စာအုပ်လေးဆိုတဲ့အတိုင်း မျိုးစုံသော စာတွေကို ရေးသားထားပါတယ်.........

Thursday, August 27, 2009

သူငယ်ချင်း ကြောက်ထစ်

ကြောက်ထစ်ဆိုလို့ တရုပ်လို့များမထင်လိုက်ပါနဲ့။ သူက ကျွန်တော့်ရဲ့ ခုနှစ်တန်းတုန်းက သူငယ်ချင်းပါ။ သူရဲ့ နာမည်အရင်းကိုတော့ မေ့နေပါပြီ။ သူက ခုနှစ်တန်းနှစ်အပြီးမှာ မော်လမြိုင်ကိုပြောင်း သွားတော့ မတွေ့တာကြာပေါ့။ ဒီကောင်က လုံးဝအနေအေးတယ်။ ခင်ဖို့လည်း ကောင်းတယ်။ စကားပြောရင်လည်း အေးအေးလေး။ ကျွန်တော်တို့နဲ့ သူငယ်ချင်းဆိုတာ အပြင်ပုံပန်းချင်း ယှည်ပြီးပြောရင်တော့ ဘယ်သူမှလက်ခံမယ် မထင်ဘူး။ သူငယ်ချင်း ဖြစ်တယ်ဆိုတာလည်း အတန်းထဲမှာ တွဲထိုင်တာများရင်း နဲ့ ခင်သွားကြတာရယ်။ သူကို ကျွန်တော်တို့ အားလုံးကတော့ ကြောက်ထစ်လို့ပဲ ခေါ်တယ်။ ကြောက်ထစ်ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံက ဒီလိုဗျ.......

ကျွန်တော်တို့ ကျောင်းမှာ နာမည်အကြီးဆုံးက ခုနှစ်တန်းပဲ။ ဘာကြောင့်နာမည်ကြီးရသလည်းဆိုရင် ခုနှစ်တန်းက ဆရာမတွေက စာသင်စာပြ တအားကောင်းကိုး။ နောက်ပြီး အရိုက်အနှက်ကလည်း တအားကောင်းဆိုတော့ ခုနှစ်တန်းတတ်တော့မယ့် သူဆို ရင်တုန်နေရပြီ။ တချို့များဆို ခုနှစ်တန်းကို ကျောင်းမှာတတ်ရမှာ စိုးလို့ ဒီပြင့်ကျောင်း ပြောင်းသွားတာတောင်ရှိသေး။ သချာင်္သင်တဲ့ တီချယ် ဒေါ်စိုးစိုးဝင်း ဆို အရမ်း စာသင်ကောင်းတာ။ နောက်ပြီး ဗျောတီးကလည်း ကောင်းမှကောင်း။ ကျွန်တော်တို့လို ငပွေးတွေ တောင် တီချယ်နဲ့ တွေ့ရင် အခုထိ ရှိန်တုန်း။ ကြောက်ရတာကိုး။ ကြောက်ထစ်ဆိုတဲ့ ကောင်ကလည်း ဒီလိုပဲ ကြောက်တတ်တယ်။ ခုနှစ်တန်းတုန်းက ပြောပါတယ်။ အခုတော့ ကြောက်တတ်သေးလား မကြောက်တတ်လားမသိဘူး မတွေ့တာကြာတော့။ သူကြောက်တယ်ဆိုတာကလည်း သရဲတွေ ဘာတွေကြောက် တာမဟုတ်ဘူးနော်။ လူလည်းမကြောက်ဘူး။ စာမေးခံရပြီဆိုကြောက်တာ။ ခုနှစ်တန်းနှစ်ပေါ့ဗျာ။ ကျောင်းဖွင့်ပြီး ၂ လလောက်နေတော့။ သိပ္ပံသင်တဲ့ ဆရာမ ဒေါ်ခင်မာအေး ဆိုတာရှိတယ်။ ဆရာမက အမြဲတမ်းစာမေးတယ်။ အတန်းထဲရောက်ပြီဆိုရင် အရင်နေ့က သင်လိုက်တဲ့ စာတွေကို တယောက်ချင်းစီ ကြိုက်တဲ့ လူကို လက်ညိုးထိုးပြီး မေးတာရယ်။ တခါတော့ ကြောက်ထစ်ကို ဆရာမက မေးပါလေရော။ ကျွန်တော်တို့ အဲ့ဒီအထိ ဒီကောင်စာမေးခံရတာ ကြောက်တတ်မှန်းမသိသေးဘူးဗျ။ ဆရာမကမေးလည်းမေးရော ဒီကောင် မတ်တပ်ကို ရပ်နိုင်သလိုလို မရပ်နိုင်သလိုလိုနဲ့ ရပ်တယ်။ ပြီးလည်းပြီးရော ဆရာမက စဆိုတော့ ဆိုလည်းဆိုရော ဆိုတော့ ဆိုပါရဲ့ အသံကလည်းတိုးတိုး ပြီးတော့ ထစ်တာထစ်တာ တလုံးနဲ့ တလုံးကို ၅ စက္ကန့်လောက်ခြားတယ်။ ပြီးတော့ ချွေးတွေက လည်း အလုံးလိုက်အလုံးလိုက် ကိုကျတာ။ မိုးရေချိုးနေသလားမှတ်ရတယ်။ မျက်နှာကလည်း ငိုတော့မယ် မျက်နှာ။ ဆရာမက လည်းမသိတော့ ကျွန်တော်တို့ကို ဒီကောင်က စကားထစ်သလားလို့မေးရော။ ကျွန်တော်တို့ကလည်း မထစ်ပါဘူးပေါ့။ ဒါဆိုဒီကောင်လာဟန်ဆောင်နေတယ်ဆိုပြီး သူကိုပဲ ထပ်မေးတာ။ စာသင်ချိန် ၄၅ မိနစ်တစ်ချိန်က ဒီကောင်တစ်ယောက်ထဲနဲ့ ပြီးသွားတယ် အဲ့ဒီနေ့မှာလေ။ နောက်နေ့ ကျတော့လည်း ဆရာမက ဒီကောင်ကိုပဲ မတ်တပ်ရပ်ပြီးမေး ပြန်ရော။ ဒီကောင်က ကြောက်ပြီး ကျွန်တော့်လက်ကို လာကိုင်တာ လက်တွေက အေးစက်လို့ဗျာ။ ကျွန်တော်တောင်လန့်သွားတယ်။ ဆရာမကတော့ ဒီကောင်ဟန်ဆောင်တယ် ထင်ပြီး ဆက်မေးတုန်း။ သူလည်းထစ်ထစ်ပြီးတော့ တော့ဖြေတယ်။ ပြီးတော့ သူရဲ့ စကားတလုံးနဲ့ တလုံးကြား မှာ အမ်ပေါင်းမြောက်မြားစွာနဲ့ လည်နေတာ။ ဒီကောင်နဲ့ ကျွန်တော်က ဘေးချင်းကပ်ထိုင်တော့ ကျွန်တော်လည်း ဒီကောင့်ကို အောက်ကနေ ထောက်ပြီးပြောပြနေရတယ်။ သနားလွန်းလို့ဗျာ။ ဒီကောင့်မျက်နှာကိုကြည့်တော့လည်း သွေးမရှိတော့သလိုပဲ ဖြူဖျော့လို့ နှုတ်ခမ်းတွေကလည်း ပြာနေတယ်။ ဆရာမလည်း အတန်းချိန်ပြီးခါနီးတာရော ဒီကောင်ကို ကြည့်ပြီးသနားတာရောနဲ့ ဆက်မမေးတော့ပဲနဲ့ အခန်းထဲကထွက်သွားတယ်။ အဲ့ဒီကျတော့မှ ဒီကောင်က ထိုင်ချလိုက်ပြီး ငိုသံကြီးနဲ့ လင်းတဲ့ ငါတော့ သေမှာပဲတဲ့။ ဒီလိုသာနေ့တိုင်းမေးနေရင်တဲ့။ ကျွန်တော်ကလည်း မင်းတမင်မရလို့ဟန်ဆောင်တာမဟုတ် လားလို့လည်းမေးရောသူက မဟုတ်ဘူးတဲ့ စာမေးလိုက်တိုင်း ကြောက်လို့ အဲ့ဒီလိုဖြစ်ဖြစ်သွားတာတဲ့။ ကဲကောင်းရော။ အဲ့ဒီနေ့က ကျောင်းပြီးတဲ့ အထိဒီကောင်လက်တွေအေးစက်ပြီး ကြောက်နေတုန်း။ ဒါနဲ့ နောက်နေ့လည်းကျရော ဒီကောင်ကျောင်းမလာတော့ ဘာများဖြစ်လို့လည်းပေါ့လေ။ ပြီးတော့ ဒုတိယအချိန်လောက်မှ သူ့အမေက အခန်းထဲလာပြီး ဆရာမကို ခွင့်တိုင်တယ် ကြောက်ထစ် ဖျားနေလို့ ပါတဲ့။ ခွင့်တစ်ပတ်လောက်လို ချင်ပါတယ်တဲ့။ ဆရာမလည်း တကယ်ဖျားတာလား ဘယ်လိုဖြစ်တာလည်းဆိုပြီး မေးတာပေါ့လေ။ အဲ့ဒီမှ သူ့အမေက မနေ့က ဆရာမ စာမေးလိုက်တာကို ကြောက်ပြီး ကြောက်ဖျားဖျားသွား တာတဲ့။ ညဘက်အိပ်တော့ လည်း ထယောင်ပြီး စာတွေ ကြောက်ကြောက်လန့်လန့် နဲ့ ထစ်ထစ်ပြီး ဆိုနေတယ်တဲ့။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ဆရာမလည်း စိတ်မကောင်းဘူး။ ကျောင်းဆင်းတော့ ဆရာမနဲ့ ကျွန်တော်တို့ ဒီကောင့်အိမ်လိုက်သွားပြီး ကြည့်တော့ တကယ်ကို အိပ်ရာထဲမှာ ခွေခွေလေး။ ကိုယ်တွေလည်းပူလို့။ ဆရာမလည်း စိတ်မကောင်းဖြစ်ပြီး နောက်သူ့ကိုစာမမေးတော့ဘူး။ ကျွန်တော်ကတော့ သူ့အိမ်ကို သွားကြည့်တဲ့နေ့က သူနားကပ်ပြီး မင်းကတော့ နာမည်အသစ်ရပြီး ကြောက်ထစ်ဆိုပြီး ပြောခဲ့တာ။ အဲ့ဒီခုနှစ်တန်းတစ်နှစ်လုံး ဒီကောင့် နာမည်ကြောက်ထစ် ဆိုပြီး တွင်သွားပါလေရာ။ ခုနှစ်တန်းနှစ်ပြီးတော့ ဒီကောင်လည်း သူ့အဖေ တာဝန်ကျတဲ့ မော်လမြိုင်ကိုပြောင်းသွားတာ အဆက်အသွယ်တောင်မရပါဘူး။ ဒီကောင့်ကို မနေ့ညက သတိရမိနေတာနဲ့ ဒီကောင့်အကြောင်း ပို့စ်ရေးမယ်ဆိုပြီး ဒီနေ့ ရေးလိုက်မိတာပဲ။ သတိရပါတယ် ကြောက်ထစ်ရေ။


