စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Friday, September 18, 2009

ကောင်းကင်နဲ့ မြေကြီး

လူတစ်ယောက်ရဲ့မွေးဖွားခြင်းအစ
ပထမဆုံးစမြင်ရတာက ကောင်းကင်ပြာ
နှုတ်ခွန်းဆက်သပါတယ် ကောင်းကင်ကြီးဆိုတော့
ကောင်းကင်ကြီးက လူလေး မင်းရောက်လာပြီပေါ့တဲ့....

လူလောကထဲ ရောက် ပြုစရာတွေပြု
လုပ်စရာတွေလုပ် တခါတလေမှာ ရှုပ်စရာတွေရှုပ်
အချိန်တန်လာတော့ မြေကြီးနဲ့
စကားပြောရမဲ့ အလှည့်ရောက်လာတယ်

မြေကြီးကပြောတယ် မင်းငါ့ရဲ့ အထဲမှာ နေရတော့မယ်တဲ့
လူသားတိုင်း တစ်ချိန်မှာ ငါနဲ့တွေ့ရတာပဲတဲ့
မင်းစဉ်းစားတဲ့ မင်းဘာတွေလုပ်ခဲ့ပြီးပြီလည်းတဲ့

စဉ်းစားမိတယ်...
မွေးတည်းက အခုသေခါနီးထိ ဘာတွေလုပ်ခဲ့လည်း
သြော်... စားဝတ်နေရေးကလွဲရင်ဘာမှ မလုပ်ခဲ့ပါလား...
အချိန်တန်လို့ မြေကြီးထဲ သွားရမယ်ဆိုတော့......
နောက်ကျနေပြီ ဘာမှပြင်ဖို့ မလွယ်တော့ပါလား...


စိတ်ထဲပေါက်တာရေးချလိုက်တာနော်. ကဗျာလည်း မဟုတ် ဘာလည်းမဟုတ်ပေါ့... ဒဿန ဆန်ဆန် ဖြစ်နေ မလားပဲ။ ဖတ်သွားလိုက်နော်.....

လင်းငယ်

Thursday, September 17, 2009

မင်းဟာ ငါ့ရဲ့ဘဝ

သူငယ်ချင်းတစ်ယောက်ပို့ပေးလိုက်တဲ့အလင်း စေတမန်က ရတဲ့ မေးလ်ပါ။ ပို့တာကတော့ အင်္ဂလိပ်လိုပါ။ ကျွန်တော် ကြိုက်နှစ်သက်မိလို့ မြန်မာလိုလေးပြန်ပြီး တင်လိုက်ပါတယ်။

ကောင်မလေး... ငါနင်ရဲ့စိတ်ထဲကို ခဏလေးလောက် ၀င်ရောက်ဘူးလား?
ကောင်လေး...... ဟင်အင်း။
ကောင်မလေး.... နင်ငါ့ကိုကြိုက်လား?
ကောင်လေး...... မကြိုက်ဘူး။
ကောင်မလေး..... နင်ငါ့ကို လိုချင်လား?
ကောင်လေး....... ဟင်အင်း။
ကောင်မလေး..... ငါထွက်သွားရင် နင်ငိုမှာလား?
ကောင်လေး...... မငိုဘူး။
ကောင်မလေး.... နင်ငါ့အတွက် ရှင်သန်မလား?
ကောင်လေး...... ဟင်အင်း။
ကောင်မလေး...... နင်ငါ့အတွက် ဘာမဆိုလုပ်ပေးမလား?
ကောင်လေး......... မဖြစ်နိုင်တာ။
ကောင်မလေး...... နင့်ရဲ့ဘ၀နဲ့ ငါ့ကို နင်ဘယ်ဟာရွေးချယ်မလည်း?


ပြီးလည်းပြီးရော ကောင်မလေးထွက်ပြေးဖို့ပြင်လိုက်တယ်.. ဒါပေမယ့် ကောင်လေးက သူကိုတားပြီး စကားတွေပြောတယ်.....



