စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Saturday, November 28, 2009

ကျွန်တော်နှင့် တစ်ဘ၀သာသနာများ

ခေါင်းစဉ်ကို ကြည့်ပြီး မေ၀၀ါးသွားပါနဲ့ဗျာ။ ခေါင်းစဉ်က ကျွန်တော်နှင့် တစ်ဘ၀သာသနာများလို့ပေးထားတယ်။ အဓိပ္ပါယ်ကို ဖွင့်ဆိုရရင်တော့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တွေဖြစ်တဲ့ ဆရာတော်ကြီးများရဲ့ တစ်ဘ၀သာသနာ စာအုပ်တွေ ဖတ်နေချိန်များမှာ ခံစားမိခဲ့ရတဲ့ ခံစားချက်လေးတွေ နဲ့ပတ်သတ်တာကို ပြောချင်တာလို့ပဲ ဆိုရပါမယ်။ အခုလည်း တစ်ဘ၀သာသနာ စာအုပ်များ ဖတ်နေချိန်တုံးက ခံစားခဲ့ရတဲ့ ခံစားမှုကို ရေးပါမယ်။

ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ တစ်ဘ၀သာသနာ စာအုပ်တွေက အများကြီးမဟုတ်ပါဘူး။ နှစ်အုပ်ပါပဲ။ အရေအတွက်အရ နည်းပါးပါတယ်။ သို့ပေသော်လည်း အရည်အချင်းအနေနဲ့ကတော့ ပြောလို့မကုန် ရှင်းလို့မကုန်အောင်ကိုပဲ များပြားစွာ ကျွန်တော်ရရှိခဲ့ပါတယ်။ အပေါ်ကပြောခဲ့တဲ့ တစ်ဘ၀သာသနာ စာအုပ်ကြီး နှစ်အုပ်ကတော့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဏိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ တစ်ဘ၀သာသနာ နှင့် အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဏိတ ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာ စာအုပ်တို့ပါပဲ။ ထိုစာအုပ် နှစ်အုပ်စလုံးကို ရေးသားပြုစုခဲ့သည့် ဆရာတော်မှာ မိုးကုတ်ဝိပဿနာ ကမ္မဌာနစရိယ ဆရာတော် ဆရာတော် ဦးဃောသိတ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ထိုရေးသားပြုစုသည့် ဆရာတော် ဦးဃောသိတလည်းပဲ ခန္ဓာဝန်ချသွားပြီ ဖြစ်ပါတယ်။ ဤနေရာမှာ ခန္ဓာဝန်ချသည်ဆိုသည်ကိုလည်း ရှင်းပြပါဦးမယ်။ မသိသည့်သူများ အနေနှင့်သိအောင်ပါ။ ခန္ဓာဝန်ချသည်ဆိုသည့် စကားလုံးမှာ မိုကုတ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်အခါ ကျန်ရစ်သည့် ဒကာ၊ ဒကာမများနှင့် ရဟန်းတော်များမှ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရားများကို ဟောပြောပြသသွားသည် ထို့ကြောင့် သာမန်ပုဂ္ဂိုလ်မဖြစ်နိုင်ဟု ယူဆကြပါသည်။ ထို့ကြောင့်လည်း ပျံလွန်တော်မူသည့် စကားလုံးဖြင့် မသုံးလိုပါ ထို့အတူ ပရိနိဗ္ဗာန်ပြုသည်ဟု သုံးလျှင်လည်း မကျေနပ်သည့် သူများရှိပါမည်ဆိုပြီး ထို ခန္ဓာဝန်ချသည်ဆိုသည့် စကားလုံးအသစ်ကို သုံးကြခြင်းဖြစ်သည်။ အဓိပ္ပါယ်ကတော့ ယခုဘ၀ခန္ဓာကိုယ်ကြီးကို ထားခဲ့ပြီး နောက်ခန္ဓာမရတော့ဟုသာ ဆိုရပါမည်။ ယခုအခါမှာတော့ တော်တော်များများ မဂ္ဂဇင်းများမှာ ထိုခန္ဓာဝန်ချသည်ဆိုသည့် အသုံးကို မသိ၍ပဲလား သိ၍ပဲလားမသိ သုံးနေတာကို ကျွန်တော်တွေ့ရပါတယ်။ သို့သော် စကားလုံးသည် စကားလုံးသာဖြစ်၍ အကျင့်နှင့်မသက်ဆိုင်၍ မည်သို့သုံးသုံး အဓိကကတော့ အကျင့်သီလသာ ပဓာနဖြစ်ပါတယ်။ ကျွန်တော် ဆရာတော် ဦးဃောသိတကို ခန္ဓာဝန်ချသည်ဟု သုံးသည်ကလည်းပဲ ဆရာတော်၏ ရုပ်ကလာပ်တော်အား မီးသဂြိင်္ုလ်ပြီးနောက် ဓာတ်တော်များ ကျန်ရစ်သောကြောင့် သုံးခြင်းဖြစ်ပါသည်။ ထိုသို့သုံးသည်ကို မကျေနပ်သည်ရှိသော် ကိုယ်သိသည့် စကားလုံး ကိုယ်ကြိုက်သည့် စကားလုံးနှင့်သာ နားလည်ပေးကြပါလို့ပြောလိုပါတယ်။

ကျွန်တော် ဆရာတော်ဘုရားကြီး နှစ်ပါး၏ တစ်ဘ၀သာသနာများကို ဖတ်သည့်အခါ တစ်ချို့နေရာများတွင် ကြည်နူးခြင်း၊ တစ်ချို့နေရာများတွင် ပျော်ရွှင်ခြင်း၊ တစ်ချို့နေရာများတွင် ၀မ်းနည်းခြင်းစသည့် ခံစားချက်များကို ခံစားခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဆရာတော် အရှင်ဇနကာဘိဝံသ၏ တစ်ဘ၀သာသနာကို ဖတ်သည့်အခါ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်များ စည်းလုံးညီညွတ်ကြခြင်း၊ ၀ိနည်းကို အတိအကျလိုက်နာကျခြင်း၊ အကျင့်သီလ လုံခြုံကြခြင်း စသည်ကို ဖတ်ရူပြီး ၀မ်းသာခြင်း ကိုခံစားရပါတယ်။ မဟာဂန္ဓာရုံကျောင်းတိုက်၏ သာယာပုံ သန့်ရှင်းပုံ နိုင်ငံတကာမှ လာရောက်လေ့လာရသည် အထိ သန့်ရှင်း သပ်ရပ်ပုံကို ဖတ်ပြီး သာသနာတော်နှင့် သံဃာတော်များရဲ့ စွမ်းဆောင်ပုံတွေကို ကြည်နူးပြီး ဖတ်နေရင်းနဲ့ပဲ ပြုံးမိသည်တောင် ရှိခဲ့ပါတယ်။ စာထဲမှာပါသည့် ဆရာတော်၏ သြ၀ါဒပေးသည်များကို ဖတ်ရင်းနဲ့လည်းပဲ ကျွန်တော်ပါ သြ၀ါဒပေးနေသည့် အချိန်တွင် ထိုနေရာတွင် ရှိနေသည့် သယောင် ခံစားလာရပါတယ်။ ထို့နောက် နောက်ဆုံး ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့် အချိန်တွင် ဆရာဝန်များနှင့် သံဃာတော်များ ၀မ်းနည်းပူဆွေးစွာ ငိုသည်ကို ရေးသားရာတွင်လည်း ဖတ်နေရင်းပင် မျက်ရည်များဝဲ သည်အထိဖြစ်လာပါတယ်။ ထိုနောက်ဖတ်နေရင်းပင် စိတ်ထဲမှလည်း သေမင်းရယ် လုပ်ရက်လေခြင်းလို့ တွေးမိပါတယ်။ ထို့နောက် ဆရာတော် ကျောင်းမှသံဃာများအား ဆွမ်းကပ်သည့် ဒကာဒကာမ ကဆွမ်းစားပြီးလျှင်အနုမောဒနာအတွက် လာရောက်လျှောက်ထားပုံကိုရေးထားတာက
အလှူရှင်များ။ ။ ဒီကနေ့မနက် ဆွမ်းအနုမောဒနာတရားနဲ့ ရေစက်ချ အမျှဝေမှုကိစ္စကို ခါတိုင်းလို ဆွမ်းစားကျောင်းကြီး အပေါ်ထပ်မှာ မဟုတ်ဘဲ ဆရာတော်ဘုရားကြီး ရုပ်အလောင်းထားရာ စံကျောင်းသိမ်ကြီးပေါ်မှာ ချီးမြှင့်စေလိုပါတယ်ဘုရား။
ထိုအခါ ကျောင်းရဲ့ နာယက ဆရာတော်က
နာယကဆရာတော်။ ။ တခြားရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ခွင့်လွှတ်လိုက်လျော နိုင်ပါတယ်။ ရည်ရွယ်ချက်တစ်မျိုးမျိုးပါတယ်ဆိုရင်တော့ ဘုန်းကြီးတို့ ဆရာတော်အတွက် မလိုအပ်လို့ အပိုပါပဲ။
အလှူရှင်များ။ ။ တင်ပါ့ဘုရား ကျေနပ်ပါတယ်၊ ဒီလိုဆိုရင်လဲ အစဉ်အလာမဖျက်ဘဲ ခါတိုင်းလိုပဲ ဆွမ်းစားကျောင်းကြီး အပေါ်မှာ ဆောင်ရွက်ချီးမြှင့်ပေးပါဘုရား ဆိုပြီးပြောခဲ့တယ်။
အဓိပ္ပါယ်ကတော့ ဆရာတော်ဘုရားကြီး အတွက်ဆွမ်းသွပ်အမျှဝေဖို့အတွက် ရုပ်အလောင်းထားရာ နေရာမှာ ဆွမ်းအနုမောဒနာ လုပ်ပါလို့ပြောတာပါ။ နာယကဆရာတော်ကလဲ ဆရာတော်ဘုရားကြီး ဆရာတော်ဘုရားကြီး အတွက် ထိုသို့ပြုလုပ်ရန်မလိုပါလို့ ပြန်ပြောလိုက်ခြင်းပါ။ ဘာကြောင့်လည်း ဆိုတော့ ဆရာတော် အရှင်ဇနကာဘိဝံသက သက်ရှင်ထင်ရှားရှိစဉ်ကလည်း ပြောခဲ့ဖူးသည့် စကားရှိခဲ့ပါတယ်။ ကြိုတင်မှုဆိုတာ အရာရာမှာ ရှိရတယ်၊ စားဝတ်နေရေးအတွက် အသိဉာဏ်မြင့်မားရေးအတွက် ဘ၀အဆင့်အတန်း မနိမ့်ရေးအတွက် နောက်ဆုံးသေဖို့ အတွက်ပါ ကြိုတင်ပြင်ဆင်မှုရှိရတယ်။ သေပြီးတဲ့ နောက် သံသရာအတွက်လဲ ခုနှယ်က ပြင်ထားရတယ်၊ ဘုန်းကြီးကတော့ ပြင်ထားတာပဲ၊ သေခါမှ ဆွမ်းသွတ်ပြီး သူများက ပေးတဲ့အမျှကို အားကိုးမနေဘူး၊ အဲဒါက မသေချာဘူး၊ ကိုယ့်ဘာသာကိုယ် လုံလောက်အောင် ကြိုတင်ဆည်းပူးထားတာက သေချာတယ် လို့ပြောခဲ့တယ်။ အဲဒီအတွက်လဲ သံဃာဆိုတာ ဒါမျိုးမှလို့ ပြောနေသလိုပဲ စိတ်ထဲမှာ ကြည်ညိုမိတယ်။ အဓိကကတော့ ပျံလွန်တော်မူတဲ့ အခန်းမှာ စိတ်ထဲမှာ ဆုံးရှုံးမှုကြီး တစ်ခုကိုရင်ထဲမှာ ဆို့နေအောင်ခံစားလိုက်ရတယ်။ ဒါတောင်ကျွန်တော်နဲ့ဆို နှစ်ပေါင်းမြောက်မြားစွာ ဝေးကွာပါတယ်။ အပြင်မှာလဲ မသိမမြင်ဘူးပေမဲ့ စာထဲက တကယ့်ဘ၀ကို တွေ့တာနဲ့တင် ကြည်ညိုမိပြီး ခံစားမိတာပါ။