ကိုလင်း

Wednesday, August 26, 2009

လူကြီးလား ဒါမှမဟုတ် ကလေးအိုလား?

ဒီပို့စ်ကတော့ ကျွန်တော့် ရဲ့ မကျေနပ် ချက်တွေပါနေရင်ပါနေမလားပဲ။ ရည်ရွယ်ပြောချင်တာကတော့ လူတစ်စုကိုပါ ဒါပေမယ့် အားလုံးနဲ့ သက်ဆိုင် သွားမလားပဲ။ အပြုသဘောလေးနဲ့ ရေးမှာပါ။ အားလုံး ရင်ထဲမှာ အရမ်းနေရာမပေးလိုက်ပါနဲ့။

အသက်ကတော့ကြီး၏ သို့သော် အသိဥာဏ်ကမဖွံ့ဖြိုးသေး.. ထိုသို့သော လူများကို လူကြီးဟုခေါ်မလား။ ကျွန်တော်ကတော့ လူကြီးလို့ မဆိုချင်ပါ။ သို့သော် ကလေးအိုဟု နာမည်တပ်လိုက်ချင်ပါသည်။ ဟုတ်ပါတယ်။ လူခန္ဓာကိုယ်ကတော့ အတ္တဘော ကြီးမားလွန်းနေပါလိမ့်မယ်။ ဒါပေမယ့် တွေးခေါ်ပုံ တွေးခေါ်နည်း စဉ်းစားဥာဏ်နဲ့ ပတ်သတ်ရင်တော့ ငါးနှစ်သား ကလေးတစ်ယောက်၏ အတွေးလောက်သာရှိပေမည်။ ထိုသို့သော လူများကို ကလေးအိုများဟုသာခေါ်ရပေတော့မည်။ လူတစ်ယောက်မှာ ကိုယ်ခန္ဓာ ဖွံ့ဖြိုးပြီး ကြီးမားချိန်အလျှောက် ကြီးမားနေပေမယ့် စိတ်ဓာတ် အသိဥာဏ်ကတော့ ခန္ဓာကိုယ် အတိုင်း မကြီးမားလာပဲ အတွေးအခေါ် စဉ်းစားဆင်ခြင်ဥာဏ်များ နိမ့်ပါးနေကြသည်။

ကျွန်တော်ကျောင်းတတ်တဲ့ ပတ်ဝန်းကျင်မှာ လူတစ်ချို့ပေါ့လေ။ အခုဒီပို့စ်ကလည်း ဒီလူတွေကို မကျေနပ်တာ ကြောင့် ရေးဖြစ်တာပါ။ သူတို့က ကျွန်တော့်ထက်တောင် အသက်ကြီးပါတယ်။ ကျောင်းဆိုတဲ့ အတိုင်း ပရောဂျက် ပရီစင်တေးရှင်း မျိုးစုံလုပ်ကြရတယ်။ မိန်းမယောက်င်္ကျား မခွဲထားပါဘူး။ ကြိုက်တဲ့လူ တွေအဖွဲ့လုပ်လို့ ရပါတယ်။ သူတို့ထဲက တချို့က ကျွန်တော်နဲ့ အဖွဲ့လုပ်ရပါတယ်။ ကျွန်တော်တို့ အတန်းက မြန်မာတွေအများကြီးရှိတယ်။ မြန်မာ အချင်းချင်းမို့ ကောင်းတယ် ထင်သလား? မထင်လိုက်ပါနဲ့ ဆိုးပါတယ်။ ကျွန်တော် ကိစ္စတစ်ခုကိုပဲ ပြောပြပါမယ်။ ကျွန်တော် တို့ ပရောဂျက် လုပ်ရတဲ့ အဖွဲ့မှာ မြန်မာ သုံးယောက် ပါတယ်။ အဲ့ဒီထဲက တစ်ယောက်က ကျွန်တော်ပြောတဲ့ ကလေးအိုပါပဲ။ သူက ယောက်င်္ကျားလေးပါ။ ဘာကြောင့်သူ့ကို ကလေးအိုလို့ ပြောရလည်းဆိုတာလည်းပြောပြပါမယ်။ ကျွန်တော်တို့ ပရောဂျက်လုပ်တော့ ၂ ပတ်အချိန်ရပါတယ်။ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ်က ပြီးချင်လို့ အသားကုန် ကုန်းရုန်းပြီး လုပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီကလေးအိုက လုံးဝမလာပါဘူး။ ပရောဂျက် က ပရိုဂရမ်ရေးရတာပါ။ အရမ်းခက်ပါတယ်။ ကျွန်တော်ရယ် နောက်တစ်ယောက်ရယ် အသည်းအသန်ရေးနေတဲ့ အချိန် သူကအေးဆေးနေပါတယ်။ ကျွန်တော် ဘာမှမပြောပါဘူး။ ကိုယ့်မြန်မာ အချင်းချင်းပဲလေဆိုပြီး။ သူကိုလှမ်းခေါ်ပြီး တူတူလုပ်တော့လည်း သူကဘေးကထိုင်ပြီး ဂိမ်းကစားပါတယ်။ ပြီးတော့ သူ့ကွန်ပြူတာ ကိုယူပြီး လုပ်ရင် မကြိုက်သလိုပါ။ နောက်ဆုံးပရောဂျက်ကို လုပ်ပြီးသွားတော့ ဆရာမကို ပရီစင့် လုပ်ရပါတယ်။ အဲ့ဒီအခါကြတော့ သူကအားလုံးသူလုပ်ထားသလို မျိုးသရုပ်ဆောင်ပါတယ်။ နောက်ပြီး ဆရာမက တချို့နေရာတွေမှားနေတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး ဆိုပြီး ထပ်လုပ်ချင်လည်း လုပ်မလုပ်ချင်လည်း ရတယ်ဆိုပြီး ပြောတော့ ကျွန်တော်တို့ ကမလုပ်ပဲနေပါတယ် သူကတော့ ကျွန်တော်တို့ ပရိုဂရမ်ကို ယူပြီး သူ့ရဲ့ အစ်မဆိုသူကို အတင်း ပြန်ပြောင်းရေးခိုင်းပါတယ်။ ဒါပေမယ့် ရေးတဲ့ ဟာက အမှားကြီးဖြစ်နေပါတယ်။ နောက်တော့ ကျွန်တော်တို့ မပါဘဲ ဆရာမကို သွားတွေ့ပြီး ဒီပရိုဂရမ်က သူတစ်ယောက်တည်း လုပ်ထားတာပါလို့ ပြောတယ်။ ကျွန်တော်တို့ ကမြန်မာအချင်းချင်း စာနာပေမယ့် သူမှာစာနာမှုမရှိပါဘူး။ ဒါကြောင့် ကျွန်တော် စိတ်ဓာတ် ဖွံ့ဖြိုးမှုမရှိတဲ့ သူ့ကို ကလေးအိုလို့ သတ်မှတ်ပါတယ်။ နောက်ရှိပါသေးတယ် သူတို့ ကတော့ မိန်းကလေးတွေပါ။ သူတို့ ကျတော့ ပရောဂျက်ကို တောက်လျှောက်မလုပ်လာပါဘူး။ တင်ရတော့မယ့် နေ့ မရောက်ခင် တရက်ကျတော့ မှ အသည်းအသန် ကျွန်တော်တို့ ရယ် နောက် ကောင်မလေးတစ်ယောက် ရယ်ကို အတင်းလာရေးခိုင်းပါတယ်။ ရေးပေးကြပါတယ်။ အချင်းချင်းဆိုပြီးတော့ နောက်တနေ့ကျတော့ ဆရာမကို ပြတော့ မှားတာတွေပါပါတယ်။ ပရိုဂရမ်ကို ကျွန်တော်တို့ က ဖရိန်ရေးပေးလိုက်တာပါ။ သူတို့ က အသေးစိတ်ပြန် စိစစ်ဖို့ လိုပါတယ်။ သို့ပေသော်လည်း သူတို့က လုံးဝကို ပြန်မလုပ်ပဲ ရေးပေးလိုက်တဲ့အတိုင်း သွားပေးလိုက်ပါတယ်။ ဆရာမက ဆူတော့ ကျွန်တော်တို့ ကိုမကျေနပ်ပါဘူး။ အဲ့ဒီထဲကပဲ နောက်တစ်ယောက်က စာမေးပွဲဖြေတိုင်း အမြဲတမ်း သူများတွေဆီက ကူးပါတယ်။ မေးပါတယ်။ အမှတ်ထွက်လာရင် သူက အရမ်းများနေတတ်ပါတယ်။ ဒါပေမယ့် သူက သူများဆီက ကူးတာကို မေ့မေ့သွားလားမသိပါဘူး။ အထာကတော့ သူဟာသူလုပ်လို့ ရသွားတဲ့ပုံမျိုးပါ။ ကဲ ဒါကတော့ လူကောင်သာကြီးပြီး အသိဥာဏ်မဖွံ့ဖြိုးသော ကျွန်တော့် ပတ်ဝန်းကျင်က လူတစ်ချို့ပါ။ ကလေးအိုများပေါ့။ ကျွန်တော်အခုရေးတယ်ဆိုတာ လည်း သူတို့ ကိုမနာလိုလို့ ရေးတာမဟုတ်ပါ။ သူတို့ အကြောင်းသူတို့ မသိလို့ သိစေချင်တာရယ် နောက်ပြီး ဒီလိုလူမျိုးတွေရှိရင်လည်း ပြင်စေချင်တာရယ်ကြောင့်ပါ။ သူတို့ ကုသိုလ်နဲ့ သူတို့ ကောင်းနေတာကို အပြစ်မပြောပါဘူး။ အားလုံးပဲ နားလည်လိမ့်မယ်ထင်ပါတယ်။