နင်ငါ့ရဲ့စိတ်ထဲကို ခဏလေးတောင် ၀င်မရောက်ခဲ့ဘူး ဆိုတာက နင်ဟာငါ့ရဲ့စိတ်ထဲမှာ အမြဲတမ်းရှိနေလို့ပဲ။ ငါနင့်ကို မကြိုက်တဲ့ အကြောင်းပြချက်က နင်ကိုငါကချစ်လို့ပဲ။ နင်ကိုငါဘာလို့မ လိုအပ်လည်းဆိုတော့ နင်ကိုကငါ့ရဲ့ လိုအပ်ချက်ဖြစ်နေလို့ပဲ။ နင့်ငါ့ကိုခွဲခွာသွားရင် ငါဘာလို့မငိုဘူးလို့ပြောလည်းဆိုတာက နင်ထွက်သွားရင် ငါသေသွားမှာမို့ပဲ။ ဘာဖြစ်ဖြစ် နင့်အတွက် မလုပ်ပေးချင်ရတာကတော့ နင့်အတွက်ငါက အားလုံးကို လုပ်ပေးမှာမို့ပဲ။ ငါ့ဘ၀ကို ငါရွေးချယ်ရတဲ့ အကြောင်းပြ ချက်ကတော့ မင်းဟာငါ့ရဲ့ဘ၀မို့ပါပဲ ကောင်မလေးရယ်။

အလင်းစေတမန်မှ ကူးယူဖော်ပြသည်။

ဘာသာပြန်သူ
လင်းငယ်
ဘာသာပြန် အသုံးမကျရင် စိတ်ဆိုးနဲ့နော်.... ပျော်ပါစေ...

-------------♥♥♥-------------♥♥♥-------------♥♥♥------------

ကြောက်တတ်သော လူတစ်ယောက်

ဒီတစ်ခါလည်း ဘယ်သူ့ပေါင်များ လှန်ထောင်းဦးမလည်းလို့ မတွေးလိုက်ပါနဲ့။ ဒီတစ်ခါကိုတော့ ကိုယ့်ပေါင်ကို လှန်ထောင်းပြီး ကိုယ့်အကြောင်းကို ပြောတော့မယ်။ ခေါင်းစဉ်အတိုင်းပါပဲ ကျွန်တော် ကြောက်တတ်ပါတယ်။ ဘာကြောင့်ကြောက်တတ်ရတယ် ဘယ်လိုကြောက်တတ်တယ်ဆိုတာတွေ ပြောပြမယ်နော်။