နောက်တစ်ခုက မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တစ်ဘ၀သာသနာစာအုပ်ပါပဲ။ အဲဒီစာအုပ်ကတော့ ကျွန်တော့်ဘ၀အတွက် တရားကို ပထမဆုံးလေ့လာဖို့ သိခြင်လာဖို့ အများကြီး တွန်းအားပေးခဲ့တဲ့ စာအုပ်ပါ။ အဲ့ဒီစာအုပ်ကို ဘယ်နှစ်ကြိမ်ဖတ်ဖတ် ရိုးသည်လဲ မရှိပါဘူး။ ထပ်ထပ်ပြီး ဖတ်ချင်တဲ့ စိတ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင်တော့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တစ်ဘ၀သာသနာစာအုပ်ထဲမှာ တရားသားတွေများလို့ပါပဲ။ စာအုပ်ရေးသာသူ ဆရာတော် ဦးဃောသိတ ကိုယ်တိုင်က ထိုစာအုပ်ကိုရေးသားဖို့ ပြင်ဆင်သည့် အခါ ဆရာတော်ဘုရားကြီး၏ အကြောင်းကို ရေးလျှင် ကိုယ်တိုင်တရားအားထုတ်ပြီးမှ ရေးဖို့ဖြစ်နိုင်မယ်ဆိုပြီး ကိုယ်တိုင်တရားအားထုတ်ပြီးမှ ရေးခဲ့တာကိုး။ တကယ်လဲ ဆရာတော်ဘုရားကြီးရဲ့ တရားတွေက ခန္ဓာဉာဏ်ရောက်တရားတွေ ဖြစ်နေတာကိုး။ ဒါကြောင့် ထိုစာအုပ်ကို ဖတ်တိုင်းလည်း တရားအသိတွေ ပိုပိုပြီး တိုးပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ တစ်ဘ၀သာသနာကိုဖတ်ပြီး ဒါန၊ သီလ၊ ဘာဝနာလောက်နဲ့ ကျေနပ်မနေဖို့၊ သံသရာကြီးလည်နေပုံ တစ်သံသရာလုံး အ၀ိဇ္ဇာရဲ့ အုပ်ချုပ်မှုနဲ့ နေလာရပုံတွေကို သိရပါတယ်။ အဲဒီကနေမှ တဖြည်းဖြည်း သိချင်စိတ်တွေပိုတိုးတိုးလာရင်းနဲ့ ဆရာတော်ဘုရားကြီး တရားတွေကိုနာဖြစ်လာရတော့တယ်။ အဓိက ကျေးဇူးရှိသူကတော့ ကျွန်တော့်ရဲ့ အဖေပါပဲ။ အဖေရဲ့ ကျေးဇူးနဲ့ ဆရာတော် ဘုရားကြီးရဲ့ တစ်ဘ၀သာသနာကို ဖတ်မိပြီး အဖေ့ဆီမှာ ရှိတဲ့ တရားခွေတွေအပြင် မိုးကုတ်ဝိပဿနာ ဌာနချုပ်ကနေ ဓမ္မဒါနပြုတာတွေကိုပါ နာရ၊ စာအုပ်တွေ အဖြစ်အသွင်ပြောင်းထားတာတွေကို ဖတ်ရနဲ့ အသိတိုးပါတယ်။ ဒါထက်ပိုပြီးကတော့ ကိုယ်သိသလောက်လေးကို မသိတဲ့ လူတွေကို ပြန်ရှင်းပြရ ပြန်ပြောပြရတာတွေ ပြီးတော့ ရှိတဲ့ အခွေတွေကို ကူးပြီး တဆင့်ပြန်လည် ဖြန့်ဝေခြင်း ဓမ္မဒါနကိုပါ ပြုနိုင်တဲ့ အတွက် အဖေ့ကျေးဇူးတွေက မွေးကျေးဇူး ကျွေးကျေးဇူး ထက်ကိုပိုများပါတော့တယ်။ ဒီတစ်ဘ၀သာသနာစာအုပ်ကတော့ ကျွန်တော့ကို အများကြီး ပြောင်းလဲတဲ့ စာအုပ်လည်းဖြစ်တယ်။ အစက မှားယွင်းစွာယူထားတဲ့ အယူမှားတွေကိုလဲ မှားမှန်းသိအောင် ပြုခဲ့တယ်။ ကျေးဇူးရှင်ပါပဲ။ မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားပြီး ဓာတ်တော်တွေ ကျန်ရစ်ခဲ့တာကို သိရတော့လဲ ကျွန်တော်အရင်က ထင်ထားတဲ့ သြော်ဒီခေတ်ကြီးမှာ ရဟန္တာတွေ ရှိသေးရဲ့လား ဆိုတဲ့ အတွေးကိုလဲ ဖျောက်ပစ်လိုက်နိုင်ပါတယ်။ နောက်ထပ် ယခုမျက်မှောက်မှာကို မိုးကုတ်ဝိပဿနာ ရိပ်သာများမှာ ယောဂီများ သေသည့်အခါ လက်ယာနံတောင်နဲ့ ပြုံးပြုံးလေးတွေ သေနေတာကို တွေ့ရတော့လဲ တရားတွေဟာ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါလားဆိုပြီး ပိုပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ရတယ်။ ဒါကြောင့် ကျွန်တော်ထိုစာအုပ်ကို ခဏခဏပြန်ပြန်ဖတ်ဖြစ်ပါတယ်။ ဖတ်တိုင်းလဲ ပိုပိုပြီး တရားအသိတွေတိုးရ တယ်။ ဟိုတစ်လောက ထိုတစ်ဘ၀သာသနာစာအုပ်များကို ပြုစုခဲ့သည့် ဆရာတော် ဦးဃောသိတ ခန္ဓာဝန်ချသွားပြီဆိုတော့လဲ တွေးမိပါတယ် သြော် သာသနာမှာ နေလိုလလို ထွန်းလင်းခဲ့တဲ့ ဆရာတော်နှစ်ယောက်ရဲ့ တစ်ဘ၀သာသနာကို ရေးတဲ့ ဆရာတော်တော့ ခန္ဓာဝန်ချသွားပြီ ထိုဆရာတော်ရဲ့ တစ်ဘ၀သာသနာကိုကော ဘယ်သူရေးဦးမလဲလို့လေ။