Peace
လင်း

Tuesday, August 25, 2009

ဆန္ဒလေးများ

မတွေ့မမြင်တာကြာတော.
သတိရမိတယ်..
နူးညံ့တဲ့အသံလေးကိုလည်း
တိတ်တခိုးလွမ်းမိတယ်..
ရက်စက်တဲ့စကားလုံးတိုင်းကိုလည်း
မှတ်မိနေတယ်..
ပတ်သတ်ခဲ့တဲ့အရိပ်လေးတွေကိုလည်း
ပြန်ကောက်ချင်သေးတယ်..
လေးဖြူရဲ့ သံယောဇဉ်တေးကိုလည်း
အမြဲဆိုချင်နေတယ်..
ရေးထားတဲ့စာလွှာလေးတွေကိုလည်း
သူဖတ်မိစေချင်တယ်...
သူရှိနေတဲ. နေရာကိုလည်း
သွားချင်နေမိတယ်...
ဒါပေမယ်.
ဖြစ်ချင်တာဖြစ်ခွင့်မရခဲ့တဲ့
နှလုံးသားကျိန်စာကြောင့်
အလွမ်းတေးပဲ ညည်းနေမိတော့တယ်.............
****************


ရေးသူကတော့ သွယ်သွယ်ဦးသာပါခင်ဗျာ..... ရေခဲနန်းတော်ဆိုတဲ့ ၀က်ပေ့ရ် တခုကနေရတာပါ.. ကြိုက်လို့ တင်လိုက်ပါတယ်... အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်....

Sunday, August 23, 2009

PR တစ်ကောင်၏ရင်တွင်းဖြစ်

အချိန်က ၂၀၀၆ ခုနှစ်ရဲ့ ဇန်န၀ါရီလ.. အဖေကဖုန်းဆက်ပြီး PR ရပြီတဲ့.. စင်ကာပူကို ဧပရယ် လအမှလာခဲ့ပါတဲ့။ အဲ့ဒီအချိန်က ဆယ်တန်းဖြေမယ့်နှစ်... ဧပရယ်ဆိုရင် စာမေးပွဲကပြီးပြီဆိုတော့ ပြီးတာနဲ့ တမ်းထွက်ရမယ်ဆိုပြီး ပျော်လို့ပေါ့။ ဆယ်တန်းလည်း ဖြေသာဖြေတာ သူများတွေအသားကုန်စာကျက်နေတဲ့ အချိန်မှာ ကိုယ်က လက်ဖက်ရည်ဆိုင်ထိုင်လိုက် အိမ်မှာဆရာမတွေလာသင် ခါနီးဆိုပြန်လာလိုက်နဲ့ ပြီးရင် ကျောင်းသွားလိုက် ဒါနဲ့ ဟန်ကိုကျလို့...... စာမေးပွဲဖြေဖို့ ၂ လလောက်အလိုလောက်မှ စာနည်းနည်းပါးပါးကြည့်တာ... နောက်ဖြေတော့လည်း သူများတွေက စာအုပ်နဲ့မျက်နှာမခွာတမ်း မဖြေခင်အချိန်ထိ ကြည့်နေတဲ့ အချိန် ကိုယ်ကတော့ သူငယ်ချင်းနှစ်ကောင်နဲ့ ကိုယ့်ကားပေါ်မှာ လေပေါနေတာ... အမေကတော့ မျက်စောင်းတထိုးထိုးနဲ့ ဖြေပြီးထွက်လာလို့ အမေက ဖြေနိုင်လားမေးရင်လည်း အင်း အောင်မယ်တော့ ထင်ရတာပဲလို့ ပြောပြီး နေတော့.. အမေကလည်း စိတ်တွေပူ.. အောင်စာရင်းထွက်တော့ ဂုဏ်ထူးတစ်ခုပါတယ်ဆိုတော့ အမေ က မဖြစ်နိုင်တာဆိုပြီး ပြောသေးတာ....။ အဲ စကားတွေက လွဲကုန်ပြီ... ဆယ်တန်းကို ဖြေပြီးတော့ နောက်တနေ့ မနက်ပိုင်း Flight နဲ့ Singapore ကိုရောက်ရော။ IC Collect လုပ်ဖို့ပေါ့လေ။ လေယာဉ် ပေါ်ကနေ ဆင်းလိုက်တာနဲ့ လေယာဉ်ကွင်းကြီးကို ကြည့်ပြီး သဘောတွေကျလို့ ပြီးတော့ Taxi နဲ့ အိမ်ကိုခေါ်လာတော့လည်း လမ်းတွေကို ကြည့်ပြီးသဘောတွေကျလို့။ IC Collect လုပ်ပြီးတော့ လည်း အဖေ့ကိုပြောသေးတာ စလုံး နိုင်ငံသားပြောင်းမယ်ဆိုပြီးတော့ပေါ့။ စလုံးမှာ ၂ လလောက်နေပြီးတော့ အမေနဲ့ကိုယ့်နဲ့ နှစ်ယောက်တည်းပြန်သွားခဲ့တယ်... ရန်ကုန်ရောက်တော့ လည်း ပျော်တာပဲ.. ကိုယ်ကလွတ်လွတ်လပ်လပ် နေတတ်ခဲ့တဲ့လူဆိုတော့ ရန်ကုန်က ကိုယ့်အတွက် အဆင်အပြေဆုံးပဲ.... ရန်ကုန်မှာ အောင်စရင်းထွက်တာစောင့် ပြီးတော့ စလုံးပြန်။ စလုံးပြန်ရောက်စကတော့ ပျော်သလိုလိုခံစားရသေးတယ်... နေလာတာ ၆ လလောက်လည်း ကြာရော လူက တဖြည်းဖြည်းနဲ့ စိတ်ကုန်လာတယ်.. ရန်ကုန်တမြို့စာလောက်မရှိတဲ့ စလုံးနိုင်ငံသေးသေးလေး.. ပြီးတော့ ကိုယ်က သဘာဝကိုမြတ်နိုးတယ် ခရီးထွက်ရတာကို ကြိုက်တယ်.. စလုံးက တစ်မြို့လုံးပတ် အလွန်ဆုံး ၂ နာရီပဲ.. ကဲ ကိုယ်လိုလူ ဘယ်ပျော်လိမ့်မလည်း... စဉ်းစားသာကြည့်။ အရင်က စလုံးပြောင်းမယ်ဆိုတော့ ရည်ရွယ်ချက်တွေ အခုလာမေးရင် မေးတဲ့လူကို ပါဆွဲပြီးရိုက်ပစ်လိုက်ချင်တာ။ အခုချိန်များ မြန်မာပြည်အပြီး ပြန်နေလို့ ရမယ်ဆိုလို့ ကတော့ ချက်ချင်းကိုထပြေးမှာ.. သူဟာသူ မြန်မာပြည်ဘာဖြစ်နေနေ။ မြန်မာပြည်မှာ မွေးလာတဲ့ လူတစ်ယောက် ပြီးတော့ မြန်မာပြည်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက် မြန်မာပြည်ရဲ့ အငွေ့အသက်ကို မြတ်နိုးတဲ့ လူတစ်ယောက် ဘယ်လိုမှ ဒီနိုင်ငံမှာ နေလို့ မပျော်တာမထူးဆန်းပါဘူး။ သူငယ်ချင်းထဲက တချို့တွေစလုံးပြောင်းလိုက်ကြတယ်။ သူတို့ကတော့ ပျော်ပျော်ပဲ။ ကိုယ်ကတော့ သူတို့ကိုကြည့်လို့ ရင်လေးတယ်။ တွေးကြည့်လေ စလုံးလို ဘာအရင်းအမြစ်မှမရှိတဲ့နိုင်ငံ နောက်ပြီး ကိုယ့်ရဲ့ ဆွေးမျိုးတွေမရှိတဲ့ နိုင်ငံမှာ အသက်ကြီးလာရင်ဘယ်လိုနေမလည်း... နောက်ထပ်နောက်ထပ် အကြောင်းတွေတော့ အများကြီးပေါ့လေ။ ကိုယ်ကတော့ လုံးဝကို ဆုံးဖြတ်လိုက်တာပါ။ စလုံးပြောင်းရင် သန်း ၂၀ ပေးမယ်ဆိုရင်တောင် မပြောင်းတော့ဘူးလို့။ အခုချိန်မှာ မြန်မာပြည် ပြန်မယ်ဆိုရင်တောင် မှပဲ ကိုယ်တွေရဲ့ ပီအာကောင် ဘ၀က မလွတ်မလပ်နဲ့ NS ဆိုတဲ့ ဟာကြီးက ၂ နှစ် လုပ်ပေးရမယ်.. ပြီးရင် ကျောင်းတတ်တော့ ထိုးထားရတဲ့ Bond က သုံးနှစ်လုပ်ပေးရဦးမယ်... ပြီးရော ဒီတစ်သက် ပြန်နိုင်ပါ့မလားတောင်မသိ။ စဉ်းစားမိတာကတော့ PR များမရခဲ့ရင် ဘယ်လောက်ကောင်းမလည်းလို့ နောက်ပြီး အဲ့ဒီလို တွေးမိတိုင်း လူတစ်စုကို မုန်းမုန်းမိတယ်။ သူတို့လေ သူတို့ပေါ့........

