်။ ပြီးတော့ မြတ်နိုး ဆီကိုလှမ်းသွားပြီး လှဲနေတဲ့မြတ်နိုးရဲ့ နှဖူးလေးကို ပွတ်ပြီး သူ့ကို ပွေ့ထားလိုက်တယ်။ မြတ်နိုး မျက်လုံးလေးတွေဖွင့်ကြည့်ပြီး ကျွန်တော့်ကို အံ့အားသင့်စွာကြည့်တယ်။ ပြီးတော့ ချည့်နဲ့တဲ့ အပြုံးလေးပြုံးပြတယ်။ သူကျွန်တော့်ကို တွေ့ရလိမ့်မယ် လို့မထင်ထားဘူးထင်ရဲ့။ ကျွန်တော် ဘယ်လိုမှဟန်မဆောင်နိုင်ဘဲငိုပြီး
"မြတ်နိုးရယ် ဘယ်လိုဖြစ်တာလည်း.. ကိုယ့်ကိုဘာလို့မပြောခဲ့တာလည်း မြတ်နိုးဒီလိုဖြစ်နေတယ်ဆိုတာ"
"မင်းမင်း ၀မ်းမနည်းနဲ့နော်... မြတ်နိုးကို ခွင့်လွှတ်ပါ မင်းမင်းကို မပြောပြခဲ့တာရယ် နောက်ပြီး မင်းမင်းကို ရှောင်နေခဲ့တာတွေအတွက်ပေါ့"
"ဘာကြောင့်ကိုယ့်ကိုရှောင်နေခဲ့တာလည်း မြတ်နိုးဟင်?"
"မင်းမင်းကို မခံစားစေချင်လို့ပေါ့ကွယ်။ နောက်ပြီးမြတ်နိုး ရဲ့ ဒီလိုပုံစံကို မမြင်စေချင်တာရောကြောင့်ပါ"

မြတ်နိုး မောပန်းစွာနဲ့ ကျွန်တော့်ကို စကားတွေပြန်ပြောတယ်။
"မြတ်နိုး ကိုယ့်ကို ရှောင်နေတာနဲ့ပဲ ကိုယ်မခံစားရဘူးတဲ့လား။ အခုလို အခြေအနေမျိုးကို ကိုယ် အခုမှသိရတာ ပိုပြီးခံစားရတယ်။ မြတ်နိုးကို ကိုယ် မပြုစုခဲ့ရတာလည်း ခံစားရတယ်။ နှလုံးသားတွေ ကွဲကြေမတတ်ပဲ။"

မြတ်နိုးငိုခဲ့တယ်... ဟုတ်တယ် မြတ်နိုးငိုခဲ့တယ်။ ဒါပေမယ့် မျက်ရည်တွေအစား သွေးတွေပဲ ကျလာခဲ့တယ်။ ကျွန်တော် ထိတ်လန့်စွာပဲ မြတ်နိုးရဲ့ သွေးမျက်ရည်တွေကို လိုက်သုတ်ပေးမိတယ်။ အဲ့ဒီအချိန်မှာ ပဲ မြတ်နိုး ငြိမ်သက်ပြီး အသက်ကို ဖြည်းဖြည်း လေးရှုနေခဲ့တယ်။ ပြီးတော့....
"မင်းမင်းရယ်..... မြတ်နိုး သွားရတော့မယ်။ နောင်ဘ၀တွေရှိခဲ့ရင် အတူတူ နေကြတာပေါ့။" ဆိုတဲ့ စကားလေးအဆုံးမှာ ကျွန်တော့်လက်ပေါ်မှာ အသက်မဲ့သွားခဲ့တယ်။ ကျွန်တော် နာကျဉ်းစွာပဲ
"မြတ်နိုး......."လို့ အော်ခေါ်လိုက်မိတယ်။
အန်ကယ် မြတ်မင်းလည်းမျက်ရည်တွေနဲ့ ကျွန်တော့် လက်ထဲ အသက်မဲ့နေပြီဖြစ်တဲ့ မြတ်နိုးရဲ့ ခန္ဓာကိုယ်ကို ယူပြီး ခုတင်ပေါ်မှာ ပြန်ချလို့ မြတ်နိုး အကြောင်းတွေပြောပြခဲ့တယ်။ ကျွန်တော် အော်လိုက်တဲ့ အသံကြောင့်ပဲ မြတ်နိုးရဲ့ မေမေ အခန်းထဲကို ပြေးလာပြီး မြတ်နိုးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာဘေးမှာ ငိုနေခဲ့တယ်။အန်ကယ်မြတ်မင်း ကမျက်ရည်တွေနဲ့
"သမီးလေးက မွေးရာပါ နှလုံးအားနည်းတဲ့ ရောဂါရှိတယ်သား... တဖြည်းဖြည်း နှလုံးက ပျက်စီးလာပြီး အဆို့ရှင်တွေ အားလုံး ပါ ပျက်စီးသွားတယ်... အန်ကယ်တို့ ဘယ်လို ကုကုမပျောက်နိုင်တော့ဘူးတဲ့။ အဲ့ဒီအချိန်မှာ သမီး နဲ့သား နဲ့ စတွေ့ပြီး သားက သမီးကို ချစ်မိသွားတာပဲ.. ဒါတွေကို သမီးလေးပြောပြလို့ အန်ကယ်တို့ အကုန်သိခဲ့တယ်။ သမီးလေဟာ သူ့ကိုယ်သူသိလို့ သားခံစားရမှာကို မကြည့်ရက်လို့ သားကို ငြင်းပယ်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် သမီးလေးရဲ့ အချစ်ကို စောင့်နေတဲ့ သားအတွက် မကြည့်ရက်လို့ ချစ်သူအဖြစ်လက်ခံခဲ့တယ်တဲ့။ အခု ဒီကိစ္စမှလည်း သမီးလေးဟာ သားခံစားရမှာကို စိုးရိမ်လို့ အန်ကယ်တို့ ကိုမပြောခိုင်းခဲ့ပါဘူး... ဒါပေမယ့် သမီးလေး သတိလစ်လစ် သွားချိန်တိုင်းသားကို တမ်းတပြီး သားနာမည်ကို ခေါ်နေတာအန်ကယ်မကြည့်ရက်လို့ ဒီနေ့တော့ ဘာဖြစ်ဖြစ်ဆိုပြီး သားဆီကို လာခေါ်ခဲ့တာပဲသား"

အန်ကယ်မြတ်မင်း စကားတွေဆက်ပြောနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော် မကြားတစ်ချက်ကြားတစ်ချက်နဲ့ နားထောင်ရင်း ရုတ်တရပ် ထပြီး အင်းယားကန်ဘက်ကို ပြေးထွက်ခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အမှတ်တရခုံတန်းလေးဆီကိုပေါ့......