လင်းငယ်

ခရီးလမ်း

အရင်ပို့စ်တုန်းက တောင်ခြေကို ဆိုင်ကယ်နဲ့ ပြန်ရောက်လာပြီးတော့ တောင်ခြေက ထမင်းစား ကော်ဖီသောက်လုပ်ပြီးတဲ့ ဆိုင်မှာပဲ အစ်ကိုဝမ်းကွဲတွေပါလာတဲ့ ဆိုင်ကယ်ကို အပ်ပြီး တောင်ပေါ်ကို တတ်ဖို့ လုပ်ကြတော့တာပေါ့။ တချို့သူငယ်ချင်းတွေကလဲ မတတ်ခြင်းသေးဘူး။ အဲ့ဒီနေ့က စနေနေ့ဆိုတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ လာနေတော့ သူတို့လည်း လက်မလွှတ်နိုင်ကြဘူးထင်ပါရဲ့။ ဒါပေမဲ့ ကျွန်တော်တို့ကလဲ ခွင့်မပြုနိုင်ဘူးလေ။ ဘာလို့လည်းဆိုတော့ အဲ့ဒီလူအားလုံးအတွက် ကျွန်တော်က စပွန်ဆာပေးထားတာကိုး။ တောင်ခြေမှာဒီလူအားလုံး ညအိပ်ရင် မလွယ်ကျောလေ။ နောက်တစ်ခုက အချိန်တစ်ရက်နောက်ကျသွားလို့ တစ်ရက်တောင်ပေါ်ရောက်တာနောက်ကျရင် ကျွန်တော်တို့ တောင်ပေါ်မှာ နေရတဲ့ အချိန်နည်းသွားမှာကိုး။ ဒါနဲ့ အားလုံးကို လုပ်ကြလုပ်ကြဆိုပြီး တတ်ခဲ့ကြတယ်။ အဲ့ဒီမှာ အရေးကြီးတဲ့ တစ်ခုကုန်နေတာတွေ့တယ်။ ဘာလည်းဆိုတော့ ကျွန်တော်တို့ရဲ့ အားဆေးလို့ ပြောလို့ရတဲ့ ကွမ်းယာပဲ။ ကံကကောင်းချင်တော့ ကျွန်တော့် အစ်ကိုဝမ်းကွဲတွေက ကွမ်းယာကို ကျောပိုးအိတ် တစ်လုံးအပြည့် ၀ယ်လာတယ်ဗျာ။ ဒါနဲ့ပဲ ဒီကိစ္စလေးကလည်း အဆင်တသင့်နဲ့ ပြေလည်သွားတယ်။ ဒါနဲ့ တောင်ပေါ်စတတ်ကြရော။ သိကြတဲ့ အတိုင်း တောင်ပေါ်စစတတ်ခြင်းက တောင်ခြေနားက ရွာလေးတွေကိုဖြတ်သွားရတယ်လေ။ မီးမရှိဘာမရှိနဲ့ နေရာလေးတွေပါ။ အဲ့ဒီနေရာလေးတွေကို ဖြတ်တဲ့ အခါသူတို့ကလည်း သူတို့ဖွင့်ထားတဲ့ မီးတုတ်ရောင်းတဲ့ ဆိုင်လေးတွေ၊ တောင်ဝှေးရောင်းတဲ့ ဆိုင်တွေကနေ ၀ယ်သွားပါ ဘာညာနဲ့ ရောင်းပါသေးတယ်။ သူတို့ကိုကြည့်လိုက်တော့ အိပ်ချင်မူးတူးတွေနဲ့။ သြော်တွေးမိပါတယ်။ ၀မ်းရေးဆိုတော့ လူတွေဖြတ်သွားတာနဲ့ သူတို့လဲ ရောင်းရမလားဆိုပြီး ထထပြီး အော်နေရတာကိုးလို့။ ဒါနဲ့ ကျွန်တော်က မီးတုတ်လေးနဲ့ တောင်ဝှေးဝယ်မလို့ သွားတော့ သူငယ်ချင်းတစ်ယောက်က မ၀ယ်နဲ့တဲ့ မီးတုတ်တွေက အလွန်ဆုံးခံ ၁၅ မိနစ်လောက်ပဲ ခံတာတဲ့။ ကျွန်တော်ကလဲ ဘယ်လောက်ပဲ ခံခံ ဓာတ်မီးက နှစ်ချောင်းပဲ ပါတော့ မီးတုတ်ဝယ်ရမှာပဲ ဆိုပြီးဝယ်လိုက်ပါတယ်။ ၀ယ်ပြီးတော့ အစပိုင်းမှာ လူတွေက အားလုံး ၂၂ ယောက်လုံး တူတူတတ်ကြတာပါပဲ။ တတ်တဲ့ အချိန်က ကျွန်တော့်အထင် ည ၁၂ နာရီခွဲထက် မစောဘူးလို့ထင်တယ်။ အစပိုင်းတော့ တူတူတတ်ကြတာပဲ။ ဒီထဲမှာ သရဲကြောက်တဲ့ လူကလဲ ပါသေးတယ်။ ပြီးတော့ တစ်ယောက်ကလုပ်သေးတယ် သူကြားဘူးတယ်တဲ့ ညဘက်တွေမှာ တောင်တတ်လမ်းတချို့နေရာတွေမှာ ဓားပြ တွေရှိတယ်ဆိုပဲ။ ကျွန်တော်ကလည်း ဟာဒီလောက်လူအုပ်ကြီး တိုက်ရဲတဲ့ ကောက်တိုက်ပေါ့။ ဟုတ်တယ်ဟုတ်။ ဒါနဲ့ အားလုံးတူတူ တတ်လာကြတယ်။ ပြီးတော့ ကွမ်းယာတွေကိုလဲ ခွဲဝေယူကြပေါ့လေ။ ပြီးတော့ ကိုယ့်ဝေစုနဲ့ ကိုယ်ပဲ ၀ါးရင်းတတ်နေကြတာပေါ့။ ဒီလိုနဲ့ သွားနေကြရင်း တဖြည်းဖြည်း လူတွေက ကွဲလာတယ်။ လူတွေက မျိုးစုံမဟုတ်လား အမောခံနိုင်တဲ့ လူက ပိုပြီး အရှေ့ရောက်တာပေါ့။ အဲ့ဒီမှာ လူက သုံးဖွဲ့ကွဲသွားတယ်။ အရှေ့ဆုံးမှာက ၄ယောက် ပြီးတော့ အလယ်အဖွဲ့ကျွန်တော်တို့က ၆ ယောက် ကျန်တဲ့လူတွေက နောက်ဆုံးအဖွဲ့ လူကုန်။ နောက်ဆုံးအဖွဲ့မှာက ကျွန်တော့် အစ်ကိုဝမ်းကွဲ တစ်ယောက် ပါတယ် သူက နည်းနည်းဝတော့ အမောမခံနိုင်ဘူးလေ။ သူ့ကို စောင့်ခေါ်ရင်းနဲ့ နောက်က အဖွဲ့က ဝေးပြီးကျန်ခဲ့တာပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့လလည်း နားရင်းတတ်တတ်လာကြတယ်။ တဖြည်းဖြည်းလဲ လူတွေက ပိုဝေးလာကြတယ်။ တောင်ပေါ်ကိုတတ်ရင်းနဲ့ လူတွေအားလုံးလည်း မောလာကြတယ်။ ဆောင်းတွင်းအေးစက်နေတဲ့ အချိန်ကြီးမှာ ကျွန်တော်တို့ လေးယောက်သား အင်္ကျီမကပ်နိုင်ဘူးဖြစ်နေတာပေါ့။ အပေါ်ပိုင်း ကိုယ်တုံးလုံးတွေနဲ့။ လူတွေက ချွေးတွေစို လေက ဖိတိုက် ပူနေရာကနေ အေးလာပြီ အ၀တ်ပြန်ဝတ်။ ဒါနဲ့ကို လုံးလည်ချာလည်လိုက်နေရော။ နောက်ပိုင်းတော့ အအေးက အရမ်းကြမ်းလာတော့ အနွေးထည်ပါ ထပ်ဝတ်ရတဲ့ ဘ၀ရောက်ရော။ ဒီလိုနဲ့ တတ်လာရင်းနဲ့ ည ၃ နာရီလောက်ရောက်တော့ ပင်ပန်းလို့ ဆိုပြီး အရှေ့က အဖွဲက ကျွန်တော်တို့ကို စောင့်ရင်းနဲ့ တစ်နေရာမှာ ထိုင်ခုံတွေတွေ့တော့ ၀င်အိပ်နေကြတယ်။ ကျွန်တော်တို့လဲ သူတို့ဆီရောက်တော့ ခဏနားတဲ့ အနေနဲ့ ၀င်အိပ်ကြတယ်။ လူက ပင်ပန်းတာကလည်း ပင်ပန်း အိပ်ရေးပျက်ထားတာလည်း ပါတော့။ အိပ်ကိုပျော်သွားရော။ နာရီဝက်လောက်ကြာတော့ တေဇာလင်းဆိုတဲ့ သူငယ်ချင်းက နှိုးလို့ ထပြီး မုန့်တွေဘာတွေ အဲ့ဒီနားက လမ်းဆိုင်လေးမှာပဲ ၀ယ်စားလိုက်တယ်။ ပြီးတော့ တေဇာလင်းနဲ့ နောင်နောင်နဲ့က ရန်ဖြစ်နေတယ်ဗျာ။ ဘာလို့တုံးလို့မေးတော့ တေဇာလင်းက အိပ်နေရင်းအေးနေတော့ အနွေးထည်ထ၀တ်တယ်တဲ့။ နောင်နောင်ကလည်း အေးနေလို့ ကွေးနေတာ တေဇာလင်းက နောင်နောင်ကို အနွေးထည်လေးတောင် ယူဝတ်ဖို့ မပြောလို့ အကြင်နာမဲ့ တယ်ဘာညာနဲ့ ပြဿနာဖြစ်တာပဲ။ ပြီးတော့လည်း နောက်နောက်ပြောင်ပြောင်နဲ့ ပြီးသွားတာပါပဲ။ ဒါနဲ့ ဆက်တတ်ကြရင်းနဲ့ လမ်းမှာ ကျွန်တော်တို့လိုပဲ တတ်နေတဲ့ အဖွဲ့နဲ့ တွေ့တယ်။ သူတို့က အန်တီတစ်ယောက်ရယ် ကောင်မလေးသုံးယောက်ရယ်။ တူဝရီးတွေတဲ့။ အဲ့ဒီမှာ အရှေ့အဖွဲနဲ့ စကားလက်ဆုံတွေကျလို့ အိုကေနေပြီ။ ပြီးတော့ တဖြည်းဖြည်း လူတွေကွဲသွားပြန်ရော ကောင်မလေးနှစ်ယောက်နဲ့ အရှေ့အဖွဲနဲ့က ဝေးသွားပြီး ကျွန်တော်တို့ အလယ်အဖွဲ့က အဒေါ်နဲ့ တူမတစ်ယောက်နဲ့ တူတူကျန်ခဲ့တယ်။ နောက်ပိုင်းတော့ ကျွန်တော်တို့ အဖွဲ့က ၂ ယောက်ကပါ နှာခေါင်းရောဂါဖြစ်ပြီး အရှေ့အဖွဲ့နဲ့ ပေါင်းလိုက်တယ်ဗျာ။ ကျွန်တော်တို့ကတော့ အေးဆေးပဲ ဖြေးဖြေးမှန်မှန်တတ်ကြတာပေါ့။ ဒီလိုနဲ့ လမ်းမှာတနေရာရောက်တော့ အဲ့ဒီနေရာက တောတော်တော်လေးထူတယ်ဗျ။ ဘေးနာကနေ ရှီးရှီးရှဲရှဲ အသံတွေကြာရပါရော။ ကျွန်တော်စကြာရတာလေ။ ကျွန်တော်လည်း နောင်နောင်တို့ အောင်ပိုင်တို့ အားလုံးကို ဟေ့ကောင်တွေ အသံကြားတယ်ကွ။ မြွေတွေဘာတွေ တောတိုးတာလား မသိဘူးဆိုပြီးပြောတော့ အားလုံး အဒေါ်ကြီးတွေပါအပါအ၀င် တခါတည်း အနားကိုပြေးကပ်ပြီး လူကို စုသွားကြတယ်။ ကြောက်ပြီး လက်ထဲက ဓာတ်မီးလေးနဲ့ အဒေါ်ကြီးက ထိုးကြည့်တယ်။ အားလုံးမလှုပ်ရဲပဲ စောင့်ကြည်နေကြတယ်။ နောက်ကြာလာတော့မှ သေချာကြည့်တော့ တောင်ပေါ်ကို သွယ်ထားတဲ့ ရေပိုက်လိုင်းက ရေတွေ တင်နေတော့ အသံထွက်နေတာဖြစ်ပါရောလား။ ဒီလိုနဲ့ တတ်လာကြတာ အချိန်က မနက်နေထွက်စ ၆ နာရီလောက်ရောက်လာတော့ ကျွန်တော်တို့ အလယ်အဖွဲ့က တော်တော်လေး နီးကပ်နေပြီ တောင်ပေါ်ရောက်တော့။ နောက်ဆုံးအဖွဲ့ကတော့ အရိပ်အရောင်တောင် မမြင်ရဘူး။ ၆ နာရီခွဲလောက်ရောက်တော့ ကျွန်တော်တို့ အရှေ့အဖွဲ့က အစ်ကိုဝမ်းကွဲ ကိုခိုင်နဲ့ ဆုံတယ်။ သူကကျွန်တော်တို့ကို စောင့်နေတာဆိုပြီး အဖွဲ့နဲ့ တူတူပြန်လိုက်လာတယ်။ သူက တစ်လမ်းလုံးလည်း ကျွန်တော်တို့နဲ့ တွေ့လိုက် ပြီးရင် အရှေ့အဖွဲ့ဆီ ပြန်ရောက်သွားလိုက်နဲ့ မမောတတ်ဘူးဗျာ။ အေးဆေးပဲ တတ်နေတာ။ ပါးစပ်မှာလည်း ကွမ်းတွေစားထားတာ ပေနေရော။ သူက ပါးစပ်ပြဲတော့ ကွမ်းစားထားပြီးရင် နီနေတဲ့ သွားတွေက ရဲပြီး ကြောက်ဖို့ ကောင်းတယ်။ သူနဲ့ ပတ်သတ်ပြီး လမ်းမှာ အားလုံးကြောက်ပြီး အော်ခဲ့တာလေးကိုလည်း ပြောဦးမှ။ အဲ့ဒီနေရာလေးက မှောင်မဲနေတာဗျ လထွက်နေပေမဲ့ အပေါ်က အပင်တွေအုပ်ထားလို့ ဘာမှမမြင်ရဘူး ဒီပြင်အဖွဲ့က အန်တီကြီးကလည်း သူဓာတ်မီးအားကုန်သွားတယ်။ ဒီလိုနဲ့ ကျွန်တော်တို့လည်း အဲ့ဒီနေရာကို ဒီတိုင်းဖြတ်ကြရတာပေါ့။ ဖြတ်နေတုန်းတစ်ဝက်မှာ လမ်းလေးဘေးနားက မီးလင်းနေလို့ လှည့်ကြည့်လိုက်တော့ အားလုံး ကြောက်ပြီး အားဆိုအော်တော့တာပဲ။ ဘာလို့လည်းဆိုတော့ ဘေးနားမှာ မတ်မတ်ကြီးရပ်ပြီး Handphone က မီးလေးနဲ့ စောင့်နေတဲ့ ကိုခိုင်ကို တွေ့လိုက်ရတာကိုး။ သူက ပြီးတော့ ရယ်ပြနေတော့ အားလုံးလန့်သွားတာပေါ့။ စဉ်းစားကြည့်လေ ကွမ်းစားထားလို့ ရဲနေတဲ့ သွားနဲ့ မှောင်နေတဲ့ လမ်းမှာ ဖုန်းရဲ့ မီးမှိန်မှိန်လေးနဲ့ လူကို အမှောင်ထဲမှာတွေလိုက်ရတာကိုး။