Peace
လင်း

Saturday, August 22, 2009

နောင်တနေ့ဝယ်.....

နောင်တနေ့ဝယ်တဲ့ ပေးမိလိုက်ပြီခေါင်းစဉ်ကတော့ ဘာအကြောင်းရေးရမှန်းအတိအကျမသိသေးပေမယ့်... ခေါင်းထဲမှာတော့ ရေးစရာတွေကများသားလား။ မရေးဖြစ်တာကြာတော့ ကိုယ်တွေ့တွေကော စိတ်ကူးတွေရော အစုံပေါ့။ နောင်တနေ့ဝယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာရေးမယ်လို့စဉ်းစားလိုက်တော့ အရင်ကရေးခဲ့ဘူးတဲ့ နောင်ဆယ်နှစ်ကြာသောအခါဆိုတဲ့ အကြောင်းလေးကို ရေးရင်ကောင်းမယ်လို့စဉ်းစားမိတာနဲ့ စာအုပ်ထဲမှာ ပြန်ကြည့်ပြီးရေးချလိုက်မိတော့တယ်။ နောင်တနေ့ ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုက်ညီအောင်တော့ နည်းနည်းပါးပါး ပြင်ရတာပေါ့လေ။

သူငယ်ချင်းတွေနဲ့ လွန်ခဲ့သော ၄ နှစ်ခန့် ၁၀ တန်းအောင်ပြီးစက ပြောခဲ့ကြဘူးတယ်။ ငါတို့တွေ ၁၀ တန်းပြီးတာနဲ့ တစ်ယောက်တစ်နေရာစီ ဝေးပြီး ကိုယ့် ဘ၀ကိုယ်လျှောက်ရတော့မယ်။ ဒီတော့ကာငါတို့ ရဲ့ အနာဂတ်အတွက် ကြိုးစားရမယ်လို့။ အပြောကတော့ အပြောပဲလေ။ ဒီစကားတွေ က ရုပ်ရှင်ဆန်ဆန် စကားလုံးတွေဆိုတာ အဲ့ဒီတုန်းက မသိခဲ့ကြဘူး။ အခုချိန်စဉ်းစားတော့လည်း ရယ်စရာလေးပေါ့။ အဲ့ဒီအချိန် တုန်းက ငါနောက် ၁၀ နှစ်များကြာရင် ဘာဖြစ်မလည်းမသိဘူးလို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး။ ကလေးဆိုတဲ့ သဘာဝအတိုင်း ပျော်ပျော်နေရရင် ကြေနပ်ပြီး အပျော်ပြီးရင်း အပျော်နဲ့ပဲ ဖြတ်သန်းခဲ့ကြတယ်။ ဘ၀ကို ဖြတ်သန်းလာတဲ့ အချိန်ကြာလေ လူကရင့်ကျတ်စွာ တွေးတော တတ်လာခဲ့တယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါ ဘာကြောင့်မတူနိုင်ရတာလည်း? ဒီမေးခွန်းက ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတဲ့ စကားပေါ့။ အခုချိန်ထိ စာတွေသင် ကိုယ့်အတွက် တိုးတက်လမ်းရှိတဲ့ နိုင်ငံတွေကို ထွက် ကိုယ့်ရဲ့ မွေးရာနိုင်ငံကို မခွဲချင်ပဲ ခွဲခွာနေကြ ရတယ်။ တနေ့နေ့ ရောက်ခဲ့ရင် ပြန်မယ်ဆိုတာတော့ အတွေးထဲမှာ အချိန်တိုင်းရှိပါတယ်။ နောင်ဆယ်နှစ် နောင်ဆယ်နှစ်များပေါ့နော်..... ငါတို့တွေ ပြန်တွေ့ရင် မင်းတို့ ဘယ်လိုဖြစ်နေမလည်း? ငါဘယ်လိုဖြစ်နေမလည်း? ဒါဟာအဓိက ကျတဲ့မေးခွန်းပဲ။ ငါတို့ ရဲ့ အသက်တွေကြီးလာတာနဲ့ အတူ မင်းတို့ ငါတို့ ရဲ့ ပတ်ဝန်းကျင်းလည်း ပြောင်းလဲသွားမယ်။ သုံးနှုန်းတဲ့ စကားလုံးတွေပြောင်းလဲသွားမယ်။ ကမ္ဘာကြီးပြောင်း လဲသွားမယ်။ ဘာတွေဘယ်လို ပြောင်းလဲမလည်းဆိုတာ တို့အားလုံး စိတ်ကူးထားတဲ့ အတိုင်း ဖြစ်မလား မဖြစ်ဘူးလား ဒါကိုငါတို့ ကြိုတင်မသိနိုင်သေးဘူး။ ဒါဟာ အချိန်ဆိုတဲ့ ယန္တာရားရဲ့ အဆုံးအဖြတ်အောက်မှာ မူတည်နေလိမ့်မယ်။ ငါတို့သူငယ်ချင်းတွေထဲက စောစောစီးစီး ကြွေသူလည်းကြွေ ကုန်ကြပြီ..... နောင်ဆယ်နှစ် ငါတို့ အားလုံးပြန်ဆုံနိုင်မယ်ဆိုရင်.......... ငါတို့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးဘယ်လို ဖြစ်နေမလည်း?..........................