********************
အင်းယားရဲ့ခုံတန်းလေးပေါ်မှာ ကောင်လေး တစ်ယောက် အဝေးတစ်နေရာကို ကြည့်ပြီး ငိုင်နေတယ်။
သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ မျည်ရည်တွေ တွဲခိုနေတာကို အထင်းသား မြင်ရလိမ့်မယ်။
သူ့ကို ကြည့်ရတာ စိတ်နဲ့ လူနဲ့မကပ်သလိုပါပဲ။ ပါးစပ်ကလည်း `ဘာကြောင့်လည်း၊ ဘာကြောင့်လည်း´ ဆိုပြီး တစ်ယောက်တည်းရေရွတ်နေတယ်။



Peace
လင်း

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၃)

ချစ်သူတွေဖြစ်သွားခဲ့ကြတော့လည်း မခွဲနိုင်မခွာရက်ပေါ့။ သင်တန်းထဲမှာလည်း အတူတူ၊ ပြန်ရင်လည်းအတူတူ
မြတ်နိုးကို ကျွန်တော် အမြဲတမ်းအိမ်ပြန်ရင် အိမ်နားထိလိုက်ပို့ခဲ့တယ်။ ဒါပေမဲ့ မြတ်နိုးက သင်တန်းဖျက်ပြီး အပြင်သွားတာတို့ ဘာတို့ မရှိခဲ့ဘူး။ တစ်ပတ်မှာ တနင်္ဂနွေ တစ်ရက်ပဲ အတူတူ အပြင်ထွက်လည်ဖို့ အခွင့်အရေးပေးတယ်။ တနင်္ဂနွေနေ့ဆိုရင်တော့ ကျွန်တော်တို့ အတူတူ မုန့်စားရင်စား မစားရင် ကန်ဘောင်မှာထိုင်ဖြစ်တာများတယ်။ ကန်ဘောင်မှာထိုင်ရင်လည်း ကျွန်တော်က နှစ်ယောက်စလုံးဘ၀ရှေ့ရေးအတွက် စကားတွေဖေါင်နေသလောက် မြတ်နိုးကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာမကျေနပ်ပေမယ့် ချစ်သူလေး စိတ်ညစ်မှာစိုးလို့ ဘာမှမပြောခဲ့ဘူး။
ကျွန်တော်တို့ နှစ်ယောက်ချစ်သူဖြစ်ပြီး နှစ်လပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ တနေ့ အင်းယားမှာ ဘူးသီးကြော်စားရင်း စကားတွေပြောခဲ့တယ်။ ပြီးတော့ ကန်ဘောင်က ခုံတန်းလေးမှာ ထိုင်ခဲ့ကြတယ်။ အဲ့ဒီမှာအမှတ်တမဲ့ သတိထားမိတာက......
"မြတ်နိုး နေမကောင်းဘူးလားဟင်။ မျက်ကွင်းလေးတွေ ညိုနေတယ်။ မျက်နှာလည်း ဖျော့နေတယ်။ "
"မင်းမင်းက မြတ်နိုးကို အရမ်းဂရုစိုက်တယ်နော်။ မြတ်နိုး မျက်ကွင်းညိုနေတာတောင်သိတယ်။"
"ဒါပေါ့ မြတ်နိုးရယ် အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတဲ့လူပဲ"
"အင်း... မြတ်နိုး နေကောင်းပါတယ်။ မနေ့က အိပ်ရေးပြတ်လို့ လူကနှုံး နေတာပါ။"
" ဘာမှမဖြစ်ရင်လည်းပြီးတာပါပဲ။ နောက် အိပ်ရေးပျက်မခံနဲ့နော်။"
" အင်းပါ... ညကလည်း မင်းမင်းနဲ့မြတ်နိုးအကြောင်းတွေ တွေးပြီး အိပ်မပျော်လို့ပါ။"

အဲ့ဒီတုန်းက ကျွန်တော်စိတ်မပူအောင် မြတ်နိုးညာပြောခဲ့တာကိုမသိခဲ့ဘူး။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ဘာအကြောင်း ကိုတွေးပြီး အိပ်မပျော်တာလည်းဆိုတာကိုလည်း မမေးမိခဲ့ဘူး။
အဲ့ဒီနောက်ပိုင်း မြတ်နိုးကျွန်တော့်ကို ရှောင်ဖယ်ခဲ့တယ်။ မြတ်နိုးသူငယ်ချင်းတွေကိုမေးတော့လည်း အကြောင်းရင်းကို မသိခဲ့ဘူး။ သင်တန်းဖျက်ဖို့ ၀န်လေးတဲ့မြတ်နိုး သင်တန်းကိုလည်း မလာခဲ့တော့ဘူး။
ဒီနေ့ ကျွန်တော် စိတ်တွေညစ်တာနဲ့ ဘုရားသွားပြီး နေမိတယ်။ အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့မှာ လူတစ်ယောက် စောင့်နေတာတွေ့တယ်။ သူက စပြီး
"သားကမောင်မင်းမင်း လားကွဲ့"
"ဟုတ်ပါတယ်။"
"အန်ကယ်နာမည်က မြတ်မင်းပါ။ မြတ်နိုးရဲ့ အဖေပေါ့။"
ကျွန်တော်ချက်ချင်းပဲ တံခါးဖွင့်ပြီး အိမ်ထဲကို ဖိတ်ခေါ်မိတယ်။
"အန်ကယ်ဝင်ပါခင်ဗျာ။ ဘာများအရေးတကြီးပြောစရာရှိလို့ ကျွန်တော့်အိမ်ကို လိုက်လာတာလည်းမသိဘူး ကျွန်တော့်အိမ်ကို မြတ်နိုးတောင် မသိပါဘူး။"
"ဟုတ်တယ် မောင်မင်းမင်း အန်ကယ်သားသူငယ်ချင်းတွေဆီက တဆင့် စုံစမ်းပြီးသိခဲ့တာပါ။ အရေးကြီးကိစ္စကတော့ သားအနေနဲ့ မြတ်နိုးနဲ့လိုက်တွေ့ဖို့ပါပဲ။"
"ဟုတ်ကဲ့ အန်ကယ်.. ကျွန်တော်လည်း မြတ်နိုးကို အရမ်းတွေ့ချင်နေတာပါ။"
"အန်ကယ်ကိုယ်တိုင်လာတဲ့အတွက် သား အံ့သြချင်အံ့သြနေလိမ့်မယ်။ ဒါပေမယ့် အန်ကယ့်အိမ်ရောက်ရင်သိမှာပါ"

ကျွန်တော် မြတ်နိုးဖေဖေ အန်ကယ် မြတ်မင်းရဲ့စကားကို ဇဝေဇ၀ါနဲ့ ဥာဏ်မှီသလောက် စဉ်းစားရင်း အန်ကယ့်ကားနဲ့ လိုက်ခဲ့မိတယ်။

အပိုင်း(၄) ဇာတ်သိမ်းလာမည်။

Peace
လင်း

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၂)