ဒါနဲ့ တောင်ပေါ်ကိုဆက်တတ်လာကြတာ ၇ နာရီလောက်ရောက်တော့ ကျွန်တော်တို့ အလယ်အဖွဲ့က ဘိုးဘိုးကြီး နတ်နန်းဆိုလား မသိပါဘူးရောက်တယ်။ လူတော်တော်များများလည်း လင်းနေပြီဆိုတော့ တောင်ပေါ်ကနေပြန်ဆင်းနေကြပါပြီ။ အဲ့ဒီမှာ အဲ့ဒီနတ်နန်းက မိုက်နဲ့ အော်နေတဲ့ အသံကြားရတယ်။ တောင်ပေါ်ပဲ တတ်တတ်တောင်အောက်ပဲ ဆင်းဆင်း ဘိုးဘိုးကြီးကို ဗောင်းတော်လှူမှ ဘေးကင်းတယ်ဘာညာပေါ့လေ။ ပြီးတော့ အတင်းကို လူတွေကို သူတို့ နတ်နန်းထဲ ဆွဲခေါ်ပါရော။ ပါသွားတာပေါ့။ ပြီးတော့ အတင်းကြီးပဲဗျာ ဗောင်းတော်လှူရမယ်တဲ့ ၅၀၀တဲ့။ ပိုက်ဆံတော့ မနှမျောပါဘူး အတင်းကြီး လှူခိုင်းလို့ မလှူဘူးဗျာဆိုပြီး ကျွန်တော်တို့က ထွက်လာကြရော။ အဲ့ဒီမှာ အဲ့ဒီကလူက မင်းတို့ ကောင်တွေမိုက်ရိုင်းတယ်ဘာညာနဲ့ ပြောပါရော။ ပြောလည်း ပြောရော ကိုခိုင်ကနေပြီး ခင်ဗျားတို့က အတင်းကြီး စေတနာမပါပဲ လုပ်ခိုင်းတာကိုး ဘာညာပြောတော့ သူတို့ဘက် က နောက်ထပ် ၅ ယောက်လောက်ပါပြီး ကျွန်တော်တို့ကို ဖိုက်တင် ပလေးတော့မလိုလုပ်လာရော။ ကျွန်တော်တို့ကလည်း လူမနည်းမှမနည်းပဲ အေးဆေးပေါ့။ အဲ့ဒီအချိန်မှာ နောက်ဆုံးအဖွဲ့က ငါးယောက်ထပ်ရောက်လာပါရောဗျာ။ အဲ့ဒီငါးယောက်က အကောင်ကြီးတွေက အကြီးကြီးတွေလေ။ တခါတည်း ဘာဖြစ်တာလည်း ဘာလည်းနဲ့ ၀င်ဖြဲရော။ အဲ့ဒီကျမှ ဟိုဘက်က လူတွေက ဘာမှ မဟုတ်ပါဘူးဆိုပြီး လျော့သွားတာ။ ပြီးတော့ ဆက်ထွက်လာတာ တောင်ခြေ အ၀င်နေရာလေးရှိတယ် အဲ့ဒါလည်း နတ်နန်းပါပဲ တော်တော်လေး ကြီးတယ်။ ဘာဆိုတာတော့ မမှတ်မိဘူး။ အဲ့ဒီဟာက ပိုဆိုးတယ်။ လမ်းကြီးကိုပိတ်ပြီး လူသွားလမ်း သေးသေးလေးပဲ ဖွင့်ထားတယ်။ ပြီးတော့ အဝေးကြီးကတည်းက သူတို့ အလှူခံတဲ့ အသံကို မိုက်နဲ့ ပြောနေလို့ ကြားနေရတာ။ စောစောက အတိုင်းပါပဲ။ ဘေးကင်းအောင် ဘာညာနဲ့ အလှူခံတာ။ လာသမျှလူကို ကန်တော့ ခိုင်းတာလည်း ပါတယ်။ ကျွန်တော်တို့ အဖွဲ့လည်း ကြည့်တာပေါ့ အဲ့ဒီနေရာကို ဖြတ်ရင် ဖိနပ်ချွတ်ဖို့ လိုလားလို့။ သူတို့က ဘာမျှ မရေးထားဘူး။ နောက်ပြီး အရှေ့က ဖြတ်သွားတဲ့ လူတွေ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကို ကြည့်တော့လည်း တစ်ယောက်မှ ဖိနပ်မချွတ်ဘူး။ ဒီတော့ ကျွန်တော်တို့လည်း မချွတ်ဘူးပေါ့။ ဖြတ်သွားကြတယ်။ အဲ့ဒီမှာ နောက်ဆုံးက ဖြတ်တာက ကျွန်တော်။ အဲ့ဒီလိုဖြတ်ပြီးတော့ ဟိုဘက် ထိပ်လည်းရောက်ရော အလှူခံတဲ့ လူက ဟေ့ ဖိနပ်နဲ့ ဖြတ်လို့ မရဘူးဆိုပြီး မိုက်နဲ့ လှမ်းအော်ပါရော။ ကျွန်တော်လည်း တင်းသွားတာပေါ့။ အဲ့ဒါဆို ခင်ဗျားတို့ စာနဲ့ ရေးထားပါလား။ နောက်ပြီး စ၀င်ထဲက ဖိနပ်ချွတ်လို့ ပြောပါလားပေါ့။ သူကမင်းတို့ မသိဘူးလား ဘာညာနဲ့ပြောတယ်။ ကျွန်တော်တို့ကိုလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား ဘာညာနဲ့။ ကျွန်တော်ကလည်း တင်းပြီး ဗုဒ္ဓဘာသာ မှာ အဲ့ဒီလို နတ်မရှိဘူးဆိုပြီး ပြန်ပြောနဲ့။ တော်တော်လေး အခြေအနေက တင်းမာလာရော။ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကလည်း ကျွန်တော့် ဘက်ကနေ ဟုတ်တယ် ခင်ဗျားတို့ စာရေးထားပါလား ဘာလားနဲ့ အကုန်ဝိုင်းပြောတော့မှ ကျွန်တော်တို့ကို မငိးတို့ကို နတ်ကျားကိုက်လိမ့်မယ်ဘာညာနဲ့ ပြောရော။ ကျွန်တော်ကလည်း အဲ့ဒီလို ကိုက်မယ်ဆို ခင်ဗျားနတ်ကျား လာသာကိုက်ခိုင်းဗျာလို့ ပြောလိုက်တယ်။ တောင်ပေါ်က ဆင်းလာတဲ့ လူတွေကလည်း ဆက်မဆင်းပဲ ကျွန်တော်တို့ကို ကြည့်ပြီး ကျွန်တော်အဲ့ဒီလို ပြောလိုက်တာကို သဘောကျပြီး ၀ိုင်းရယ်တယ်။ ပြီးတော့ အဲ့ဒီ လူတွေ အဖွဲ့ကို ၀ိုင်းပြီး ပြောပါလေရော။ ကျွန်တော်ကတော့ လူစွမ်းကောင်းကြီးကို ဖြစ်သွားတာပဲ။ အမှန်ကတော့ သူတို့ အတင်းဝင် ကန်တော့ ခိုင်းတာကို ကျွန်တော်တို့က မကန်တော့လို့ပါ။ နောက်ပြီး အဲ့ဒီ နတ်နန်းအလှူခံတွေက တကယ်တော့ ကန်ထရိုက်ဆွဲထားတာတွေပါဗျာ။ သူတို့ ကိုယ်တိုင် ယုံကြည်လို့ မဟုတ်ဘူး။ ပိုက်ဆံအတွက် အလှူခံနေတာ။ ဒါကို သိလို့ တမင်ကို ကျွန်တော်ကလည်း ပြန်ကို ပြောပြီး ရန်ဖြစ်ခဲ့တာ။ ဒီလို့နဲ့ ကျွန်တော်တို့ တောင်ပေါ်ကို ရောက်ကြတယ် ၇ နာရီခွဲလောက်ရှိပြီထင်တယ်။ အဲ့ဒီကျမှ အရှေ့အဖွဲက ကျွန်တော့ အစ်ကိုဝမ်းကွဲရဲ့ တပည့်တစ်ယောက်က ရင်ပြင်တော်ပေါ်တတ်တဲ့ လမ်းနားက ကားတွေ ဖြတ်တဲ့ ဂိတ်ကနေ စောင့်ပြီး အရှေ့အဖွဲ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ခေါ်သွားတယ်။ အဲ့ဒီ အစ်ကို့ရဲ့ တပည့်က အရမ်းမြန်တယ်ဗျ။ သူက ကျွန်တော့် အစ်ကိုဝမ်းကွဲရဲ့ အ၀တ်အစားအိတ်တွေကိုပါ ယူပြီးတတ်တာတောင် ဘယ်အချိန်ရောက်လည်းမေးတော့ ၅ နာရီခွဲတည်းက ရောက်နေတာတဲ့။ ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ မနက်စားစားကျပြီး နောက်ဆုံးအဖွဲ့ကို စောင့်နေကြတယ်။ နောက်ဆုံးအဖွဲ့ကတော့ လူငယ် ခြေကျတွေကြီးပဲဆိုတော့ ၉ နာရီလောက်မှ ရောက်လာတော့တယ်။ ပြီးတော့ ကျွန်တော်တို့လည်း တည်းခိုခန်းငှားဖို့ ရင်ပြင်တော်ပေါ်တတ်ခဲ့ကြတယ်။ အရမ်းလည်း ပင်ပန်းပြီး အိပ်ချင်နေကြပြီကိုး။