Peace
လင်း

Friday, August 21, 2009

အတိတ်ရဲ့ တံခါး တချပ်ကို ဖွင့်ကြည့်ခြင်း

"ငါချစ်ရမှာ စိတ်ကူးရုံနဲ့ အသွေးအသားထဲက ပျော်နေတတ်ပြီ မင်းရဲ့ ရှေ့ကို ရောက်သွားရင်လည်းအားတင်း ထားသမျှအရည်ပျော်သွားတယ်" ဆိုတဲ့ ၀ိုင်းဝိုင်းရဲ့ သီချင်းလေးကို နားထောင် နေရင်းနဲ့ အတွေးတွေက အတိတ်ကို ပြန်လှည့်သွားတယ်။

ငယ်ရွယ်တုန်းကပေါ့..... သူငယ်ချင်းလို့လည်း ပြောလို့ ရတဲ့ အစ်မလို့လည်းပြောလို့ ရတဲ့ သူငယ်ချင်း ကိုယ့်ထက်အသက်ကြီးတဲ့ အစ်မတစ်ယောက် ရှိခဲ့ဘူးတယ်။ ကျောင်းမှာလည်း အမြဲတမ်းတွေ့နေရတယ်။ ကျူရှင်မှာလည်း တွေ့နေရတယ် ဆိုတော့ သူကို စိတ်ထဲမှာ စွဲလမ်းမိတယ်။ သူကလည်း လူတကာချစ်ဖို့ ကောင်းလောက်အောင် ချောတာကိုး။ ကိုယ့် စိတ်ထဲမှာ သူ့ကို ချစ်သူတစ်ယောက် အဖြစ်ရည်ရွယ်ထားခဲ့တယ်။ လူတွေအမြင်မှာလည်း ကိုယ်တို့နှစ်ယောက်ကို ချစ်သူတွေအဖြစ်ထင်အောင် ကြိုးစားချင်ခဲ့တယ်။ အမြဲတမ်းမုန့်စားတန်းမှာ သူနဲ့ ဆုံတယ်။ ဆုံတိုင်းလည်း ရင်တွေတဒိန်းဒိန်း ခုန်ခဲ့တယ်။ ငယ်ရွယ်ပေမယ့် ဇမသေးတဲ့ ကိုယ် သူနဲ့ တွေတိုင်း ကတုန်ကရင်တွေ ဖြစ်ခဲ့ရတယ်။ သူက အမြဲတမ်း မုန့်ဈေးတမ်း မှာ မုန့်တွေကိုယ့်ကို ၀ယ်ကျွေးတယ်။ မောင်လေး မောင်လေးဆိုပြီး ကြင်ကြင်နာနာ ဆက်ဆံတတ်တယ်။ ကိုယ်ကတော့ သူ့ကို " မ " လို့ တစ်လုံးတည်းခေါ်တတ်တယ်။ ကိုယ်သူ့ကို မလို့ ခေါ်ခဲ့တဲ့ အချိန်တွေတိုင်းမှာ ကိုယ့်မျက်ဝန်းမှာ အချစ်ရဲ့ အရိပ်တွေ စွန်းထင်းနေခဲ့မိလားမသိဘူး။ သူမကို ကိုယ်ဖွင့်ပြောမယ်လို့ ကြိုးစားတဲ့ အချိန်မှာ ကိုယ်သူမမှာ ချစ်သူရည်စား ရှိမရှိစုံစမ်းခဲ့ရတယ်လေ။ သူမကပဲ လျို့ဝှက်ခဲ့တာလား... သူမရဲ့ သူငယ်ချင်းတွေကပဲ သူမအတွက်လိမ်ညာပေးခဲ့တာလား မသိပဲနဲ့ သူမမှာချစ်သူ ရည်စားမရှိဘူးလို့ ကိုယ်သိခဲ့ရတယ်။ ကိုယ့်ရင်ထဲမှာ ပျော်ရွှင်သွားခဲ့မိတယ်။ ကိုယ်က ကျောင်းမှာဆို နေရာတကာ ဆရာကြီးဝင်လုပ်တတ်တယ်လေ။ ကျောင်းကပွဲ ဆိုလည်း ကိုယ်ပါတယ်။ ကျောင်းရဲ့ ကထိန်ဆိုလည်း ကိုယ်ကခေါင်းဆောင် ကျောင်းရဲ့ ပွကြီးပေါ့။ နောက်ပြီး ကျောင်းရဲ့ ဆိုးရွားလှတဲ့.. ကောင်မလေးတွေနဲ့ ပတ်သတ်မှုအများဆုံးမှာ ကိုယ်က နံပါတ်တစ်ကို ချိတ်ခဲ့တယ်။ ဆရာ၊ဆရာမတွေ အားလုံးက ကိုယ့်ကို တာရာပွကြီးတဲ့။ ကိုယ်တို့ ကျောင်းမှာ နှစ်တစ်နှစ် ကျောင်းကပွဲလုပ်တော့ အစီအစဉ်တစ်ခု အတွက် ကိုယ်က ခေါင်းဆောင်လုပ်ပြီး ပါရတယ်။ အဲ့ဒီနှစ်မှာပဲ သူမနဲ့ ပိုပြီး ရင်းနှီးသလို ဖြစ်သွားခဲ့တယ်။ အဲ့ဒီအချိန်ကတော့ တကယ့်ကို သာယာမှုနဲ့ ပြီးပြည့်စုံတယ်လို့ ထင်ခဲ့မိတယ်။ ကိုယ့် အတွက် ကံကြမ္မာဆိုးလို့ မတွေးမိခဲ့တာ ကိုယ့်အမှားပဲ ထင်တယ်။ ကိုယ်ကျောင်းကပွဲအတွက် အစီအစဉ်ကို ဇာတ်တိုက်တိုင်း သူမကလည်း အဲ့ဒီနေရာကို လာနေခဲ့တတ်တယ်။ ပြီးတော့ ကိုယ့် အတွက် မုန့်တွေ အအေးတွေဝယ်လာပေးခဲ့တတ်တယ်။ ကိုယ့်ရင်မှာ ကြည်နူးရတယ်။ သူမကို ဖွင့်ပြောဖို့ ကိစ္စလည်း တစ်ခါတည်း စဉ်းစားထားတာနဲ့ တရက်တော့ ဖွင့်ပြောလိုက်တယ်။ သူမက အဖြေကို မပေးခဲ့ဘူးလေ။ ဒါပေမယ့် အမြဲတမ်းခေါ်နေတတ်တဲ့ မောင်လေး ဆိုတာကို လေး ဖြုတ်ပြီး မောင်လို့ ပြောင်းခေါ်ခဲ့တော့ ကိုယ့်စိတ်ထဲမှာ သူမကိုယ့်ကို လက်ခံပြီလို့ ထင်ခဲ့မိတယ်။ ကျောင်းကပွဲ အချိန်တွေက အပျော်ဆုံးပါပဲ။ သူမက ကိုယ့်ရဲ့ သူငယ်ချင်းထဲက လူလေးသေးသေးလေးနဲ့ အသားမည်းမည်းလေး ဇော်မင်းသန့် ဆိုတဲ့ သူငယ်ချင်းကို နောက်ကျပြောကျရင်း သူက ဇော်မင်းသန့်က ငါနဲ့မောင်ရဲ့ သားလေး ဆိုတော့ သူ့ရဲ့ ရယ်နေတဲ့ မျက်နှာကိုကြည့်ပြီး ကိုယ်ကြည်နူးခဲ့တယ်။

ဒါတွေအားလုံးဟာ ကျောင်းကပွဲပြီးလို့ တစ်ပတ်လောက်မှာပဲ ကိုယ့်ဘ၀ထဲက အပြီးအပိုင်ပျောက်ကွယ် သွားခဲ့တယ်။ တနေ့ မနက်ဘက်အစောကြီး နိုးနေလို့ ကိုယ်ကျောင်းကို အစောကြီးထွက်လာတဲ့ အချိန်မှာပေါ့..
ကိုယ် ကျောင်းပေါက်ဝကနေ သူ့ကို စ ဖို့ အတွက် စောင့်နေမိခဲ့တယ်။ မထင်မှတ်ထားခဲ့ပါဘူး။ သူ့မကျောင်းကို လမ်းလျှောက်လာနေတာကို တွေလိုက်တယ်။ ပျော်သွားမိတယ် ဒါပေမယ့် သူမလက်တွဲပြီးလမ်းလျှောက် လာတဲ့သူက သူမ အခန်းထဲက သူမရဲ့ သူငယ်ချင်းဖြစ်နေတယ်လေ။ ကိုယ်သိလိုက်ပါတယ် ကိုယ်ညာခံလိုက် ရပြီလို့။ ကိုယ်ချာခနည်းနေအောင် လှည့်ထွက်သွားလိုက်တယ် ကျောင်းထဲကိုပေါ့။ ကိုယ်ထွက်သွား လိုက်တာကို ကျောင်းနားရောက်နေတဲ့ သူမက လှမ်းတွေ့လိုက်တယ်လေ။ သူမမျက်နှာမှာ အံ့အားသင့်တဲ့ အမူအရာကိုကိုယ့်ရဲ့ မျက်ဝန်းထောင်စွန်းကနေ ဖျတ်ခနဲတွေ လိုက်ရတယ်။ ဒီလိုနဲ့ မုန့်စားကျောင်း ဆင်းတဲ့ အချိန်မှာ သူ့ရဲ့ သူငယ်ချင်းတွေ နဲ့ သူရဲ့ ချစ်သူလို့ ကိုယ်ထင်ခဲ့တဲ့လူ ကိုယ့်ဆီရောက်လာခဲ့တယ်။ သူတော့ပါမလာပါဘူး။ သူ့သူငယ်ချင်းတွေနဲ့ အဲ့ဒီလူက ကိုယ့်ကိုရှင်းပြကြတယ်။ ဒါပေမဲ့ ကိုယ်နားမထောင်ချင် ခဲ့ဘူး။ အဲ့ဒီအဖြစ်ကို အိမ်မက်လို့ ထင်ချင်တယ်။ သူတို့က ကိုယ့်ကို ပြောပြကြတယ်။ သူမက ရည်းစားနဲ့ စိတ်ကောင်နေတဲ့ အချိန်မို့ ကိုယ့်ကို သူမရည်စား သ၀န်တိုအောင် တမင်တွဲပြခဲ့တယ်တဲ့။ ပြီးတော့ အခုသူမ ရည်စားနဲ့ အဆင်ပြေတော့ ကိုယ့်ကို သူမမှားပါတယ် လို့ လာပြီး တောင်းပန်ခိုင်းတာပါတဲ့။ သူမကိုယ်တိုင်တော့ မပါလာခဲ့ဘူးလေ။ ကိုယ့်ဘ၀မှာ မိန်းမတစ်ယောက် ကို ချစ်မိခဲ့လို့ ခံစားခဲ့ရတယ် ပြီးတော့ ၀မ်းနည်းခဲ့ရတယ် ရှက်ခဲ့ရတယ်။ ဒါနဲ့ပဲ ကိုယ်သူမကို စိတ်နာနာနဲ့ တခြားမိန်းကလေးတွေကို ပျော်တမ်းတွဲပြီး အသည်းလိုက်ခွဲခဲ့မိတယ်။ ဒါကိုယ်မှားလား? ပြောကြပါ။ အခုတော့ ကိုယ်လည်း စိတ်ကုန်လို့ အဲ့ဒီဘ၀ကြီးထဲက ရုန်းထွက်ခဲ့တာ ၃ နှစ်တောင် ကျော်ရောပေါ့................