နောက်တစ်နေ့ သင်တန်းကိုသွားတော့ မြတ်နိုးကို လှမ်းကြည့်မိတယ်။ မြတ်နိုးကတော့ ခေါင်းကိုငုံ့လို့ စာတွေပဲ ဖတ်နေခဲ့တယ်။ မြတ်နိုးရဲ့ သူငယ်ချင်းတွေ ကလည်း ငြိမ်သက်လို့ အရင်လို စတာနောက်တာတွေမရှိကြတော့ဘူး။
ရုပ်သေလေးတွေနဲ့ပဲ ရှိနေခဲ့ကြတယ်။ သူတို့တွေလည်း မနေ့က အကြောင်းကို သိသွားခဲ့ပြီထင်ပါတယ်။
သင်တန်းက ထမင်းစားချိန်ခဏနားတော့ ကျွန်တော် မေးစရာလေး တွေရှိလို့ မြတ်နိုးသူငယ်ချင်းထဲက ဇင်မာကို ခေါ်ထုတ်ပြီး...
"ဇင်မာငါ့ကိုမြတ်နိုးစိတ်ဆိုးသွားတာလား။"
"အင်းစိတ်တော့မဆိုးပါဘူး။ သူတစ်မျိုးတော့ဖြစ်နေတယ်။ မနေ့ကနင်တို့ အကြောင်းတွေလည်းငါတို့ကို ပြောပြတယ်။ ငါတို့အားလုံးသိတာက သူ နင့်ကိုစိတ်ဝင်စားတယ်လို့တော့ သိတယ်။ ဒါပေမဲ့ နားမလည်ဘူး။ ဘာကြောင့်သူယတိပြတ်နင့်ကို တစ်ခါတည်း ငြင်းတာလည်းဆိုတာကို။"
"အင်း ငါလည်း အဲ့ဒါကို သိချင်တာ။ ငါမနေ့ညကလည်း တစ်ညလုံးဘာကြောင့်လည်းဆိုတာကို စဉ်းစားနေခဲ့တယ် "
"နင်တကယ်ချစ်ရင် တော့ဇွဲမလျှော့ပါနဲ့။ စိတ်ရှည်စွာနဲ့ ကြိုးစားကြည့်ပေါ့။"
"စိတ်ချပါ ငါသူ့ကို တစ်ခါမှ မချစ်ဘူးတဲ့ အချစ် ဘယ်သူ့အပေါ်မှာမှ မထားခဲ့ဘူးတဲ့ မေတ္တာတွေ နဲ့ ချစ်တာပါဟာ။"
"အေးဇွဲမလျှော့ပါနဲ့ မင်းမင်း"
"စိတ်ချပါ။ ကဲ နင်လည်းထမင်းသွားစားတော့ ငါ့ကို အားပေးတာကျေးဇူးတင်တယ်ဟာ"

ကျွန်တော် အဲ့ဒီနောက်ပိုင်းမှာ မြတ်နိုးကို သူငယ်ချင်း အဖြစ်နဲ့ အနားနားနေခွင့်လေးကို တောင်းခဲ့တယ်။ မြတ်နိုးကလည်း ကြည်ဖြူစွာခွင့်ပြုခဲ့တယ်။ အရင်းနှီးဆုံး သူငယ်ချင်းတွေ အဖြစ်ရှိခဲ့ကြတယ်။ မြတ်နိုးကို အမြဲတမ်းပြောဖြစ်တာကတော့ သူ့အချစ်ကို စိတ်ရှည်စွာနဲ့ စောင့်နေတယ်ဆိုတဲ့အကြောင်းတွေပေါ့။
ဒီလိုနဲ့ ရက်ပေါင်း ၁၈၀ လောက်ကြာပြီးနောက်မှာ မြတ်နိုး ကျွန်တော့်ကို ပိုပြီးရင်းနှီးလာခဲ့တယ်။ စကားပြောရင်း ရယ်စရာလေးတွေ ပါရင် ကျွန်တော့်လက်မောင်းကို ပုတ်ပုတ်ပြီး ရီတယ်။ ဒီလောက်ထိရင်နှီးလာခဲ့တယ်။ ကျွန်တော်ကတော့ အဲ့ဒီလိုအချိန်တွေမှာ လောကကြီးကိုမေ့လို့ မြတ်နိုးရဲ့ အပြစ်ကင်းတဲ့ ရယ်မောနေတဲ့ပုံလေးကို ကြည့်ပြီး သက်ပြင်းလေး တွေပဲ တိတ်တခိုးရှိုက်မိတယ်။ ဒီလောက်ထိချစ်နေရတဲ့သူလေးနားမှာ ကျွန်တော်ဘယ်လောက်ကြာကြာ ရိုးသားစွာနေနိုင်မလည်း။ တနေ့မှာတော့ မြတ်နိုးကို
"မြတ်နိုးကိုယ့်ကို သူငယ်ချင်းအဖြစ်က အနားယူခွင့်ပေးပါလို့ပြောချင်တယ်"
"ဟမ်... မင်းမင်းက မြတ်နိုး သူငယ်ချင်း အဖြစ်နဲ့ မနေချင်တော့ဘူးလား"
"အင်း ဟုတ်တယ်။ ကိုယ်မြတ်နိုးကို ချစ်သူအဖြစ် ပြောင်းလဲစေချင်တယ်။"
"မင်းမင်းရယ် တို့ဘယ်လိုပြောရမလည်းမသိဘူးကွယ်။ အမှန်အတိုင်းဆိုရင် မင်းမင်းကို တို့ သူများတွေထက်ပိုပြီး သံယောဇဉ်ရှိပါတယ်။ "
"သံယောဇဉ်ရှိရင် ကိုယ့်ကို ပျော်ရွှင်အောင် မြတ်နိုးလုပ်ပေးပါလား။ ကိုယ်မြတ်နိုးကို ပိုင်ဆိုင်ချင်တယ်။ ကိုယ်မြတ်နိုးကို တစ်သက်လုံး၊ တစ်ဘ၀လုံး အတွက်စောင့်ရှောက်ချင်တယ်"

မြတ်နိုးရုတ်တရတ်ကြီး မျက်ရည်တွေ ကျပြီးငိုခဲ့တယ်။ ခဏလောက်နေတော့မှ ကျွန်တော့်ကိုကြည့်ပြီး
"မြတ်နိုးမင်းမင်းကိုချစ်ပါတယ်။ အရမ်းချစ်ပါတယ်မင်းမင်း။ ဟိုး... မိုးသည်းတဲ့နေ့တည်းက မင်းမင်းစကားလိုက်ပြောခဲ့ကတည်းက ချစ်ခဲ့တာပါ။ မင်းမင်းမြတ်နိုးကို အထင်မသေးပါနဲ့။ ဒါပေမဲ့ မြတ်နိုး စိတ်ထဲမှာ မင်းမင်းကို လက်ခံဖို့ကို ခွင့်မပြုခဲ့ဘူး။ မင်းမင်းကိုလည်း သနားမိတယ်။ ဒါကြောင့်ဒီနေ့ ဒီလို စကားမျိုးကို ကိုမင်းမင်းပြောလာတော့ မြတ်နိုးမငြင်းရက်ဘူး။"
"ဟား.. ကိုယ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်ကွာ.. အရမ်းကိုပျော်သွားပြီ မြတ်နိုးကိုယ့်အချစ်ကို လက်ခံတဲ့အတွက်" ဆိုပြီး ကျွန်တော်ချစ်သူလေးကို ရင်ခွင်ထဲမှာ ပွေ့ထားလိုက်ပြီးအငိုမျက်ရည်တွေကို သုတ်ပေးလိုက်တယ်။ အဲ့ဒီနေ့ ကလည်း ကျွန်တော့ရင်ခွင်ထဲမှာမြတ်နိုး ငြိမ်သက်စွာ နေခဲ့တယ်။

Peace
လင်း

Thursday, July 30, 2009

ကျွန်တော် မသိခဲ့သော ချစ်သူအကြောင်း ( ၁)

အင်းယားရဲ့ခုံတန်းလေးပေါ်မှာ ကောင်လေး တစ်ယောက် အဝေးတစ်နေရာကို ကြည့်ပြီး ငိုင်နေတယ်။
သေချာကြည့်မယ်ဆိုရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ မျည်ရည်တွေ တွဲခိုနေတာကို အထင်းသား မြင်ရလိမ့်မယ်။
သူ့ကို ကြည့်ရတာ စိတ်နဲ့ လူနဲ့မကပ်သလိုပါပဲ။ ပါးစပ်ကလည်း `ဘာကြောင့်လည်း၊ ဘာကြောင့်လည်း´ ဆိုပြီး တစ်ယောက်တည်းရေရွတ်နေတယ်။

ဇာတ်လမ်းရဲ့ အစကတော့.......................