လင်းငယ်

Thursday, November 26, 2009

တောင်ပေါ်သို့

ရန်ကုန်ကနေ အောင်မင်္ဂလာ အဝေးပြေးကားဝင်းထဲကို ညနေ ဘက်ကြီးရောက်သွားတယ်။ ကားလက်မှတ်ကတော့ ကြိုပြီးမှာထားလို့ ရနေပါတယ်။ ဒါနဲ့ ကားလာမဲ့ အချိန်ကိုစောင့်ရင်းနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး တော်ကီတွေပွားကြတယ်။ နောက်တော့ ကားလာခါနီးပြီမို့ ကားဂိတ်ထဲကိုဝင်စောင့်နေတယ်။ ဒီမှာပဲ မုန့်ရောင်းတဲ့ ကလေးမလေးတွေ အများကြီး ကျွန်တော်တို့ အဖွဲ့ဆီကို ကပ်လာကြတယ်။ ဒါနဲ့ ကျွန်တော်တို့ အဖွဲ့က သိပ်မများပါဘူး။ ကားဂိတ်မှာ တူတူသွားမဲ့ သူက အားလုံးပေါင်း ၁၅ ယောက်။ နောက်ပြီး ဖုန်းနဲ့ လှမ်းချိတ်ထားတဲ့ အစ်ကို ၀မ်းကွဲနဲ့ ယောက်ဖတွေက အားလုံးပေါင်း၆ယောက်။ ပြီးတော့ အလုပ်မပြီးသေးလို့ နောက်မှ လိုက်လာမယ်ဆိုတဲ့ လူက တစ်ယောက်နဲ့။ ပေါင်းနှစ်ဆယ့်နှစ်ယောက်ပေါ့ဗျာ။ ကျွန်တော်တို့ဆီကို ကလေးမလေးတွေက ရှုဆေးတွေ၊ မုန့်တွေ၊ ရေဘူးတွေ လာရောင်းတယ်။ ကျွန်တော်တို့လည်း လိုအပ်တာလေးတွေ ၀ယ်ပေါ့လေ။ အဲ့ဒီမှာ အဖွဲ့ထဲက ကိုမဲကြီးက ကောင်မလေးကို ဈေးစစ်နေပါရော။ ဘာဝယ်ဝယ် နည်းနည်းကို လျှော့ခိုင်းပြီး နေတာပဲ။ နောက်တော့လဲ အဆင်ပြေသွားပါတယ်။ ဒီလိုနဲ့ ကားရောက်လာတော့ ကားပေါ်ကို အလုအယက်တတ်ပေါ့လေ။ ကားရဲ့ နောက်ပိုင်း တစ်ခြမ်းလုံးက ကျွန်တော်တို့ အဖွဲ့ကြီးပဲ။ ကျွန်တော်တို့ရဲ့ အဖွဲ့အသံကြီးပါပဲ ကားထဲမှာလဲ။ ဒီလိုနဲ့ ကားလဲ ထွက်ရော တေကြီးဆိုတဲ့ တေဇာလင်းက ကောင်မလေးကို သတိရတယ်ဆိုပြီး ကျွန်တော့် ဖုန်းကို အတင်းလုလို့ ဖုန်းနဲ့ ကြွေနေပါရော။ နောက်လှည်းကူးလည်း ကျော်ရော ဖုန်းလိုင်းပြတ်သွားတယ်။ ၀မ်းသာလိုက်တာလေ။ ဟီဟီ။

ဒီလိုနဲ့ ကားကြီးက လမ်းမပေါ်မှာသွားနေတာ ညဘက်ကိုတောင် ရောက်လာတယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာအရက်သောက်တဲ့လူ ဆေးလိပ်သောက်တဲ့လူ ကွမ်းစားတဲ့လူ အများကြီးပါတယ်။ ကျွန်တော်ကတော့ ကွမ်းတစ်ခုပဲ ကြိုက်တာဗျ။ အဖွဲ့ထဲမှာလည်း ကွမ်းကတော့ ၂ ယောက်ပဲ မစားတာ ကျန်တာ ဂျိုးကြီးပဲ။ စားချက်ပြောပါတယ်။ ကျွန်တော်ရန်ကုန်က နေ၀ယ်လာတဲ့ စင်ကနယ်၊ အာမွှေး၊ ဖာလာနဲ့ ကွမ်းယာ ၅ ထောင်ဖိုးက ပဲခူးမရောက်ဖူး ကုန်ရော။ စားလားမစားလားက အဲ့ဒါသာကြည့်။ ကားပေါ်မှာလဲ ကားသမားတွေက မျိုးကြီး သီချင်းဖွင့်ထားတာကို လိုက်ဆိုပြီး မြူးနေကြတာပေါ့။ တစ်ခုတော့ ရှိတယ် ကျွန်တော်တို့ အရက်သေစာ လုံးဝမသောက်ထားပါဘူး။ အားလုံးစုံလို့ သာပျော်နေကြတာရယ်။ ဘုရားသွားမှာ မကောင်းတာမလုပ်တာတော့ ယုံပါဗျာ။ တစ်ကားလုံးမှာ ရှိတဲ့ ယောက်ကျားလေးတွေလဲ ကျွန်တော်တို့ အဖွဲ့နဲ့ အဆင်ပြေပြီး တော်ကီတွေပွားရင်းလိုက်သွားလိုက်တာ ကျိုက်ထီးရိုး ကင်မွန်းစခန်းကို ည ဆယ်နာရီခွဲလောက်မှာ ရောက်သွားတယ်။ ဟိုရောက်တော့ ကျွန်တော်တို့ အစ်ကိုဝမ်းကွဲတွေက ရောက်နေပြီ။ သူတို့က ဆိုင်ကယ်တွေနဲ့ လာကြတာဆိုတော့ မြန်တာပေါ့။ ဒီလိုနဲ့ နောက်ကလိုက်လာမဲ့ တစ်ယောက်ကို စောင့်နေကြတယ်။

ကျွန်တော့်အစ်ကို အရင်းနဲ့ တစ်ဝမ်းကွဲက ဆိုင်ကယ်ယူသွားပြီး ကျိုက်ထိုမြို့ကနေ ကျိုက်ထီးရိုးကို လာတဲ့လမ်းထိပ်ကနေ သွားပြီးစောင့်နေတယ်။ သူတို့ သွားပြီး ၁ နာရီလောက်ကြာတော့ ဟိုအစ်ကိုကြီးက ဆိုင်ကယ် ကယ်ရီနဲ့ ရောက်လာပါရော။ ဒီတော့မှ မတွေ့ဘူးလားဆိုတော့ မတွေ့ခဲ့ဘူး အ၀င်အထွက်လွဲနေတယ်ထင်တယ်ဆိုပြီး ကျွန်တော်တို့လိုက်ရှာဖို့ဖြစ်တော့တယ်။ ဒီတော့ ကျွန်တော်ရယ် ကျွန်တော့် ယောက်ဖရယ် နှစ်ယောက်သား ဆိုင်ကယ်ကိုဆွဲပြီး လိုက်ခေါ်ရရော။ ကျွန်တော်မှာဗျာ ဆောင်းတွင်းကြီး ဆိုင်ကယ်နဲ့ မောင်းနေရတာလဲ ကျွန်တော်ဆိုတော့ စဉ်းစားသာကြည့်။ မောင်းနေရင်းနဲ့ကို လူကတုံနေရော။ ကင်မွန်းစခန်းဝင်တဲ့လမ်းကလည်း သိတဲ့အတိုင်းပဲလေ တောတွေကဘေးတစ်ဖက်တစ်ချက် မှာဆိုတော့ လူက လန့်ကလဲ လန့်သေးတယ်။ အရေးနဲ့ အကြောင်းအနောက်က ယောက်ဖက သေးပေါက်ချင်လို့ ဆိုလို့ ရပ်ပေးရသေးတယ်။ ယောက်ဖကလည်း တာဝန်ကျေတယ် လမ်းမှာတွေ့သမျှဆိုင်ကယ်တွေကို ရဲလင်းဦးလား ဟေ့ ဆိုပြီး လိုက်အော်မေးတော့တာပဲ။ တော်သေးတယ် မိနစ်၂၀ လောက်မောင်းပြီးတော့ သူတို့နဲ့ လမ်းတစ်ဝက်မှာဆုံပြီး ပြန်လာခဲ့ကြတယ်။ တောင်ခြေဆီကိုပေါ့။ တောင်ခြေရောက်တော့ အားလုံးကို ဆန္ဒတောင်းခံတော့ အခုချက်ချင်းတတ်မယ်ဆိုတာနဲ့ အားလုံး အထုတ်အပိုးတွေလွယ်ပြီး တောင်ခြေကနေ တောင်ပေါ်ကို စတတ်ခဲ့ကြတယ်။ တောင်ပေါ်တတ်တာမှာ ဓာတ်မီးနှစ်လက်နဲ့ ကျန်တာက မီးတုတ်တွေ ၀ယ်သွားပြီး တတ်ကြတာပဲ။ ပျော်စရာကြီးပါ။ နောက်မှ ထပ်ပြောပြမယ်။