လင်းငယ်ကငယ်ငယ်လေးထဲက မွေးရာပါနှလုံးရောဂါဆိုလားပဲ ရှိတယ်တဲ့။ အမေက ပြောတာပါ။ လင်းငယ် ကလေးဘ၀ကဆိုလည်း ဘယ်လောက်ထိတောင်များ ကြောက်တတ်လည်းဆိုရင် မိုးချိန်းလည်းကြောက် ညမှောင်လို့ ခွေးဟောင် ရင်လည်း ကြောက်နဲ့ အကြောက်စံချိန်တင်ပေါ့ဗျာ။ လင်းငယ် ၇ တန်း ၈ တန်း အထိ ညဘက် ခွေးတွေဟောင်လို့ ကတော့ အမေ့ ရင်ခွင်ထဲကကို မထွက်တော့ဘူး။ အဲ့ဒါကတော့ ငယ်ငယ်တည်းက တဲ့။ အမေကပြောတယ်။ လင်းငယ် ကြောက်တယ်ဆိုတာကလည်း အဓိကကတော့ သရဲပေါ့ဗျာ။ မှတ်မိသေးတယ်။ လင်းငယ် ပထမဆုံး ကိုရင်ဝတ်တဲ့အချိန်တုန်းကပေါ့။ ၃ တန်းလောက်ပဲ ရှိဦးမယ်ထင်တယ်။ လင်းငယ်တို့ညီအစ်နှစ်ယောက်နဲ့ အစ်ကို ၀မ်းကွဲတစ်ယောက် ၀တ်တာပေါ့။ လင်းငယ်တို့ အဖေရဲ့ ဇာတိရွာမှာပါ။ လင်းငယ်တို့ ကိုရင်ဝတ်ဖြစ်တာလည်း ရွာရဲ့ ကျောင်းမှာပါပဲ။ ဒီလိုနဲ့ လင်းငယ်တို့ ကိုရင်လေးတွေဖြစ်သွားပြီးတော့ ခန္ဓာဝန် ချသွားပြီးဖြစ်တဲ့ အဘိုးဘုန်းကြီးလို့ ပြောလို့ရတဲ့ ရန်ကုန် မိုကုတ်ဝိပဿနာ ဌာနချုပ်ရဲ့ ကမ္မဌာနစရိယဆရာတော်ဖြစ်ပြီး ဆင်ဖြူကျွန်း မိုးကုတ်ဝိပဿနာဌာနခွဲရဲ့ တည်ထောင်သူနဲ့ ကျောင်းထိုင်ဖြစ်ခဲ့တဲ့ ဆရာတော်ဦးဓမ္မသာရရဲ့ မိုးကုတ်ဝိပဿနာ ဌာနခွဲကို သွားရပါတယ်။ လေ့လာဖို့ပါ။ ကျွန်တော်တို့ အားလုံးကတော့ အလွယ်နဲ့ ရိပ်သာလို့ပဲ ခေါ်တယ်။ ရိပ်သာကို ရောက်သွားတော့ ကျောင်းထိုင် အသစ်ကလည်း ပျူပျူငှာငှာပါပဲ။ အကျိုးတော်ဆောင်တွေကလည်း နေရာတွေလိုက်ပြတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဆရာတော် ခန္ဓာဝန်ချသွားတဲ့ အခန်းကို လိုက်ပြတာပါ။ အခန်းထဲကို ခေါ်သွားတော့ လင်းငယ်ကြောက်ချက်က ရင်တုန်ပန်းတုန်ပဲ ဟိုနားမသွားရဲ ဒီနားမသွားရဲ အစ်ကို နှစ်ယောက် နားမှာ ကပ်ပြီးတော့ လိုက်နေရတာပဲ။ အမှန်က ဆရာတော်က ၀ိပဿနာ အားထုတ်သွားလို့ ကိစ္စပြီးတန်သလောက်ပြီးသွားပြီးသား ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် ကလေးမဟုတ်လား ကြောက်တာပေါ့။ အဲ့ဒီအချိန်တုန်းက တော့ဘာမှမသိတတ်သေးတာလည်း ပါတာပေါ့။ နောက်တစ်ခါ လင်းငယ်ရဲ့ မွေးရာပါ နှလုံး ရောဂါ ပြန်ဖြစ်ပြီးတော့ အသည်းအသန် ဖြစ်လိုက်ရတဲ့ ကိစ္စကတော့ လင်းငယ်ရဲ့ အဖိုးလေး အဘွားရဲ့ မောင် ဆုံးသွားတော့ပါ။ အဖိုးလေးဆုံးသွားရတာကတော့ ခွေးရူးပြန် ရောဂါနဲ့ပါ။ အဖိုးလေးက ခွေးတွေကို အရမ်းချစ်တတ်ပါတယ်။ ခွေးရူးပြန်ရောဂါ ဖြစ်သွားတာလည်း သူချစ်တဲ့ ခွေးတွေထဲက ခွေးသားလေး တစ်ကောင်ရဲ့ သွားစွယ်နဲ့ ချစ်မိသွားရာကနေစတာပဲ။ အဖိုးက အဲ့ဒီခွေးသားလေးကို ဘယ်လောက်ထိချစ် လည်းဆိုရင် ညဘက် သန်းခေါင်ကျော်ကြီး ခွေးလေး