ဒီနေ့သင်တန်းရဲ့ ပထမရက်ဆိုတော့ ကျွန်တော်တို့ သူငယ်ချင်း တစ်ဖွဲ့စောစော စီးစီး လာပြီး ထိုင်နေမိကြတယ်။
သင်တန်းကို ရောက်လာတဲ့ လူတွေကို လိုက်ကြည့် ပြီး အလုပ်မရှိအလုပ်ရှာလို့ ဟိုပြောဒီပြောနဲ့ နေနေကြတယ်။
သင်တန်းကလည်း မစသေး သင်တန်းသား၊ သင်တန်းသူ တွေကတော့ တဖွဲဖွဲ ထပ်ထပ်ပြီး ရောက်လာနေတယ်။
အဲ့ဒီအချိန်မှာ မျက်ဝန်းရဲ့ ထောင့်လေးမှာ အလှလေးတစ်ပါး ခုန်ပေါက်ဝင်ရောက် လာတယ်။ အေးချမ်းပါတယ်၊ သိမ်မွေ့ပါတယ်၊ ညင်သာပါတယ်။ ဒီနေ့ခေတ်မှာတွေ့ရခဲတဲ့ ထမိန်နဲ့ ရင်ဖုန်း အင်္ကျီလေးကိုဝတ်ပြီး တစ်လှမ်းချင်း အိနြေ္ဒရရ လျှောက်ပြီး သင်တန်းထဲကိုဝင်လာတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က July လရဲ့ ရက်တွေထဲက မိုးဖွဲဖွဲလေးရွာနေတဲ့ ရက်တစ်ရက်ပေါ့။

ကျွန်တော်သူငယ်ချင်း တွေကိုပြောပြီး ကောင်မလေးရဲ့နာမည်ကို သိရဖို့ စုံစမ်းမှုတွေ လုပ်ရတော့တာပေါ့။
မကြာပါဘူးအားလုံးရဲ့ကူညီမှုနဲ့သူမနာမည်ကို သိခွင့်ရခဲ့တယ်။ သူမနာမည်က `မြတ်နိုး´ တဲ့။
ဟား... တကယ်ပဲမြတ်နိုးဖို့ ကောင်းပါတယ်။ သူမကို ကျွန်တော်ချစ်မိသွားပြီဆိုတာ ချက်ချင်းပဲသဘောပေါက်လိုက်မိပြီ။ ဒီတော့ ကျွန်တော် သူမရဲ့အချစ်ကို ရဖို့ ကြိုးစားရတော့မယ်။


ကျွန်တော် နေ့တိုင်းနီးပါး မြတ်နိုး ကိုစောင့်ကြည့်တယ်။ မျက်လုံးချင်းတွေဘာတွေ ဆုံတော့ ကျွန်တော် ဆယ်ကျော်သက်မဟုတ်တော့ပေမဲ့ ရင်ခုန်မိတယ်။ သူမရဲ့ မျက်ဝန်းတွေထဲမှာလည်း သံယောဇဉ်ရဲ့ အငွေ့အသက်တွေ မြင်နေရတယ်။ အိုကေပြီပေါ့။ ကျွန်တော်သူမကို ကြည့်နေတိုင်း သူမရဲ့ ဘေးကသူငယ်ချင်းတွေကလည်း ပြုံးပြီးသူမကို လှမ်းစနေတာကိုတွေရတော့ မျှော်လင့်ချက်ရှိတယ်ပေါ့ဆိုပြီး ကျွန်တော်သူမကို ဖွင့်ပြောဖို့ အစီအစဉ်ဆွဲတော့တယ်။



ဒီနေ့သင်တန်းပြီးတော့ မိုးတွေကရွာနေတယ် သည်းကြီးမည်းကြီးပါပဲ။ ဒီနေ့ရဲ့ သင်တန်းပြီးနောက် အစီအစဉ်တွေမှာ မြတ်နိုးကို ဖွင့်ပြောဖို့ အစီအစဉ်က ရှိတယ်။ ထီးကလည်း ပါမလာဘူး။ ကျွန်တော် ဘာပဲဖြစ်ဖြစ်ဆိုပြီး မိုးရေထဲမှာ သူမနောက်ကိုလိုက်ဖို့ထွက်သွားခဲ့တယ်။ သူမကတော့ ပုံမှန်အတိုင်း အိနြေ္ဒလေးနဲ့ လမ်းလေးလျှောက်လို့ မိုးရဲ့ဒဏ်ကို ထီးလေးနဲ့ ကာကွယ်ထားတယ်။ ကျွန်တော် မိုးရေထဲကနေပဲ သူမနောက်ကို အသည်းအသန်ပြေးလိုက်သွားပြီး သူမနာမည်ကို အော်ခေါ်လိုက်တယ်။ ကျွန်တော်ရဲ့ ရုတ်တရတ် ပြေးလိုက်ပြီး သူမကိုခေါ်လိုက်တဲ့ အသံကို ကြားတော့သူမ လန့်သွားသလို ကိုယ်လေးတစ်ချက်တုန်ပြီး ကျွန်တော့်ကိုလှည့်ကြည့်တယ်။ တကယ်ပါပဲ မျက်ဝန်းတွေကအပြစ်ကင်းပြီး အရမ်းကို စိတ်လှုပ်ရှားသွားတဲ့ပုံလေး။ ကျွန်တော်ကမြတ်နိုးကို...
"ကိုယ်ခေါ်လိုက်တဲ့အတွက်လန့်သွားရင် ဆောရီးပါဆိုတော့" သူမက
"ရပါတယ် ကိစ္စမရှိပါဘူး"
ဒါပေမဲ့သူရဲ့မျက်ဝန်းမှာ ကြောက်ရွံ့သွားခဲ့တဲ့ စိတ်ကို အထင်းသားမြင်နေရတုန်းပဲ။
"အရမ်းပဲလန့်သွားတယ် ထင်တယ်နော် တောင်းပန်ပါတယ်"
"ရပါတယ်"
"ကျွန်တော်လေ... ကျွန်တော်... အဲ မြတ်နိုးကို ပြောစရာရှိလို့ပါ"
"ရှင်!!! ပြောပါ။ ကျွန်မ ကိုမင်းမင်းကိုသင်တန်းကလူတစ်ယောက်အဖြစ်သိပါတယ်"
"ကျွန်တော်မြတ်နိုးကို ချစ်တယ်"
ကျွန်တော် ကြောက်အားလန့်အားနဲ့ တစ်ခါထဲ ပြောလိုက်တယ်။သူမလည်း ကြောင်သွားတယ်။ ဒီလိုမျိုး ပြောလိုက်လိမ့်မယ်လို့ မထင်လို့နေပါလိမ့်မယ်။သူမခေါင်းလေးကို ခါတယ်။ ပြီးတော့ သက်ပြင်းရှိုက်ပြီး
"ကျွန်မစိတ်မကောင်းပါဘူး၊ ၀မ်းလည်းနည်းပါတယ်၊ တစ်ခါထဲပဲ ပြောပါရစေ၊ ကျွန်မရှင့်ကို ပြန်မချစ်နိုင်ပါဘူး"
"မြတ်နိုးတကယ်ပဲလားဗျာ၊ မြတ်နိုးမှာ ချစ်ရမယ့်သူရှိလို့လား? "
"အဲ့ဒီလိုလည်းမဟုတ်ပါဘူး"
"ဒါဆိုရပါတယ်။ မြတ်နိုး ကိုယ့်ကို ပြန်လည်ချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ ကိုယ်ကတော့ချစ်တယ်။ မြတ်နိုးဆီက အချစ်ကိုရဖို့ ကြိုးစားသွားမှာပါ။ မြတ်နိုးပြန်ချစ်လာနိုင်သည်ထိစောင့်မယ်"