လင်းငယ်

Tuesday, November 24, 2009

လွမ်းရတဲ့ မြန်မာပြည် သို့ မြန်မာပြည်သို့

ပြီးခဲ့တဲ့ နှစ် ၂၀၀၈ ဒီဇင်ဘာလက မြန်မာပြည်ကို မိသားစုအားလုံး ပြန်သွားခဲ့ကြတယ်။ အပျော်ဆုံးပေါ့ဗျာ။ ဖြစ်နိုင်ရင် မြန်မာပြည်မှာတောင် အပြီးပြန်နေချင်သေးတာပဲ။ ဒီလိုလူဆိုတော့ မြန်မာပြည်ပြန်ရမယ်ဆိုရင် အချိန်မရွေး ၀ဲကမ်းပါပဲပေါ့။ စလုံးကနေ မြန်မာပြည်ကို မနက်အစောကြီး လေယာဉ်နဲ့ ဒိုးသွားတာ မိသားစုလေးယောက် ဟိုလည်းရောက်ရော Immigration ဖြတ်ပြီးတာနဲ့ လာကြိုလားလို့ အဒေါ်တွေ ဦးလေးတွေကို လှမ်းကြည့်တော့ တစ်ယောက်မှမတွေ့။ မိသားစုလေးယောက်လုံး စိတ်ပူသွားတယ်။ ဖုန်းဆက်ပြီး သေချာပြောထားပါရဲ့နဲ့ တစ်ယောက်မှမတွေ့။ မကြာပါဘူး ၁၅ မိနစ်လောက်နေတော့ ရောက်လာကြရော။ ဒီတော့မှ ကားပေါ်တက် စကားတွေပြောပြီး ကိုယ်နဲ့ ဝေးကွာခဲ့တဲ့ အိမ်လေးကိုသွားခဲ့တယ်။ အိမ်လေးက နှစ်ပေါင်းကြာကြာခွဲခွာ ခဲ့ရပေမဲ့ မပြောင်းလဲပါဘူး။ ဦးလေးတွေ အဒေါ်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ အရင်အတိုင်း နေချင်ဖို့ ကောင်းနေဆဲပဲ။ ၀မ်းနည်းစရာ တစ်ခုတော့ လမ်းမှာ ကားပေါ်ကလိုက်လာရင်းနဲ့ တွေ့ရတာကတော့ အရင်လို မဟုတ်ပဲ သစ်ပင်တချို့ မရှိတော့တာပဲ။ အရင်က သွားခဲ့ဖူးတဲ့ လမ်းတချို့က သစ်ပင်ကြီးတွေ အုံ့မှိုင်းခဲ့ပေမဲ့ အခုတော့ ဟာလာဟင်းလင်းကြီး ဖြစ်လို့။ စိတ်ထဲမှာ တစ်ခုခုလိုသွားသလိုလို။ ရန်ကုန်မြို့ကြီးလည်းပဲ အရာရာ ပြောင်းလဲသွားပြီကိုး။ ဇရာရဲ့ ထုထောင်းမှုပေါ့လေ။ မပြောင်းလဲတာလေးတစ်ခုကတော့ ပျက်စီးနေတဲ့လမ်းတွေ မတရားမောင်းနေတဲ့ Bus တွေပါပဲ။ လမ်းတွေကတော့ အရင်ကပျက်စီးသလို ယခုတိုင်အောင် ပျက်စီးလျှက်။ သြော် ဘာပဲပြောပြော ကိုယ်ထင်ကုတင်ရွှေနန်းဆိုတော့ ရန်ကုန်မြို့ကြီးက လှပနေဆဲပဲ။ ဒီလိုနဲ့ အိမ်ကိုရောက်လို့ အထုတ်အပိုး တွေချပြီး မတွေ့တာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကို ဖုန်းဆက် နီးနီးနားနားရှိတဲ့လူတွေဆီသွားဖို့ အဒေါ့်ဆီက ပိုက်ဆံချေးပြီး သူငယ်ချင်းတွေကို လျှောက်တွေ့လိုက်တယ်။(ပိုက်ဆံချေးခဲ့တာ ပြန်တောင် မဆက်ခဲ့ရဘူး။ဟီး)။ လမ်းထဲက လူတွေကိုလျှောက်နှုတ်ဆက်။ ပျော်စရာကြီး။ ဒီလိုနဲ့ ညပိုင်းရောက်တော့ သူငယ်ချင်းတွေကို လိုက်ခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြပြီး ကျောင်းတုန်းက အကြောင်းတွေပြော။ သူတို့က ဒီနိုင်ငံရဲ့ အကြောင်းတွေမေးလို့ပြော။ ပြီးတော့ သူငယ်ချင်းတွေ နောက်လိုက်ပြောင်လိုက် စလိုက်နဲ့ အချိန်တွေကကုန်မှန်းမသိတဲ့ ဘ၀။ နောက်နေ့တွေမှာလဲ သူငယ်ချင်းတွေက မနက်အစောကြီးလာနှိုး လက်ဖက်ရည်ဆိုင်ထိုင် ညဘက်ကျတော့ ဂစ်တာတွေတီးကြ။ အသံကုန် မျိုးကြီး၊ လေးဖြူ၊ အငဲ သီချင်းကြီးပဲ ဆိုပေးလိုက်တယ်။ စိတ်ထဲကတော့ တစ်လပြီးရင်ပြန်ရမယ်ဆိုတာကို မေ့ထားလိုက်တယ်။ အဲ့ဒါကြီးရှိနေ စိတ်ညစ်လွန်းလို့။ ဒီလိုနဲ့ အဖေ့ရဲ့ ရွာကိုသွားမယ်ဆိုပြီးပြင်ဆင် အဖွားဆုံးသွားတုံးက မလာနိုင်တာနဲ့ အခုအဖွားအတွက် ဆွမ်းကျွေးလုပ်ပေးမယ်ဆိုပြီး သွားကြရတာပေါ့။ အမှန်အတိုင်းပြောရင် အဖေ့ဇာတိကို သွားရတာ ပျင်းပါတယ်။ ပျော်စရာမကောင်း ညီအစ်ကိုဝမ်းကွဲ ဆိုလို့လည်း တစ်ယောက်ပဲရှိပြီး အသက်တွေ အရမ်းကွာတော့ ပေါင်းလို့မကောင်း။ ဒါပေမဲ့ သမိုင်းပေးတာဝန်အရသွားရတာပဲ။ တစ်ခုတော့ ကောင်းတာပေါ့။ ခရီးသွားရတာ ကြိုက်တဲ့လူဆိုတော့ လမ်းဘေးဝဲယာငေးပြီး လှပတဲ့ ရှုခင်းဆို ဓာတ်ပုံနဲ့ မှတ်တမ်းတင်လို့ ရတာပေါ့။ ဒီလိုနဲ့သွားကြတော့ ဒီဇင်ဘာလဆိုတဲ့ အတိုင်း မြူတွေကဝေ နှင်းတွေကကျနဲ့ အေးအေးစက်စက်နဲ့ မိုက်မှမိုက်။ အကြိုက်ဆုံး ဖီလင်တွေကို မြန်မာပြည်မှာပဲရှိတော့ မြန်မာပြည်မှာပဲ ခံစားမိနေတာပေါ့ဗျာ။ ဒီလိုနဲ့ အဖေ့ဇာတိရောက်တော့ ဘာလုပ်ရတယ်ထင်သတုံး တူနှစ်ကောင်ကို လိုက်ထိန်းရတယ်ဗျာ။ ကျွန်တော့် အစ်ကိုကတော့ လက်ရှောင်ပြီး အိပ်ချည်းနေတာ။ မဆိုးပါဘူး။ နေလိုထိုင်လို့ကောင်း ရွာထဲက ငယ်ငယ်ကသိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတာလဲ ပါတာပေါ့လေ။ ဒီလိုနဲ့ ရန်ကုန်ပြန်လာပြီးတော့ ညီအစ်ကိုနှစ်ယောက် ကျိုက်ထီးရိုးသွားဖို့ တိုင်ပင်ပြီး သူငယ်ချင်းတွေကို ချက်ချင်း အကြောင်းကြား။ ရန်ကုန်ကို မနက်ပြန်ရောက်တာ ညနေ ၄ နာရီလောက် ကျိုက်ထီးရိုးကို ရန်ကုန်ကနေထွက်ခဲ့တော့တယ်။