Peace
လင်း

Thursday, August 20, 2009

ဘာကြောင့်လည်း?

ညရဲ့ အမှောင် က နေလုံးကြီးကို ၀ါးမြိုပြီး သူရဲ့ ၀တ်ရုံကို ဖြန့်ကျတ်ထားတယ်။ အရောင်ကတော့ ကပ္ပလီရဲ့ အသားအရောင်ထက် တောင်မဲမှောင် သေးရဲ့။ အမှောင်ကို ပိုမှောင် ဖို့ အားပေးနေတာက ၀ုန်းခနဲ ၀ုန်းခနဲ နဲ့ ရွာနေတဲ့ မိုးပဲ။ ညကမှောင် မိုးတွေကရွာ သိတဲ့ အတိုင်း ရန်ကုန်ရဲ့ မီးကပျက်။ ဒါကမထူးဆန်းတဲ့ ဘ၀ အထာပေါ့။

ကျွန်တော်ကတော့ မိုးရွာတာကို ကြိုက်တဲ့ လူဆိုတော့ အိမ်ရှေ့ကနေပြီး လမ်းပေါ်မှာ ကျနေတဲ့ မိုးရေတွေကို ငေးလို့ အတွေးတွေ ပွားနေတုန်း ရုတ်တရတ် လျှပ်စီးတွေ က လင်းကနဲ ဖြစ်သွားတဲ့ အချိန်မှာ လမ်းမပေါ် တခဏတာလေး မြင်လိုက်ရတယ်။ လူရိပ်လေးနှစ်ခု ဒါနဲ့ ဘာများလည်းလို့ သိချင်တာနဲ့ လျှပ်စီး ထပ်ပျက်မဲ့ အချိန်ကို စောင့်နေလိုက်တယ်။ နောက်ထပ် တစ်ခါတွေတော့ လည်း သေချာမမြင်ရ။ ဒါနဲ့ စောင့်ကြည့်နေတာ ၁၀ မိနစ်လောက်ကြာတော့ လျှပ်စီးထပ် ပျက်တော့မှာ သေချာတွေ့လိုက်ရတယ်။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အသက်က ၁၅ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ် လောက်ပဲ ရှိမယ်ထင်တယ်။ ကျွန်တော်တို့ အိမ်ရှေ့ကလမ်းသွား လမ်းလာတွေ သောက်ဖို့ လုပ်ပေးထားတဲ့ ရေအိုးစင်လေး အောက်မှာ မိုးခိုနေတာပဲ။ ရေအိုးစဉ်က ကြီးပါတယ်.. ရေအိုးတွေဖယ်လိုက် ရင် လူတစ်ယောက်အိပ်စာလောက်ရှိတယ်။ ဒါပေမဲ့ မိုးက သည်းကြီးမည်းကြီးရွာနေတော့ သူတို့ ဘယ်လို မိုးခိုခို တစ်ကိုယ်လုံး စိုရွှဲနေတာ အသိသာကြီး ဖြစ်နေတယ်။ အဲ့ဒီအချိန်မှာ ဘေးအိမ်က လူကြီး က ထွက်လာပြီး ဟဲ့ ကလေးတွေ သွားသွားနဲ့ အတင်း မောင်းထုတ်တယ်ဗျာ။ သြော်ဒါနဲ့ ကလေးတွေက နွမ်းနွမ်းပါးပါး ပုံလေးတွေပါ။ ကျွန်တော့် ရင်ထဲ မှာ ဆို့ သွားတယ်။ သြော်.. ဒီလူကြီး သားသမီးချင်း ကိုယ်ချင်းမစာတတ်လိုက်တာလို့။ အဲ့ဒါနဲ့ ကျွန်တော်လည်း အပြင်ထွက်ပြီး ကလေးတွေကို အိမ်ထဲလာလို့ ခေါ်လိုက်တယ်။ ကျွန်တော် စိတ်ထဲမှာ တကယ်ကို တွေးမိတာက ငါ့ညီငါ့ညီမလေး တွေအရွယ်လောက်လေးတွေ မိုးထဲမှာ မှောင်မှောင်မည်းမည်းနဲ့ ဘယ်လောက် အားငယ်နေလိုက်မလည်းဆိုပြီး ခေါ်ဖြစ်တာပါ။ ရင်ထဲ မှာလည်း ဟိုလူကြီးကို မကျေမနပ်ဖြစ်မိတယ်။ ကလေးနှစ်ယောက်ကို ခေါ်ပြီး ကျွန်တော် ညီနဲ့ ညီမလေးရဲ့ အ၀တ်အစားတွေထုတ်ပေးပြီး သူတို့ အ၀တ်တွေနဲ့ လဲခိုင်းလိုက်တယ်။ ပြီးတော့ ရေနွေးအိုးကျိုပြီး ကော်ဖီတစ်ယောက်တစ်ခွက်စီနဲ့ မုန့်တွေချကျွေးလိုက်တော့ သူတို့ စားတာ ကုန်တာပဲ။ ကျွန်တော်လည်း မုန်တွေထပ်ချပေးမိတယ်။ မုန်ကို ပုံးလိုက်ကို ထားပေးလိုက်တာ။ ကလေးတွေဗိုက်ဆာနေမှန်းက အရမ်းကို သိသာလွန်းနေတယ်လေ။ ထမင်းတွေဟင်းတွေ မရှိတော့လို့သာ မုန်တွေ့ကော်ဖီတွေတိုက်နေရတာ။ ဖြစ်နိုင်ရင် ထမင်းဟင်းကျွေးလိုက်ချင်တာ။ ကလေးနှစ်ယောက်တည်းက မိန်းကလေးက စားရင်းနဲ့ မျက်ရည်တွေဝဲပြီး မနက်ထဲက ထမင်းမစားရသေးတာ အခုမှ ပဲ အစားကောင်းအသောက်ကောင်း စားရတော့တဲ့လို့ ပြောလိုက်တော့ စိတ်ထဲမှာလေ သနားလိုက်တာ။ ကလေးနှစ်ယောက်လုံးက ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးတွေနဲ့ ဘ၀ဆိုးနေကြတာ။ သူတို့လည်း စားနေရင်းနဲ့ ကျွန်တော်လည်း မေးချင်တာလေးတွေမေးမိတယ်။ သူတို့ နှစ်ယောက်ရဲ့ အကြောင်းကိုပေါ့။ သူတို့က မိဘတွေမရှိတော့ဘူး။ ဦးလေး လင်မယားနဲ့ တူတူနေတာတဲ့။ သူတို့ ကိုကျောင်းတော့ ထားပေးပေမယ့် ကျောင်းစားရိတ်နဲ့ ထမင်းဖိုး အတွက် သူတို့ဟာသူတို့ ရှာရတယ်တဲ့။ အခုလည်း သူတို့ ကားဂိတ်တွေမှာ ရေသန့်ဘူး အခွံ့တွေ တောင်းလိုက်ရောင်းလိုက်နဲ့ လုပ်တာ မိုးသည်းပြီးမည်းကြီးရွာလို့ ဒီနားရောက်တုန်းမိုးခို နေတာတဲ့လေ။ သြော် ကလေးလေးတွေ ပျော်ရွှင်ပြီး စာသင်ရမယ့် အချိန်မှာ ဒီလို ဖြစ်နေတာကြားရတော့ ၀မ်းနည်းမိတယ်။ ပြီးတော့ နှစ်ယောက်စလုံးက ဒီနေ့ တစ်နေ့လုံး ဘာမှမစားရသေးဘူးတဲ့ ပိုက်ဆံမရကြလို့တဲ့ ကျွန်တော်ကျွေးတဲ့ မုန့်တွေ ကော်ဖီတွေက ပထမဆုံးပဲတဲ့ ဘ၀မှာ။ ရင်ထဲမှာ စို့သွားတာပဲ။ ပြီးတော့ ကလေးနှစ်ယောက်က ကျွန်တော့် ကိုအ၀တ်အစားတွေပြန်ချွတ်ပေးပြီး သူတို့ အ၀တ်တွေလဲ ဖို့လုပ်တော့ ကျွန်တော်က ယူလိုက်တော့လို့ ပြောလိုက်မိတယ်။ ကလေးလေးတွေ မျက်နှာမှာ အပျော်ရိပ်လေးတွေ ထင်းခနဲနေသွားတာတွေ့လိုက်ရတယ်။ ပြီးတော့မှ နှစ်ယောက်လုံးက မျက်နှာလေးတွေ ညိုပြီး သူများ ပစ္စည်းကို အလကားယူတာ မကောင်းဘူးဆိုပြီး အတင်းပေးလို့ မနည်းပြောပြီးပေးလိုက်ရတယ်။ ပြီးတော့ မိုးထဲမှာပဲ ပြန်မယ်လုပ်လို့ မနည်းတာပြီး အိမ်မှာပဲ ညအိပ် မနက်မှသွားကြဆိုပြီး ကျွန်တော်အိမ်မှာပေးအိပ်လိုက်တယ်။ သူတို့ အတွက် အိပ်ရာလေးတွေပြင်ပေးတော့ အားနာတဲ့ အကြည့်လေးတွေနဲ့ ကြည့်ပြီး ဘေးနားမှာ ကုတ်ကုတ်လေးတွေရပ်နေကြလို့ သူတို့ကို စိတ်အားမငယ်အောင် အစ်ကိုက အစ်ကို့ ညီတွေ ညီမအရွယ်တွေဆို သိပ်ချစ်တတ်တာ ဆိုပြီး ကျွန်တော်မှာ ညီတစ်ယောက်နဲ့ ညီမတစ်ယောက်ရှိတာတွေပြောပြီး သူတို့ ကိုအိပ်ခိုင်းလိုက်တယ်။ သူတို့ အိပ်ရာထဲဝင်ပြီး ၁၀ မိနစ်လောက်နေတော့ အိပ်ပျော်သွားတာများ နှစ်နှစ်ချိုက်ချိုက်ပဲ။ ဘယ်လောက်တောင် များပင်ပန်းဆင်းရဲ ထားလိုက်ကြတယ်မသိဘူး။ ကျွန်တော်လည်း ကျွန်တော့် အိပ်ရာပေါ်တတ်ပြီး စဉ်းစားနေမိတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေနဲ့ ကလေးငယ်တွေ ဘယ်လောက်များ မြန်မာပြည်မှာ ရှိနေကြမလည်းလို့ နောက်ပြီး သားသမီးချင်း ကိုယ်ချင်းမစာတတ်တဲ့ အိမ်ဘေးကလူကြီး လိုလူတွေ ဘယ်လောက်များ..များနေမလည်းလို့ ...