သူမပါးစပ်လေးဟလို့ ကျွန်တော့်ကို ကြောင်ကြည့်နေခဲ့တယ်။ ကျွန်တော်ပြောပြီးတာနဲ့ သွားတော့မယ် ဆိုပြီး အိမ်ပြန်ရာလမ်းကို လှည့်ထွက်ခဲ့တယ်။ ခေါင်းထဲမှာတော့ သူ့မျက်ဝန်းမှာသံယောဇဉ်ရိပ်တွေ ရှိရက်နဲ့ ငါ့ကို ဘာကြောင့် ချက်ချင်းကြီး ငြင်းရတာလည်းလို့ တွေးနေမိခဲ့တယ်။

အပိုင်း(၂)လာပါမည်။

Peace
လင်း

ဘ၀ဟူသည်မှာ.........

ဘ၀အတွက်တဲ့ ပျော်ရာမှာမနေရ တော်ရမှာနေရသည်တဲ့။ ဘယ်သူပြောခဲ့မှန်းတော့မသိ။
လူတစ်ချို့ကတော့ ဘ၀ကိုအလွယ်လေးတွေးတယ်။ တချို့က ပျော်ရွှင်စွာဖြတ်သန်း၊ တချို့က၀မ်းနည်းစွာ
ဖြတ်သန်း၊ တချို့က အပေါင်းအသင်းမိသားစုနဲ့ဖြတ်သန်း၊ တချို့က အထီးကျန်စွာ ဖြတ်သန်း ဖြတ်သန်းနည်းပေါင်း
များစွာနဲ့ ဖြတ်သန်းနေကြတယ်။ တချို့ဘ၀တွေက ချမ်းသာပြီး ငွေကိုရေလိုသုံးနေတဲ့ အချိန်မှာ တချို့က ဆင်းရဲစွာနဲ့ ထမင်းနပ်မှန်အောင် ကြိုးစားနေရတယ်။မည်သို့ပဲ ဖြတ်သန်းဖြတ်သန်းပါ လူတစ်ယောက်စီတိုင်းရဲ့ စိတ်မှာ ခံစားချက်လေးတွေတော့ရှိကြလိမ့်မယ်ထင်တယ်။

ကျွန်တော်ရဲ့စိတ်ခံစားမှုလေးကတော့......

လူရယ်လို့ဖြစ်လာရင် စာသင်ရမယ်တဲ့။ နောက် အလုပ်လုပ် စီးပွားရှာရမယ်တဲ့။ ဘယ် ပညာရှိကများ အတွေးတော်ချော်ပြီးပြောသွားခဲ့သည်မသိ။ ဒီရဲ့ အကျိုးဆက်ကတော့ ကျွန်တော်တို့တွေ မသင်ချင်ဘဲစာသင်၊ မလုပ်ချင်ပဲ အလုပ်တွေလုပ်နေရတယ်။ လူသားပဲ လူ့ဘ၀ကို လူသားတစ်ယောက်ဆန်ဆန် အေးအေးဆေးဆေး ဖြတ်သန်းချင်တာပေါ့။ ဂုဏ်ပကာသနအတွက် မစဉ်းစားမိပါဘူး။ ရွှေငွေ အရေးမကြီးဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ အေးချမ်းတဲ့ ကိုယ့်ရဲ့ဇာတိမြို့လေးမှာ ပျည်ထောင်သစ်သားအိမ်လေးနဲ့ သီးပင်စားပင်တွေ စိုက် ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းချင်တာပေါ့။ ဒါပေမဲ့ ဘယ်ဘ၀ရဲ့ အကျိုးပေးတွေလည်း မသိပါဘူး မနေချင်ဘဲနဲ့ ဒီ `စလုံး´ ဆိုတဲ့ နိုင်ငံမှာ ပျော်ရွှင်မှုတွေဆိတ်သုန်းပြီးနေ နေရတယ်။ အချိန်တိုင်း မြန်မာပြည်ရဲ့ အငွေ့အသက်တွေကို လွမ်းမိတယ်။ တနေ့နေ့တော့ ပြန်ပြီး နေနိုင်ကောင်းပါရဲ့လို့ စိတ်ကိုဖြေသိမ့်လို့ နေ့တွေကို ဖြတ်သန်းနေရတယ်။

စိတ်ထဲမှာ မွန်းကြပ်လို့ဖောက်ထုတ်လိုက်တာပါ။ ဒီ`စလုံးမှာ´ လည်း ကျွန်တော့်လို ခံစားနေရတဲ့သူတွေ ရှိချင်ရှိမှာပါ။

ကျေးဇူးတင်စွာဖြင့်
လင်း

Wednesday, July 29, 2009

တခါက သူငယ်ချင်း

သူမက ဖြူစင်တယ်.... သူမက ခင်မင်ဖို့ကောင်းတယ်..... သူမက အေးချမ်းစွာနေတတ်တယ်......

သူမကို ကျွန်တော် လွန်ခဲ့တဲ့ ၉ နှစ်ကျော် ငါးတန်းနှစ်လောက်က စတင်တွေ့ခဲ့ တယ်။
သူမက အတန်းထဲမှာ အလွန်ငြိမ်သက်တယ်။ စာအတော်ကြီး မဟုတ်သလို အညံ့ ကြီးလည်း မဟုတ်တဲ့
အလည်အလတ် ထဲကပေါ့။ ကျွန်တော်တို့ သူငယ်ချင်း ယောကျာင်္း လေး တစ်စု က အစအနောက်သန်တယ်။
သူမကို အမြဲတမ်း စနောက်နေခဲ့ကြတယ်။ သူမကတော့ အမြဲတမ်း ပြုံးပြီး သည်းခံခဲ့တယ်လေ။