အပြင်ထွက်သွားရင် လိုက်ရှာပြီး အိမ်ကို ပြန်ခေါ်ပါတယ်။ အဲ့ဒီလောက်ထိချစ်ပါတယ်။ အဖိုးဆုံးမယ်ဆိုတော့လည်း ကျွန်တော်တို့က အဖေ နိုင်ငံခြားက ပြန်လာတော့ ပြန်ပြီးလည်နေတဲ့ အချိန်ပါ။ ရွာကိုပေါ့။ အဖိုးနေမကောင်းဘူးဆိုလို့ ဆေးရုံသွားရာကနေ ချက်ချင်းပြန်လာတော့ ခွေးရူးပြန်နေပြီတဲ့။ အဲ့ဒါနဲ့ ညတွင်းချင်းပဲ ရန်ကုန်ကို ပြန်လာရတယ်။ ဘာကြောင့်လည်းဆိုတော့ ရွာရဲ့ ထုံးစံအရ အမျိုးအဆွေ တစ်ယောက် ဆုံးပြီရင် ၁လခွဲလား ၂လလား မသိဘူး ရွာကနေခွာလို့မရဘူးတဲ့။ အဖေက ခွင့်တစ်လပဲ ရတော့ အမြန်ပြန်လာရတာပေါ့။ ရန်ကုန်ကို ပြန်ရောက်ပြီး ၂ နာရီလောက်နေတော့ ရွာက ဖုန်းလှမ်းဆက်ပါရော အဖိုးဆုံးပြီတဲ့။ အဲ့ဒီမှာ စတွေ့တာပဲလို့ ပြောရမှာပဲ။ လင်းငယ် ကြောက်ပြီးတော့ ညဘက်တွေ အိပ်လို့မရတော့ပါဘူး။ ကြောက်တယ်ဆိုတာလည်း တကယ်တော့ အဖိုးရဲ့ ရုပ်ကို မျက်စိထဲမြင်နေပြီးတော့ ၀မ်းနည်းနေတာရယ်။ အဖိုးခွေးရူးပြန်ရောဂါနဲ့ ဆုံးတာရယ်ကို ၀မ်းနည်းတာရယ်ကြောင့် အိပ်မရတာပါ။ ကိုယ့်အဖိုးပဲ အဲ့လောက်တော့ ဘယ်ကြောက်မလည်းနော်။ ဒီလိုနဲ့ လင်းငယ်အိပ်မရတာ ၁ ပတ်ကျော်သွားပါတယ်။ နောက်ဆုံးအိမ်က စိုးရိမ်တာနဲ့ မိသားစု ဆရာဝန်ကို ပင့်ပြီး အိပ်ဆေးတွေ ထိုးခိုင်းရပါတယ်။ အိပ်ဆေးတွေထိုး ပေးတော့မှ လင်းငယ် ကောင်းကောင်း အိပ်ပျော် တော့တယ်။ လင်းလည်း အိပ်မပျော်တာတွေ များတာရော ထိတ်လန့်တာတွေ များတာရောနဲ့ နေနည်းနည်း ပြန်ကောင်းတော့ မိသားစုဆရာဝန်က ဆေးစစ်ခိုင်းလို့ စစ်တော့မှ နှလုံးရောဂါတော်တော် ဆိုးနေတယ်တဲ့။ နှလုံးအဆို့ရှင် ရောင်နေပြီ ဆိုပြီး ဆေးတွေ ဆက်တိုက်သောက်ရတော့တာပဲ။ အခုထိပဲဆိုပါတော့။ လူတိုင်း လူတိုင်းပေါ့နော် လင်းငယ်လို မကြောက်တတ်ကြပါနဲ့။ လင်းငယ်ကြောက်တတ်တယ်ဆိုတာလည်း လင်းငယ်ရဲ့ အစ်မ၀မ်းကွဲ တစ်ယောက်က ငယ်ငယ်တည်းက သရဲပုံပြင်တွေ ပြောပြော ပြနေတာတွေ ခေါင်းထဲ စွဲ နေပြီး ကြောက်တတ်သွားတာပါ။ ဒါကြောင့် လင်းငယ် အခု အသက်ကြီးလာတော့ တူတွေ တူမတွေ ရှိပါတယ်။ သူတို့လေးတွေ ကို လင်းငယ်လို ကြောက်တတ်မှာစိုးလို့ အစ်မတွေ အစ်ကိုတွေကို ပြောထားရတယ်။ ကလေးတွေကို ဘယ်တော့မှ မဟုတ်တဲ့ သရဲ ပုံပြင်တွေ မပြောပြနဲ့လို့။ အနာဂတ်ရဲ့ ကလေးလေးတွေ အကြောက်တရား ခေါင်းထဲမှာ စွဲသွားမှစိုးလို့ပါ။ လင်းကတော့ အခုမကြောက်တော့ပါဘူး။ ၀ိပဿနာ အားထုတ် မှုကြောင့်လို့တော့ ထင်တယ်။ ကြောက်တယ်ဆိုတာလည်း စိတ်ပါပဲ။ စိတ်လေးကို တည်ငြိမ်အောင်ထားလိုက်ရင် အေးချမ်းပြီး အကြောက်တရားဆိုတာ လာပါဆိုရင်တောင် မလာနိုင်တော့ပါဘူး။
အားလုံးကို ကျေးဇူးတင်စွာဖြင့်