(ကျိုက်ထီးရိုး သွားတဲ့အကြောင်းရေးပါဦးမယ်။)
မအားတာတွေများနေလို့ အသစ်တွေ မတင်နိုင်တာ တောင်းပန်ပါတယ်ဗျာ။
ခွင့်လွှတ်ကြပါ။
လင်းငယ်

Thursday, November 5, 2009

သူငယ်ချင်းတို့ အတွက်

သူငယ်ချင်းတို့ရေ ငါတို့အားလုံး လူလောထဲကို တစ်နေ့တည်း တစ်ရက်တည်း တူတူရောက်လာကြတာ မဟုတ်ခဲ့ကြပေမယ့်လည်း ငါတို့အားလုံး အတူတကွ ခင်မင်ခဲ့ကြတယ်နော်။ ဒါပေမဲ့ သက္ကရာဇ်တွေ ပြောင်းလဲလို့ ငါတို့တွေ ဝေးကွာသွားခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်လို နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် အဝေးကနေ စကားပြောကြဖို့ မြင်ကြရဖို့က ဟိုးအရင် နှစ်ပေါင်းမြောက်မြားစွာလောက်ကလို မခဲယဉ်းတော့တာ အမှန်ပဲ။ မင်းတို့နဲ့ငါ ယနေ့ လူအများအခေါ် အွန်လိုင်းဆိုတဲ့ နေရာတစ်ခုမှာပြန်ဆုံဆည်းကြတယ်။ မင်းတို့ရော ငါရော ပြောင်းလဲသွားခဲ့တာ အမှန်ပဲပေါ့ကွာ။ ပြောစရာမလိုတဲ့ အမှန်တရားတစ်ခုလို့ပဲ ပြောရမယ်လို့ ငါထင်တယ်။ မင်းတို့နဲ့ ငါစကားပြောတယ်။ မင်းတို့ကတော့ အရင်ကအတိုင်း အဆဲလေးတွေနဲ့ စကားစကြတယ်။ ပြီးတော့ အနှစ်သာရမရှိဘူးလို့ ငါထင်ထားတဲ့ အကြောင်းအရာတွေကို မင်းတို့ အများကြီးပြောကြတယ်။ ဒါပေမဲ့ ငါနှုတ်ဆိတ်လို့ မင်းတို့ကို အင်း၊ အင်း ဆိုတဲ့ စကားလုံးပေါင်းမြောက်များစွာနဲ့ မင်းတို့ရဲ့ ပျော်ရွှင်မှုမဟုတ်တဲ့ ပျော်ရွှင်မှုကို ငါပေးခဲ့တယ်။ ဒါပေမဲ့ သူငယ်ချင်းတို့ ငါဟာ တဖြည်းဖြည်းနဲ့ မင်းတို့နဲ့စကားပြောရမှာကို လန့်လာမိတယ်။ ဒါဟာ ဘယ်သူ့ကြောင့်လိုတော့ ပြောလို့မရပါဘူးကွာ။ တကယ့်တရားခံ အစစ်ကတော့ ငါကိုယ်တိုင်လို့ပဲ ပြောလိုက်ချင်တယ်။ မင်းတို့သိမှာပါ မင်းတို့နဲ့ ငါစကားပြောတိုင်း မင်းတို့ကို ငါသိထားတဲ့ အနှစ်သာရအရှိဆုံး စကားတွေကိုပဲ မင်းတို့အတွက် အသိတရားရအောင် ပြောပြချင်နေခဲ့မိတယ်။ ဓမ္မတရားကွ။ ဒါဟာမင်းတို့တွေ အထင်နဲ့တော့ ငါတို့လို လူငယ်တွေနဲ့ အလှမ်းဝေးနေတဲ့ အရာလို့ မြင်နေကြလိမ့်မယ်။ ငါနဲ့မင်းတို့ စကားပြောတိုင်း ငါကမင်းတို့ကို တရားဓမ္မအကြောင်းလေးတွေ ထည့်ထည့်ပြီး ပြောတတ်တယ်။ မင်းတို့ရဲ့ စိတ်ထဲမှာဘယ်လိုနေမလည်းတော့ မသိဘူး။ အေးပါကွာလို့ အရင်တုံးက ပြန်ပြောခဲ့ကြတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ငါ့ကို မင်းတို့တွေ ပေါင်းပြီး ငါမြတ်နိုးတဲ့ဓမ္မတရားကို ဟာသတစ်ခုလို လုပ်သွားခဲ့တယ်။ မင်းတို့မှတ်မိဦးမှာပါ။ ငါမင်းတို့ကို အပြစ်မပြောချင်ပါဘူး။ မင်းတို့အမြင်မှာ ငါက အရွယ်နဲ့မလိုက်တဲ့ စကားတွေပြောနေတယ်လို့မြင်နေမှာဆိုတာကို ငါကြိုမြင်ထားပါတယ်။ ဒါကြောင့် ငါကမင်းတို့ကို ပြောခဲ့တယ်။ ငါ့ကိုပြောင်ချင်ပြောင် နောက်ချင်နောက် ငါမြတ်နိုးတဲ့ တရားဓမ္မကို လှောင်သလိုလို ပြောင်သလိုလို မလုပ်နဲ့လို့ ပြောခဲ့တာ မှတ်မိကြမယ်လို့ထင်ပါတယ်ကွာ။ မင်းတို့နဲ့ အဲ့ဒီစကားတွေ ပြောပြီးတဲ့ နောက်မှာ ငါမင်းတို့နဲ့ တွေ့နေကြ အွန်းလိုင်းဆိုတဲ့ နေရာကနေ အကြာကြီးပျောက်သွားတာ မင်းတို့လည်း သတိထားမိမှာပေါ့။ ငါမင်းတို့ကို စကားပြောချင်စိတ်ကုန်သွားတယ် လို့တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းဒေါသထွက်ခဲ့မိတာအမှန်ပဲ။ အကြောင်းကလည်း တိုက်ဆိုင်ချင်တော့ မအားမလပ်ကလည်း ဖြစ် ဒီတော့ မလာဖြစ်တော့ဘူးပေါ့ကွာ။ ငါအဓိကပြောချင်တာကတော့ မင်းတို့အတွက်ပါပဲ။ လူ့လောကကြီးရဲ့ သဘောက မတည်မြဲပါဘူးကွာ။ နောက်ပြီးတော့ အနှစ်သာရလည်း မရှိပါဘူး။ တွေးကြည့် မင်းတို့စိတ်ကူးယဉ်နေတဲ့ အရွယ်ရောက်ရင် ပညာသင် ပြီးတော့ အချိန်တန်ရင် မိန်းမယူ နောက်ပြီးတော့ သားသမီးတွေမွေးလို့ အရွယ်ရောက်အောင်ပြုစု နောက်တော့လည်း သေဆုံးခြင်းဆိုတဲ့ အမှန်တရားကြီးကို ရင်ဆိုင်ကြရဦးမယ်။ ဒါဟာ ဘယ်သူမှ မရှောင်လွှဲနိုင်ဘူးနော်။ ဒါကိုမင်းတို့မေ့လို့ ငါတို့ကငယ်သေးတာပဲ မသေနိုင်ဘူးမထင်နဲ့။ မျက်စိတစ်မှိတ် လျှပ်တပျက် အတွင်းမှာကို ပြောင်းလဲသွားနိုင်ပါတယ်ကွာ။ မင်းတို့ မမေ့နဲ့ ဟုတ်လား။ အနှစ်သာရမရှိတဲ့ အမြဲခြင်းတရား သင်္ခါရလောကကြီးကို ရင်ဆိုင်နိုင်ဖို့ မင်းတို့ငါတို့ တရားဓမ္မကို နှလုံးသွင်းထားဖို့လိုတယ်ကွ။ သူငယ်ချင်းတို့ အမြဲတမ်း မမေ့မလျှော့ပါနဲ့ကွာ။ ပျော်စရာမဟုတ်တဲ့ အပျော်တုတွေနဲ့ ဖုန်းလွှမ်းနေတဲ့ လူ့လောကကြီးကို မသာယာမိပါစေနဲ့။ အချိန်တန်ရင် ဘယ်ကလာခဲ့မှန်းမသိသလို ဘယ်ကိုသွားရမှန်းမသိတဲ့ လောကကို မသိခြင်းတရားနဲ့ မနေမိစေပဲ သိခြင်းတရားနဲ့ အဆုံးသတ်နိုင်ကြပါစေကွာ။ အနှစ်သာရရှိတဲ့ လူ့လောက အဖြစ်နဲ့ လူတစ်ယောက်အဖြစ်နဲ့ ရှင်သန်နိုင်အောင်ကြိုးစားကြကွာ။

သူငယ်ချင်းများအတွက်
လင်းငယ်