စဉ်းစားရင်းစဉ်းစားရင်းနဲပဲ..........................................

Peace
လင်း

Tuesday, August 11, 2009

ဘ၀ဘ၀ဘဝ

ဟူး... စာမေးပွဲတွေက ဖြေရတော့မယ် စာတွေလည်းမရသေး။ ပရောဂျက်တွေလည်း မပြီးသေး... နောက်ပြီး လက်တွေ့စာမေးပွဲတွေ ကလည်း လာသလားမမေးနဲ့... ဘာမှကိုမသိတော့တာ.. ဒီရက်ပိုင်းအတွင်း ကိုယ့်ကိုကိုယ် သတ်သေချင်စိတ် တောင်ပေါက်ပါတယ်... တကယ်။ အမြဲတမ်းလည်း တွေးမိတယ်.. ငါလောက် ကံဆိုးတဲ့လူများရှိဦးမလားလို့... မသင်ချင်တဲ့စာတွေ သင် မနေချင်တဲ့နေရာမှာနေနဲ့ ကြာရင် ရူးတောင်ရူးနိုင်တယ်။ ဘလော့ လေး ရေးတာတောင် အချိန်မပေးနိုင်လောက်အောင်ဖြစ်နေတယ်. နောက်ပြီး ဘလော့မှာ ရေးစရာလည်း စဉ်းစားလို့မထွက် စာမေးပွဲလေ စာမေးပွဲ.. ဒုက္ခပေးနေတာ... တမ်းတမိတယ်.. မြန်မာပြည်မှာ ကျောင်းနေခဲ့တဲ့ အချိန်တွေကို... လောလောဆယ် ဘလော့ ရေးတာ ကို ၃ ပတ်လောက်နားမယ်နော်.. အားလုံးခွင့်လွှတ်.. စာမေးပွဲအောင်အောင် လုပ်ရဦးမယ်... ဟူးးးးးးးးးးးး

Wednesday, August 5, 2009

မိုးရာသီ နှင့် ဖိနပ်တစ်ရံ

ကျွန်တော်က မိုးရာသီဆို အရမ်းကြိုက်တယ်။ မိုးရေထဲမှာ လျှောက်သွားရတာကို ပိုကြိုက်တယ်။ မိုးတွေစိုပြီး ရေတွေနဲ့ အေးအေးလေ ဘာနဲ့မှမလဲနိုင်တဲ့ အရသာပဲ။ ငယ်ငယ်ကဆို မိုးရွာတာနဲ့ အပြင်ထွက်ပြီး မိုးရေချိုးရင်း ဘောလုံးကန်တာပဲ။ ပျော်မှပျော်။ မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ဘယ်လောက်ထိကြိုက်လည်းဆိုရင် တစ်ခါက ဆယ်တန်းပြီးတော့ပေါ့နော် သင်တန်းတွေတတ်တယ်။ စလုံးသွားရမယ်ဆိုလို့ စပီကင် သင်တန်းပေါ့လေ။ ပြီးတော့ ကွန်ပြူတာရော။ တနေ့သင်တန်းကပြန်တော့ မိုးတွေရွာနေတာနဲ့ ပျော်သွားတာ လှိုက်ခနဲပဲ။ သင်တန်းက အစ်ကိုသူငယ်ချင်း တစ်ယောက်နဲ့ တူတူတတ်တာလေ။ သူနဲ့တိုင်ပင်ပြီးတော့ ထီးတွေပါရက်နဲ့ မိုးရေထဲမှာ ပြန်မယ်ဆိုပြီး ပြောကြတာ။ သူကလည်း အစ်ကိုတစ်ယောက်လိုပဲ ကျွန်တော့်ကို ချစ်တော့ လုပ်ချင်ရင်လုပ်ဆိုတာကြီးပဲ။ အဲ့ဒါနဲ့ သူက ကျွပ်ကျွပ်အိတ်တွေ ၀ယ်ပြီး လွယ်အိတ်တွေကိုထည့် ပြီးတာနဲ့ မိုးရေထဲမှာ လမ်းလျှောက်ပြီးပြန်တာ။ အိမ်ကို တကယ်ပြန်ရင် နာရီဝက်လောက်နဲ့ ရောက်ရဲ့ နဲ့ အဲ့ဒီနေ့က တစ်နာရီခွဲလောက်ကြာတယ်။ ညနေ ၅ နာရီခွဲလောက် က သင်တန်းက လွှတ်လိုက်တာ အိမ်ကို ၇ နာရီကျော်မှ ရောက်တယ်။ ဘာလို့လည်း ဆိုတော့ မိုးရေထဲ လျှောက်သွားခြင်တာနဲ့ လမ်းတွေကို လျှောက်ပတ်ပြီးသွားကြတာလေ။ အေးဆေးပဲ။ အပျော်ဆုံးနေ့တစ်နေ့ပဲ ဘ၀မှာ။ အခုတော့ အဲ့ဒီလို အရသာမျိုး လုံးဝကို မခံစားရတော့ဘူး။