လင်းငယ်

Wednesday, September 16, 2009

နာမည်ပြောင်း ကင်ပွန်းအသစ်တပ်ပွဲ

ကဲဒါကတော့ အထူးပေါ့နော်။ မိုးစက်ပွင့်လေး တောင်းဆိုထားတဲ့ ချောကလက် ရေခဲမုန့်... ကောင်းကောင်းစားနော်။


အပူကြိုက်တဲ့သူက ကော်ဖီသောက်နော်......
ကော်ဖီမသောက်ခင်တော့ ကိတ်မုန့်လေးစားသွားပါဦး။
ဒါက နောက်ကိတ်မုန့်တစ်မျိုး။
ဒါကတော့ ရေခဲမုန့်.... ကော်ဖီမကြိုက်တဲ့လူတွေအတွက် ဥပမာ ရင်ဘတ်ကြီးတို့လို လူတွေအတွက်.....


အားလုံးက နာမည်ပြောင်းပွဲလေးလုပ်ပြီး ကျွေးပါဦးဆိုလို အခု ကျွေးပြီနော် စားသွားကြ.....
မနက်ဆိုနိုးမှာ မဟုတ်လို့ ညထဲက ကြိုတင်တင်ထားလိုက်တယ်။ တွေ့တဲ့ အချိန်သာစားသွားနော်။ မပုတ်မသိုးတတ်ပါဘူး။ အမြဲတမ်းသစ်နေတဲ့မုန့်တွေ....

လင်းငယ်

နာမည်ပြောင်းလိုက်ပြီ

ကျေးဇူးတင်ပါတယ် မိုးစက်နဲ့ linn နဲ့ကို။ မိုးစက်ပေးတဲ့ နာမည်လေးက အရင်တည်းက စဉ်းစားထားတာတော့ရှိတယ် ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး။ အခု linn က မန့်သွားတဲ့ အရာလေးကို ဖတ်မိတော့ လင်းငယ်လို့ သုံးမယ်လို့ ဆုံးဖြတ်လိုက်မိပြီ။ ကိုလင်းကိုလည်း မသုံးတော့ဘူး။ အပြောင်းအလဲ တွေများနေလို့ မျက်စိရှုပ်သွားရင်လည်း ခွင့်လွှတ်ကြပါ။ စီပုံးမှာ ကျွေးပွဲလေး လုပ်ဖို့ လာအော်သွားတဲ့ လူတွေကိုလည်း ကျွေးပါမယ်။ နက်ဖြန် လာခဲ့ကြနော်။ ကျေးဇူးတင်စွာဖြင့်
လင်းငယ်