ဒီလိုနဲ့ ကျောင်းတတ်လာခဲ့တဲ့ သက်တမ်း နောက်ထပ် သုံးနှစ်ပေါင်းလို့ သက္ကရာဇ်တွေ ပြောင်းလဲသွားခဲ့တယ်။
အဲ့ဒီ နှစ်မှာပဲ ကျွန်တော် တို့ အတွက် ထူးဆန်းမှုတစ်ခုကြုံလာခဲ့တယ်။ သူများမိန်းကလေး တွေအလှသွေးကြွယ်
လို့နေချိန်မှာ သူမက ရုတ်တရတ်ပိန်ပြီး နေမကောင်းတွေဖြစ်လာတယ်။ ကျွန်တော်တို့ကတော့ ပျော်ပျော် နေတတ်သူတွေပီပီ `နင် မီးယပ် သွေးဆုံး ဖြစ်တာ´ ဆိုပြီး နောက်ပြောင်ခဲ့ကြတယ်။ တကယ်တော့ အဲ့ဒီရောဂါဟာ ဘယ်လိုလည်း ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ကျွန်တော် ကတော့ အခုထိလည်း မသိပါဘူး။
သူမကတော့ ထုံးစံအတိုင်း ပြုံးနေခဲ့တယ်။

နောက်ပိုင်း ကျွန်တော် တို့ ဆယ်တန်းရောက် စာတွေနဲ့လုံးပန်းပြီး စာမေးပွဲကို ဖြတ်ကျော်လာခဲ့တယ်။
ကျွန်တော်ကတော့ ဆယ်တန်းပြီးတာနဲ့ မိဘတွေခေါ်လို့ စလုံးကို ရောက်လာခဲ့တယ်။ သူမနဲ့ အဆက်အသွယ်
ပြတ်သွားခဲ့တယ်။ ဒီလိုနဲ့ စလုံးမှာ သုံးနှစ်လောက် နေပြီး တနေ့မှာ သူငယ်ချင်းတစ်ယောက်က ညဘက်ကြီး
ဖုန်းကို SMS ပို့တယ်။ ကျွန်တော် SMS ကို ဖတ်ပြီး တော့ shocked ဖြစ်သွားတယ်။

`သူမဆုံးပြီတဲ့´

ကျွန်တော် ရင်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားချက်တွေဖြစ်သွားတယ်။ လောကကြီးကို နာကြည်းသလိုလို၊ တစ်ခုခုကို စိတ်တိုသလိုနဲ့ ဘာမှန်းမသိတဲ့ ခံစားချက်တွေပိလာတယ်။ ဒါနဲ့ ဘာရောဂါနဲ့ ဆုံးတာလည်းလို့ မေးလိုက်တော့ သွေးကင်ဆာနဲ့တဲ့။ တကယ်တော့ သူမဟာ ကျောင်းတတ်စဉ်ထဲက ဒီရောဂါကြောင့် ပိန်သွားခဲ့တာနေမှာ။ ဘယ်လိုမှ စိတ်ထဲမှာ မယုံရဲခဲ့ဘူး။ အိမ်မက်တစ်ခု မက်နေတာဖြစ်ပါစေလို့ ဆုတောင်းမိတယ်။

ဒါပေမဲ့ အဖြစ်အပျက် တွေကတကယ်မှန်းသိနေတော့ လက်မခံချင်ပဲ လက်ခံခဲ့ရတယ်။ နောက်ဆုံးသူ့အတွက် စကားတစ်ခွန်းအနေနဲ့ သူငယ်ချင်း ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးရုံကလွဲရင် ကျွန်တော်တို့အားလုံး ဘာမှမတတ်နိုင်ခဲ့ကြဘူးလေ။


သူငယ်ချင်းရေဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါစေနဲ့လို့ပဲဆုတောင်းပေးလိုက်ပါတယ်ဟာ။ မိသားစုနဲ့ဘ၀ဆက်တိုင်းမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ပါစေ။ငါတို့အားလုံး သတိရနေမှာပါ။

ဝမ်းနည်းစွာဖြင့်
လင်း

အချစ်ဟု ခေါ်သည်.....

တချို့ ကသူ့ကြောင့် ပျော်ရွှင်ကြတယ်။ တချို့ ကသူ့ကြောင့် ၀မ်းနည်းငိုကြွေးကြတယ်။
တချို့ကသူ့ကို ကိုးကွယ် ကြတယ်။ တချို့ ကသူ့ ကို မေ့ထားပစ်ဖို့ကြိုးစားကြတယ်။

ဒါဟာအချစ်.............

လူတိုင်းလူတိုင်းမှာ အချစ်တစ်ခုစီတော့ ရှိခဲ့ပါလိမ့်မယ်။ တချို့ ကမောင်နဲ့ နှမအချစ်၊
တချို့က မိဘနဲ့ သားသမီး အချစ်၊ တချို့ က ဆန်းပြားတဲ့ ချစ်သူ ရည်းစား အချစ်
ဘယ်လိုပဲ ဖြစ်ဖြစ် အချစ် ဆိုတာနဲ့ ပူလောင်မှု၊ အေးချမ်းမှု ကိုတပြိုင်ထဲ ပေးစွမ်းနိုင်တယ်။
ချစ်မြတ်နိုး မှုကြောင့် သ၀န်တိုပြီး ပူလောင်မယ်။ ချစ်မြတ်နိုးမှု ကြောင့် အေးချမ်းပြီး ပျော်ရွှင်မယ်။
ဒါဟာအချစ်ရဲ့ ဂုဏ်သတ္တိတွေပေါ့။

ကျွန်တော် အခု သူငယ်ချင်းတစ်ယောက်ရဲ့ အချစ်အကြောင်းရေးပြပါမယ်။
ကျွန်တော့်သူငယ်ချင်း ကသူ့ရဲ့ ချစ်သူကောင်မလေးကို အရမ်းပဲ ချစ်ပါတယ်။ ဒါပေမယ့် ချစ်တယ်ဆိုတာ
ဘယ်လိုလည်းလို့ သူကနားလည်သဘောမပေါက်ဘူး။ ချစ်ချင်းမှာ နားလည်မှု၊ စာနာမှု တွေရှိမှ
အေးချမ်းမယ်ဆိုတာကို နားမလည်တော့ သူ့မှာ အမြဲပဲပူလောင်နေရတယ်။ ကောင်မလေးက တခြားသူနဲ့
စကားပြောရင်လည်း သူ့မှာ သ၀န်တွေတိုပြီး ဒေါသတွေထွက်။ ပြီးရင် ကောင်မလေးနဲ့ ရန်ဖြစ် ပြဿနာတတ်
ဒါနဲ့ပဲသူ့ချစ်ခြင်းကြီး ကလုံးလည်ခြာလည်လိုက်နေတာပေါ့။ကျွန်တော်တို့ သူငယ်ချင်းတွေ အမြဲတမ်း
ပြောပြလည်း သဘောမပေါက် နိုင်။ သူ့ဟာသူသာပူလောင်နေတယ်။ ကောင်မလေးက သူ့ကို သူသ၀န်တို
သလို မတိုရင်လည်း သူ့က ကောင်မလေးကို သူ့လောက်မချစ်ပါဘူးဆိုပြီး စကားနာတွေထိုး။ ပြီးရင် ရန်ဖြစ်
ဒါက ပုံမှန်ကြီးလိုပါပဲ။ နောက်ဆုံးတော့ ကောင်မလေးလည်း မခံနိုင်တော့ဘူး ထင်ပါရဲ့။ သူ့ကိုလမ်းခွဲသွားလေရဲ့။
အဲ့ဒီကျတော့မှ မှားပါပြီ ဆိုပြီး ၀မ်းနည်းနေခဲ့တယ်လေ။ ဒါလည်း အချစ်အပေါ် နားလည်မှုလွဲခဲ့လို့ပါပဲ။


ကဲ ခင်ဗျားတို့ရော အချစ်ပေါ် နားလည်မှုရှိကြပြီလား။ မရှိသေးရင် နားလည်အောင်ကြိုးစားထားနော်။
မဟုတ်ရင် ကျွန်တော့် သူငယ်ချင်းလို ဖြစ်သွားလိမ့်မယ်။ အားလုံး ကိုယ့်ချစ်သူနဲ့ အဆင်ပြေနိုင်ပါစေဗျား။

Peace
လင်း

Tuesday, July 28, 2009

အသက်တွေကြီးရင်ရော

ဒါကတော့ သူငယ်ချင်းတစ်ယောက် မေးလ်ထဲကနေပေးတာပါ... ဘယ်သူရေးမှန်းတော့မသိပါဘူး...

"အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်"
အဘွားကြီးသည် အိပ်ရာပေါ်မှ အနံ့ထောင်းထောင်းထနေသော ရေကွက်ကွက်ကို
စိတ်မသက်မသာဖြင့် ကြည့်လိုက်လေသည်။
"တနေ့တနေ့ သူ့အတွက် လျှော်ရဖွတ်ရ။ ကိုယ်ကလည်း သိပ်နေကောင်းလှတာ မဟုတ်။
အခုလည်း ဘယ်ရောက်သွားပြန်လဲ မသိ။"
တဖြစ်တောက်တောက် ပြောနေစဉ် အိမ်ရှေ့မှ ကလေးတစ်ယောက် အော်သွားသံ ကို
ကြားလိုက်ရသည်။
"ဘွားလေးရေ အဘိုး သစ်ပင်တက်နေတယ်ဗျို့"
"ဟင်.. ဘုရား ဘုရား"
ကပျာကယာ ထွက်ကြည့်လိုက်တော့ ခြံထဲတွင် အဘိုးကြီးသည် လက်ကလေး နောက်ပစ်ကာ
မသိသလို ရပ်နေလေသည်။
"ရှင်.. ရှင်.. သစ်ပင်ပေါ် တက်တယ်ဆို"
အဘိုးကြီးက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။
"အဲဒါတွေ စိတ်ညစ်ရတာပေါ့ အဖေကြီးရေ။ ရှင့်ကိုရှင် ကာလသားလေး မှတ်နေလား။
လေဖြတ်ထားလို့ မသန်မမာ ဖြစ်နေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ သစ်ပင်ပေါ်
ဘာသွားလုပ်ရတာလဲ။ သားသမီးတွေက တယောက်မှ အနားမှာ မရှိဘူး။ ကျွန်မလည်း
ရှင့်ကို မျက်စိဒေါက်ထောက် ကြည့်မနေနိုင်ဘူး။"
အဘွားကြီးသည် ပြောရင်း ဒေါသသံပါလာသည်။
အဘိုးကြီးထံမှ စကားသံ မပီမသ ထွက်လာသည်။
"မင်းအတွက်ပါ"
"ဘာလဲ ကျွန်မအတွက်"
အဘိုးကြီးသည် နောက်ပစ်ထားသော လက်ကို ရှေ့သို့ ထုတ်လိုက်သည်။
ကံ့ကော်ပန်းကလေး သုံးလေးခက် ဖြစ်လေသည်။

တဆင့်ဖော်ပြသူ
Peace
လင်း

အိမ်မက်ဆိုး ဖြစ်ပါစေ.........

ဒီအကြောင်းအရာလေးက ရေးခဲ့တာကြာပါပြီ.... အခုတော့ ဘလော့ မှာတင်ဖြစ်တာပေါ့.. ဖတ်ကြည့်ပါဦး


ဤရွာလေးမှာ....ညနေအလုပ်ဆင်းချိန်ဆိုဆူညံလို့ပေါ့..ကလေးတွေ
ပြေးလွှားဆော့ကစားရင်း
အော်ဟစ်နေတဲ့အသံတွေ၊လူကြီးတွေရဲ့စိတ်ပူလို့အော်ဟစ်နေသံတွေ စုံလို့ပါပဲ
ဘာပဲပြောပြော အားလုံးကိုခြုံငုံကြည့်ရင် သူ့အရပ်နဲ့သူ့ဓလေ့ပျော်ရွှင်ဖွယ်ကောင်းတဲ့
ရွာလေးပါပဲ.. ဒီလိုပျော်ရွှင်စရာကောင်းတဲ့ရွာလေးကိုခင်တွယ်တဲ့ရွာသူရွာသားတွေ
အတွက်စိတ်ပူပင်စရာဆိုလို့ဘာမှမရှိမှာတော့အသေအချာပါပဲ...
သို့ပေသော်လည်း ကံကြမ္မာဆိုတာကြိုတင်ပြောလို့မရတဲ့သဘောတရားကြီးတစ်ခုဆိုတဲ့အတိုင်း
ဒီလိုပျော်ရွှင်ဖွယ်ကောင်းတဲ့ရွာလေးကို မမျှော်လင့်တဲ့ကံကြမ္မာဆိုးကြီးကဝင်ရောက်လာလိမ့်မယ်လို့
ဘယ်သူကကြိုတင်သိခဲ့မှာလည်း..သိခဲ့ရင်တောင်မှ ကြုံရမဲ့ကံပါလာရင်ဘယ်လိုမှရှောင်လွှဲလို့မရဘူး
ဆိုတဲ့သဘောတရားကိုဗုဒ္ဓဘာသာလူမျိုးတိုင်းရဲ့ရင်ထဲမှာရှိပါတယ်...
ဒီလိုပေါ့လေ ရှောင်လွှဲလို့မရတဲ့ကံကြမ္မာကို ၂၀၀၈ ခုနှစ်မေလရဲ့နေ့တစ်နေ့မှာဤရွာလေးလည်းပဲ
ခံစားခဲ့ရပြီလေ.. “နာဂစ်” ဒီလိုနာမည်နဲ့ လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို လွယ်လွယ်လေး
ဖျက်ဆီးသွားတယ်လေ... တိတ်ဆိတ်နေတဲ့ညရဲ့မှောင်မည်းမှုကိုအခွင့်ကောင်းယူပြီး
လုပ်သွားရက်တယ်ဗျာ.... ရွာလေးဆိုတာဘယ်ခံနိုင်မှာလည်း..မြို့ကြီးတွေတောင်မခံနိုင်တာ
ရွာလေးခမျာ ရေတွေရဲ့လွှမ်းမိုးမှုကိုအံကြိတ်ရင်းအောင့်ခံနေပေမဲ့ ကြာကြာမခံနိုင်ပါဘူး
နောက်ဆုံးတစ်ရွာလုံးရေအောက်ကိုစုံးစုံးမြုပ် သွားရရှာတယ်လေ... ကလေးတွေရဲ့ကစားသံအစား
ငိုကြွေးသံတွေ.. ကယ်ပါယူပါတစာစာအော်ဟစ်သံတွေကိုပဲကြားရတာပေါ့...
သြော်လုပ်ရက်လေခြင်း“နာဂစ်” ရယ်... အပြစ်မဲ့တဲ့ကလေးငယ်တွေကိုတောင်ချမ်းသာမပေးပါလား
မိဘတွေရဲ့ စိတ်ပူလို့အော်ဟစ်သံတွေဟာ အရင်ထက်နှစ်ဆပိုလို့ကျယ်လောင်နေတယ်လို့တောင်
ထင်နေရပါပကော...ဒီလိုနဲ့ပဲ “နာဂစ်” ရဲ့လက်ချက်နဲ့အပြစ်မဲ့တဲ့ကလေးငယ်တွေရဲ့အော်ဟစ်သံတွေ
မိဘတွေရဲ့အော်ဟစ်သံတွေဟာ တိတ်ဆိတ်သွားတော့မှ နာဂစ် ကသူလမ်းသူဆက်သွားနေလေရဲ့
မိုးလင်းလို့ကြည့်လိုက်တော့... အရင်ကအသံတွေနဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ရွာလေးဟာ
“နာဂစ်” ကြောင့်အသက်ရှူ သံသဲ့သဲ့မျှမကြားရတော့ပါလား..........ဆိုးလွန်းပါတယ်နာဂစ်ရယ်...