ဖိနပ်အကြောင်းလည်း ပြောရဦးမယ်။ ကျွန်တော်က ငယ်ငယ်တည်းက ဖိနပ်စားတယ်။ ပါးစပ်နဲ့ စားတာကိုပြောတာမဟုတ်ဘူးနော်။ ဖိနပ် ပျက်လွယ် တာကိုပြောတာ။ သူများတွေ ၃၊ ၄ လ စီးတဲ့ ဆင်ခြောက်ကောင် ဖိနပ် ကျွန်တော်နဲ့ ဆို ၁ လကျော် ကံကောင်းပဲ။ ကတ္တီပါ ဖိနပ်ဆို ပိုဆိုးပဲ။ သားရေစိမ်း ပဲစီးလို့ ရတယ်။ အမေက ဖိနပ်ဝယ် ပေးရတော့မယ် ဆိုပေါက်ပြီ။ ရေရေလည်လည် ကိုလွှတ်တာ။ တစ်ခါတော့ မိုးတွင်းကြီးပါပဲ။ ၈ တန်းနှစ် ထင်တယ်။ မနက်ဖက်ကျူရှင်သွားမယ်လုပ် တော့ ဖိနပ်က ပျက်နေတယ်။ အမေကို ၀ယ်ခိုင်းလိုက်တာ အမေက မေ့ပြီး မ၀ယ်ခဲ့ဘူး။ အစ်ကို့ ဖိနပ်ကျတော့ လည်း မစီးချင်ဘူး။ အစ်ကို က ကတ္တီပါ စီးတာဆိုတော့ မိုးရေနဲ့ မကိုက်။ မိုးက လည်း မနက် ၇ နာရီလောက်ကြီးကို အသားကုန် လွှတ်ရွာနေတာ။ နောက်ဆုံး ဖိနပ်ဝယ်ဖို့ မေ့လာတဲ့ အမေကို မကျေနပ်တာနဲ့ ဘာဖိနပ်မှာ မစီးပဲ ဒီတိုင်းကို ထွက်သွားတာ။ ကျူရှင်ထိပဲ။ လမ်းမှာ လူတွေကလည်း ၀ိုင်းကြည့် ကျွန်တော်ကတော့ လုံးဝမရှက်ပဲ။ ကိုယ့်ဟာကိုယ် မစီးတာ ဘယ်သူ့ဂရုစိုက်ရမလည်းနော်။ ကျူရှင် ရောက်တော့ လည်း ဆရာမက ဆူရော ဖိနပ်မစီးလာလို့တဲ့။ အဲ့ဒီ ကျူရှင်ဆရာမ က ကျွန်တော့်ကို အရမ်းချစ်ခဲ့တယ်။ မွေးစားသား တစ်ယောက် အတိုင်းပဲ။ မုန့်တွေဘာတွေ ကော်ဖီတွေတိုက်တယ် ကျူရှင်ရောက်ရင်လည်း။ ဘယ်သူ့ကိုမှ တော့မကျွေးဘူး ကျွန်တော် ကလွဲရင် နောက်တော့ အကြောင်းအကြောင်းတွေ ကြောင့် ဆရာမ ကျွန်တော့်ကို ဒေါသထွက်သွားတယ်။ နောက်တော့ လမ်းတွေ့ရင်တောင် မခေါ်တော့ဘူး။ ကျွန်တော့် စိတ်ထဲမှာ တော့ ဆရာမကို အခုထိ ချစ်တုန်းပဲ။ ထားပါ ဒါက ကြားဖြတ်ပြောတာ။ ကျူရှင်ကပြန်လာတော့ လည်း တစ်ယောက် တည်းမိုးရွာထဲ မှာ လမ်းလျှောက် ပြီး ဖိနပ်မပါပဲ ပြန်လာတာ။ အိမ်ကို ပြန်တဲ့ လမ်းက ရထားလမ်းတစ်ခုကို ကျော်ရသေးတယ်။ ကျွန်တော်က ကျူရှင်က နေပြန်တော့ ရထားလမ်း ပေါ်ဘက် ကိုသွားပြီး အောက်ဘက် ပြန်ဆင်းပြီးပြန်တာ။ အိမ်က ရထားလမ်းရဲ့ အောက်နားလောက်ရှိတယ်ဆိုတော့။ လမ်းတွေတော့ခြားပါသေးတယ်။ ရထားလမ်းက ပြန်တော့ လည်း ရထားပေါ်က လူတွေက ရုပ်ရှင်ရိုက်တယ်များ ထင်နေလားမသိဘူး ခေါ်င်းတွေ ပြူပြီးကို ထွက်ကြည့်ကြတာ။ ရထားက အရှိန်လျှော့မောင်းတော့ ပိုဆိုးတာပေါ့။ ရထားက ဘူတာ မှာ ရပ်တော့ လည်း လူတွေက ကြည့်ကြတာပဲ။ ကျွန်တော် ကတော့ အားလုံးကို သွားလေး ဖြဲပြီး ဟီးဟီး ဆိုပြီး ရယ်ပြပြီး အိမ်ပြန်လာတာပဲ။ အိမ်လည်း ရောက်ရော အမေက ဆူတော့ တာပဲ နောက်ပြီး တော့ ချက်ချင်းပဲ ဖိနပ်သွားဝယ်လာပေးတယ်။ ဖိနပ် တစ်ရံ အတွက် ဆန္ဒပြ လိုက်တာလေ။

Peace
လင်း

Saturday, August 1, 2009

ပရုတ်ဆီ

ကျွန်တော်တို့ မိသားစုမှာ အမေ၊ အဖေ၊ နဲ့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ မိသားစု အနေနဲ့ဆို လေးယောက်ပေါ့။ အဖေက ကျွန်တော် ငယ်ငယ်တည်းက စလုံးမှာ အလုပ်သွားလုပ်တော့ ကျွန်တော်တို့ သားအမိ သုံးယောက်ပဲ မြန်မာမှာနေတယ်။ အစ်မ၀မ်းကွဲ တစ်ယောက်ကို တော့အိမ်မှာ ခေါ်ထားတာပေါ့။ အမေက ကျွန်တော်တို့ ညီအစ်ကို ကိုအရမ်းချစ်တယ်။ ဒါပေမယ့် ပျက်စီးမှာ စိုးလို့ အလိုမလိုက်ဘူး။ အမြဲတမ်း တစ်ခုခုဆို ရိုက်တယ်။

အမေက ကျွန်တော်တို့ ညီအစ်ကို ကိုငယ်ငယ်က ည၉ နာရီထိပဲ ကစားခွင့်ပေးတယ်။ ၉ နာရီထက်ကျော်ရင် အိမ်တံခါးပိတ်ထား မယ်တဲ့။ တစ်နေ့တော့ ကျွန်တော်တို့ ညီအစ်ကို ကစားတာ အချိန်လွန်သွားတယ်။ ညဆယ်နာရီမှ သတိရပြီး အိမ်ကို သွားကြည့်တော့ အမေက တံခါးကို သော့ခတ်ထားတယ်။ ကျွန်တော်တို့ ကို လုံးဝတံခါး မဖွင့်ပေးဘူး။ ကျွန်တော်တို့လည်း အိမ်ပေါက်ဝ မှာ တံခါးလေးကို မှီပြီး ထိုင်နေရင်း ကစားလို့ ပင်ပန်းတာနဲ့ အိပ်ပျော်သွားတယ်။ အဲ့ဒီအချိန်မှာမှ ဦးလေးနဲ့ အဒေါ်ရောက်လာပြီး အမေ့ကို တံခါးဖွင့် ပေးဖို့ အတင်းပြောတော့မှာ အမေက တံခါးကို ဖွင့်ပေးတယ်။ ပြီးလည်း ပြီးရော ဒေါသထွက်ပြီး ကျွန်တော်တို့ကို ရိုက်ပါလေရော။ အရှိုးရာတွေ ဆိုတာမနည်းပဲ။ ကျွန်တော်တို့ ငိုသံကြားတော့ အိမ်ဘေးနားက ဘွားဘွား ကလာပြီး အရှိုးရာတွေကို ပရုတ်ဆီလာလိမ်းတယ်။ ဘွားဘွားကြီးက ကျွန်တော်တို့ ညီအစ်ကို ကိုအရမ်းချစ်တယ်လေ။ ကျွန်တော်တို့ ငိုတော့ ဘွားဘွားကြီး ကလည်း ငိုတာပေါ့။ အမေ့ကိုလည်း ကလေးတွေကို ရိုက်ရပါ့မလားဆိုပြီး ပြောပြောပြီး ကျွန်တော်တို့ကို ဆေးလိမ်း... ကျွန်တော်တို့လည်း နာနေတော့ ဆေးလိမ်းတာကို ခံပြီး ရှိုက်နေကြတယ်။ ၅ မိနစ်လောက်လည်း နေရော ပရုတ်ဆီက ပူလာရော။ အဲ့ကျမှာ မျက်ရည်ပိုဝိုင်းရတော့တာပေါ့။ ဘာလို့ လည်း ဆိုတော့ အမေက ပေါင်တွေ၊ ခြေသလုံးတွေကို ရိုက်တာဆိုတော့ ဘွားဘွားကြီးက အကုန်လိမ်းပေးတာလေ... အဲ့ဒီမှာ ဂျိုးတွေကိုလည်း ထိမိတော့သွားရောပေါ့။ ညီအစ်ကိုနှစ်ယောက် ရေချိုးခန်းထဲမှာ ဆပ်ပြာနဲ့ တိုက်ရေနဲ့ဆေး လုပ်ရတော့ တာပေါ့။ ဒါပေမယ့် ဘယ်ပျောက်မလည်း ပရုတ်ဆီပဲ.. အဲ့ဒီထဲကကြောက်သွားတာပဲ ပရုတ်ဆီကို။

Peace
လင်း