Tuesday, September 15, 2009

စိတ်ညစ်ရင် ရေချိုးပါ

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေရင် စိတ်ကြည်လင်လာပါလိမ့်မယ်။ စိတ်ကြည်လင်လာရင် ဉာဏ်ကြည်လင်လာ တော့တာပါ။ တရားအားထုတ်တဲ့ ယောဂီကော၊ စီးပွားရေးလုပ်နေတဲ့ သူကော၊ ကျောင်းသူ ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းအောင် ဂရုတစိုက် လုပ်ပေးနေရပါမယ်။ ဥပမာ ရေချိုးပြီး တရားထိုင်တာနဲ့ ရေချိုးပဲ ချွေးသံတရွှဲ ရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီးထိုင်လို့ ကောင်းမလဲ။ ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ ခေါင်းမလျှော်ပဲ ဆံပင် ဖွာလန်ကြဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး စိတ်ကြည်လင်မလဲ။ အထူးပြောနေစရာ မလိုတော့ပါဘူး။ သိပ်သိသာပါတယ်။ ရေချိုးပြီးမှ တရားထိုင်ရင်ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။ ဒီလိုပါပဲ။ ကျောင်းသား တစ်ယောက်ဟာ စာမကျက်ခင် ရေချိုးထားရင် စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့ အတွက် ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့ လည်း ပိုကောင်းနေပါလိမ့်မယ်။

ကိုယ်က ဒီသဘောလေးတွေကို အာရုံပြုပြီး ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်းအောင် မကြာခဏ လုပ်ပေးနေရပါမယ်။ စိတ်ချမ်းသာနေရင် တရားအလုပ်ပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ်၊ စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။ တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့ အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။ အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီး အသစ်နဲ့ လဲလိုက်ပါ။ ပြီးတော့ ရေချိုးလိုက်ပါ။ ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသား အ၀တ်လေးကို ၀တ်လိုက်ပါ။ အားလုံးပြီးတာနဲ့ အသစ်လဲပြီးသား အိပ်ရာပေါ်မှာ ကိုယ်နဲ့ သပ္ပါယဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊ မျက်လုံးလေးမှိတ်၊ လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ။ တစ်ဆက်တည်းပဲ မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံး တော်မူပါဘုရားလို့ ပင့်လိုက်ပါ။ ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာအားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။ စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။ မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ ဘယ်ကြွလာမှာလဲ။ စိတ်ဓာတ်အင်အားကို ယူတာပါ။ စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ်လို့ နှလုံးသွင်းထားရမှာပါ။ အားလုံးပြီးရင် လက်အုပ်ချီထားတာလေးချပြီါ် အရဟံ ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ. ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။ မယုံရင်စမ်းကြည့်ပါ။ စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ။ ဒါဆိုစိတ်ညစ်တာ ပျောက်သွားတာ များပါတယ်။ ကိလေသာ မကင်းသရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ။ စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။ ရေချိုးလိုက်တာကတော့ သိပ်ပြီး မခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ။ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊ စိတ်ညစ်လာတာနဲ့ ရေချိုးလိုက် ဂုဏ်တော်မေတ္တာလေး ပွားလိုက်နဲ့ ကျင့်ပါများသွားရင် အထုံဖြစ်သွားပါလိမ့်မယ်။ အထုံဖြစ်သွားရင် စွဲသွားတာ များပါတယ်။ ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့ အကုသိုလ်မကင်းတဲ့ တခြားတစ်ခု ခုကို သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲသွားတတ် ပါတယ်။ မကောင်းတာ စွဲသွားရင် ဖြတ်ရတာခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေအများကြီး တွေ့ဖူးမြင်ဖူးကြမှာပါ။ တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကို ဖုန်းဆက်ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက်ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင်တော်ပါရဲ့။ ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင် ကိုယ့်အတွက် အများကြီးနစ်နာ သွားနိုင်ပါတယ်။