နာဂစ်ကြောင့်သေဆုံးသွားသောသူများအတွက်ဝမ်းနည်းစွာဖြင့်ရေးပါသည်။
Peace
လင်း

မြို့ကလေး

မနက်ခင်းအလင်းရောင်နဲ့အတူ လူတွေရဲ့ လှုပ်ရှားသွားလာသံ၊ ဈေးသည်တွေရဲ့ ရောင်းဝယ်နေသံ၊
ရဟန်းတော်များရဲ့ အာရုံဆွမ်းခံပြီး ရာမှ ကျောင်းသို့ ဦးတည် ပြန်ကြွနေဟန် ဒါတွေဟာမြို့လေးရဲ့
ပြယုဂ်ပါပဲ။ ထိုအသံတွေနဲ့အတူ မြို့လေးကလည်း သက်ဝင်လှုပ်ရှားလို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်
သူ လူပုဂ္ဂိုလ်၊ ရဟန်း တို့ရဲ့ လှုပ်ရှားသွားလာနေပုံကို ကြည့်လို့ သဘောကျနေပုံပါပဲ။

မြို့လေးရဲ့ ပတ်လည်မှာလည်း တောင်တန်းတွေ ၀န်းရံလို့၊ တောတွေက အုပ်မှိုင်းလို့ သာယာမှုကတော့
ပြောစရာမရှိပေါ့။ နေထိုင်သူတွေကလည်း အရမ်းပဲ ချစ်ဖို့ကောင်းတဲ့ မြို့လေးကို ချစ်ကြလေရဲ့။
မြို့လေးမှာ စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်းကန် တွေကလည်း များလှဘိတောင်း။ မြို့လေးရဲ့ ဘယ်နေရာက
ကြည့်ကြည့် မြင်ရတဲ့ မြသပိတ်လို့ခေါ်တဲ့ တောင်ကြီးပေါ်က မြသပိတ်စေတီတော်မြတ်ကလည်း လူတွေရဲ့
စိတ်တွေကို အချိန်တိုင်း အေးချမ်းမှုပေးနေပုံပါပဲ။ ထို့အတူ ဘုရားငါးဆူလို့အမည်တွင်တဲ့ စေတီငါးဆူရှိရာ
နေရာကလည်း ဘုရားရိပ်၊ တရားရိပ်ပေမို့လားမသိ အေးချမ်းလှတယ်။ မြို့ကလေးရဲ့ ဈေး ဆူညံ့လို့ပေါ့။
ဒါပေမဲ့ အားလုံးကတော့ ပျော်ရွှင်စွာပဲ ရောင်းဝယ်နေကြလေရဲ့။ မြို့ကလေးရဲ့ အစပ်၊ မြို့အ၀င် နဲ့ အထွက်
မှာလည်း စိမ်းလန်းတဲ့ လယ်ကွင်းတွေနဲ့ လယ်ကွင်းတွေပေါ်ကို ဖြတ်သန်းသွားတဲ့လေပြေ၊ လေညှင်း ကလည်း
ရနိုင်ခဲ့ပါဘိတဲ့ မြင်ကွင်းနဲ့ စိတ်ခံစားမှု။ သာယာကြည်နူးစရာလေးပေါ့။

မြို့လေးကလည်း မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ စတင်ထွန်းကားရာအရပ်လို့ ဆိုတာနဲ့ အညီ ဘုရားရိပ်၊ ကျောင်းရိပ်
ကပေါများလှတယ်။ ရဟန်းတော်တွေကလည်း ပေါများလှပြီး ဘုရား၏ တပည့်သားမြေး ပီပီ တရားအားထုတ်
အေးငြိမ်းမှုကို ရှာနေကြလေရဲ့။ ရဟန်းတော်များကလည်း ရဟန်းအလျှောက် ပရိယတ္တိ၊ပဋိပတ္ထိ အားထုတ်နေကြ
သလိုပဲ လူများကလည်း လူအလျှောက် ဥပုသ် သီလ စောင့်တည်ပြီး ဒါနကုသိုလ်တွေ လှိုင်လှိုင် ပြုနေကြတယ်။
သံသရာကို ကူးဖြတ်ဖို့ အထုတ်ပြင်ဆင်နေကြခြင်းထင်ရဲ့။

အားလုံးကို ခြုံကြည့်ရင်တော့ မြို့ကလေးက အေးချမ်းသာယာပြီး ဘုရား၊ တရား၊ နှင့် ပျော်ရွှင်ဖို့ကောင်းလေရဲ့။
ဒီမြို့ကလေးကို ခွဲခွာသွားကြသူတွေရှိသလို၊ ထပ်ပြီး ရောက်လာသူတွေကလည်းများ မြို့လေးကတော့
လာသူကိုကြည့်ပြီး ပျော်ရွှင်သလို ခွဲခွာသွားသူကို ကြည့်ပြီး ၀မ်းနည်းနေလေရဲ့။ မြို့မှာ နေသူတွေကလည်း
တယောက်ကို တယောက် အားပေးကူညီပြီး စည်းလုံးကြတယ်။ မြို့ကလေးရဲ့ ထုံးစံအတိုင်း လာသူတိုင်းကို
ပျော်ရွှင်နေစေတယ်လေ။ သဘာဝရဲ့ အငွေ့အသက်၊ စိမ်းလန်းတဲ့ မြင်ကွင်းတွေနဲ့ မြို့ကလေးကို ဘယ်တော့မှ
မမေ့နိုင်တော့ဘူး။ အမြဲတမ်း ရင်ထဲမှာ ရှိနေလိမ့်မယ်။ မြို့ကလေးလည်း မပြောင်းလဲပဲရှိနေမှာပါ။ ကျွန်တော်
ကတော့ မြို့ကလေးကို အရမ်းပဲချစ်ခင်တွယ်တာတယ်။ တနေ့နေ့တော့ အရောက်ပြန်သွားပြီး နေထိုင်မှာပါ။
ဘယ်တော့မှ မေ့မရတဲ့ ကျွန်တော့်ရဲ့ ဇာတိချက်ကြွေ မြို့ကလေးပေါ့။

Peace
လင်း