ကဲထားပါတော့။ တစ်ယောက်ယောက်ဆီဖုန်းဆက် အကြံဉာဏ်တောင်းလို့ ကိုယ်အကြံတောင်းတဲ့ သူက လာခဲ့ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင် လုံးဝ လန်းသွားစေရမယ် ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။ ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့၊ ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ် ရဦးမှာပါ။ နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ။ စိတ်ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ။ အဲ့ဒီအထဲကမှ ကောင်းတဲ့ ထွက်ပေါက်လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ။ စိတ်ညစ်ရင် အခြားတစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက်လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့်ထားနိုင်ရပါမယ်။ တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။ စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူး. ကာလတစ်ခုပါပဲ။ ကိုယ်က မမြဲတဲ့ သဘောတရားလေကို သေချာသဘောပေါက်ပြီး စိတ်ညစ်တာကို အကြောင်းပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။ စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ။ ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်း ရပါသေးတယ်။ စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက် အောင်လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့ အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။ ဒီကုသိုလ်တွေဟာ မြဲတဲ့တရား တွေဆိုတော့ နောက်ဘ၀အထိ ကုသိုလ်အထုံဓာတ်တွေ ပါသွားတော့ မှာပါ။ အထုံဝါသနာဆိုတာ နောက်ဘ၀အထိ လိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ်ပါရမီ တွေပြုဖြစ်နေဦးမှာပါ။ ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ။(လင်း၏ သုံးသပ်ချက်၊ မိုးကုတ်ဆရာတော်ဘုရားကြီး အဆိုအရ အခုနိဗ္ဗာန်လိုချင် အခုလုပ် အခုရပါတယ်။ ပါရမီဆိုတာ ဘုရား၊ ပစ္စေက ဗုဒ္ဓါ နှင့် လက်ဝဲတော်ရံ လက်ယာတော်ရံ စသည့် ဆုကြီးပန် များအတွက်သာလျှင်ဖြစ်သည်တဲ့ သုံးသပ်ကြည့်တာပါ)။ အဓိကကတော့ ဘယ်လိုအာရုံပဲကြုံလာကြုံလာ ကြုံလာတဲ့အာရုံကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်သွား ဖို့ပါ။ ဒါကို ကိုယ်က အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်ထားဖို့ပါ။ လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။ နောင်ဆိုရင် အထူးကြောင့်ကြစိုက်စရာမလို တော့ပါဘူး။ ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။ ဒါဆိုရင် စိတ်ချမ်းသာလာပါလိမ့်မယ်။
ရဝေနွယ်၊အင်းမ၊
ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ တိပိဋကမင်းကွန်းဆရာတော်။


ဤစိတ်ညစ်ရင်ရေချိုးပါဆိုသည့် ပို့စ်တွင် လင်းငယ်၏ အာဘော်လုံးဝမပါပါ။ လင်းသည် သုံးသပ်ချက်လေးတစ်ခု သာဝင်ရေးထားပါသည်။ ကျန်သည့်နေရာ တွင် လုံးဝဖြည့်စွက်ခြင်း မရှိပါ။ အားလုံး ဖတ်လို့ တစ်ခုခု ရသွားရင် ကျေနပ်ပါတယ်။
လင်းငယ်

စိတ်ညစ်ရင် ရေချိုးပါ

ဒီပို့စ်လေးကတော့ ဆရာတော် ရဝေနွယ်(အင်းမ) ရဲ့ ပေါ်ပြူလာ ဂျာနယ်မှာပါတဲ့ စာတစ်ပုဒ်ပါ။ ကျွန်တော် ဖတ်ပြီး ကြိုက်လို့ ပြန်ဝေမျှလိုက်ပါတယ်။ လင်းဒီရက်ပိုင်းတင်တဲ့ ပို့စ်လေးတွေက ဘာသာရေးနဲ့ နည်နည်း ဆိုင်နေမလား ပဲ။ လင်း ဒီရက်ပိုင်း တရားအလုပ်တွေ လုပ်မိနေလို့ ဒီလို ဖြစ်နေတာလည်း ဖြစ်ပါလိမ့်မယ်။ အဓိကကတော့ အားလုံးကို မသိသေးရင်လည်း သိစေချင်တဲ့ စေတနာလေးနဲ့ ဘာသာရေးစာပေလေး တွေတင်ဖြစ်တာပါ။


တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တော့အုပ်တစ်ခုကို ဖြတ်သန်းသွားရမှာပါ။ အဲဒီ တောအုပ်ထဲမှာ ဓားပြ သူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖနှစ်ယောက် လာရင် သားကို ဖမ်းပြီး အဖေလုပ်သူကို အိမ်ပြန်ပြီး ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်း ဆရာကို ဖမ်းပြီး တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။ ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော လို့ မှာပါတယ်။

ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဓားပြသူခိုးတွေနဲ့ တွေ့ပါတယ်။ တွေ့တော့ သားအဖ နှစ်ယောက်ကို ဖမ်းပြီး သင်တို့ဘာတော်သလဲလို့ မေးတော့ သားလုပ်တဲ့သူက ဘာမှမတော်ဘူးလို့ ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက် တောအုပ်က ထွက်ခွင့်ရပြီး ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။

နားရမယ့်နေရာမှာနားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့ တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂ ဖြစ်ပြီး ဒီအကုသိုလ် ဟာငါ့ကို အပါယ်ချတော့မှာပဲ ဆိုပြီး ရပ်လျက် ၀ိပဿနာပွားလိုက်တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။(ငါးရာ့ငါးဆယ်၊ ပါနီယဇာတ်)

ရေချိုးလိုက်လို့ တရားထူး တရားမြတ်ရသွားတာတော့ မဟုတ်ပါဘူး။ အတတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမယ့် ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီးအဆင်ပြေ သွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ ပေးတာဆိုတော့ စိတ်ညစ်တာ လောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဒါက၀တ္ထုသာဓကလေးကို ကိုင်ပြောတာပါ။ စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ ပညာပွားကြောင်း ၇ ပါးကို ပြထားပါတယ်။ အင်္ဂါ ၇ ပါးမှာ ဒုတိယ အင်္ဂါက ဉာဏ်ပညာပွားဖို့ အတွက် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနကို သန့်ရှင်း စင်ကြယ်အောင် လုပ်ပေးပါတဲ့. သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကို လည်း အကျယ် ပြန်ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်းလက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ်မှာ ချွေးတွေ၊ ကြေးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေရှိနေမယ်၊ ဒါဟာအတွင်းဝတ္ထုမသန့်ရှင်းတာပါ။ နောက် ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်း နေမယ်။ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန်ကြဲနေမယ်။ ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊ စာအုပ်တွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေ ရှိနေမယ်။ ဒါဟာ အပြင်ဝတ္ထု မသန့်ရှင်းတာပါ။ အဲ့ဒီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဉာဏ်အမြင် မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေ ရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာ ညှပ်၊ လျှော်စရာရှိတာ လျှော်ပေးရမယ်။ ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။ ခန္ဓာကိုယ်ထဲမှာ လေဆိုးတွေ အပူ အပုပ်တွေရှိနေရင် နားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ ဆေး စသည်စားပြီါ် ခန္ဓာကိုယ် ပေါ့ပါးအောင် လုပ်ပေးရပါမယ်။ ဒါက အတွင်းဝတ္ထု သန့်ရှင်းအောင် လုပ်ပေးတာပါ။

(မပြီးသေးပါဘူး၊ တော်တော် ရှည်သွားလို့ အပိုင်းလေး ခွဲရေးပါမယ်)